သမ္မတကြီး ၂၆.၁၂.၂၀၁၂ ရက်နေ့က ပြောသွားတဲ့ မိန့်ခွန်းထဲက ဟောဒီ အချက်ကလေးက ကျနော် ရေးမယ်ရေးမယ်နဲ့ အကောင်အထည်မပေါ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို တွန်းအားပေးလာတယ်..။ အဘစိန်က ဒီလိုပြောလာတယ်..

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စဉ် တစ်ချိန်တည်းမှာပဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဟုတ်ပေ၏။ သမ္မတကြီးက နိုင်ငံအများအံ့သြရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးကို ဦးဆောင်ပြီး လုပ်ပြနေပါတယ်။ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ဆီလျှော်ပြီး၊ ပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်မယ့် အခြေအနေတွေနဲ့ ကိုက်ညီအောင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊  ပြည်သူများအပါအဝင်  သဘောထား အကြံဥာဏ်များ ရယူခဲ့ ပြင်ဆင်ရေးဆွဲခဲ့ကြတာလည်းမှန်ပါတယ်။ တိုင်းပြည်စီးပွားရေးမှာ အရေးပါတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့မှုများ ပြုလုပ်ခဲ့လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တသည်းသည်း ဝင်လာပြီး အထူးစီးပွားရေးဇုန်စီမံကိန်းတွေ၊ စက်မှုဇုန်နဲ့ စက်ရုံစုစီမံကိန်းတွေနဲ့. မြို့ပြကျေးရွာဖွံ့ဖြိုးမှု စီမံကိန်းတွေလည်း အကောင်အထည်ပေါ်လာခဲ့ပါတယ်။

သူ့လက်ထက်မှာ ပိုပြီးထင်သာမြင်သာရှိလာ၊ အများသဘောဆန္ဒကို ဆန်းစစ်လက်ခံပေးခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ပြည်သူ့အကျိုးစီးပွား ထိခိုက်မယ်လို့ ယုံကြည်တဲ့ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ပေးခဲ့တာ တာထွက်ကောင်းတဲ့ ဥပမာ တစ်ခုပေါ့။ ဒေသအလိုက် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် ၊ ဆင်းရဲမွဲတေမှု လျှော့ချရန်တို့အတွက် ပြည်သူတွေကို ချေးငွေ ထုတ်ချေးပေးတာတွေလည်း လုပ်ပေးခဲ့တယ်။ မီးမလင်းလို့ ဆန္ဒထုတ်ဖော်ကြတဲ့အတွက် နိုင်ငံခြားက မီးစက်ကြီးတွေ အရေးတကြီးမှာပြီး မောင်းပေးခဲ့တဲ့အထိပါပဲ (အလိုလိုက်ခဲ့တုန်းကပေါ့) ဒါပေမယ့်..

ဒါပေမယ့်လို့.. မေးငေါ့စရာတွေလည်း ရှိနေသေးရဲ့။ ဒေသအနှံ့အမြားမှာ စီမံကိန်းဗန်းပြပြီး မြေအသိမ်းခံရလို့ လယ်သမားတွေ လယ်လက်မဲ့ ဖြစ်ကြရတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်တဲ့ စီမံကိန်းတချို့မှာ ဒေသခံတွေနဲ့ မပြေမလည် ဖြစ်နေတာတွေ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကျန်နေသေးသလို၊ လတ်တလော ဆန္ဒထုတ်ဖော်ပွဲတွေမှာ လူမြင်ကွင်းမှာ ပေါ်တင်ဝင်ဆွဲတာ၊ တိတ်တိတ် ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတုန်းပါပဲ။ လက်ပံတောင်းတောင်ဖြစ်စဉ်မှာ အင်အားသုံးဖြိုခွဲခဲ့လို့ သံဃာတွေ ထိခိုက်ဒဏ်ရာရ၊ မှားမိပါတယ်လို့ နှစ်ခါပြန်တောင်းပန်ခဲ့ရတာ ရုပ်အဆိုးဆုံးပေါ့ဗျာ။

