နေရာ

ခင္ခDecember 28, 20121min17018

နေရာ

ဒီနေ့မနက်စောစော ခင်ခ လမ်းလျှောက်ထွက်ရင်း ဈေးနားကဖြတ်လျှောက်သွားတော့ ဈေးအပေါက်ဝနားမှာ ပန်းရောင်းမယ့်ဈေးသည်နှစ်ယောက် သူတို့ဈေးခင်းရောင်းမယ့် နေရာကို တစ်ယောက်က သူအမြဲရောင်းနေတဲ့ နေရာ ကျန်တစ်ယောက်က ဈေးခုံအနေနဲ့ သီးသီးသန့်သန့်မဟုတ်ဘူး အများသွားလမ်းဘေးမှာ ခင်းရောင်းတာ မို့ ဦးတဲ့သူခင်းခွင့်ရှိတဲ့နေရာ စသည်ဖြင့် နေရာ ပက်သက်ပြီး စကားများနေကြတာကို တွေခဲ့လိုက်ပြီး ခင်ခ လမ်းဆက်လျှောက်ရင်း တွေးမိသွားတဲ့ နေရာ ဆိုတာကိုရေးမလို့ပါ။

လူတိုင်းမှာ နေရာ တစ်ခုအတွက် အလုပ်လုပ်နေကြတာလား နေရာ ကြောင့် အလုပ်လုပ်နေရတာလား အဲဒါ ကတော့ သေချာမပြောနိုင်တဲ့ မေးစရာဖြစ်ပေမယ့် ရရှိပြီးသား နေရာ ကိုဖယ်မပေးချင်ကြတာ ဖယ်ပေးရမှာ မလို လားတာ အဲဒီနေရာကြောင့် ရပိုင်ခွင့်တွေ ရရှိမှု့တွေကို လျော့မသွားချင်ကြတာတော့ အများစုပါဘဲလေ။ အဲ ရရှိ ထားတဲ့ နေရာ ထက်ပိုပြီးသာမည့် နေရာမျိုးကို ရမယ် ရောက်မယ်ဆိုရင်တော့ အရင်နေရာကို စွန့်လွှတ် လို့ ဖြစ်နိုင်ကြပေမယ့် ရရှိထားတဲ့ နေရာ လောက်တောင်ခံစားခွင့်မရှိတဲ့ နေရာ ကိုရောက်ရမယ်ဆိုရင်တော့ စိတ် မကောင်းတတ်တာတွေ စိတ်တိုကာဒေါသဖြစ်ကြတာတွေ အခန့်မသင့်ရင် စစ်တောင်ခင်းကြတာတွေလည်း တွေကြုံ မြင်တွေ့ ကြားဖူးကြပါလိမ့်မယ်လို့ ထင်မိပါတယ်လေ။

“နေရာ က စကားပြောတယ်လို့´´ တောင် ဆိုကြတာရှိပါသေးတယ်။ အဲဒီ နေရာ ဟာ ဆင်းရဲချမ်းသာ လူတန်းစား အလွှာမရွေး အရေးပါတယ်ဆိုတာလေး တွေးမိပြန်ပါတယ်။

လူစည်ကားတဲ့ လဘက်ရည်ဆိုင်ကြီးတစ်ခုရဲ့ မလှမ်းမကမ်းမှာ တောင်းရမ်းတဲ့အလုပ် လုပ်စားနေတဲ့ သူနှစ် ယောက်က တစ်နေ့သူတို့နားမှာ အခြားတောင်းရမ်းတဲ့အလုပ် လုပ်စားသူတစ်ဦး လာရောက်တောင်းတော့ ခုန အရင်အဲဒီနေရာမှာ ရှိနင့်ပြီးသားနှစ်ယောက် “ မင်းက ဒီနေရာမှာ ဘာလို့လာတောင်းရတာလဲ အခြားနေရာ မှာသွားတောင်းလေ ဒီနေရာက ငါတို့နေရာကွ´´ လို့ ပြောပြီးမောင်းထုတ်နေတာကို တွေ့ကြုံဖူးတယ်ဗျ။ အဲဒါလည်း သူတို့ဦးစွာရောက်နေတဲ့ ဒီလူစည်းကားတဲ့လဘက်ရည်ဆိုင်က ပေးကမ်းလှုကြလို့ ရတဲ့ဝေစုလေး နောက်တစ်ယောက်တိုးရင် မျှဝေပြီးပေးရသလို သူတို့ရပိုင်ခွင့်လေး နည်းမှာဆိုလို့ ထို နေရာ ကနေမောင်း ထုတ်လိုက်ကြတာပေါ့ဗျာ။ သူရယူခဲ့တဲ့ နေရာ ကိုဝင်ရောက်လာလို့ မောင်းထုတ်တာ လွန်လား စဉ်းစားခဲ့တယ်။

တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေစဉ် စားပွဲထိုးကောင်းလေးတစ်ယောက်နဲ့ သူ့ သူငယ်ချင်း တို့နှစ်ဦး ရပ်စကားပြောကြတာကိုကြားဖူးခဲ့တယ်။

သူငယ်ချင်း – “ မင်းဒီမှာ လုပ်တာ ဘယ်လောက်ကြာပြီလဲ ´´

စားပွဲထိုးလေး – “ နှစ်ပတ်လည်လောက်တော့ရှိပြီ´´

သူငယ်ချင်း – “ အခု မင်း ဒီမှာ တစ်လ ဘယ်လောင်ရသလဲ´´

စားပွဲထိုးလေး – “စားပြီး စရိတ်ငြိမ်း သုံးသောင်းရတယ်´´

သူငယ်ချင်း – “ မင်း ငါလုပ်တဲ့ စားသောက်ဆိုင်ကို ပြောင်းလုပ်မလား၊ သူဌေးကို ငါပြောပေးမယ်၊ ငါတို့ဆီမှာ စားပြီး စရိတ်ငြိမ်း ငါးသောင်းပေးတယ်ကွ´´

စားပွဲထိုးလေး – “ ဟုတ်လား ရရင်ပြောပေးပါလား ငါပြောင်းလုပ်မယ်လေ မင်းလည်းရှိတော့ ကောင်းတာ ပေါ့´´

သူငယ်ချင်း – “ဒါဆို ငါပြောကြည့်လိုက်မယ် ရရင်မင်းကိုလာပြောမယ်၊ သွားပြီ သူငယ်ချင်း´´

စားပွဲထိုးလေး – “ အိုကေ သူငယ်ချင်း ငါ့ပြန်ပြောပေးအုံးနော်´´

အဲဒါလည်း မိမိလက်ရှိရနေတဲ့ နေရာ ထက် ပိုပြီး သာနိုင်တဲ့နေရာကို လှမ်းကြဖို့ လူတွေရဲ့ ကြံဆနေကြတာဘဲ ဖြစ်ပါတယ်၊ မှန်ပါတယ် လူတိုင်း မိမိရောက်နေတဲ့နေရာထက် သာမယ် ပိုပြီးခံစားခွင့်ရှိမယ်ဆိ်ုရင် နေရာပြောင်း လဲချင် ကြပြန်ရောပေါ့ဗျာ။ အစိုးရရုံးတွေမှာ လုပ်တဲ့သူတွေကိုလည်း ကြည်အုံးလေ ဘယ်နေရာကတော့ လစာ အပြင် အခြားဘေးဗန်းဝင်ငွေရှိတယ် အဲလိုနေရာမျိုးကို ပြောင်းချင်ကြတယ်၊ အဲလိုပြောင်းဖို့အတွက် လည်း နေရာပြောင်းပေးခွင့်ရှိတဲ့ အရာရှိကို ဘယ်လောက်ပေးရတာ စသည်ဖြင့်လည်း ပြောကြတာကြားနေရ တယ် လေ၊ ဒါလည်း နေရာ တစ်ခုရဲ့ နှီးနွယ်တဲ့ လုပ်ပိုင်ခွင့်တွေ အရင်းပြုမှု့တွေ ဘဲပေါ့ဗျာ။

