“မီးပွိုင့် ကလည်းကြာလိုက်တာကွာ”

“နေကလည်း ပူလိုက်တာ”

“အလုပ်တော့နောက်ကျပါပြီ”

“သေပြီဆရာ ထပ်မိပြန်ပြီ”

“ဪ လူဖြစ်ရတဲ့ဒုက္ခ”

          ဒီအသံတွေဟာ လတ်တလောကျွန်တော့ပါတ်ဝန်းကျင်မှာ ကြားနေရတဲ့ ကြားနေကြအသံများဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုသာမက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်ပါ။

          အထူးသဖြင့် ဒီ၂၀၁၂ နောက်ပိုင်းကာလတွေမှာ ပိုပြီးကြားလာရတာပါ။ ဖြစ်နိုင်တာက နိုင်ငံရေးအပြောင်းအလဲကြောင့် စီးပွါးရေးပွင့်လင်းလာမှု လူမှုရေးတိုးတက်လာမှုတွေကြောင့် လူတွေဟာကဏ္ဍပေါင်းစုံမှာ ပိုမိုကူးလူးဆက်ဆံလာကြပါတယ်။ နိုင်ငံခြားခရီးသွားအရေအတွက် တမဟုတ်ချင်းမြင့်တက်လာသလို တဖက်ကလည်း ဒီအတွက်အဆင်သင့်ဖြစ်မနေသေးပါဘူး။ အဓိက တခုကတော့လမ်းပမ်းဆက်သွယ်ရေးပါ။

          မြန်မာနိုင်ငံကမြို့ပြလူတန်းစား အများစုဟာနိုင်ငံတကာနဲ့ယှဉ်ရင် ဝင်ငွေနိမ့်ကျသော်လည်း PPP လို့ခေါ်တဲ့ဝယ်လိုအားကတော့ တန်းတူရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆို မော်ဒယ်နိမ့် ကားတစီးကို နိုင်ငံတကာဈေးနှုန်းထက် ၁၃ဆပေးပြီးဝယ်ရပါတယ်။ တကယ်လို့သာ နိုင်ငံတကာဈေးနှုန်း အတိုင်းဝယ်လို့ရရင် မြို့ပြလူတန်းစားရဲ့ ၃ပုံ၁ပုံကျော်ဟာ ကိုယ်ပိုင်ကားစီးနိုင်ပါတယ်။

          ၂၀၁၂ ရောက်တဲ့အခါမှာ ဒီအခွင့်အရေးဟာအမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ကားဟောင်းကားသစ်လဲလှယ်မှုအစီအစဉ်ကစတင်ခဲ့ပါတယ်။ဒီကိစ္စကတော ့အမှန်တကယ်လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မော်ဒယ်နိမ့်ကားဟောင်းတွေဟာ ကာဗွန်ထုတ်လွှတ်မှုများလို့ပါဘဲ။ ဒီကာဗွန်တွေဟာ အိုဇုန်းလွှာကိုပျက်ဆီးစေပြီး ကမ္ဘာကြီးကို ပိုမိုပူနွေးလာစေပါတယ်။ ဒါ့အပြင်ဒီမော်ဒယ်နိမ့်ကားတွေဟာဆီစားများပါတယ်။ဘဏ္ဍာရေးနှစ်စပြီးမကြာခင်မှာတော့ ကားတွေကို လွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့်ကို အစိုးရကခွင့်ပြုလိုက်ပါတယ်။

          လမ်းပမ်းဆက်သွယ်ရေးတွေအဆင်သင့်မဖြစ်သေးဘဲ ဒီလိုခွင့်ပြုလိုက်တာဟာ အစိုးရရဲ့ပထမအမှားပါ။ မိမိတိုင်းပြည်ရဲ့အခြေအနေမှန်ကိုမသုံးသပ်ဘဲ အလျင်စလိုဆုံးဖြတ်လိုက်ဟန်တူပါတယ်။