ကဲ နိုင်ငံနဲ့ချီပြီး ဖြစ်နေတဲ့ကိစ္စတွေက ရှုပ်ထွေးလွန်းလှသလို၊ ဖြေရှင်းဖို့လည်း ခက်ခဲ အချိန်ယူရတယ်။ ဆိုတော့ အသေးအမွှားမို့ လျစ်လျူရှုခံနေရတာ လူမသိသာတဲ့ ကျွန်တော့်ပတ်ဝန်းကျင်က လက်လှမ်းမီတဲ့ အကြောင်းအရာလေးကို ပြောချင်ပါတယ်။ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် ပြည်သူဗဟိုပြု  အတွေးလေးနဲ့ လိုက်တွေးကြည့်ပေးပါလား။

ရပ်ကွက်ဈေးလေးရဲ့ အဖြစ်

နေပြည်တော်ကြီးတည်ဖို့ ဆွဲထားတဲ့ မာစတာပလန်မှာ ရပ်ကွက်တစ်ခု၊ စာသင်ကျောင်းတစ်ကျောင်း၊ အားကစားကွင်း၊ ဈေးတစ်ခု၊ အပန်းဖြေစရာ သင့်တော်ရာနေရာတိုင်းမှာ ပန်းခြံတွေနဲ့ ဆေးရုံ၊ ရပ်ကွက်ဆေးပေးခန်းတွေနဲ့ အသေအချာ ရေးဆွဲ တည်ဆောက်ခဲ့ပါတယ်။ ကျနော် လက်ရှိနေတဲ့ ကံ့ကော်အိမ်ယာက ဈေးကလေးဟာဖြင့် နီးနီးနားနား၊ အသေးအဖွဲလိုရင် လမ်းလျှောက်သွားလိုက်ရုံ၊ ကျန်းမာရေးလေ့ကျင့်ခန်းလည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ခြောက်လကျော်ကစလို့ အဲဒီ ရပ်ကွက်ဈေးလေးကို ပိတ်လိုက်ပြီး ပုဂ္ဂလိကလုပ်ငန်းတစ်ခု လုပ်ဖို့ ရောင်းလိုက်သတဲ့။ ကျနော်တို့ ညနေခင်း လမ်းလျှောက်စရာ၊ ဟင်းချက်စရာ အသေးအမွှား နီးနီးနားနား ပြေးဝယ်စရာ ဈေးလေး ဘဝပြောင်းသွားပါတယ်။ ဈေးသူ ဈေးသားတွေလည်း ဘယ်ဆီ ပြောင်းပေးရတယ်မသိ၊ လျော်ကြေးဘယ်လောက်ရတယ်မသိ၊ ကျေနပ်လို့ ပြောင်းပေးသလား၊ ကြောက်လို့ပဲ နှုတ်ပိတ် ဖယ်ပြေးခဲ့ရသလား မသိ.. ဘာအသံမှတော့ မထွက်ဘဲ ပြီးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ စတိုးဆိုင်ကြီးဖွင့်ဖို့လား၊ အဆင့်မြင့် စားသောက်ဆိုင်/တီးရှော့ဖွင့်ဖို့များလား အလန်းစား ပြင်ဆင်မှုတွေ လုပ်နေပါပြီ။

DSC05336

DSC05337

ဘဝပြောင်းသွားပြီဖြစ်တဲ့ နေပြည်တော် ကံ့ကော်အိမ်ယာဈေးကလေး

မြို့တော်ကြီး သာယာလှပစေရမည် (ပန်းခြံ အမှတ်-၁)

