သူငယ်ချင်း ဆိုတာ..

zaylayJuly 18, 20101min770

ငယ်ချင်း ဆိုတာ.. (ရဝေနွယ်- အင်းမ)

သူငယ်ချင်းဆိုတာ ဘာလဲလို့မေးရင် စာမှာ ဒီလို ဖွင့်ပြ ထားပါတယ်။ သုခံ ဒုက္ခံ သဟ
အာယနိ္တ ဥပစ္ဆနီ္တတိ သဟာယကော၊ အဓိပ္ပါယ် ကတော့ ချမ်းသား ဆင်းရဲ ကို အတူတကွ ခံစား
တတ်သောကြောင့် သူငယ်ချင်း ပါတဲ့၊ သူငယ်ချင်းရဲ့ ပါဠိက သဟာယ ကပါ။

မကြာသေးခင်က မိမိတို့ ရိပ်သာကို သုံးဆယ်စွန်းစွန်း ဆရာဝန် နှစ်ယောက်
ရောက်လာပါတယ်။ တစ်ယောက်က တရား ရိပ်သာဝင်ဖို့၊ တစ်ယောက်ကတော့ အဖော် အာမခံအဖြစ်
လိုက်လာတာပါ။ အဖော် အာမခံ အဖြစ် လိုက်လာတဲ့ ဆရာဝန်က ကျောင်းတိုက်နဲ့ ဆက်စပ်
နေသလို တရား ရိပ်သာဝင်မဲ့ ဆရာဝန်ကလည်း ဆရာတော် အရှင် ဆန္ဒာဓိကနဲ့ ဆက်စပ်
နေပြန်ပါတယ်။ ဒီတော့ မိမိလည်း ထိုက်သင့် သလောက် ကူညီယုံပေါ့ ။ ကူညီတယ်
ဆိုပေမယ့်လည်း ထူးပြီး မကူညီမိပါဘူး၊ နှုတ်အားဖြင့် ပြောရုံပါ။

မိမိ စိတ်ဝင်စား တာက အဖော်အဖြစ် လိုက်လာတဲ့ သူငယ်ချင်း ဆရာဝန် ကိုပါ။ ဆရာဝန်က
ရောက်တဲ့ နေ့မှာ သူ့သူငယ်ချင်း ဆရာဝန် အတွက် ကိုယ်တိုင် အိပ်ရာခင်းပေး၊
ကိုယ်တိုင် ခြင်ထောင် ထောင်ပေး၊ ပါလာတဲ့ ပစ္စည်းတွေကို သင့်တော် သလို ထားပေးရင်း
သူ့သူငယ်ချင်းကို အားပေး စကားတွေ တွင်တွင် ပြောနေပြန်ပါတယ်။ ပြန်ခါနီးတော့
မိမိကိုလည်း သူ့သူငယ်ချင်းက တစ်ခါမှ တရားရိပ်သာ မဝင်ဖူးသေးလို့ ဂရုစိုက်ဖို့
မှာနေပြန်ပါတယ်။ တရားရိပ်သာ ဝင်နေတဲ့ တခြားရက်တွေ မှာလည်း မကြာခဏ လာပြီး
လိုအပ်တာတွေ လုပ်ပေးလေ့ ရှိပါတယ်။ သူ့ရည်းစားတောင် ဒီလောက် ဂရုစိုက် ပါမလားလို့
ကြံကြံဖန်ဖန် တွေးလိုက် မိပါသေးတယ်။

သူတို့ နှစ်ယောက်ရဲ့ ကံသုံးပါး အမူအယာလေးတွေဟာ မြင်နေရသူ မိမိအတွက်တော့
သူငယ်ချင်း ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဟနေသလို ခံစားရပါတယ်။ စိတ်ထဲမှာလည်း အဖော်
အဖြစ် လိုက်ပို့တဲ့ ဆရာဝန်ကို တော်တော်လေး ကြည်ညို သွားမိပါတယ်။ ဟုတ်တယ်လေ။
တရားအား မထုတ်ဖူးတဲ့ သူငယ်ချင်းကို ရိပ်သာရောက်အောင် ပို့ပေး နိုင်တာဟာ နည်းတဲ့
သံယောဇဉ် နည်းတဲ့ အသိဉာဏ်မှ မဟုတ်တာ။