စီးပွားလုပ်ဆိုင်ဖွင့်တဲ့ အပိုင်းကောကြည့်ပါအုံး လမ်းမတန်း လူစည်ကားတဲ့ နေရာ က အခန်းတွေ ဆိုင်ခန်းတွေ ဆို ဈေးတစ်မျိုး အတွင်းဘက်ကျတဲ့ နေရာ အနေအထားဆိုရင် ဈေးကတစ်မျိုး၊ အဲလိုဘဲ ရောင်းတဲ့သူတွေက လည်း ရှော့ပင်းမောလို နေရာကဆိုင်တွေမှာ ရောင်းတဲ့ဈေးကတစ်မျိုး ရိုးရိုးလမ်းမဘေး ဆိုင်ကရောင်းတာ ဈေးတစ်မျိုး ဟော လမ်းဘေးမှာ အပုံလိုက်ရောင်းတဲ့ နေရာ ကျပြန်တော့ ဈေးတစ်မျိုးဖြစ်နေရော ဒါ နေရာ ပေါ်မူတည်ပြီး ပြောင်းလည်းသွားကြတာဘဲလေ။

လူမှု့ဆက်ဆံရေးနယ်ပယ်မှာလည်း ကြည့်ပါအုံး သူဌေးနေရာကသူကို ကြိုဆိုဧည့်ခံပုံ၊ အာဏာရှိတဲ့ နေရာက လာသူကို ကြိုဆိုဧည့်ခံပုံ၊ သူငယ်ချင်းမိတ်ဆွေ နေရာကသူကို ကြိုဆိုဧည့်ခံပုံ၊ သာမန်အသိမိတ်ဆွေ နေရာ သူကို ကြိုဆိုဧည့်ခံပုံ၊ မိမိအလုပ် အရာရှိနေရာကသူကို ကြိုဆိုဧည့်ခံပုံ၊ မြန်မာပြည်ရဲ့ ယနေ့လူထုခေါင်းဆောင် နေရာကသူကို ကြိုဆိုဧည့်ခံပုံတွေကလည်း မတူညီနိုင်ဘူးလေ၊ ဒါလည်းအမှန်ဘဲလေ သူတို့ရဲ့ နေရာ တွေက မှ မတူညီကြတာကိုးဗျ။

ခင်ခ တို့တက္ကသိုလ်ကျောင်းပြီး ဘွဲ့ရခါစကဆို အလုပ်အကိုင်အခွင့်အလမ်းက  ကုမ္မဏီတွေ ပြင်ပစီပွားရေးတွေ အခုလို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းသေးတာမဟုတ်သေးဘူးလေ၊ အစိုးရရုံးမှာ အစိုးရဝန်ထမ်းလုပ်ချင်ရင် တောင် အာဏာရှိတဲ့ အရာရှိ လူကြီးတစ်ယောက်ယောက်နဲ့ ပက်သက်ဆက်နွယ်ရင်တော့ အမြန်ရပေါ့ဗျာ၊ အဲလိုမှမဟုတ်ရင် လွယ်အိတ်ထဲ ဘွဲ့လက်မှတ်ရယ် လေဘာကဒ်ခေါ်တဲ့ အလုပ်သမားမှတ်ပုံတင်ကဒ်ရယ် မှတ်ပုံတင်တို့ စတဲ့ သက်ဆိုင်ရာအထောက်အထားတွေထဲ့ပြီး အလုပ်ခေါ်တဲ့ကြော်ငြာတွေဖတ်ကာ တစ်မျိုး၊ ခြောက်ထပ်ရုံးလို့ခေါ်တဲ့ ကမ်းနားလမ်းက အလုပ်အကိုင်ရှာဖွေရေးရုံးပြေးကာတစ်မျိုး ထီးဖြူဖိနပ်ပါးရှာကြပေ တော့ပေါ့ဗျာ။ အဆင်မပြေလို့ လမ်းဘေးဈေးရောင်းမယ်ဆိုတော့လည်း လာထားစည်ပင်ခွန်ခများနဲ့ လူစည်တဲ့ နေရာမှာ ခင်းရောင်းနိုင်ဖို့က ပေးကာပေးပါ လာဒ်ထိုးမှု့များရှိရပါကောလား ဒါကြောင့်လည်း ခင်ခ အဖေက ခင်ခ ကို ဘွဲ့လေးရပြီး အလုပ်လုပ်တော့မယ်ဆိုတော့ ဆုံးမပြောတဲ့စကားထဲမှာ “ငါသား လောကမှာ အာဏာ ရှိရင်ရှိ မရှိရင် ငွေရှိရင်ရှိ၊ အဲ နှစ်ခုလုံးရှိအောင်မရှာနိုင်ရင်တော့ နေရာ မရှိတဲ့ကောင်ဖြစ်ပြီး ဘဝဆင်းရဲပြီ မှတ်တဲ့´´ တကယ်လည်း လောကမှာ အာဏာရှိသူ ငွေရှိသူတွေကသာ ကောင်းပါပေ့ဆိုသော နေရာ တွေမှာ အစီအရီရရှိနေကြတာများတယ်လို့ မြင်မိပါတယ်လေ။

