ကန့်လန့်ကာနောက်ကွယ်က သူခိုးများ

(၁)

            သည်လောက် မျက်စိရှင်ရှင်ထားပြီး ကြည့်နေရဲ့သားနှင့် ခိုးဖြစ်အောင် ခိုးသွားသည့် သည်အဒေါ်ကြီးကို အံ့ဩလို့မဆုံး ဖြစ်နေရသည်။ ကိုယ့်ကောင်တာမှာဖြစ်တာဆိုတော့လည်း အဓိက တာဝန်ရှိသူက သူမမှလွဲ၍ ဘယ်သူ့အပေါ်မှ အပြစ်တင်လို့မဖြစ်သေး။ ဆိုင်ရှင်လင်မယားကတော့ ခိုးသူအဒေါ်ကြီးကို စစ်မေးနေသည်။

ပြောလေ အဒေါ်ကြီး ခိုးတုန်းက ခိုးပြီး ခုမှရှက်မနေနဲ့

အဒေါ်ကြီးကတော့ ခေါင်းပင်မော့မလာပါ။ ဆိုင်ပတ်ဝန်းကျင်မှာ စပ်စပ်စုစုနိုင်လှသည့် ဈေးသည်တွေက ဟိုကြည့် သည်ကြည့်။ အဒေါ်ကြီးရှေ့မှာတော့ ကြာဆံထုတ်တွေ၊ ဆပ်ပြာမုန့်ထုတ်တွေရယ်၊ ချိုချဉ်ထုတ်တွေ ကို စုပုံထားသည်။ ခေါင်းမမော့ပါပဲ တချုံ့ချုံ့ငိုနေသော အဒေါ်ကြီးကို မဆီမဆိုင် သူမ သနားနေမိသေးသည်။ အသက်အရွယ်က အရွယ်ကောင်းကောင်း။ ခြေလက်အင်္ဂါ စုံစုံလင်လင်ရှိရဲ့သားနှင့် သည်လိုလုပ်သည်ကိုတော့ သူမ အနည်းငယ်အံ့ဩမိပါသည်။

အဒေါ်ကြီး မဖြေရင်တော့ ရဲလက်အပ်ရမှာပဲ

          မလုပ်ပါနဲ့ကွယ် အဒေါ် မရှိလို့ခိုးမိတာပါ ကျပ်တည်းလွန်းလို့ပါ..ရဲလက်အပ်ရင်တော့ အဒေါ်သားသမီးတွေ ဒုက္ခရောက်မှာစိုးလို့ပါကွယ် အဒေါ်တောင်းပန်ပါတယ်

ပြောလိုက်ရင်တော့ သားသမီးတွေရှိသေးလို့ပါ ဘာညာနဲ့ သူခိုးက သူခိုးစကားပဲပြောမှာပေါ့ ကြာပါတယ်ရှင် ကိုကျော်စိုး ရဲစခန်းကိုဖုန်းဆက်လိုက်တော့..။

သူမ ဆက်ပြီးမကြားချင်တော့ ။ သူမတို့၏ဆိုင်ရှင် ဒေါ်မိမိလတ် စိတ်ကို သူမတို့ အသိဆုံး။ သူ့ယောကျာ်းအပေါ်တောင် ဩဇာညောင်းလှသည်ကို အားလုံးသိသည်။ တစ်ဆိုင်လုံး သူ့လက် သူ့ခြေဖြစ်နေရမှ ကျေနပ်သူ။ မိမိလတ် ကုန်စုံဆိုင်ရောင်းဝယ်ရေးဆိုလျှင် သည်တစ်ဈေးကုန်းလုံးမသိသူမရှိ။ ရောင်းရေးဝယ်တာမှာ ဒေါ်မိမိလတ် ဆိုင်က တစ်ဈေးလုံးမှာ အရောင်းရဆုံး၊ ရပ်ဝေး၊ ရပ်နီးဖောက်သယ်အများဆုံးပင်။ တစ်နေ့တစ်နေ့ရောင်းလိုက်ရသည်မှာ ထိုင်ပင်မထိုင်ရ။ ခုလို ပစ္စည်း အခိုးခံသည် ဆိုတာကလည်း သီတင်းကျွတ်အခါဈေးဆိုတော့ ဈေးက တိုးမပေါက်လောက်အောင် စည်ကားလှသည်။ သူမတို့ အရောင်းစာရေးကောင်မလေးတွေ ကောင်တာတစ်ခုဆီကို တာဝန်ယူနေကြရသည်။ ဂဏန်းပေါင်းစက်တစ်လုံးဆီကိုင်ပြီး အကူအထမ်းကောင်လေးတွေနှင့်အတူ ပျာယာခပ်အောင် သွက်သွက်လက်လက် လှုပ်ရှားနေရသည်။ မျက်စိရှင်ရှင်ထားပြီး အမှားအယွင်းမရှိအောင် ငွေပေးငွေယူကိုလည်း ဂရုစိုက်နေရသေး၏။

ခုလို ဈေးစည်သည့်ရက်တွေဆိုလျှင် ပိုမိုဂရုစိုက်ရသည်။ အလစ်သုတ်တာတွေကလည်း မကြားမကြားကြားနေကျဖြစ်သည်။ လူရှုပ်သည်ကို အခွင့်ကောင်းယူပြီး အလစ်သုတ်ကြသည်။ တစ်ချို့က ပိုက်ဆံပေးပြီးသလိုုလိုနှင့် ပြောင်ပြောင်တင်းတင်း ခက်တည်တည်ကောက်ထည့်သွားတတ်ကြသည်။ တစ်ချို့က ရဲရဲတင်းတင်း ယူပြေးတာတွေလည်းရှိသည်။ ခုအဒေါ်ကြီးကတော့ ပါလာသည် လက်ဆွဲခြင်းအကြီးထဲ ကောက်ထည့်ထားလိုက်တာများ ဘယ်အချိန်ကတည်းကယူထည့်ထားမှန်း သူမမသိလိုက်။ အထမ်းကောင်လေးတစ်ယောက်ကမြင်ပြီး ငွေရှင်းအခိုင်းမှ ထပြေးတော့သည်။ မိန်းမခြေလှမ်းနှင့်ပြေးသည်ဆိုတော့ ဝေးဝေးမပြေးနိုင် ဈေးသွားဈေးလာတွေကပါ ဝိုင်းဖမ်းပေးတော့ အဒေါ်ကြီးဆိုင်ကို ရောက်လာရသည်။ ခုတော့ အဒေါ်ကြီးတစ်ယောက် ရဲစခန်းကို ပါသွားရပြီ။