သူငယ်ချင်းဆိုတာ ဒါမျိုးမှ တခြား ပစ္စည်းတွေနဲ့ ချီးမြှောက်တာထက် ဓမ္မနဲ့
ချီးမြှောက်တာဟာ အကောင်းဆုံး ချီးမြှောက်မှုပါ။ အဲဒီ ဆရာဝန် သူငယ်ချင်း
နှစ်ယောက်ရဲ့ ကံသုံးပါး အမူအယာ လေးတွေကို ကြည့်ပြီး ကြည်ညိုရင်း အခု ပြောပြမယ့်
ဝတ္ထုလေးက အတွေးထဲ ပေါ်လာတာပါ။

ဖြစ်စဉ်နှစ်ခု ကို နှိုင်းယှဉ် တာတော့ မဟုတ်ပါဘူး၊ နှိုင်းယှဉ် ရအောင်
ပုံသဏ္ဌန်ချင်းလည်း မတူပါဘူး။ ဒါပေမယ့် ဖြစ်စဉ် နှစ်ခုလုံးက သူငယ်ချင်း ဆိုတဲ့
အဓိပ္ပါယ်ကို ဖွင့်ပြနေလို့ပါ။ ကဿပ ဘုရားရှင် လက်ထက်တော်က ဃဋိကာရ လို့ အမည်ရတဲ့
အိုးထိန်းသည် တစ်ယောက် ရှိခဲ့ ဖူးပါတယ်။ ဃဋိကာရ ရဲ့ အချစ်ဆုံး သူငယ်ချင်းက
ဇောတိပါလ ပါ။ ဃဋိကာရ ကဇာတ်နိမ့် အမျိုး၊ ဇောတိပါလ က ဇာတ်မြင့် အမျိုး၊ ဒါပေမဲ့
သူတို့နှစ်ယောက် အတော် ချစ်ကြတယ်လို့ ဆိုပါတယ်။

တစ်နေ့တော့ ဃဋိကာရ က ဇောတိပါလ ကို ကဿပ ဘုရားရှင်ကို သွားဖူးဖို့ ခေါ်ပါတယ်။
ဒီတော့ ဇောတိပါလက ဘယ်လိုပြန်ပြော သလဲဆိုတော့ “ဦးပြည်း ရဟန်းယုတ်ကို ဖူးလို့
ဘာအကျိုးရှိမှာလဲ” လို့ ပြန်ပြောပါတယ်။ ဇောတိပါလရဲ့ စကားသံ ထဲမှာ ဇာတ်မြင့်
ဆိုတဲ့ မာနသံက အထင်းသား ပေါ်နေပါတယ်။ ဃဋိကာရ သုံးကြိမ် သုံးခါ ခေါ်ပါတယ်။
ဇောတိပါလ သုံးကြိမ် သုံးခါ ငြင်းပါတယ်။

ဇောတိပါလ ရဲ့ ငြင်းသံ အဆုံးမှာ ဃဋိကာရက ရေချိုးဖို့ မြစ်ဆိပ်ကို ခေါ်ပြန်ပါတယ်။
ဒီအခါမှာတော့ ဇောတိပါလ မငြင်းပါဘူး။ ဃဋိကာရ နောက်ကို ဖြောင်ဖြောင့်တန်းတန်း
လိုက်ခဲ့ပါတယ်။ တကယ်တော့ ဃဋိကာရ က ဇောတိပါလ ကိုပရိယာယ်နဲ့ ခေါ်တာပါ။
ဘာဖြစ်လို့လည်း ဆိုတော့ မြစ်ဆိပ်နဲ့ မြတ်စွာဘုရား ကျောင်းတော် နဲ့ နီးလို့ပါ။
ဃဋိကာရက မြစ်ဆိပ်ရောက်တော့ ဘုရားရှင်ဆီ သွားဖူးဖို့ ထပ်ခေါ် ပြန်ပါတယ်။ ဒါပေမယ့်
ဇောတိပါလ က ငြင်းမြဲပါပဲ။ ဒီတော့ ဃဋိကာရက ဇောတိပါလရဲ့ ခါးပုံစကို ကိုင်ပြီး
တောင်းတောင်းပန်ပန် နဲ့ခေါ်ပြန်ပါတယ်။ ဇောတိပါလ ကတော့ ရှေးနည်း အတိုင်း
ငြင်းမြဲပါပဲ။