ဒါကြောင့် စာဖတ်သူပရိတ်သတ် မိတ်ဆွေတို့လည်း နေရာကောင်း တစ်ခုအတွက် အာဏာ ရှိအောင်ဘဲဖြစ်ဖြစ် ငွေရှိအောင်ဘဲဖြစ်ဖြစ် သင့်တော်သလိုနည်းဖြင့် ကြိုးစားကာ ရယူကြပါလို့တိုက်တွန်းချင်ပါတယ်။

တစ်ခုတော့ရှိတာပေါ့လည်း ကိုယ်လိုချင်တဲ့ နေရာ အနေအထားကတော့ ကိုယ့်ရည်မှန်းရာ နေရာ ပင်ဖြစ်မှာပေါ့ သူဌေးဖြစ်ချင်တဲ့နေရာဆို သူဌေးဖြစ်အောင် ငွေရှိအောင်လုပ်၊ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်နေရာ ဖြစ်ချင် ရင် အဲဒီအဖွဲ့အစည်းသတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေနဲ့အညီ အဖွဲ့လေးစားလောက်တဲ့သူ ဖြစ်အောင်လုပ်၊ စစ်ဗိုလ်ချုပ်ကြီးနေရာမှန်းရင်လည်း အဲဒီနေရာရောက်အောင် အာဏာရှိအောင်လုပ် ကိုယ်ပိုင်ဆိုင်လေးတစ်ခု ကိုယ်ပိုင်လုပ်ငန်း လေးတစ်ခုဆိုလည်း အဲလိုနေရာ ရောက်အောင်ပြု စသည်ဖြင့်ပေါ့ဗျာ။ ဒါပေမယ့် ရည်မှန်းရာ နေရာ တစ်ခုကို တော့ ရည်ရွယ်ထားပြီး ထို နေရာ ကိုရောက်အောင်သာ တက်လှမ်းနိုင်ရင်းနှင့် ကြိုးစားကြံဆ နေရမှာပါ၊ အဲဒီလို နေရာ ရဲ့ အတွေးများကို အရေးများ အဖြစ် ရေးလိုက်မိပါရဲ့ဗျာ။

( နေမယ်မနေဘူးကတော့ xxxxxx  မင်းရဲ့သဘောပါ သေချာတဲ့ xxxx နေရာတစ်ခုအဖြစ်သာ xxx ဖန်တီး လို့မရတဲ့ နေရာကို xxx ဖျက်စီးလို့မရတဲ့ နေရာကို xxxx သိမ်းထားခဲ့တာကြာပါပြီ xxxx စောင့်စားခဲ့တာကြာပါ xxxxx အချိန်တွေကလည်း သိပ်ကြာပြီ xxxxx – – – – ) အရင် ဗဒင် ဆိုတဲ့ နေရာ သီချင်းလေးငြီးနေရင်း- – – – ။

 

စာကြွင်း – ဒီပိုစ့်လေးနဲ့ ခင်ခ ချစ်တဲ့ ဂဇက်ရွာသူရွာသားများ နှင့် စာဖတ်ပရိတ်သတ်အား ၂၀၁၂ အတွက် နုတ်ဆက်လိုက်ပါတယ်ဗျာ။ ၂၀၁၃ မှာ ပြန်ဆုံတွေ့ကြပါစို့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ပေါ့။

 

ဖတ်ရှု့သူအားလုံး ကျေးဇူးပါ။

ခင်ခ။

18 comments

  • P chogyi

    December 28, 2012 at 10:49 am

    လူငယ်တွေကပြောနေတာတော့ရှိတယ်
    ဘောလုံးကန်တတ်ဖို့မလိုဘူး၊
    နေရာယူတတ်ဖို့ပဲလိုတယ်တဲ့။
    နှစ်သစ်မှာပျှော်ရွှင်ကြည်နူးမှုအပေါင်းနဲ့
    ပြည့်စုံနိုင်ပါစေ။