သူမ စိတ်ထဲမကောင်းဖြစ်နေသည်။ ဘာကြောင့်လဲဟု အမည်တပ်မရ။ အခြေခံလူတန်းစားဖြစ်ပုံရသည် အဒေါ်ကြီးသည် တကယ်ပဲ ကျပ်တည်းလွန်းလို့ ခိုးတာလား သူမသေသေချာချာမသိသော်လည်း သနားမိနေသည်ကတော့ သေချာသည်။ သူမလည်း ခိုးယူတာကို အလွန်မုန်းပါသည်။ အဖေနှင့်အမေက သူတစ်ပါးပစ္စည်းဆိုလျှင် မသိရင် အပ်တိုတစ်ချောင်းတောင် မယူလာမိစေဖို့ သူမတို့ မောင်နှတွေကို ငယ်ငယ်ကတည်းက ဆုံးမခဲ့သည်။ ခုအဒေါ်ကြီးသည် ခိုးယူခဲ့သည်မှာ ခိုးမှုမြောက်ပါသည်။ လူသိရှင်ကြား ခိုးယူ၍ အပြစ်တစ်ခုခုတော့ အဒေါ်ကြီးပေးဆပ်ရမည်။ သူမ စဉ်းစားမိတာ တစ်ခုတော့ရှိသည်။ သူမတို့တွေရော မခိုးမိဘူးလားဟု။ မသေချာ။ သူမခေါင်းကို ဖြည်းဖြည်းခါရင်း အိမ်ကိုရောက်မှန်းမသိ ပြန်ရောက်ခဲ့သည်။ သူမစိတ်ကို အိမ်အထိစိုးမိုးနေသူကတော့ မျက်နှာငြိုးငြိုးငယ်ငယ်နှင့် စိုးရိမ်ပူပန်နေသည့် အမည်မသိ အဒါ်ကြီးသာဖြစ်နေသည်။

နောက်တစ်နေ့ ဆိုင်ဖွင့်ချိန်ထက် ၁၅မိနစ်နောက်ကျပြီးမှ သူမ ဈေးကိုရောက်သည်။ ညကအတွေးတွေပွားပြီး အိပ်မရ။ ညဉ့်နက်မှအိပ်ရ၍ သူမအိပ်ယာထ နောက်ကျခဲ့ရသည်။ ဆိုင်ကိုရောက်တော့ ဝတ်ရည်စိုး နင်နောက်ကျတယ်နော် ဟု လွင်လွင်က လှမ်းပြော၏။ အေးဟယ် အိပ်ယာထနောက်ကျလို့ ဟုတစ်ခွန်းသာပြောပြီး ဈေးခင်းရန် ပြင်ရတော့သည်။ လက်လုပ်စားသူမတို့တွေက ဘဝသူတွေချင်းမို့ အချင်းချင်းကိုယ်ချင်းစာတရားနှင့် ဘယ်သူကိုမှ မကပ်တွက်ပဲ ကူညီကြ ကိုယ့်တာဝန်ကိုယ်ကျေကြသည်ချည်း။ ဒါကြောင့်လည်း ဒေါ်မိမိလတ်က သဘောကျသည်။ လစာအနေနှင့် သူတကာဆိုင်တွေထက်နည်းပေမယ့်လည်း တစ်နှစ်ကုန်လျှင် အပိုဘောက်ဆူးလေးပေးတော့ သူမတို့ ကျေနပ်ရသည်။

ပြောပါဦးဟဲ့ နင်အိပ်ယာထနောက်ကျရတဲ့အကြောင်း ။လွင်လွင်က ဈေးပါးတော့ ကပ်မေးသည်။ ဘာရယ်ညာရယ်မဟုတ်ပါဘူးဟာ..ဟိုတွေးသည်တွေးပေါ့။

 

(၂)

အံမယ် ကောင်မ ငါသိပါတယ်နော် နင် ဟိုဘက်ဆိုင်က ဇော်ဇော်အကြောင်းတွေးနေလို့ မဟုတ်လား။

ဟယ်မိန်းမ မဟုတ်ပါဘူး။

ဒါဆို ဘာလဲပြော။ သူမ လွင်လွင်ကို အကြောင်းစုံပြောပြလိုက်သည်။

ခိုးတယ်ဆိုတာ မကောင်းဘူးပေါ့ ဟယ်။ နင် ့ကိစ္စမဟုတ်ဘူးလို့ ပြောချင်ပေမယ့် ငါတို့တွေကရော  ဘာထူးလို့လဲ။ လွင်လွင် ဘာကိုဆိုလိုချင်မှန်း သူမ မသိ။ အဲဒီ့ အဒေါ်ကြီးက တစ်ခါတည်းခိုးတာလည်းဖြစ်နိုင်တယ်။ အမြဲတမ်း ခိုးစားနေတာလည်းဖြစ်နိုင်တယ်။ သေချာတာကတော့ ဟယ် ငါတို့ကမှ သူခိုးလက်သစ်တွေလေ နင်မသိဘူးလား။

 လွင်လွင် နင်ဘာကိုပြောချင်တာလည်း ရှင်းရှင်းပြောဟယ်။

သူမ လွင်လွင်ကို ရုတ်တရက် နားမလည် ။ နောက်မှ

ဝတ်ရည်စိုးရယ် နင်တကယ်သတိမထားမိဘူးလား။

ဟင့်အင်း။

ဒီမယ် လွင်လွင်က ဟိုကြည့် ဒီကြည့် မျက်စိကစားလိုက်သေးသည်။

နင် ဒီဆိုင်မှာ ဘာလုပ်တာလဲ။

အရောင်းစာရေးလေ။

အင်းနောက်တော့ရော။ သူမအနည်းငယ် စဉ်းစားလိုက်ရသေးသည်။

အားရင် အထုပ် ထုပ်ရတယ်လေ။

အေး အဲဒါပဲ။

အထုပ်ထုပ်သည်ဆိုတာက တောင်းလိုက်လာသည် ထန်းလျှက်တွေကို ပိဿာထုပ်တွေ ၅ဝသားထုပ်တွေ ၂၅ကျပ်သားထုပ်တွေ ပြန်လည်ထုပ်ခြင်းဖြစ်သည်။ အချိုမှုန့်၊ ဆား၊ ပဲခြမ်း၊ကုလားပဲ၊ သကြား စတာတွေသည်လည်း ထိုအတိုင်းထုပ်ရသည်။

