အားလပ်ရက် အက်ဆေး

 

 

ပြီးခဲ့သော တနင်္ဂနွေကတည်းက ကျွန်တော့် စာအုပ် အဟောင်းများကို ရှင်းရန် ကြိုးစားခဲ့သော်လည်း မရခဲ့။ အမှန်တော့ ယခုတစ်လလုံးသည် ကျွန်တော့်အတွက် မအားခဲ့ပါ။ တနင်္ဂနွေတစ်ရက်သာ ပိတ်သော ကျွန်တော့်အတွက် လုပ်စရာတွေကို ထိုရက်တွေမှ လုပ်ဖြစ်နိုင်သည်။ သို့သော်ကား တနင်္ဂနွေတိုင်းလိုလို ယခုလတွင် အပိုချိန်ဆင်းနေရသောကြောင့် ပြီးခဲ့သော တနင်္ဂနွေတွင် အားပြီဖြစ်၍ စာအုပ်များရှင်းရန် စိတ်ထဲ သတ်မှတ်ထားခြင်း ဖြစ်လေသည်။ ဖြစ်ချင်တော့ ထိုတနင်္ဂနွေတွင်လည်း သူငယ်ချင်းတစ်ဦး၏ ဆိုင်ဖွင့်ပွဲ ဖိတ်စာ ဒီဇိုင်းဆွဲရန် ကူညီနေရသဖြင့် ဒီတစ်ပတ်မှ ကျွန်တော့် စာအုပ်ဟောင်းများကို ရှင်းလင်းရေး လုပ်နိုင်တော့သည်။

ရှင်းမယ်ဆိုတော့လည်း စာအုပ်ဟောင်းများက ဖုံတစ်လုံးလုံးဖြင့် ခပ်နွမ်းနွမ်း ကျွန်တော့်ကို ကြိုဆိုနေကြပါသည်။ အချို့စာအုပ်များသည် ဝတ္ထုစာအုပ်ဟောင်းများဖြစ်၍ အချို့မှာ သိပ္ပံဆိုင်ရာ စာအုပ်များနှင့် ကွန်ပျူတာ ပရိုဂရမ်စာအုပ်များဖြစ်ကြသည်။ ထိုစာအုပ်များထက် ပိုများသည်က ဂျာနယ်များဖြစ်လေသည်။ ဂျာနယ်များသည် သူ၏ ခေတ်မမှီတော့သော ခေါင်းစီးသတင်းများကို ခပ်တည်တည်ဖြင့် မျက်နှာဖုံးတင်ကာ ကျွန်တော့်ကို စောင့်ကြိုလို့နေတော့သည်။ တစ်ချိန်ကတော့ ထိုသတင်းများသည် ခေတ်နှင့် တပြေးညီ ဖေါ်ပြခဲ့သော်လည်း ယခုအခါ သမိုင်းအထောက်ထား ပြန်ပြနေသော သမိုင်းစာအုပ်များသဖွယ် ခပ်နွမ်းနွမ်းကျန်ရစ်ခဲ့ကြပါသည်။

စာအုပ်ဟောင်းများကို ရှင်းလင်းရေးလုပ်တိုင်း ကျွန်တော့်အတွက် လေး၊ငါးနာရီအထိ ကြာမြင့်ရပါသည်။ အမှန်က စာအုပ်ဟောင်းများသည် ပြောသလောက်ကြီး မများလှ။ စာအုပ်ဟောင်းများကို ရှင်းလင်းရင်းဖြင့် အချို့ မဖတ်တာကြာသော စာအုပ်များကို ဖတ်ရင်းက စာအုပ်ရှင်းချိန်မှာ ထိုမျှထိ ကြာမြင့်လာခြင်း ဖြစ်ပေသည်။ ယခုလည်း ဂျာနယ်အချို့မှ သတင်းများကို ကျွန်တော် ပြန်ဖတ်ကြည့်ဖြစ်နေပြန်သည်။

“မီဒီယာ လွတ်လပ်ခွင့်ရရှိတော့မည်”