          ဒီနောက်မှာတော့ အထူးသဖြင့်ရန်ကုန်မြို့နေ လူထုဟာ ဒီယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ရုတ်တရက် ပိုမိုခံစားလိုက်ရပါတယ်။ ကားစီးပြည်သူတွေဟာ မလိုလားအပ်ဘဲ အလိုလိုဒေါသထွက်မှု၊ မကျေနပ်မှုတွေစတဲ့စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကိုပါ ဖြစ်ပေါ်လာစေပြီး ရန်လိုမှု၊ မှားရွင်းတဲ့ဆုံးဖြတ်ချက်ချမှုကိုလုပ်ဆောင်လာကြပါတယ်။ယာဉ်တိုက်မှုတွေလည်းရုတ်တရက်မြင့်တက်လာပါတယ်။ ရန်ကုန်မြို့ရဲ့လမ်းအများစုဟာ နှစ်လမ်းသွားဖြစ်ပြီး ကားလေးစီးယှဉ်သွားလို့ရပါတယ်။ ဒါဟာနိုင်ငံတကာရဲ့ စံနဲ့လည်းကိုက်ညီပါတယ်။ မကိုက်ညီတာက လူနေမှုအဆင့်အတန်းနဲ့ လူထုရဲ့သွားလာရေးအတွက် ရွေးချယ်နိုင်ခွင့်ပါ။

          ရန်ကုန်မြို့နေလူအများစုဟာ မိမိတို့ရဲ့နိစ္စဓူဝ ကိစ္စအဝဝကို ဆောင်ရွက်ဖို့သွားလာရာမှာ ဘတ်စ်ကားကို အားထားရပါတယ်။ ဒီနေရာမှာ ယာဉ်ကြောပိတ်ဆို့မှုက ကြီးမားတဲ့အဟန့်အတားပါ။ ဘာကြောင့်လဲဆိုတော့ ဒီယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ပြည်သူတွေမှာ မိမိရဲ့အချိန် ကို မိမိကိုယ်တိုင် စီမံခန့်ခွဲရာမှာ အခက်အခဲဖြစ်စေလို့ပါ။

          ခန့်မှန်းထားတဲ့စာရင်းတွေအရ ဘတ်စ်ကားစီးသူ ဝန်ထမ်းပြည်သူတယောက်ဟာ အကြမ်းအားဖြင့် သူ့ရဲ့တနေ့တာ၂၄နာရီ ထဲက ၂နာရီကို ဘတ်စ်ကားပေါ်မှာ ၁နာရီကို မှတ်တိုင် မှာကုန်ဆုံးရပါတယ်။ ဒါဟာသူ့တနေ့တာရဲ့ ၈ပုံ ၁ပုံပါ။ အလုပ်လုပ်ချိန်၊ စားသောက်ချိန်၊ အိပ်ချိန် တွေကိုနုတ် လိုက်ရင် ကိုယ်ပိုင်ချိန်ဆိုတာမရှိသလောက်ပါ။ ဆိုလိုတာကဒီလူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ချိန်တွေကိုမလိုအပ်ဘဲ ကုန်ဆုံးနေရတာပါ။ ဒီရာစုနှစ်တွေမှာ ပျမ်းမျလူ့သက်တမ်း ၆ဝ ရှိပါတယ်။ ဒါကိုအခြေခံပြီးတွက်ကြည့်ရင် အသက်၆ဝ ထိ အလုပ်လုပ်ခဲ့ရတ ဲ့သူတယောက်ဟာ ဒီလိုသာအချိန်တွေကို ကုန်ဆုံးခဲ့မယ်ဆို  သူ့ဘဝရဲ့ ၅ နှစ်နီးပါးက ဘတ်စ်ကားပေါ်မှာနဲ့မှတ်တိုင်မှာပါ။ ဒါဟာအခြားနိုင်ငံတွေ အတွက်မဖြစ်နိုင်သော်လည်း မြန်မာပြည်သူတွေအတွက်ယေဘူယျအားဖြင့်မှန်ပါတယ်။