    • ခင်ခ

      December 28, 2012 at 11:23 am

      P chogyi ရေ သက်ငယ်စကား သက်ကြီးကြား အနေနဲ့ မှတ်ထားလိုက်ပြီဗျာ။
      ဦးဆုံး ကွန်မန့်အတွက်ကျေးဇူးပါ။

  • ခိုင်ဇာ

    December 28, 2012 at 11:29 am

    နေရာ၊ နေရာ၊ နေရာ
    တခဏတာ နေရာ တစ်ခုအတွက် တစ်သံသရာလုံးစာ အကျိုးပေး နဲ့ မလဲမိဖို့ အရေးကြီးတယ် ထင်၏၊။ :hee:

  • မောင့်ကျက်သရေ ဂီ့

    December 28, 2012 at 11:39 am

    နေမယ် မနေဘူးကတော့ မင်းရဲ့ သဘောပါ
    သေချာတဲ့ နေရာက ရှိခဲ့ပြီ
    မရေရာတဲ့အကြောင်းတရားတို့ ဖိစီးသည့်တိုင်
    သေချာတဲ့ ဒီနေ့ထိထက်တိုင်..
    ဖန်တီးလို့မရတဲ့ နေရာ ကို

    ဖျက်ဆီးလို့ မရတဲ့ နေရာ ကို
    သိမ်းထားခဲ့တာ ကြာပါပြီ ဦးထားခဲ့တာ ကြာပါပီ
    စောင့်စားခဲ့တဲ့ အချိန်တွေကလည်း သိပ် ကြာဘီ…

    အားပေးသွားပါတယ် ဗျို့..

    :harr:

  • Mr. MarGa

    December 28, 2012 at 11:45 am

    နေရာယူတတ်ဖို့ထက်
    တာဝန်ယူတတ်ဖို့ ပိုလိုပါတယ်တဲ့ဗျာ
    ဒေါ်စု ပြောဖူးတာလေးပါ

  • ဗုံဗုံ

    December 28, 2012 at 11:50 am

    နေရာ တစ်နေရာ ရဖို့ ကြိုးစားနေပါတယ် လေးခရေ 🙂

  • Mon Kit

    December 28, 2012 at 12:13 pm

    မွန်ကစ်တော့ နေရာတစ်ခုမှာ ကျောက်ချနေမိလို့ တိုးတက်သင့်သလောက် မတိုးတက်ဘူးဖြစ်နေတယ်..
    နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဘဝသစ် စတည်နိုင်ပါစေ… :hee:

  • ကြည်ဆောင်း

    December 28, 2012 at 1:46 pm

    ကိုယ့်ရဲ့ကြိုးစားမှု အားထုတ်မှုတို့နဲ့ထိုက်တန်တဲ့နေရာတစ်ခုတော့လူတိုင်းရသင့်တယ်လို့ ယူဆမိပါတယ်…

    • ခင်ခ

      December 28, 2012 at 2:15 pm

      မခိုင်ဇာ ရေးတာလည်း သတိပြုရမည့် အချက်ပဲနော်။

      အဂီ့ရေ သီချင်းကို ကျွန်တော်က ငြီးတာငြီးတတ်တာ စာသားတွေတော့ မရတတ်ဘူးဗျ။ ပြန်ရေးပေးတာ ကျေးဇူးပါ။

      တာဝန်ယူဖို့အတွက် နေရာအရင်ရောက်ဖို့တော့ လိုလိမ့်အုံးမယ် Mr. MarGa ရေ။

      ရည်ရွယ်ချက်နဲ့ မမှိန်မသုန်ကြိုးစားရင် ရလာဒ်ကောင်းတစ်ခုတော့ ရလာပါတယ် မိဗုံရေ။

      တစ်ခါတလေလည်း လက်ရှိရထားတဲ့ နေရာကို စွန့်ပြစ်ဖို့ဆိုတာကလည်း လွယ်လှတယ်တော့မဟုတ်ဘူး မွန်ကစ်ရေ။