မြို့တော်ကြီး သန့်ရှင်းသာယာ လှပရမည်

မြို့တော်ကြီး အမြန်ဖွံ့ဖြိုး စည်ပင်တိုးတက်စေရမည်

စည်ပင်သာယာရေးကော်မတီ

စည်ပင်သာယာရေးကော်မတီရှိတဲ့ မြို့ကြီးငယ်မဟူ လူမြင်ကွင်းမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးတွေကို မြင်ဖူးကြမှာပါ။ မြို့နေ လူထုရဲ့ အိုးအိမ်၊ သောက်သုံးရေ၊ လမ်းတံတား သွားလာရေး၊ စွန့်ပစ်တဲ့ အမှိုက်ကအစ ချေး၊ သေး အဆုံး တာဝန်ယူ လုပ်ကိုင်ပေးနေတဲ့ အဖွဲအစည်းပေါ့။ လူထု ပျော်ရွှင်ချမ်းမြေ့ အနားယူဖို့ အပန်းဖြေဖို့ ဟောသလို ဥယျာဉ်တွေ ပန်းခြံနေရာတွေကိုလည်း လှပစိမ်းလန်းအောင် ထိန်းသိမ်းပြုပြင်ပေးကြရပါသေးတယ်။

DSC05332

ကံ့ကော်ရပ်ကွက်က ပန်းခြံ

နေပြည်တော်ရေပန်းဥယျာဉ်လို ပန်းခြံတွေဟာ ခမ်းခမ်းနားနား၊ ကြည့်ရှုစရာ အပြင်အဆင်မျိုးစုံနဲ့ လုပ်ထားလျှင် အခကြေးငွေယူပြီး စည်ပင်ရဲ့ ဝင်ငွေရလမ်းတစ်ခုပါ။ ဒီဓာတ်ပုံထဲက ပန်းခြံလေးဆိုရင် ကျောက်စိမ်းခန်းမကြီးရဲ့ ဘေး၊ ရန်ကုန်-နေပြည်တော်ကားလမ်းဘေး လူစည်ကားသွားလာရာလည်းဖြစ်၊ အစိုးရ လူကြီးမင်းတွေ ဖြတ်သန်းသွားလာရာလည်းဖြစ်တာမို့ အခကြေးငွေမယူသော်လည်း စိမ်းလန်းလှပ သာယာလှတယ်။ ကျနော်တို့မိသားစု ရံခါ သွားရောက် စိတ်အပန်းဖြေရာ၊ မျက်ခင်းပြင်ကျယ်မှာ သားလေးရဲ့ ပြေးလွှားကစား ခုန်ပေါက်ပျော်ရွှင်စရာ နေရာတစ်ခုပါ။

DSC05323

သာယာလှပ မိသားစု အပန်းဖြေရာ

ပန်းခြံ အမှတ်-(၂)

အထက်က ပန်းခြံလေးနဲ့မတူ အိမ်ကြို၊ အိမ်ကြား လမ်းမြှောင်နားက ဟောဒီ မြေကွက်လေး အဖြစ်ကရော..။ နေ့စဉ် ဖွံ့တိုးတက်နေပါတဲ့ နေပြည်တော် စီမံကိန်းထဲမှာ ကံဇာတာမွဲလို့ သဲဖုတ်ထူဘဝက မတက်တော့တာလား။ လူမမြင်ကွယ်ရာမို့ လျစ်လျူရှုတာလား၊ အစိုးရမင်းတို့ ငဲ့မကြည့်မယ့် နေရာမှာ ရောက်နေလို့လား..။ ကိုယ်ကလည်း ဝန်ထမ်းလုပ်နေသူ ဆိုတော့ ကိုယ့်ပေါင် ကိုယ်လှန် ထောင်းရသလိုပါပဲ။

လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက်အောင်မြင်ဖို့အစိုးရ အုပ်ချုပ်မှုယန္တရားရဲ့ စီမံလုပ်ကိုင်မှု ထိရောက်ထက်မြက်ဖို့ လိုအပ်ပါတယ်။

လို့ ဘကြီးစိန် ထုတ်ပြောသလို ဝန်ကြီးကအစ စာရေးစာချီအဆင့်ထိ ပြည်သူ့အကျိုးကြည့်ပြီး ထိထိရောက်ရောက်အကောင်အထည်ဖော်မှု အားနည်းနေတုန်းပဲဗျ။

DSC05313

ကြာပြီဆိုတော့ မေ့လောက်နေမလား..