ထိုဂျာနယ်ကား သိပ်မကြာသေးလှသော ဂျာနယ်တစ်စောင် ဖြစ်လိမ့်မည်။ အဲဒီတုန်းက မီဒီယာ လွတ်လပ်ခွင့်ဆိုသည်မှာ ကျွန်တော်တို့အတွက် ဝမ်းမြောက်စရာ သတင်းကြီး တစ်ခုဖြစ်ခဲ့ပါသည်။ ယခုအခါတွင်တော့ မီဒီယာတွေ လွတ်လပ်ခွင့်လည်း အတော်အတန်ထိ ရခဲ့ကြပြီးဖြစ်သော်လည်း ထိုအခါတုန်းက ကြိုတင်ဝမ်းမြောက်ခဲ့သည်က အဲဒီလောက်လည်း မဟုတ်လှဟု ခံစားလာရသည်။

နောက်ထပ် ဂျာနယ် စာရွက်တစ်ရွက်မှာတော့ နာဂစ်ရန်ပုံငွေပွဲအတွက် ဖျော်ဖြေခဲ့ကြသည့် လေးဖြူ၊ အငဲနှင့် မျိုးကြီးပုံတို့ကို ဝေဝေဆာဆာ ဖေါ်ပြထားသည်။ ကျွန်တော်ကိုယ်တိုင် အဲဒီပွဲကို သွားရောက်ကြည့်ရှုဖြစ်ခဲ့သည်။ ကျွန်တော် ကြည့်ရှုခဲ့စဉ်ကနှင့် ထိုသတင်းများသည် အနည်းငယ်တော့ လွဲချော်မှုများရှိခဲ့သည်က လွဲလို့ ဘယ်အချက်တွေက လွဲခဲ့သည်ဆိုသည်မှာ ယခု ကျွန်တော် မမှတ်မိတော့။ မှတ်မှတ်ရရ အဆိုတော် လေးဖြူ စတိတ်ရှိုးပွဲများတွင် ပြန်လည် သီဆိုခဲ့သော ပထမဆုံးပွဲဖြစ်ခဲ့သည်။ ယခုတော့ ထိုပွဲကို ကြည့်ရှုခဲ့စဉ်ကလို အိုင်စီပွဲများအပေါ် အလွန်နှစ်သက်တက်မက်ခဲ့စိတ်များ မရှိလှတော့။

အတွေးများဖြင့် ကျွန်တော့် ရှုပ်နေစဉ်မှာပဲ နောက်ထပ် ထွက်ရှိလာသည့် ဂျာနယ်တစ်စောင်က အနည်းငယ်ဟောင်းနွမ်းနေမှန်း သိလိုက်ရသည်။

“ငွေကျပ် ငါးသိန်းတည်းဖြင့် ဖုန်းတစ်လုံး ရရှိတော့မည်”

ထိုသတင်းက ကျွန်တော့်ကို ပြုံးဖြစ်စေသည်။ ထိုအချိန်တုန်းက ဖုန်းတစ်လုံးပိုင်ဆိုင်နိုင်ရန် တစ်ဆယ့်ငါးသိန်းအထက် ရှိမှ ဖြစ်မည့်အချိန်ဖြစ်သည်။ ငါးသိန်းဖြင့် ဖုန်းရရှိတော့မည်ဆိုသောအခါ ကျွန်တော်တို့ တော်တော်ကြီး ပျော်ရွှင်ခဲ့ရသည်။ သူများတွေ ကိုင်နေသည့် ဖုန်း၊ ငါတို့လည်း ကိုင်နိုင်တော့မည်ဟု မျှော်လင့်ချက် ရောင်ခြည်များပင် ထွက်ရှိခဲ့ဖူးသည်။ ခု၊ ပြန်တွေးသောအခါ ပြုံးစရာ အမှတ်တရတစ်ခုသာ ဖြစ်လို့နေတော့သည်။