ဘာဆိုင်လို့လဲ။

ဝတ်ရည်စိုးရယ် နင် အပြန်ကော ဒီမယ် နင်အထုပ်တွေထုပ်တဲ့အခါ အလေးပြည့်နဲ့ချိန်ထုပ်တယ်လို့ ထင်လား။ မပြည့်ဘူးလို့တော့ ထင်တာပဲ။

ဟုတ်တယ် မပြည့်ဘူး ငါတို့ဆိုင်မှာရှိတဲ့ အလေးတွေ တစ်လုံးမှ မပြည့်ဘူး။ အလေးမပြည့်ရင် ငါတို့တွေဘာပြောလဲသိလား။

အလေးခိုးတယ်လေ။

 ဟုတ်တယ် အဲဒါပဲ ငါတို့တွေ သူတို့အတွက် အလေးခိုးပေးနေတာ နေ့တိုင်းပဲ။

လွင်လွင်ပြောမှ သူမ သတိထားမိသည်။ ဒါဆိုရင် သူမတို့က ခိုးပေးရုံတင် မဟုတ်။ လိမ်ပါလိမ်ပေးနေရသည်ပေါ့။ နစ္စဓူဝ သူမတို့ အရောင်းဝန်ထမ်းတွေ အဒိန္နာဒါနာကံနှင့် မုသာဝါဒါကံကို တစ်ပြိုင်နက်တည်း ကျူးလွန်မိသူတွေပေါ့။ သူမ အံ့ဩ ထိတ်လန့် ကြောက်ရွံ့သွားသည်။ သူမ နေ့တိုင်းဆောက်တည်နေကျ ကံငါးပါးဟာ နှစ်ပါးမလုံဘူးဆိုတာ သူမ ဘာကြောင့်များ သတိမထားမိပါလိမ့်။ သူမက ဒါသည် သူမနှင့်မသက်ဆိုင်ဟု ပင် ခပ်ရိုးရိုး သဘောလေးထားမိသည်။

လွင်လွင်က ဆက်ပြောသေးသည်။

သူတို့တွေက သူတို့ ပစ္စည်းခိုးတော့ ဆတ်ဆတ်နာကြတယ်။သူတို့တွေ နေ့တိုင်း လူမသိ သူမသိခိုးနေကြတာတော့ မသိချင်ယောင်ဆောင်နေကြတာဟ။

သူမခုမှ တစ်ခုချင်း ပြန်တွေးမိသည်။ သူမ ဒေါ်မိမိလတ် ဆိုင်ကို အလုပ်ဝင်တော့ စစချင်း ဆီချိန်သည့် နေရာမှာ ဝင်လုပ်ရသည်။ သူမက မချိန်တတ် ချိန်တတ်နှင့် ဆီချိန် မုတ်ခွက်ကို ခုခပ် ခုထည့် လုပ်တာကို ဒေါ်မိမိလတ်မြင်တော့ အောင်မလေး ဝတ်ရည်စိုးရယ် ဆီကို အဲလိုထည့်ရလား ဒီမယ် နောက်ခါ ဒီလိုချိန်ဟု  နမူနာပြခဲ့သည်။

မုတ်ခွက်ကို ဆီခပ်ပြီးရင် ဒီလို တည့်တည့်ထောင်အောင် ခဏလေးငြိမ်အောင်ကိုင်ပြီးထည့် ပြီးလုပြီးခင်မှ ဆတ်ကနဲ ပြန်ရုတ်ရတယ် ဟုတ်လား ။ သူမက ဒေါ်မိမိလတ်ပြသည့် အတိုင်းလိုက်လုပ်ကြည့်တော့ မုတ်ခွက်ထဲ ဆီနှစ်ကျပ်ခွဲသားလောက် အသာလေးပြန်ပါလာသည် ကိုတွေ့ရသည်။

ဆီတွေကို်လည်း ပဲဆီအစစ်နှင့် စားအုန်းဆီကိုရော။ နှမ်းဆီနှင့် စားအုန်းဆီကိုရော။ အရောတွေ။ ဒါကို သူမတို့တွေက ပဲဆီစစ်ရဲ့လား လို့မေးလျှင် စစ်မှစစ် အစ်မရယ် ကျွန်မတို့ဆိုင်က အစစ်ပဲကိုင်တာ အရောတွေမကိုင်ဘူး အစ်မရဲ့ စိတ်ချသွား ဟုတစ်မျိုး။နှမ်းဆီ စစ်ရဲ့လားဆိုရင်လည်း စစ်ပါတယ် အဒေါ်ရယ် ကြည့်ပါလား အရောင်ကိုက စသဖြင့် အာမတောင်ခံလိုက်ကြသေးသည်။

ငါခုမှ စဉ်းစားကြည့်တယ် လွင်လွင်။ သူများ အခကြေးငွေကို စားပြီး သူ့အတွက်လုပ်ပေးတာဆိုပြီး ခပ်ပေါ့ပေါ့ထားမိတာဟ။ ရုပ်ကလေးတွေ အပြောလေးတွေ ချိုချိုနဲ့ လိမ်ရောင်း ခိုးရောင်းနေသလိုပါပဲလားဟယ်။

 

(၃)

နင်က ခုမှ တွေးမိ ငါက တွေးမိတာကြာလှပြီ။ အူမတောင့်မှ သီလစောင့်ရမယ့် ငါတို့ဘဝတွေက ဒီလောကကနေ ရုန်းမထွက်နိုင်ပြန်ဘူး မဟုတ်လား။

လွင်လွင်ပြောပြတော့လည်း ဟုတ်နေသည်။

သူတို့ဘာသာ ဘာတွေပဲလုပ်လုပ် ငါတို့က သူ့ဆန်စားရဲရတော့မှာပေါ့ဟယ်။ ဒီလိုမှ မဟုတ်ရင် နင်နောက်အလုပ်ရှာပေါ့။ သူမ ဘာမှမပြောတတ်တော့။

သူမ ဒေါ်မိမိလတ်ဆိုင်ရောက်ကတည်းက ဆန်ကိုနှစ်ဆ တစ်ဆရိုက်တာ၊ ဆန်ကွဲရောတာ၊ကြံသကာခြင်းတွေကို မာကာပြင်ရေးပေးတာတွေဟာ သူမမသိလိုက်ပါပဲ ဆိုင်အတွက်ပါပဲလေဟူသော စိတ်တစ်ခုတည်းဖြင့် သူမ ကျူးလွန်ခဲ့မိသည်။ မပြည့်သည့်ဆန်အိတ်တွေကို ပြည့်သည်။ မကောင်းသည့် ပစ္စည်းတွေကိုကောင်းသည်ဟု သူမလိမ်ပြောခဲ့တာတွေ အခါရာချီမကတော့။ သူမဖက်ကတော့ အိမ်အတွက် ဟင်းစားဝယ်လျှင်တောင် အလေးမပြည့်လျှင် သမာဓိချိန်ခွင်သွားချိန်ရသည်နှင့် ဈေးသယ်အပေါ် ယုံကြည်မှုကင်းမဲ့ကြောင်း သိသိသာသာ ပြသည်လည်းရှိရဲ့ ။ မသိမသာပြသည်လည်းရှိရဲ့။