          ပြည်သူတယောက် ဒီလိုအချိန်တွေဆုံးရှုံးတာဟာ တိုင်းပြည်အတွတ်နစ်နာပါတယ်။ ဒီလူဟာအစိုးရဝန်ထမ်းတယောက်ဆိုကြပါစို့။ သူတယောက်နောက်ကျတာဟာ ကျန်တဲ့သူနဲ့ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စ တွေကိုနောက်ဆုတ်သွားစေပါတယ်။ ဒါဟာ အစိုးရယန္တယား လည်ပတ်မှုကို နှေးကွေးစေပါတယ်။ ဒီလိုဆိုအစိုးရနဲ့ ဆက်စပ်နေတဲ့ ကုန်စည်စီးဆင်းမှုကိုသော်လည်းကောင်း၊ ခွင့်ပြုမိန့်တွေကိုသော်လည်းကောင်း နောက်ကျစေတဲ့အတွက် တိုင်းပြည်စီးပွါးရေးကိုထိခိုက်စေပါတယ်။

          ဒါတင်မက မြောက်များလှစွာသော အခွင့်အလမ်းတွေအတွက် ဒီယာဉ်ကြောပိတ်ဆို့မှုတွေကိုအမြန်ဆုံးဖြေရှင်းရမှာပါ။ အစိုးရအနေနဲ့လည်း ဒါတွေကို ဖြေရှင်းဖို့အပူတပြင်းဆောင်ရွက်နေသော်လည်း Budget မလုံလောက်မှု၊ နည်းလမ်းမမှန်ကန်မှု၊ စည်းစနစ်မကျမှု၊ ပြည်သူပူးပေါင်းပါဝင်မှုမရှိခြင်း တွေကြောင့် နှောင့်နှေးနေရပါတယ်။တလောကဂျာနယ်တခုမှာ အစိုးရအရာရှိတဦးက ကားသွားကားလာများတဲ့လမ်းတွေမှာ အဝင်အထွက်ဂိတ်လုပ်ပြီး မော်ဒယ်မြင့်ကိုယ်ပိုင်ကားတွေကို လမ်းအသုံးပြုခတောင်းခံခြင်းနဲ့ ဒီယာဉ်ကြောပိတ်ဆို့မှုတွေကိုဖြေရှင်းဖို့လုပ်နေပါတယ်။လက်ငင်းပေးစနစ် ဒါမှမဟုတ်ကြိုတင်ပေးစနစ်နဲ့လုပ်မှာလားအတိအကျမသိသေးပါဘူး။ လက်ငင်းပေးစနစ်က ပိုမိုပိတ်ဆို့လာနိုင်သလို၊ ကြိုတင်ပေးစနစ်ကလဲ ကားတိုင်းကိုစိစစ်ဖို့အခက်အခဲရှိမှာပါ။

          ကမ္ဘာပေါ်မှာ ပြည်သူတွေဆီကအခွန်သိပ်ကောက်ခံလေ့မရှိတဲ့ ရှားပါးအစိုးရတွေထဲမှာ မြန်မာအစိုးရလဲပါဝင်ပါတယ်။အစိုးရ ဝန်ကြီးဌာန တွေထဲကမှဝင်ငွေရှာတဲ့ဌာနတွေထက် ပိုက်ဆံသုံးစွဲရတဲ့ဌာနကထက်ဝက်ကျော်ပါ။ ဒီBudget တွေနဲ့အစိုးရယန္တယားကို လည်ပါတ်နေတာဖြစ်တဲ့အတွက် အခြားတိုးချဲ့ Infrastructure တွေဆောက်ဖို့ အပိုငွေမရှိပါဘူး။ အကျင့်ပျက်ချစားမှု၊ အခွန်တိမ်းရှောင်မှု၊ ဥပဒေလက်တလုံးခြားလုပ်မှုတွေကလဲ ရှိနေတာပါ။

          ခုလက်ရှိသတ်မှက်ချိန်အတွင်းမပြီးစီးနိုင်တဲ့ကုန်းကျော်တံတားစီမံကိန်းတွေကိုကြည့်ရင်သိနိုင်ပါတယ်။ ဒီကုန်းကျော်တံတားတွေဆောက်ဖို့ အစိုးရဟာBudget မရှိတဲ့အတွက် ကားတွေသွင်းခိုင်းပြီးအခွန်ကောက်ပါတယ်။ ကားတွေကိုအရင်သွင်းခိုင်းလိုက်တာဟာ ဒီပြသနာရဲ့အစပါ။ Budgetရရှိသွားသော်လည်း ဒီစီမံကိန်းတွေဆောက်တဲ့နေရာတွေမှာသာမက မြို့အနှံ့မှာ ယဉ်ကြောပိတ်ဆို့မှုတွေဖြစ်လာပါတယ်။ စီမံကိန်းအတွက်လိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေသယ်ယူရာမှာပါ အခက်အခဲတွေရှိနေပါတယ်။