ဂျာနယ် သတင်းများကြား ကျွန်တော့်အတွေးများကား ကစဉ့်ကလျား ပြေးလွားနေတော့သည်။ အရာရာသည် ငယ်ငယ်တုန်းက အရုပ်မရလို့ ငိုရင်း အရုပ်ရခါစ အပျော်ကြီး ပျော်ကာ အရုပ်ရပြီးတော်တော်ကြာကြာတော့ ဘာမှ မဟုတ်တော့သည့် ခံစားချက်များလို ဖြစ်လို့နေတော့သည်။ တစ်ခုခုကို ရလို့ တစ်သက်လုံး ပျော်ခဲ့ရသည့် အရာ ကျွန်တော့်ဘဝမှာ ရှိဖူးပါသလား။ ရှိခဲ့ပါသလား။ ရှိလာနိုင်ပါသလား။ ကျွန်တော်တွေးရင်း နောက်ထပ် ဂျာနယ် မျက်နှာဖုံးတွင်တော့ စာလုံး အနီကြီးဖြင့် ထင်ထင်ရှားရှားရေးထားသော စာသားများက ကျွန်တော့်ကို လှုပ်နိုးလိုက်စေပြန်သည်။

“ကျော်ဝေဆိုတာ ကျောင်းသား အစစ်ကွ၊

တော်လှန်ရေးသမား ကျောင်းသား အစစ်ကွ လို့ သူ့ရဲ့ နောက်ဆုံး ထွက်သက်မှာ ……..”

ကျွန်တော် ဆက်မဖတ်ချင်တော့။ ကျွန်တော့် အမေ၏ အစ်ကို၊ ကျွန်တော့်ဦးကြီး၏ ရှစ်ဆယ့်ရှစ် မြောက်ပိုင်း အေဘီအက်စ်ဒီဖက် သတင်းတစ်ခုသည် ထိုအချိန်က ကျွန်တော့်ကို နိုင်ငံရေးနိုးကြားစိတ်များ ပြင်းထန်စွာ ပေါ်ပေါက်စေခဲ့ဖူးသည်။ ထိုအချိန်တုန်းက သမိုင်းတစ်ခု၏ အကျည်းတန်ပုံရိပ်များကြား ကျောင်းသားတစ်စု၏ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရမှုများသည် ကျွန်တော့် စိတ်နှလုံးကို ဗုန်းခနဲ လှုပ်နိုးလိုက်သလိုဖြစ်ခဲရပြီး ကျွန်တော့် ဦးကြီးကို သတ်ဖြတ်ခဲ့သူများအပေါ် မုန်းတီးအော့နှလုံးနာကာ မခံမရပ်နိုင်ပင် ဖြစ်ခဲ့ရသည်။

တဖြည်းဖြည်း အချိန်အနည်းငယ်ကြာလာချိန်တော့ ကျွန်တော်သည် ထိုအဖြစ်အပျက်ကို မေ့လို့ပင်လာခဲ့သည်။ ပြုသူ အသစ် ဖြစ်သူ အဟောင်းဆိုသော စကားအတိုင်းပင် ဖြစ်ပြီးခဲ့သော သံသရာတစ်စတွင် ကျွန်တော်က သံသရာရှည်စေကြောင်း အသစ်တစ်ခုကို ထပ်မံမဖန်တီးလိုတော့။ သို့သော် သမိုင်းအမှန် ပေါ်လာသော သတင်းတစ်ခုကိုတော့ နောင်အချိန် ကျွန်တော် အခုလို စာအုပ်များရှင်းလင်းချိန်တွင် ပြန်လည် ဖတ်ရှုလိုပါသေးသည်။