နောက်ဆုံးတော့ ဃဋိကာရက ဘာလုပ်လိုက်သလဲ ဆိုတော့ ဇောတိပါလရဲ့ ဆံပင်ကို
ကိုင်ထဲ့ပြီး မြတ်စွာဘုရားဆီ လိုက်ခဲ့ဖို့ တိုက်တွန်း လိုက်ပါတယ်။ အဲဒီ
အချိန်မှာတော့ ဇောတိပါလ လည်း တော်တော်လေး ထိတ်လန့် တုန်လှုပ်သွားပါတယ်။
ဇောတိပါလက ဇာတ်မြင့် ဃဋိကာရက ဇာတ်နိမ့်။ ဇာတ်နိမ့်သူက ဇာတ်မြင့်သူရဲ့ ဆံပင်ကို
ကိုင်ခဲ့ရင် သူတို့ခေတ် ဥပဒေအရ သေဒဏ်ပါ။

ဒီတော့ ဇောတိပါလ က ဘယ်လို စဉ်းစားသလဲဆိုတော့ “သူငယ်ချင်း ဃဋိကာရဟာ သေဒဏ်ကို
မမှုဘဲ ငါရဲ့ ဆံပင်ကို ကိုင်ပြီး သူ့ဆရာ ဘုရားရှင်ဆီ လိုက်ခဲ့ဖို့ ခေါ်တယ်။
ဒီအပြု အမူဟာ ငါ့အပေါ် အတော်ချစ်လို့ ဖြစ်မယ်။ ပြီးတော့ တစ်စုံတစ်ခုသော
အကျိုးကို လိုလားလို့ ဖြစ်မယ် ထင်တယ်။ ဘာပဲပြောပြော သူ့စေတနာ ကို
အသိအမှတ်ပြုတဲ့ အနေနဲ့ လိုက်သွားမှ” လို့ စဉ်းစားပါသတဲ့။

ပြီးတော့.. “သူငယ်ချင်း ဃဋိကာရ… ဆံပင်ကိုင်တဲ့ အထိတောင် သင့်ဆရာကို
ဖူးမြင်စေလို သလား” လို့ ပြန်မေးလိုက်ပါတယ်။ ဃဋိကာရ ကလည်း “ ဟုတ်ပါတယ်
သူငယ်ချင်းရယ်” လို့ပြောပြီး ဇောတိပါလကို ဘုရားရှင်ဆီ ပို့ပေးဖို့ စီစဉ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက ဇောတိပါလရဲ့ အတွေးပါ၊ သူငယ်ချင်း ဆိုတဲ့ အသိကို မေ့ပြီး
ဇာတ်နိမ့် ဇာတ်မြင့် ဥပဒေဆီ ကိုသာ တွေးလိုက်ရင် ပွဲက တစ်မျိုးတစ်မည်
ပြောင်းပြီး အကျည်းတန် သွားနိုင်ပါတယ်။ ဒါပေမယ့် သူတို့ တစ်တွေဟာ တကယ့်
သူငယ်ချင်း တွေ ဖြစ်နေတာကြောင့် ပွဲက အကျည်းတန် မသွားဘဲ အလှပဆုံး ပွဲလေးတစ်ပွဲ
ဖြစ်သွားတာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဇောတိပါလက မြတ်စွာဘုရားဆီ
ရောက်သွားခဲ့လို့ပါ။

ပြီးတော့ ပိုပြီး အံ့ဩ ဖို့ ကောင်းတာက ဇတ်ပေါင်းခန်း ကြည့်လိုက်တော့
မြတ်စွာဘုရားဆီ သွားဖို့ အကြောက် အကန်ငြင်း နေခဲ့တဲ့ ဇောတိပါလဟာ တစ်ခြားသူ
ဟုတ်ရိုးလား၊ မိမိတို့ရဲ့ ဂေါတမ ဘုရားအလောင်း ဖြစ်လို့ နေတာပါပဲ။

ဘာပဲပြောပြော ကိုယ်ချစ်တဲ့ သူငယ်ချင်း တစ်ယောက် ဂမ္ဘီရ ယောင်ယောင်၊ ဓာတ်
ယောင်ယောင်၊ နတ် ယောင်ယောင်၊ တောလိုလို တောင်လိုလို ဆရာဆီရောက်ပြီး ဘာသာရေး
လမ်းကြောင်းချော် နေလို့ တည့်မတ်ပေးရတဲ့ အရေး အင်တင်တင် လုပ်နေခဲ့ ရင်တော့
ဃဋိကာရ ထုံး နှလုံးမူပြီး နားရင်း အုပ်သင့်ရင် အုပ်ပစ်လိုက် ဖို့ပါပဲလေ။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

ကျမ်းကိုး
မဇိ္ဈမ ပဏ္ဏာသ ပါဠိတော် – ဃဋိကာရသုတ်
အင်တာဗျူး ဂျာနယ်