          ခုထိလည်းကားတွေကိုတင်သွင်းခွင့်ပေးနေဆဲပါ။နောက်ပိုင်းဒီထပ်ပိုဆိုးလာနိုင်ပါတယ်။ လက်ရှိစာရင်းဇယားတွေအရ ရန်ကုန်မြို့မှာ ကားစီးရေ၂သိန်းနီးပါးရှိပါတယ်။ကုန်းကျော်စီမံကိန်းတွေကလဲ ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး။လူနာတင်ယာဉ်တွေနဲ့ မီးသတ်ကားတွေအတွက်တော့ ဒီလိုပိတ်ဆို့မှုတွေဟာကောင်းတဲ့အကျိုးဆက်ကိုပေးမှာမဟုတ်ပါဘူး။ နိုင်ငံတကာမှာဆို လူတိုင်းကားစီးနိုင်ပေမဲ့ ဒီလိုပြသနာတွေမဖြစ်အောင်တဖတ်ကလည်း ထိန်းချုပ်ထားတာတွေရှိပါတယ်။ ဥပမာ-စင်ကာပူနိုင်ငံမှာဆိုရင် ယာဉ်ရပ်နားစရိတ်တွေတိုးမြှင့်ထားတာ၊ ဂျပန်မှာဆိုရင် လောင်စာဆီဈေးနှုန်းတွေ ကြီးမြင့်အောင်လုပ်ထားတာမျိုးတွေပါ။

          မြန်မာနိုင်ငံမှာတော့လောင်စာဆီဈေးတွေဟာ နိုင်ငံတကာထက်သက်သာတဲ့အပြင် ယာဉ်ရပ်နားဖို့အတွက်လဲ စရိတ်တွေပေးစရာမလိုတဲ့နေရာကအများစုပါ။ဒီတော့ဒါတွေကိုထိန်းချုပ်ရမှာပါ။ အရင်ဆုံးကားတင်သွင်းခွင့်ကိုကန့်သတ်ရမှာပါ။ကားသွားကားလာများတဲ့နေရာတွေမှာမလိုအပ်ဘဲယာဉ်ရပ်နားမှုကိုတားဆီးရမှာပါ။နောက်နည်းလမ်းကတော့ လောင်စာဆီတွေကိုဈေးနှုန်းမြှင့်တင်လိုက်တာပါ။ ဒီထဲမှာ ဘတ်စ်ကား၊ လူနာတင်ယာဉ်၊ နာရေးဝန်ဆောင်မှုယာဉ် နဲ့ အစိုးရသုံးယာဉ်တွေအပြင် အခြားအမှန်တကယ်အသုံးပြုရမဲ့ယာဉ်တွေမပါဝင်ပါဘူး။ ဒီအတွက်သီးသန့်ဈေးနှုန်းရှိမှာပါ။ ဒီလိုလုပ်ရင် အရင်ကလို လောင်စာဆီမှောင်ခိုရောင်းဝယ်မှုတွေ ပိုများလာနိုင်ပေမဲ့ အစိုးရအနေနဲ့ထိထိရောက်ရောက် အရေးယူတာတွေလုပ်ပြီး ထိန်းချုပ်ရင်ရနိုင်ပါတယ်။မီးသာမှန်အောင်ပေးပြီး သင့်တင့်တဲ့နှုန်းနဲ့ကောက်ခံမယ်အဆိုရင် အခြားစက်ကိရိယာတွေအတွက်လဲ လောင်စာဆီမလိုအပ်တော့ပါဘူး။