ဂျာနယ်များရှင်းရင်းဖြင့် အချိန်များ အတော်ကုန်လာသည်ကို သတိပြုမိသဖြင့် ကျွန်တော် ခပ်မြန်မြန်ဂျာနယ်များကို မဖတ်တော့ပဲ ရှင်းလင်း နေပြန်ရင်းက စာအုပ်တစ်အုပ်ကြားထဲက ဓါတ်ပုံတစ်ပုံက ကျွန်တော့်ကို အတွေးတစ်ခု ထပ်မံပေးလာပြန်သည်။ ထိုဓါတ်ပုံကား တော်တော်ကြာခဲ့ပြီဖြစ်လေသည်။ တစ်ချိန်က မန္တလေးမြို့ ဆောင်းတွင်း၏ နှင်းများဖြင့် ပိတ်နေသာ မနက်ခင်းတစ်ခုမှာ ကျွန်တော်ရိုက်ဖြစ်ခဲ့သော ပုံတစ်ပုံ ဖြစ်နေသည်။ မန္တလေးနှင့် ဆောင်းရာသီကို တွဲလိုက်လျှင် အချုပ်တန်းဆရာဖေ၏ ကဗျာတစ်ပုဒ်ကို ကျွန်တော် ပြေးမြင်ခဲ့ဖူးသည်။ ယခုအခါ ထိုဓါတ်ပုံထဲက ကဲ့သို့ အေးနေသေးပါသလား။ နှင်းများကျသောကြောင့် ရှေ့တစ်ပြလောက်ပင် မမြင်နိုင်တော့သော ဆောင်းရာသီများသည် ကျွန်တော့်ကို နှုတ်ဆက်သွားခဲ့သည်မှာ ကြာလေပြီဖြစ်သည်။

ရာသီဥတုများသည် လူတို့၏ နေထိုင်မှု စရိုက်များကြောင့် အပြောင်းအလဲကြီး ပြောင်းလဲခဲ့ပြီဖြစ်သည်။ ကျွန်တော်ယခု ပြောင်းရွှေ့နေထိုင်ခဲ့သော ရန်ကုန်သည် အရင်က မပူခဲ့သော်လည်း ယခုအခါ ကားများ အများအပြား မောင်းနှင်နေသည့်အတွက်ကြောင့် လည်းကောင်း၊ သစ်ပင်များ အတော်အတန် နည်းငယ်လာခြင်းကြောင့်လည်းကောင်း ပူလောင်လို့နေပြီ။ ထိုဓါတ်ပုံထဲက ရာသီဥတုမျိုး ကျွန်တော်တို့ ပြန်ရလာရန် လွယ်ကူပါ့မလား။ ကျွန်တော် မတွေးတတ်ပြန်။

ထိုမတွေးတတ်သော အတွေးများဖြင့် ကျွန်တော်သည် ရှုပ်ရှုပ်ထွေးထွေးကြီး အသက်ရှင်ခဲ့သည်မှာ မည်မျှ ကြာခဲ့ပြီနည်း။ ကျွန်တော် အတိအကျ မသိပြန်ပါ။ စိတ်အစဉ်သည် အရပ်မျက်နှာမရှိသည့် မုန်တိုင်းတစ်ခုလို အရှိန်အဟုန်ဖြင့် ရွေ့လျားလို့ နေပါသည်။ စာအုပ်အပုံများကြားက ဓါတ်ပုံတစ်ပုံ ခပ်နွမ်းနွမ်းကတော့ လွမ်းအား မပီသသော စာရွက်တစ်ရွက်သာသာ ကျန်လို့နေတော့သည်။

ဆက်လက်ရှင်းလင်းရင်းက နှစ်ပေါင်းတော်တော်ကြာပြီ ဖြစ်သော ကျွန်တော်လက်ရေးဖြင့် ရေးထားသော ဗလာစာအုပ်တစ်အုပ်က ထွက်ရှိလာတော့သည်။ ကျွန်တော်ကိုယ်တိုင် မည်သူ့စာအုပ်ပါလိမ့်ဟု တွေဝေရသည်အထိ ကြာမြင့်ခဲ့ပြီ ဖြစ်သော ဗလာစာအုပ်တစ်အုပ်ဖြစ်လေသည်။ ထိုဗလာစာအုပ်၏ အဖုံးတွင်တော့ လူငယ်လက်ရေးဖြစ်သော လက်ရေးတစ်ခုဖြင့် ကျွန်တော့်နာမည်ကို လှလှပပ ထိုးထွင်း အမည်တပ်ထားပါသည်။ ဗလာစာအုပ်ကို လှန်၍ ဖတ်ရှုကြည့်သောအခါ စာအုပ်တစ်အုပ်လုံးလိုလိုသည် စာရွက်အလွတ်များဖြစ်နေပြီး ရှေ့ဆုံး စာမျက်နှာ နှစ်မျက်နှာသာ အင်္ဂလိပ်စာ ဖြင့် အက်ဆေးတစ်ပုဒ် ရေးသားထားသည်ကို တွေ့ရှိလိုက်ရပါသည်။