      ကြည်ဆောင်းယူဆသလို ကျွန်တော်လည်းယူဆတယ်ဗျ။

  • အရီးခင်လတ်

    December 28, 2012 at 8:31 pm

    ကိုခင်ခ ရဲ့ နေရာမှာ ကျွန်မလဲ တစ်နေရာ ဝင်ပါမယ်။ 😉

    ကျွန်မခေါင်းထဲရောက်နေတဲ့ နေရာက တော့
    ယူအက်စ်အေ မှာ ဘယ်လောက်လူကြိုက်များတဲ့ သမ္မတ ဖြစ်ဖြစ် အများဆုံး ၂ကြိမ် သက်တမ်း (၈နှစ်) ဘဲ။
    ဘယ်သူမှလဲ ပို မနေဘူး။
    အာဏာသိမ်းပြီး နေရာ ဆက်ယူဖို့လဲ ဘယ်သူမှ စိတ်မကူးဘူး။
    ဘာလို့ အဲဒီလို ရာထူး အလွယ်လေး စွန့်နိုင်သလဲ။
    အချက်တွေ အများကြီးပေါ့။
    အဲဒီထဲက ကြားဖူးတဲ့ တစ်ချက်က သမ္မတ နေရာက ထွက်လိုက်ရင်လဲ သူတို့ အသက်ရှိသ၍ အစောင့်အရှောက် နဲ့ ထောက်ပံ့မှုတွေ မပြတ်ပေးတယ်လို့ ဆိုတာဘဲ။
    ဒီတော့ အစွန်းရောက်လောဘ မရှိတတ်ရင် ဂုဏ်ရှိရှိ ဆက်နေနိုင်တာပေါ့။

    ဒီမှာတော့ ရာထူး မရှိတော့ တာနဲ့ မြောင်းထဲ ရောက်သွားပြီ။ လူတွေ ဂရုစိုက်တာ မခံရတော့ဘူး။ ဆိုတဲ့ စိုးရိမ်စိတ် တွေနဲ့ နေရာတွေ က မဖယ်ရဲ/ မဖယ်ဝံ့/ မဖယ်နိုင် တော့တာလဲ ပါမှာ။

    နောက်တစ်ချက်က
    ကိုယ့်မှာ ကိုယ်ပိုင်အရည်အချင်းရှိခဲ့ရင် တစ်နေရာမဟုတ် တစ်နေရာ အသုံးတည့်မှာဘဲ။
    မဟုတ်ဘဲ စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ အရည်အချင်းမရှိသူတွေကတော့ ရတဲ့ နေရာမှာ အာဏာ သုံးပြီး မရမက ကုတ်ကပ်ပြီး နေရမှာ သဘာဝ ပါဘဲ။

    မြန်မာပြည်မှာတော့
    အဲဒီလို မဖယ်တန်း နေရာယူ နေတဲ့
    ဘာမှ သုံးမရတဲ့
    သူတွေကြောင့် ပြည်သူ/သား တွေ ဒုက္ခ ရောက်နေရတာလို့ မြင်တာပါဘဲ ကိုခင်ခ ရှင့်။

    • ခင်ခ

      December 29, 2012 at 9:35 am

      ( ဒီမှာတော့ ရာထူး မရှိတော့ တာနဲ့ မြောင်းထဲ ရောက်သွားပြီ။ လူတွေ ဂရုစိုက်တာ မခံရတော့ဘူး။ ဆိုတဲ့ စိုးရိမ်စိတ် တွေနဲ့ နေရာတွေ က မဖယ်ရဲ/ မဖယ်ဝံ့/ မဖယ်နိုင် တော့တာလဲ ပါမှာ။
      နောက်တစ်ချက်က
      ကိုယ့်မှာ ကိုယ်ပိုင်အရည်အချင်းရှိခဲ့ရင် တစ်နေရာမဟုတ် တစ်နေရာ အသုံးတည့်မှာဘဲ။
      မဟုတ်ဘဲ စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ အရည်အချင်းမရှိသူတွေကတော့ ရတဲ့ နေရာမှာ အာဏာ သုံးပြီး မရမက ကုတ်ကပ်ပြီး နေရမှာ သဘာဝ ပါဘဲ။ )
      အဲလိုရေးပြီး ကွန်မန့်ပေးထားတာလေးကို သဘောကျနှစ်ခြိုက်မိလို့ BC ရွေးပါရစေ အရီးရေ။