ရပ်ကွက်အတွင်းက အိမ်ဆိုင်တွေမှာ ခရမ်းချဉ်သီးလေး အစိတ်သားလောက်ဝယ်လျှင်တောင် ဟဲ့ နင်တို့အလေးကပြည့်ရဲ့လားဟဲ့ ပိုပိုသာသာလေးလည်းထည့်ပါဦး ငါပြန်ချိန်မှာနော် ဟု ဖြဲခြောက်တန်လည်း ခြောက်ခဲ့သေးသည်။ သူမတောင် စစ်မှန်သောဈေး ပစ္စည်းတွေကို လိုချင်ခဲ့သေးလျှင် လူတိုင်းရော မလိုချင်ဘူးတဲ့လား။ သူမ အဲဒီနေ့က အလုပ်သိမ်းတော့ ခေါင်းထဲ၌ လွင်လွင်ပေးသည့် အတွေးတွေကို လက်စသတ် မသိမ်းဆည်းဖြစ်။ အိမ်ရောက်တော့ ရေမိုးချိုး ထမင်းစားပြီး အတွေးဖြောက် စာထိုင်ဖတ်နေလိုက်သည်။

အမေကတော့ ထမင်း ဟင်းချက်လို့နေသည်။ ခဏကြာတော့

သမီး အမေ့ကို လာကူပါဦး။ ဘာများပါလိမ့်။ သူမ၏ အမေ့ရှေ့မှာတော့ ငါးရုပ်သီးတောင့်တွေ၊ ငါးယောင်ခြောက်တွေ၊အပုံလိုက်တွေ့ရသည်။

ဘာလုပ်မလို့လည်း အမေ့။ဒါတွေက။

ဪ သမီးမသိသေးဘူးကို။ ညည်းကြီးတော်ရောက်နေတယ်လေ..စောစောလေးကပဲရောက်တာ အဲဒါ ခရီးရောက်မဆိုက် ရေတောင်မချိုးနိုင်ဘူး ညည်းအဖေခြံထဲမှာဆိုလို့ ခြံထဲကိုလိုက်သွားလေရဲ့။ ဒါတွေက ညည်းကြီးတော် ယူလာတာတွေလေ ခရီးစရိတ်ကာမိအောင်လို့တဲ့ ရောင်းဖို့ယူလာတာ။ ရောင်းဖို့ယူလာတာ။ သူမ သံယောင်လိုက်ပြောတော့ အမေက ရယ်သည်။

သမီးရယ် သရဲ တစ္ဆေတွေ့တာကျနေတာပဲ။ အမေတို့လည်း အမြတ်ရမှာလေ။ခု ဒါတွေကို အထုပ်လေးတွေ ထုပ်ပြီး ရပ်ကွက်ထဲ လှည့်ရောင်းမှာ။ လကုန်ပေးပေးမလို့လေ။ ညည်းကြီးတော်က တစ်လလောက်နေမှ သမီးရဲ့။ အထုပ်ကလေးတွေ ထုပ်မည်တဲ့။ သူမ လက်ဖျားတွေအေးစက်လာသည်။

အမေ ဒါတွေကို ဘယ်လိုလုပ်မှာလည်း ချိန်ခွင်လည်း မရှိပဲနဲ့။

ဒေါ် လှပုတို့ဆို်င်က ဌားမှာပေါ့။

ဒေါ်လှပုဆိုင်ကဆိုရင် အလေးမှမပြည့်တာ။

အောင်မလေး သမီးရယ် မြတ်ချင်လို့ဈေးရောင်းပါတယ်ဆိုမှ အလေးမပြည့် ပိုတောင်ကောင်းသေး။

ဟင့်အင်း ။ သူမ ခေါင်းခါလိုက်သည်။

သမီးမလုပ်ကူတော့ဘူး အမေ။ အမေက သူမကို နားမလည်စွာဖြင့်ကြည့်သည်။

သူခိုး။ သူမ မျက်စိထဲ၌ ဟိုအဒေါ်ကြီးကို မြင်ယောင်လာသည်။ အဲဒီအဒေါ်ကြီးနေရာမှာ အမေ့ကို မြင်ယောင်ကြည့်မိသည်။ ငြိုးငယ်သော မျက်နှာထားနှင့် ခေါင်းငုံ့နေသည့်အမေ့မျက်နှာ။ သူမ လွင်လွင်ပြောသော စကားတစ်ခွန်းကိုလည်း ပြန်ကြားယောင်မိသည်။ အူမတောင့်မှ သီလ စောင့်နိုင်မယ်တဲ့။ ကံငါးပါးလုံအောင် အမေ လမ်းပြခဲ့သည်။ သူတစ်ပါး ပစ္စည်းမသိအောင်ယူတာ ခိုးတာ။ သူတစ်ပါးမသိလိုက်ခင် အလေးခိုးတာကလည်း ခိုးတာ။ သဘောတရားချင်းအတူတူ။ ကန့်လန့်ကာနောက်ကွယ်က သူမတို့ရော၊ ဒေါ်မိမိလတ်တို့သည် သူခိုးတွေပဲလား။

သူမ အမေသည်လည်း အူမ တောင့်တင်းအောင်မလုပ်နိုင်သေးသမျှ သီလ မစောင့်နိုင်သေးတော့ဘူး ဟုသာ သူမ ထင်လိုက်ပါတော့သည်။

သော်ဇင်(လွိုင်ကော်)

 

11 comments

  • ကြည်ဆောင်း

    December 28, 2012 at 11:23 am

    ဖတ်ပြီးတော့ အတွေးများသွားတယ်
    ကိုယ်တွေရော ဒီကံ ၂ ပါးလွတ်ရဲ့လားဆိုတာ..
    ဈေးရောင်းနေတာ မဟုတ်ပေမဲ့လဲလေ…