ခေါင်းစဉ်မှာ “My Holiday” ဆိုသော ကျွန်တော့်၏ အားလပ်ရက်ဟု အမည်ရလေသည်။ ကျွန်တော် ဆက်ဖတ်ဖြစ်လိုက်သည်။ ပထမဆုံးသော စာကြောင်းမှာပင် ကျွန်တော် ပြန်လည် နိုးကြားလာမိပြန်သည်။

“ခင်ဗျားတို့မှာ အားလပ်ရက်ရှိသလို ကျွန်တော့်မှာလည်း အားလပ်ရက် ရှိတာပေါ့”

ပထမဝါကျတွင် ကျွန်တော် ရူးချင်သလိုပင် ဖြစ်သွားရသည်။

“ဟင် .. ဒါ ငါရေးထားတာလား ….. ဟုတ်ရဲ့လား” ဟု တွေဝေသွားရသည်။ သင်တို့ထံတွင် အားလပ်ရက် ရှိတိုင်း ကျွန်တော့်မှာ အားလပ်ရက် ရှိသည်ဟု အတွေးကို ကျွန်တော် ရဲရဲဝံ့ဝံ့ကြီး ညီမျှဖြစ်ရလောက်အောင် ကျွန်တော် တော်တော်ညံ့ဖျင်းခဲ့ဖူးပါသလား။ တွေးရင်းဖြင့် ကျွန်တော် ပြုံးမိပြန်သည်။ ယခုလို စာအုပ်ရှင်းရန်ပင် အားလပ်ရန်ကို တော်တော်ကြိုးစားရသူ အဖို့ ထို အက်ဆေးတစ်ပုဒ်က ရယ်စရာဖြစ်နေမိသည်။ နောက်ထပ်သော ဝါကျများတွင်တော့ အောက်ပါအတိုင်း ရေးသားထားပါသည်။

“အားလပ်ရက်များသည် လူတိုင်းအတွက်လိုအပ်သလို

ကျွန်တော့်အတွက်လို သိပ်ကို .. လိုအပ်တာပေါ့ … အားလပ်ရက်တွေက

လူတွေ အသုံးချမှုအပေါ် တိုးတက်မှုတွေ ပေးသလို .. ပျော်ရွှင်စရာပေးတယ်

ဘဝမှာ အားလပ်ရက်တွေဆီက အမှတ်တရတွေကို သုံးပြီး ကျွန်တော်ကိုယ်တိုင် တိုးတက်မှုတွေ ရှိခဲ့တာပဲ”

ထိုဝါကျအဆုံးမှာတော့ ကျွန်တော်တွေဝေစ ပြုလာပြီ။ ထိုအက်ဆေးသည် ကျွန်တော် ဆယ်တန်းကျောင်းသား ဘဝက ရေးသားခဲ့သော အက်ဆေးဖြစ်သော်လည်း ထိုအက်ဆေးထဲက ကျွန်တော့်အတွေးများသည် မှန်ကန်ခဲ့ပါသလား။ ကျွန်တော် တွေဝေလို့ ဆက်ဖတ်ဖြစ်ပြန်သည်။

“သင့်အားလပ်ရက်တွေမှာ သင်ဘာတွေ လုပ်ဖြစ်ခဲ့သလဲ”

“ဟင် .. ငါ့အားလပ်ရက်တွေလား …”