          ဒီလိုဆိုကိုယ်ပိုင်ကားအသုံးပြုလိုသူတွေနည်းသွားမှာပါ။ တိုင်းပြည်အနေဖြင့်လည်း မိမိတို့မချက်နိုင်တဲ့လောင်စာဆီတွေကို ပြည်ပကအရင်ကလောက် မတင်သွင်းရတော့တဲ့အတွက်နိုင်ငံခြားငွေပိုထွက်လာမှာပါ။ နောက်တချက်က မိမိတို့ရဲ့ဓာတ်ငွေ့တွေရောင်းပြီး လောင်စာဆီမဝယ်ရတော့ပါဘူး။ ဓာတ်ငွေ့တွေကိုမရောင်းတော့ဘဲ မီးလင်းဖို့အတွက်သုံးနိုင်ပါတယ်။ မီးမှန်အောင်ပေးနိုင်လို့ စက်ရုံအလုပ်ရုံတွေပုံမှန်လည်ပတ်နိုင်ရင် နိုင်ငံခြားဈေးကွက်ကိုတင်ပို့နိုင်မှာပါ။ ဒါဆိုဝန်ထမ်းတွေဟာ အလုပ်အကိုင်ခိုင်မှာလာပြီးဝင်ငွေလည်းတိုးတက်လာမှာပါ။ ဒါဆိုသူတို့ဆီက မျှတတဲ့မှန်မှန်ကန်ကန် အခွန်ကောက်နိုင်ပါတယ်။ ဒါဆိုအစိုးရဟာ Budget ရရှိလာလို့ မိမိတို့သယံဇာတတွေကိုရောင်းစရာမလိုတဲ့အပြင် အခြားInfrastructure တွေကိုပါအလျင်မလိုဘဲ သေချာသုံးသပ်ပြီးတည်ဆောက်လာနိုင်မှာပါ။

နောက်တခုကနိုင်ငံတိုင်းမှာ အသုံးပြုနေတဲ့ မြို့ပတ်ရထားလမ်းစနစ်ပါ။                နိုင်ငံတကာမှာ MRTလို့ခေါ်တဲ့အမြန်ရထားကွန်ရက်တွေကိုအဓိကထားပြီးသုံးကြပါတယ်။ မိမိတို့နိုင်ငံအနေနဲ့ဆို အလွန်ငွေကုန်ကြေးကျများပြားမှာ အသေအချာပါ။ သို့သော်လမ်းတွေ တိုးချဲ့သလို၊ ကုန်းကျော်စီမံကိန်းတွေလို စီမံကိန်းကာလမှာ  ယာဉ်ကြောပိတ်ဆို့မှုတွေ များပြားစေမှာမဟုတ်ပါဘူး။ကမ္ဘာ့ဘဏ်၊ IMF၊ ADB တို့ဆီကလည်းငွေချေးယူနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုစနစ်တွေအတွက် ထိုက်သင့်တဲ့အကျိုးအမြတ်သာ ယူပြီးကူညီမဲ့နိုင်ငံတွေလဲရှိပါတယ်။

          ဒါတွေဟာအမှန်ကတော့ ဆင်းရဲချမ်းသာကွာဟမှု၊ ဖွံ့ဖြိုးမှုမညီမျှမှု၊ လူဦးရေသိပ်သည်းဆ ကွာဟမှုတွေကြောင့်ကအဓိကပါ။ လမ်းပမ်းဆက်သွယ်ရေးသာကောင်းမွန်ပါက နေရာဆိုတာအဓိကသိပ်မကျတော့ပါဘူး။ ဂျပန်တို့တရုတ်တို့ဆိုရင် မိမိနေထိုင်ရာမြို့ကနေ အခြားမြို့ကို နေ့တိုင်းရုံးတက်ရုံးဆင်းလုပ်သူတွေကအများစုပါ။ နောက်ဒီနိုင်ငံတွေမှာ ဘတ်စ်ကားခက ရထားခထက်အလွန်တရာဈေးကြီးလှပါတယ်။

 ဒါကြောင့် ဒီယာဉ်ကြောပိတ်ဆို့မှုဒဏ်တွေကို အစိုးရအနေနဲ့ ပြည်သူလူထုနဲ့အနီးကပ်ပူးပေါင်းပြီး အမြန်ဆုံးထိထိရောက်ရောက် ဖြေရှင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

                                                                                                                                                         ဆင်ဖြူရှင်

                                                                                                                                                        ၂၅၊၁၂၊၂၀၁၂

About ဆင်ဖြူရှင်

aung ye has written 3 post in this Website..