  • ခင်ခ

    December 28, 2012 at 11:36 am

    နှိုင်းယှဉ်ရေးသွားပုံလေးကို သဘောကျမိတယ်ဗျာ။
    အရင်တုန်းက ဈေးဝယ်လို့ အလေးချိန်နဲ့ရောင်းတာကို ပြန်ချိန်ကြည့်မှာနော် အလေးအပြည့်ပေးနော်လို့
    ခင်ခနဲ့မဒမ်ဈေးသွားရင်ပြောရတာ အမောပါဘဲ။ အခုနောက်ပိုင်း အတော်ကြာပြီ မပြောတော့ဘူး ရောင်းသူပေးသလောက်ဘဲ ယူလိုက်ကြတော့တယ်။ အကယ်လို့ ရောင်းသူက အလေးမပြည့်ပေးလည်း အလှုဘဲထားလိုက်တယ်၊ အလေးမပြည့်ပေးတယ်ဆိုတဲ့နောက်က စိတ်တိုရတာတွေဖြစ်ရင် ကိုယ်ဘဲစိတ်ဆင်းရဲရလို့ပါ။

  • Mr. MarGa

    December 28, 2012 at 11:37 am

    မသိမသာ ခိုးတာရယ်
    ပေါ်တင် ခိုးတာရယ်
    ဒါပဲကွာတယ်ထင်သဗျ
    မြန်မာတွေကတော့ အသားကျနေပါပြီ
    အချိန်ကအစ ခိုးသလို ဖြစ်နေတာလေဗျာ

  • ခိုင်ဇာ

    December 28, 2012 at 12:19 pm

    သိသိကြီးရော၊ မသိမသာရော၊ မသိလိုက်မသိဖာသာရော၊ မသိပဲရော ခိုးမိနေတယ်ထင်တယ်။
    ကိုယ့်ကိုယ်ကို ပြန် ဆန်းစစ်ဦးမှပါ။ :kwi:

  • Foreign Resident

    December 28, 2012 at 12:55 pm

    ချဲ့တွေးမယ်ဆိုရင် ၊
    ဝန်ထမ်းတွေ အလုပ်ကို ဖိဖိစီးစီး မလုပ်ပဲ အချိန်ခိုးတဲ့ အထိ ရောက်တော့မယ် ။

  • kai

    December 28, 2012 at 1:41 pm

    ဂေါတမဗုဒ္ဓကတော့… ရဟန်းတွေ.. ခိုးရာမှာ..အနိမ့်ဆုံးယူနိုင်(ခိုးနှိုင်)တဲ့.. ငွေကြေးပမာဏတခု.. ဝိနည်းထဲသတ်မှတ်ပေးထားခဲ့တယ်..
    အကျယ်သိချင်.. ဦးဦးပါလေရာကိုမေး.. :kwi:

    ရှေးက..ဘာတဲ့.. ရေမြေ့သနင်း.လေရေတော်တောင်မြေကြီးအကုန်.အစိုးရ..ပိုင်စိုးတော်မူတဲ့.. ဘုရင်ကြိးဆီက..လူတွေ..လေကိုခိုးရှုကြရတာပဲ..
    ရေလည်းခိုးသုံးတာပဲ.. အခွန်မဆောင်ရင်ပေါ့လေ…။
    ဆိုတော့..
    အစိုးရကို အပြည့်အခွန်မဆောင်ထားသူတွေဟာ.. သူခိုးများဖြစ်ကြောင်း..
    လိုက်ဆို… ၂ခေါက်..
    “အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”

    =
    အောက်ကစာတွေကတော့.. ဟိုးအောက်ဆုံးကလင်ခ်ကနေခိုးလိုက်တာ..
    =
    ခိုးခြင်း ၂၅ ပါး ရှင်းလင်းချက်

    ခိုးခြင်း ၂၅ ပါးကတော့ ခိုးပုံ ခိုးနည်း၊ ခိုးတဲ့ ပစ္စည်း၊ ကာလ၊ ဒေသ အခြေအနေ အရ ကွဲပြားသွားပါတယ်။ နားလည်လွယ်အောင် ရှင်းပြရမယ် ဆိုရင်တော့

    ၁။ တရားစွဲ လုယူခြင်း။
    သူတပါး ပိုင်တဲ့ တိုက်တာ၊ အိမ် မြေ၊ ခြံ မြေ၊ လယ်ယာ၊ ဥယျာဉ်၊ ဈေးဆိုင်၊ ရွှေငွေ စတဲ့ သက်မဲ့ ပစ္စည်းတွေကို မတရား အမှုဆင်ပြီး တရားစွဲ လုယူခြင်း။ ပိုင်ရှင်က သူ့ပစ္စည်း ဆုံးပါပြီလို့ လက်လျှော့လိုက်တဲ့ အချိန်မှာ ခိုးမှု အထမြောက်ပါတယ်။ ( အာဒိယေယျ )

    ၂။ သယ်ပိုးစဉ် ခိုးခြင်း။
    သူတပါး ပစ္စည်းကို သယ်ပိုး ထမ်းရွက်ယူဆောင်လာတဲ့အခါ ပိုင်ရှင်ထံ ရောက်အောင် မပို့ပဲ လမ်းမှာ ခိုးယူခြင်း။ ခိုးလိုစိတ် နှင့် မိမိ သယ်လာ တဲ့ ပစ္စည်းကို တစ်နေရာသို့ ပစ်ချလိုက်ရင်၊ ခေါင်းပေါ်မှ ပခုံးပေါ် ပြောင်းရင် ဒီအချိန်မှာ ခိုးမှု အထမြောက်ပါတယ်။ ( ဟရေယျ )

    ၃။ ငြင်းကွယ်၍ ခိုးခြင်း။
    ယုံကြည် အပ်နှံထားတဲ့ ပစ္စည်း၊ ချေးငှားထားတဲ့ ပစ္စည်း တောင်းတဲ့ အခါ ပြန်မပေးပဲ မသိဘူး၊ မရှိဘူးလို့ ငြင်းကွယ်ပြီး ခိုးခြင်း။ ပိုင်ရှင်က သူ့ ပစ္စည်း ဆုံးပါပြီလို့ လက်လျှော့လိုက်တဲ့ အချိန်မှာ ခိုးမှု ထမြောက်ပါတယ်။ ( အဝဟရေယျ )