ကျွန်တော် ငယ်ငယ်က ရေးခဲ့ဖူးတဲ့ အက်ဆေးတစ်ပုုဒ်က ကျွန်တော့်ကို ပြန်မေးနေသလို ဖြစ်လာသည်။ ကျွန်တော့်မှာ အားလပ်ရက်တွေ ပျောက်ဆုံးခဲ့သည်မှာ မည်မျှ ကြာမြင့်ခဲ့ပြီသနည်း။ အားလပ်ရက်တွေ ရှိနေသော်လည်း အပိုချိန်ဆင်းလျှင် အပိုလခ ရမည့် အခွင့်အရေးများ ကျွန်တော် အဆုံးအရှုံး မခံနိုင်ပါ။ ထိုစိတ်ဖြင့် ကျွန်တော့် အားလပ်ရက်များ ပျောက်ဆုံးခဲ့သည်မှာ ကြာခဲ့လေပြီ။ အက်ဆေးတွင်တော့ ဆက်လက်ရေးသားထားသည်မှာ ပြီးခဲ့သော နွေရာသီအားလပ်ရပ်တွင် လည်ပတ်ခဲ့သည်များ ဖြစ်လေသည်။

“ပြီးခဲ့တဲ့ နွေရာသီအားလပ်ရက်မှာ ကျွန်တော်တို့ မိသားစု ပုဂံဘုရားဖူးထွက်လည် ခဲ့ကြတယ်

ပုဂံဆိုတာ ပူပြင်းတဲ့ ဒေသ တစ်ခုပါ .. ဒါပေမယ့် … ပုဂံမှာ ရှိတဲ့ ဘုရားတွေရဲ့ အရိပ်အာဝါသက

ကျွန်တော်တို့ကို အရမ်း အေးချမ်းစေခဲ့ပါတယ်”

ထိုစာသားကို ဖတ်ပြီးမှ ပုဂံဘုရားတွေ မဖူးဖြစ်တာကြာပြီဖြစ်သည့် ကိုယ့်ဘဝကိုယ်ပင် အားမလိုအားမရ ဖြစ်ရလာပါသည်။ ကိုယ့်အားလပ်ရက်တွေကို အိမ်ထဲမှာ နေရင်း စာအုပ်တွေ ရှင်းနေရသည့် အဖြစ်ကို ကျွန်တော် ကြေကွဲသွားသည်။ အားလပ်ရက်၊ ……….. အားလပ်ရက်များသည် ကျွန်တော်တို့ကို ပစ်ခွာ သွားခဲ့သည်မှာ ကြာပြီ။ ကျွန်တော်တို့ အားလုံး မအားကြတော့။ အလုပ်များကြပါသည်။ မများသော်လည်း များနေသော အလုပ်များကြား လောဘ မဟုတ်သော်လည်း တစ်ယောက်လုပ်စာ တစ်မိသားစု ထိုင်စားရန် မဖြစ်နိုင်သော ဘဝအမောများကြား ကျွန်တော်တို့ အားလပ်နိုင်ကြပါသလား။ မဖြစ်နိုင်တော့။

နောက်လာမည့် တနင်္ဂနွေတွင် ကျွန်တော် အပိုချိန်မဆင်းရသော်လည်း အသိတစ်ယောက်ကို အပိုငွေရရန် စာသင်ပေးရန် ချိန်းဆိုထားသည်။ နောက်လာမည့် ခရစ်စမတ်နှင့် နှစ်သစ်ညတွင်လည်း ကျွန်တော်က မအားပြန်။ နောက်ထပ်၊ နောက်ထပ်သော အားလပ်ရက်များတွင်လည်း ကျွန်တော်သည် လူမှုရေးအတွက်လည်းကောင်း၊ စီးပွားရေးအတွက်လည်းကောင်း ဆောင်ရွက်ရန်များ ရှိနေပြန်သည်။

“ဘယ်မှာလဲ … သင့်ရဲ့ အားလပ်ရက် .. အားလပ်ရက်တောင် မရှိတော့ရင်

သင်ဟာ မောပန်းနွမ်းလျပြီး .. သနားစရာ သတ္တဝါ ဖြစ်လို့ နေပြီပဲ”