  • Mobile

    December 29, 2012 at 12:29 am

    ဒါကြောင့် စာဖတ်သူပရိတ်သတ် မိတ်ဆွေတို့လည်း နေရာကောင်း တစ်ခုအတွက် အာဏာ ရှိအောင်ဘဲဖြစ်ဖြစ် ငွေရှိအောင်ဘဲဖြစ်ဖြစ် သင့်တော်သလိုနည်းဖြင့် ကြိုးစားကာ ရယူကြပါလို့တိုက်တွန်းချင်ပါတယ်။
    +++++++++++++++++++++++++++++++++++++++
    လေးခရေ ကျုပ်ကတော့ ဒုတိယ ဘုရားသခင်လိုခေါ်တဲ့ (ပထမ ဘုရားသခင်နေရာကိုပါ
    ရောက်လုဆဲဆဲ ဖြစ်နေတဲ့) ငွေကိုပဲ နှစ်သက်မိပါကြောင်းခင်ဗျားးးးးးးးးးးးးးးးးးးး

    • ခင်ခ

      December 29, 2012 at 9:37 am

      ငွေကိုတော့ လူတိုင်းရဲ့ သည်းခြေကြိုက်လို့တောင် တင်စားပြောကြတာဘဲ ကိုမိုဘိုင်းရေ။

  • Novy

    December 29, 2012 at 10:45 am

    “နေရာ”
    စကားက၂လုံးထဲပါပဲ သူရဲ့လုပ်ဆောင်နိုင်မှု့တွေကတော့ပြန်ပြောပြဖို့အတော်လေးကို များပါတယ်
    သူကြောင့်
    သတ္တဝါတွေအားလုံးပျော်မြူနိုင်သလို
    ကမ္ဘာကြီးတောင်ပျက်သွားနိုင်ပါတယ်
    ဒီနေရာလေးအတွက်ပဲလူတွေ လှုပ်ရှားရုံးကန်နေကြတယ်လေ
    ကျမ အပါအဝင်ပေါ့

    • ခင်ခ

      December 29, 2012 at 11:00 am

      မနိုရေ ဒီလိုနဲ့ဘဲပေါ့ဗျာ ဆက်လို့သာ ရုံးကန်နေကြရအုံးမှာပါဘဲလေ နေရာ တစ်ခုအတွက်ကတော့ဖြင့်။

  • kthwinzayarmyo

    December 29, 2012 at 11:19 am

    စာရေးဆရာ ဓမ္မပါလ ကတော့ ဒီဘက်ကမ်းမှာ မီးထိန်ထိန်
    ဆိုတဲ့စာအုပ်နဲ့ နိဗ္ဗန်ဆိုတဲ့နေရာကို ညွှန်းဆိုတယ်ဗျ
    ကျွန်တော် သတိထားမိတဲ့နေရာ လေးပါ.
    ဒီနေရာ ကိုတွေ့ဖို့ သူရေးတဲ့ ရင်တို့ဧမြကြစေသား ဆိုတဲ့ စာအုပ်လည်း
    ဖတ်ဖို့ လိုမယ်လို့ ကျွန်တော် ထင်တယ်
    ကျေးဇူး တင်ပါတယ်

    • ခင်ခ

      December 29, 2012 at 11:44 am

      ကျွန်တော်ရေးလိုက်တာ လောကီ နေရာ ပါခင်ဗျ။
      kthwinzayarmyo ညွှန်ပြတာ လောကုတ္တရာ နေရာ ပါ။
      ကွန်မန့်လေးအတွက်ကျေးဇူးပါ။

  • မောင်ပေ

    December 29, 2012 at 9:40 pm

    နေရာတစ်ခုရဖို ့ဆိုရင်
    ကိုယ်ယူမယ့်နေရာ ရဲ ့အကြောင်းကို အသေးစိတ်လေ့လာပြီးမှ ကြိုးစားပါမယ်ဆိုတဲ့အကြောင်း
    အဲဒါ အဲဒါ
    ဟက်ပီးနယူးရီးယားပါဗျား

Leave a Reply