    ၄။ လမ်းတွင်ကြားဖြတ်လုယူခြင်း။
    ပစ္စည်း သယ်ဆောင်လာတဲ့ လူကို ဖြားယောင် သွေးဆောင်ပြီး ၊ သို့မဟုတ် ခြိမ်းခြောက်ပြီးတော့ ပိုင်ရှင် ထံ မပို့စေပဲ အခြား တနေရာသို့ အပို့ခိုင်းပြီး ခိုးခြင်း။ ခိုင်းတဲ့ အတိုင်း ပစ္စည်းသယ်လာသူက သူရဲ ့ ခြေနှစ်ဘက်ကို မူလနေရာမှ ရွှေ ့ပြောင်း လှမ်းကြွလိုက်တဲ့ အချိန်မှာ ခိုးမှု ထမြောက်ပါတယ်။ ( ဣရိယာ ပထံဝိကောပေယျ )

    ၅။ မူလနေရာမှ ရွှေ ့ပြောင်းပေးစေခြင်း။
    ရွှေငွေ ဆန်စပါး ေ့ရွှပြောင်းလို့ရတဲ့ ပစ္စည်းကို ခိုးခြင်း ၊ ပစ္စည်းကို မူလနေရာမှ ေ့ရွှစေသည်နှင့် တပြိုင်နက် ခိုးမှုထမြောက်ပါတယ်။
    ( ဌာနာစာဝေယျ )

    ၆။ တရားစွဲ လုယူခြင်း
    ကျွဲ နွား ကြက်ဝက် စတဲ့ သက်ရှိ ပစ္စည်းကို မတရား အမှုဆင် တရားစွဲပြီး အနိုင်ယူ လုယူ ခြင်းမျိုး။ ပိုင်ရှင်က သူ့ပစ္စည်းတော့ ဆုံးပါပြီလို့ လက်လျှော့လိုက်တဲ့ အချိန်မှာ ခိုးမှု ထမြောက် ပါတယ်။

    ရ။ သယ်ပို့စဉ် လုယူခြင်း
    သူတပါးရဲ ့ ကျွဲ နွား ကြက် ဝက် စသည် တို့ကို တနေရာမှ တနေရာ ေ့ရွှပြောင်း သယ်ဆောင် ပေးတဲ့ အခါ ပိုင်ရှင်ထံ အရောက် မပို့ပဲ ကြားဖြတ် ခိုးခြင်း။ တိရိစာ္ဆန်ကို မူလ သွားနေကျလမ်း တခြားကို သွားစေတဲ့ အချိန်၊ ထမ်းပိုး သယ်လာခဲ့ရင် မူလ အနေအထားမှ ပြောင်းလဲတဲ့ အချိန်မှာ ခိုးမှု ထ မြောက်ပါတယ်။

    ၈။ ငြင်းကွယ်၍ ခိုးယူခြင်း
    ကျွဲ နွား ကြက် ဝက် စတဲ့ တိရိစာ္ဆန်ကို မိမိ ယုံကြည် အပ်နှံထားရာ ပိုင်ရှင်က ပြန်တောင်းတဲ့ အခါ ငြင်းကွယ်၍ ခိုးခြင်း။ ပိုင်ရှင်က သူ့ပစ္စည်း ပြန်မရတော့ ပါဘူးလို့ စိတ် ဒုံးဒုံးချ တဲ့ အချိန်မှာ ခိုးမှု မြောက်ပါတယ်။

    ၉။ လမ်းတွင် ကြားဖြတ် လုယူခြင်း
    တိရိစာ္ဆန် သယ်ဆောင်လာတဲ့သူကို ဖြားယောင်းပြီးတော့၊ ဒါမှ မဟုတ် ခြိမ်းခြောက်ပြီးတော့ မိမိတို့ လိုရာ သယ်ယူသွားဖို့ စေခိုင်းပြီး ခိုးခြင်း။ သယ်ယူလာတဲ့ လူက ခိုင်းတဲ့ အတိုင်း လိုက်နာလုပ်ကိုင်တဲ့ အချိန်မှာ ခိုးမှု ထမြောက် ပါတယ်။

    ၁၀။ မူလနေရာမှ ေ့ရွှပြောင်းစေခြင်း
    ကျွဲ နွား ကြက် ဝက် စသည်တို့ကို ခိုးလိုစိတ်နှင့် မူလ နေရာမှ တခြားသို့ မောင်းနှင်၍ ခိုးခြင်း။ မူလနေရာက ေ့ရွှသည်နှင့် တပြိုင်နက် ခိုးမှု ထ မြောက်ပါတယ်။

    ၁၁။ ကိုယ်တိုင်ခိုးခြင်း
    ခိုးရာမှာ သူတပါးကို မခိုင်းပဲ ကိုယ်တိုင်ကိုယ်ကျ ခိုးခြင်း။ ကိုယ်တိုင် လုယက်ခြင်း။ ဥပမာ သူခိုး ငတက်ပြား ( သာဟတ္တိက )

    ၁၂။ အခိုး ခိုင်းခြင်း
    ကိုယ်တိုင် မလုပ်ပဲ သူတပါးကို အခိုးခိုင်းခြင်း။ လုယက်ခိုင်းခြင်း။ ဒီခေတ်မှာ တချို ့ လူလည်တွေက အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေကို ခိုးနည်း၊ ခါးပိုက်နှိုက်နည်း တွေ သင်ပေးပြီး အခိုးခိုင်းခြင်းမျိုး၊ ဒမြ မွေးစားမှုများ ( အာဏတ္တိက )

    ၁၃။ လွှင့်ပစ် ခိုးခြင်း
    စက်ရုံ အလုပ်ရုံ စတဲ့ နေရာတွေက ပစ္စည်းကို အစောင့်အရှောက်တွေ မမြင်ရအောင် အပြင်ကို ပစ်ထုတ်ပြီး အပြင်ရောက်မှ ကောက်ယူသွားခြင်းမျိုး ဖြစ်ပါတယ်။ အကောက်တော် ဂိတ်ကို ဖြတ်ကျော်ရာမှာ အကောက်ခွန် ဆောင်ရမယ့် ပစ္စည်းကို ဂိတ် တဖက်ရောက် အဲဒီ ပစ္စည်းကို ပြန်ကောက်ယူခြင်းဟာ အခွန်တော် လွှတ်အောင် လွှင့် ပစ် ခိုးနည်း ဖြစ်ပါတယ်။ ( နိဿဂ္ဂိယ )

    ၁၄။ ခိုးရန် ကြိုတင်မှာ ထားခြင်း
    ခိုးရာပါ ပစ္စည်း လက်ခံတဲ့ လူတွေက ဒီ ပစ္စည်းမျိုး တွေ ့ရင်ယူခဲ့ ၊ အချိန်မရွေး လက်ခံမယ်လို့ သူခိုးဆီမှာ အော်ဒါပေး ကြိုတင်မှာခြင်း ဖြစ်တယ်။ သူခိုးကတော့ ခိုးတဲ့ အချိန်ကျမှ ခိုးမှု ဖြစ်ပေမယ့် ဒီလို ကြိုတင်မှာတဲ့ လူမှာတော့ မှာတဲ့အချိန် ကစပြီးတော့ ခိုးမှု ထ မြောက်ပါတယ်။ ( အတ္တသာဓက )