အက်ဆေးထဲက စာသားတစ်ချို့က ကျွန်တော်ကို်ယ်တိုင်ရေးခဲ့ပြီး ကျွန်တော့်ကို ပြန်သရော်လို့ နေပါတော့သည်။

ကမာ္ဘပေါ်မှ လူသားများ၏ အားလပ်ရက်များ။ လူတစ်ချို့၏ တစ်နှစ်စာ အလုပ်လုပ်ကာအပြီး အားလပ်ရက်တွင် ကမာ္ဘပတ်ကာ နိုင်ငံပေါင်းစုံ လည်ပတ်နိုင်သော အားလပ်ရက်များကို ကျွန်တော် မလိုချင်သေးပါ။ တစ်နှစ်စာ အလုပ်များအပြီး မိသားစုနှင့် နိုင်ငံအတွင်းမှ တစ်နေရာစာ ပျော်ရွှင်မှု ရနိုင်သော ခရီးတစ်ခုဖြစ်မည့် အားလပ်ရက်ကိုသာ ကျွန်တော်လိုချင်ပါသည်။ ယခုလို စာအုပ်အဟောင်းများကို ရှင်းလင်းရင်း ကစဉ့်ကလျား အတွေးများ တွေးနေရသည်ထက် ပိုလွန်သော အားလပ်ရက်များကို ကျွန်တော်လိုချင်လာသည်။ ဆက်ဖတ်ဖြစ်သော အက်ဆေးတစ်ပုဒ်က ကျွန်တော့် နှလုံးသားကို တဆစ်ဆစ် နာကျင်ကိုက်ခဲလာစေသည်။

 

“ကျွန်တော်တို့ မိသားစု ပုဂံဘုရားဖူးရင်း အားလပ်ရက်တစ်ခုကို ကုန်ဆုံးစေခဲ့တယ်”

…………………………………………..

“မြင်းလှည်းများကို စီးရင်း ဘုရားပုထိုးများကို ကျွန်တော်တို့ လည်ပတ်ခဲ့ကြတာပေါ့”

………………………………………….

“ဓါတ်ပုံရိုက်မယ့် ဖေဖေက ပြုံးခိုင်းတော့

မပြုံးတတ်တဲ့ မေမေ့ကို

ကျွန်တော်က ကလိယားထိုးလိုက်တော့

အလန့်တကြား

ထ.. ယောင်လိုက်တဲ့ မေမေ့ပုံကို

ဖေဖေက အမိအရဖမ်းရိုက်လိုက်တယ်လေ …

အဲဒါကတော့ ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာအကောင်းအဆုံ အမှတ်တရ တစ်ခု……….

…………………….

……………….

…………………………………………….

…………………………………………………………………………..”

 

ရင်နင့်အောင်

 

 

 

9 comments

  • ခိုင်ဇာ

    December 27, 2012 at 7:50 am

    ရေးထားတာလေး ဖတ်လို့ကောင်းတယ်။ :hee:

    ဘယ်မှာ တုန်း မသိ ဖတ်ဖူးတာလေး သတိရသွားလို့။
    ငယ်တုန်းက Energy နဲ့ Time ရှိတယ်။ မရှိတာက Money တဲ့။
    လူလတ်ပိုင်းကျတော့ Money နဲ့ Energy ရှိတယ်။ Time မရှိဘူးတဲ့။
    လူကြီးကြီးပိုင်းကျတော့ Time နဲ့ Money ရှိတာကို Energy မရှိတော့ဘူးတဲ့။ :mrgreen:
    အဲ့တော့… ရှိတဲ့ အခြေအနေနဲ့ ကိုယ်/စိတ် အပန်းဖြေတဲ့ အချိန်လေးရအောင် ကြိုးစားရမယ်ထင်ပါတယ်။

  • MaMa

    December 27, 2012 at 8:21 am

    ခေတ်ကို ထင်ဟပ်တဲ့ ဂျာနယ်တွေရဲ့ အရသာကို…
    ခေတ်လွန်တဲ့အခါမှာ ဖတ်မိလိုက်တဲ့ ခံစားချက်….. :eee:

  • မင်းနန္ဓာ

    December 27, 2012 at 1:07 pm

    ဂျာနယ်သတင်းတွေ၊ ငယ်ငယ်က ရေးခဲ့တဲ့ အက်ဆေးလေးနဲ့ လက်ရှိ ဘဝ အခြေအနေကို ဆက်စပ်တင်ပြသွားပုံလေး ကောင်းတယ်ဗျာ..
    အားလပ်ရက်ခရီးလား.. အင်း.. ကျနော်ဟာလေ ထိုနည်း၎င်း ထိုနည်း၎င်း :gee:

  • မောင်ပေ

    December 27, 2012 at 8:57 pm

    စာထဲကလို မိသားစုမျိုးမကြုံခဲ့ရလို ့
    ကိုရင်နင့် စာဟာ တဒင်္ဂကြည်နူးစရာများစွာရရှိသွားပါတယ်

  • လုံမလေးမွန်မွန်

    December 27, 2012 at 9:52 pm

    အစ်ကိုရေ… လုံမနဲ့ အဖြစ်ချင်းတူပါတယ်.. ငွေ..ငွေ…ငွေ..နောက်ကိုလိုက်ရင်းနဲ့… တစ်ခါတစ်လေများ အားလပ်ရက်ရလာခဲ့ရင်တောင် ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေမိပါတယ်…

    ခရီးသွားလုပ်ငန်းမှာ အလုပ်စလုပ်တဲ့အချိန်တုန်းက မန်နေဂျာအန်တီက မေးဖူးပါတယ်.. Why do people travel? တဲ့.. လျှောက်ဖြေတာပေါ့..အစုံပဲ..to get new experiences.. to study the people’s life.. စသဖြင့်ပေါ့..
    သူက ပြုံးပြီး မှန်တော့မှန်တယ်..ဒါပေမယ့် အဲ့ဒါတွေရဲ့ အနှစ်ချုပ်က တစ်ခုပဲတဲ့.. Out of daily routine တဲ့…

    ခက်တော့ခက်သားလားနော်..တစ်ခါတစ်လေကျပြန်တော့လည်း အဲ့ဒီ daily routine မှာပဲ အသားကျပြီး ပျော်နေမိပြန်ရော.. 🙂

  • padonmar

    December 27, 2012 at 11:35 pm

    ကိုင်ဇာကတော့ ရိုးမရဲ့ညနေခင်းလေးကိုတောင် အလှကြည့်ဖို့မအားပါခင်ဗျာတဲ့။
    ကျမလည်း စာအုပ်ပုံတောင်မရှင်းအားသေးလို့ ဖုံတွေနဲ့ စာအုပ်အပုံလိုက်ကြား ခေါင်းထိုးအိပ်နေရတယ်။

    တစ်ခါတစ်လေ အဝတ်ဘီဒိုထဲမှာ ခင်းထားတဲ့ သတင်းစာဟောင်းတွေ ဖတ်မိရင်၊စာရင်းစာအုပ်ဟောင်းတွေ ဖတ်ရင်း အဆများစွာကွာနေတဲ့ ဆန်ဈေးဆီဈေးဆေးဈေးတွေကို မှတ်ချက်ချမိရင်၊ဓာတ်ပုံအယ်လဘမ်ဟောင်းများ လှန်လှောမိရင်
    ………….

  • weiwei

    January 2, 2013 at 2:58 pm

    ကျွန်မကတော့ ရုံးပိတ်ရက်တိုင်းကို အားလပ်ရက် သတ်မှတ်ပြီး မိဘတွေ တူတူမ (ကလေးတွေ) အိမ်မှာ မွေးထားတဲ့ ခွေးလေး ကြောင်လေးတွေနဲ့ အတူနေပါတယ် …
    အဲဒီအချိန်တွေဟာ အရမ်းပျော်ရွှင်ကြည်နူးစရာကောင်းလို့ ဘာနဲ့မှ မလဲတော့ဘူး …

Leave a Reply