ပိုင်သူ ဆိုင်သူ မရှိလို့ရယ်လည်းမဟုတ်။ နေပြည်တော်စည်ပင်သာယာပိုင်မြေ.. မကျူးကျော်ရတဲ့.. ဆိုင်းဘုတ်ကြီးလည်း အထင်းသား။ အများပြည်သူပိုင် မဟုတ်နော်။ စည်ပင်ပိုင်တာမို့ သူတို့လုပ်ချင်မှလုပ်မယ်၊ မကြည့်အားလို့ ပစ်ထားမိတယ်။ ဂရုစိုက်မယ့်သူရှိရင် ထိုသူ တစ်ဦးတစ်ယောက်ကို လက်လွှဲပေးမယ်လို့ စီစဉ်ထားလေမလား။ ကျွန်တော်တို့ နိုင်ငံမှာ ဒီနိုင်ငံနေသူ ပြည်သူအများကမပိုင်ဘဲ စစ်တပ်ပိုင်မြေ၊ ဌာနပိုင်မြေ၊ စည်ပင်ပိုင်မြေ..ဦးတို့ပိုင်တဲ့မြေ.. စီမံကိန်းမြေတွေကိစ္စတွေက အဖြေထုတ်ရမလွယ်တဲ့ အရှုပ်ထုပ်ကြီးတွေ များနေတာ ခက်သေးတယ်။

DSC05311

စည်ပင်သာယာပိုင်မြေ.. မကျူးကျော်ရ

ပန်းခြံ အမှတ်-(၃)

ဟောဒီလို အဖြစ်မျိုးလည်း ရှိသေးတယ်.. လုံးဝ လှည့်မကြည့်ဘဲ ထားတာတော့မဟုတ်ဘူး။ အပင်လေးတွေ စုံစုံလင်လင် စိုက်ထား.. ရေပန်းလေးတွေ ထည့်ထားလို့ ကလေးတွေ ဆော့ကစားစရာတွေနဲ့ လုပ်ပေးထားတဲ့ ပန်းခြံတွေလည်း ရှိသပေါ့။

DSC05310

ပစ်တော့ မထားပါဘူးနော်..

ဟောသလို.. ဟောသလိုလေ.. :harr: ။

မိုးကြိုးပစ်ရဇေရဲ့ ပန်းခြံအလည်မှာ ရေပန်းတွေနဲ့။ Sea-saw တွေ၊ ဒန်းတွေ၊ လျှောစီး ဆော့ကစားစရာတွေနဲ့ တကယ်ပါ။ ပြုပြင်မွန်းမံမှု နည်းတာကြောင့်ရော..၊ ကျနော်တို့ လူမျိုးတွေ စည်းကမ်းမရှိတာကြောင့်ရော ပျက်စီးယိုယွင်းလို့။ အမူးသမားတွေ ကမြင်းသွားတဲ့ ပုလင်းကွဲစတွေ၊ လူတကာ ပစ်သွားတဲ့ အမှိုက်တွေလည်း ပွယောင်းလို့ဗျာ။

DSC05307

ပန်းခြံအလယ်က ရေပန်းပါဆို.. မယုံဘူးလား…

DSC05305

ကလေးတို့ရေ ပျော်ကြပါးကြ

ပန်းခြံ အမှတ်-(၄)

DSC05298

ဘယ်ဟာကို ကစားရရင်ကောင်းမလဲ..

DSC05303

ပြိုကျမှာကို စိုးရတယ်

DSC05302

ဂဂျားမှာဘဲ ဂဂျားမှာဘဲ … တားတားကို လာမတားနဲ့

ပန်းခြံ အမှတ်-(၅)

စကားလုံးတွေ ရှာမတွေ့တော့လို့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်လို့ပဲ ပြောမယ်ဗျာ..။ ကျိန် မပြောတော့ဘူး.. ဓာတ်ပုံနဲ့ပြလိုက်တယ်။

DSC05292

သုခသိဒ္ဒိရပ်ကွက် အများပြည်သူ အနားယူစရာ ပန်းခြံနေရာ

DSC05294

မြွေထွက်ကိုက်မှာ ကြောက်ရတယ် ဒန်းကလေးရယ်

 

 

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011