    ၁၅။ ပိုင်ရှင် လက်လျှော့ခြင်း
    မတရား အမှုဆင်ပြီး လုယူတဲ့ အခါ၊ ယုံကြည်အပ်နှံ ထားတဲ့ ငွေကို မပေးတဲ့အခါ ၊ ငှားရမ်း ပစ္စည်း ပြန်မပေးတဲ့ အခါ၊ ချေး ငွေ ပြန်မဆပ်တဲ့အခါ ၊ သူများ ပစ္စည်း ပျက်ဆီး ပျောက်ဆုံး လို့ အစားပေး လျော်ရမည်ကို မလျော်ပဲ နေတဲ့ အခါ၊ လောင်းကစားရာမှာ ကတိအတိုင်း မပေးလျော်တဲ့ အခါများမှာ ပစ္စည်း ပိုင်ရှင်က ငါ့ ပစ္စည်းတော့ ဆုံးပါပြီ ၊ ငါရသင့်တာ တော့ မရတော့ပါဘူးလို့ စိတ်နလုံး ဒုံးဒုံးချ လက်လျှော့လိုက်တဲ့အခါမှာ ခိုးမှု ထ မြောက်ပါတယ်။
    နောက်တချက်ကတော့ သူတပါး ရွှေ ငွေ ရတနာ စတဲ့ ဥစ္စာ ပစ္စည်းကို အခွင့်မသာလို့ မခိုးယူနိုင် ၊ အခွင့်သာတဲ့အချိန် ခိုးရန် ရည်ရွယ်ပြီးတော့ သူတပါး ပစ္စည်းကို တခုခု နှင့် ဖုံးဖိ ဝှက်ထားခဲ့ရင် ပစ္စည်း ပိုင်ရှင် လက်လျှော့တဲ့ အချိန်မှာ ခိုး မှု ထမြောက်ပါတယ်။ ( ဓုရနိက္ခေပ )

    ၁၆။ မခိုးမီက ခိုးမှုဖြစ်ခြင်း
    သူတပါးကို အခိုး ခိုင်းခြင်း၊ လုယက်ခိုင်း ခြင်းဟာ မခိုးမီ ကပင် ခိုးသူ အတွက် ခိုးမှု ကျုးလွန်ပြီး ဖြစ်တယ်။ ( ပုဗ္ဗပယောဂ )

    ၁ရ။ ခိုုးခြင်းနှင့် ခိုးမှု တပြိုင်နက် ဖြစ်ခြင်း
    ေ့ရွှပြောင်းရတဲ့ ပစ္စည်းတွေကို ခိုးရာမှာ မူလ နေရာမှ ေ့ရွှသည်နှင့် တပြိုင်နက် ခိုးမှု ဖြစ်ပါတယ်။ ဥယျာဉ်ခြံမြေ၊ လယ်ယာမြေတွေမှာ ခြံစည်းရိုးတိုင် ေ့ရွှစိုက်ရင် ေ့ရွှစိုက်သည်နှင့် တပြိုင်နက် ခိုးမှု ဖြစ်ပါတယ်။ ကန်သင်းရိုးကို သူတပါးဘက် တိုးချဲ ့ ရင် တိုးချဲ ့သည်နှင့် တပြိုင်နက် ခိုးမှု ဖြစ်ပါတယ်။ တချို ့ကတော့ ဝင်း ခြံစည်းရိုးမှာ သစ်ပင်ကြီး တွေ ဝါးရုံပင်တွေ စိုက်ပါတယ်။ ဒီအပင်တွေက ကြီးထွားလာတော့ သူတပါး ခြံမြေဘက်ကို တဝက် နင်းပါတယ်။ သစ်ပင်ကို စိုက်သူက ပိုင်တဲ့ အတွက် ဒီသစ်ပင်ရဲ ့ ပင်စည်ပင်လုံး ရောက်ရှိရာ မြေကို လည်း သူပိုင် လုပ်လေ့ရှိပါတယ်။
    ဥပမာ – ထန်းပင် အုန်းပင် တို့ရဲ ့ ပင်စည်ဟာ အချင်း နှစ်တောင်ခန့် ရှိပါတယ်။ ခြံစည်းရိုးပေါ်မှာ စိုက်ရင် တတောင်က ကိုယ့်မြေဘက်မှာ ရှိပြီး သူတပါး မြေဘက် တတောင်ခန့် တိုးဝင် သွားပါတယ်။ ဒီ ထန်းပင်ရဲ ့ ပင်လုံးအတိုင်း စည်းရိုး ခတ်လိုက်ရင် မသိမသာ သူတပါး မြေ တတောင်လောက် ခိုးယူပြီး ဖြစ်ပါတယ်။ တချို ့ကတော့ ခြံစပ်မှာ ဝါးရုံ စိုက်ပြီးကိုယ့်ဘက်က ဝါးပင်ကို ခုတ်ခုတ်သတ် ၊ တဖြည်းဖြည်း နှင့် ဝါးရုံဟာ သူတပါး မြေဘက် တိုးချဲ ့သွားတယ်။ ဒါဟာလည်း မြေခိုးနည်း တမျိုးပါပဲ။ ( သဟပယောဂ )

    ၁၈။ သဘောတူ ခိုးခြင်း
    လူနှစ်ယောက် သုံယောက် စသည် ခိုးဖို့ သဘောတူ တိုင်ပင်ညှိနှို်င်းပြီး ဒီအဖွဲသားထဲ မှ တယောက် ယောက်က ခိုးရင် တိုင်ပင်ရာမှာ ပါဝင်သူ အားလုံးဟာ ခိုးမှု ကျူးလွန်ရာ ရောက်ပါတယ်။ ကိုယ်တိုင် မ ခိုးဘဲနှင့် သူများ ခိုးတာကို သဘောတူ မိ တဲ့အတွက် သူခိုး ဖြစ်ရခြင်းပါပဲ ။ ( သံဝိဓာဝဟာရ )

