သစ်ခြောက် ပင်အို

ချစ်သစ်ပင်မှာ ငှက်သစ္စာဝေး
ရော်ရွက်ဆွေးမြေ့ လောင်ကျွမ်းနေ့ည
ထီးကျန်လှလွန်း အရုဏ်ပွန်းပဲ့
နေမွန်းတည့်ဆို ဆည်းဆာအိုမင်း
ဝေသီလင်းဆဲ သည်နွေထဲတွင်
မပျော်ရွှင်ဘူး ရွက်နုဖူးသစ်
ရောင်နီလှစ်ဟ နှင်းစက်ကျစေ
လေပြည်စွေဝဲ မုတ်သုံထဲဝယ်
အာရုံပြယ်လွင့် မုန်တိုင်းသင့်နိုး
ကာလမိုးနှောင်း ရာသီပြောင်းလွန်
နွေဦးကျွံဆဲ ပင်စည်လဲပြို
ခင်တွယ်ငိုကြွေးမရှိကျေးငှက်
ပွေရတက်ပြင်း ကန္တာတွင်းက
အကျဉ်းကျသူ ဆယ်နေပူသို့
သွေးလေချို့ယွင်း အားမာန်တင်းလည်း
နှောင်းကံနည်းပါး သစ်ကိုင်းဖျားထက်
ခိုနားလျက်လေ မျက်ရည်စွေဝဲ
တမ်းတဆဲမှာ လေနှင်ရာပြေး
တိမ်နှယ်ဝေးလွင့် စိတ်ကထင့်ဆို
ကွယ်ရာငိုဘူး နွေထဲရူးလို့
မေတ္တာပို့ဝေ သင်ပျော်စေကြောင်း
ကျွန်ဆုတောင်းရင်း ရနံ့သင်းထုံ
မြိုင်ရဂုံတွင် တူဖော်ရွှင်ပျ
နေခြည်မြချို မိုးလေခိုပါ
သိုက်မြုံသာထက် နေပျော်လျက်လေ
အတိတ်နွေထဲ ရှင်သန်ဆဲမှာ
တစ်ကြိမ်ခါမျှ သတိရလျှင်
သစ်ခြောက်ပင်အိုသစ်ငုတ်တိုလည်း
ကျေနပ်မြဲတိုင် ပီတိလှိုင်ပြုံး
စုကာရုံးဖွဲ့ လေပြည်သွဲ့မှာ
သတင်းလွှာပါး သစ္စာထားချင်
ကြင်သူဝေးလျက် သစ်ခြောက်ပင်…။ ။

တောက ကိုရင်
၁၁.၀၉.၂၀၁၂

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..