    ၁၉။ သတ်မှတ်၍ အခိုး ခိုင်းခြင်း
    သူတပါးကို အခိုး ခိုင်းတဲ့အခါမှာ ဘယ်အချိန် ဘယ်အခါ ခိုးရမယ်လို့ အချိန်သတ်မှတ် ခိုင်းတယ်။ အခိုင်း ခံ ရတဲ့သူက ခိုုင်းတဲ့ အချိန်မှာ ခိုင်းတဲ့ ပစ္စည်းကို ခိုးရင် ခိုင်းသူမှာ အပြစ်ရှိပါတယ်။ ခိုးမှာ မှန်းသိလျက် ဝိနည်း ရှောင်လို၍ ဉာဏ်နီ ဉာဏ်နက် သုံးခိုင်း လျှင်တော့ ခိုင်း သူလည်း အပြစ် မလွတ်ပါဘူး
    ဒီနေ့ အခိုး ခိုင်းတာ နက်ဖြန်မှ ခိုးရင်တော့ ခိုင်းသူ အပြစ် မရှိဘူး။ ဒီပစ္စည်း ခိုး ပါ ဆိုတာ တခြား ပစ္စည်းခိုးရင် ခိုင်းသူမှာ အပြစ်မရှိပါဘူး။ ( သင်္ကေတကမ္မ )

    ၂၀။ အချက်ပြ အခိုး ခိုင်းခြင်း
    မျက်စိ မှိတ်ပြ ၊ မျက်စ ပစ်ပြ၊ လက်လှုပ် ၊ ခြေလှုပ် ၊ အလံ အချက်ပြ ၊ မီး အချက်ပြ ၊ အချက်ပြနည်း တခုခုနှင့် အခိုး ခိုင်းခြင်း လုယက်ခိုင်းခြင်း ( နိမိတ္တကမ္မ )

    ၂၁။ မသိအောင် ခိုးခြင်း
    ပစ္စည်းရှင် မသိအောင် ဖောက်ထွင်း ခိုးယူခြင်း၊ အလစ်သုတ်ခြင်း၊ ခါးပိုက် နှိုက်ခြင်း၊ ငွေတု ပြုလုပ်ခြင်း၊ ရွှေတု ကို ရွှေစစ်ဟု လိမ်လည် ရောင်းချခြင်း၊ အလားတူ လှည့်ပတ် လိမ်လည် လှည့်ပတ်ရယူခြင်း၊ အမြတ်တော်ကြေး သက်သာအောင် ဝင်ငွေစာရင်း လိမ်ပြခြင်း
    အလေး လိမ်ခြင်း၊ ယူတဲ့အခါ အလေးကြီ နှင့် ချိန်၍ ပေးတဲ့အခါ အလေးငယ်နှင့် ချိန်ခြင်း၊ ဆီစိမ်ထားသော ရွေးစေ့ စသည်ဖြင့် ရွှေကို ချိန်ခြင်း၊ ချိန်ခွင် လိမ်ခြင်း၊ ချိန်ခွင်ကို တဘက် လေး တဘက်ပေါ့ ပြုလုပ်ထားခြင်း၊ ချိန်ခွင်ဘောင်ကို တဘက် တိုရှည်ထားခြင်း၊ ချိန်ခွင် ဘောင်ကို အခေါင်းဖောက်ထားပြီး လေးစေတဲ့ဘက်ကို သံမှုန့်တွေ လိမ်းကျသွားအောင် ချိန်ခွင်ဘောင်ကို စိုက်ထောင်အောင် ကော့ပေးခြင်း၊ ချိန်ခွင် လျှာထွက် အောင် တဖက် စောင်း ကပ်ပေးခြင်း စတဲ့ ချိန်ခွင် နှင့် လိမ်ညာ လှည့်စားခြင်း
    တင်း တောင်း ချိန်ရာမှာ မောက်နေအောင် စတုတ်တိုက်ခြင်း၊ ခွက်ဝင်သွား အောင် စတုတ်တိုက်ခြင်း၊ အဝင်နည်းအောင် မြန်မြန်လောင်းထည့်ခြင်း၊ များများဝင်အောင် ဖြည်း ဖြည်း လောင်းထည့်ခြင်း၊ ယူတဲ့ အခါ တောင်းကြီးနှင့်ယူပြီး ပေးတဲ့အခါ တောင်းငယ်နှင့် ပေးခြင်း၊ ဆီ တို့ ရေနံဆီတို့ ရောင်းဝယ်တဲ့ အခါ ခြင်ခွက်ဖင်ကို ဖောက်ထားပြီး အောက်ခံ ခွက်ထဲကို ယိုစိမ့်အောင် ကြာရှည်ထားခြင်း
    လူရည်မလည်တဲ့ တောသူတောင်သားတွေကို ဈေးမှန်ထက်ပိုပြီး ဈေးတင်ရောင်းချခြင်း၊ ပစ္စည်းအတုကို အစစ်ဆိုပြီး လိမ်လည်ရောင်းချခြင်း။
    ရဟန်း မဟုတ်ဘဲ သင်္ကန်းဝတ် အလှူခံခြင်း။ မိမိသုံးစွဲမည်ကို ဘုရားအတွက် ကျောင်း အတွက် စသည်ဖြင့် လိမ်လည်ပြီး အလှူခံခြင်း။ ပစ္စည်းဥစ္စာရအောင် အယောင်ဆောင် လိမ်လည်ခြင်း။ အစိုးရငွေမှ ခရီးစရိတ်၊ ဧည်ခံစရိတ်၊ ကုန်ကျစရိတ် ပိုမိုထုတ်ယူခြင်း။ ဒီလို မသိအောင် လိမ်လည်ယူခြင်း အမျိုးမျိုးတွေဟာလည်း ခိုးခြင်း တပါးဖြစ်ပါတယ်။ ( ထေယျာဝဟာရ )

    ၂၂။ လုယက်ယူခြင်း
    ဒီ ခိုးနည်းကတော့ ပြောင်ယူတဲ့ နည်းပါဘဲ။ လက်နက်၊ အာဏာ တခုခုနှင့် ခြိမ်းခြောက်ပြီး ယူတဲ့နည်း၊ ပစ္စည်းရှင်က မကျေနပ်ဘဲ ကြောက်လို့ ပေးလိုက်ရတဲ့အတွက် အနိင် အထက် နှိပ်စက်ယူမှုကို ခိုးခြင်းတမျိုးလို့ သတ်မှတ်ရပါတယ်။ လာဘ်တောင်းခြင်း ၊ လာဘ်စားခြင်း ဟာ အနိုင်ယူတဲ့ ခိုးနည်း တမျိုး ဖြစ်ပါတယ်။ အာဏာနှင့် အရှိန်အဝါကို ကြောက်လို့ ၊ အပြစ်ကျမှာ စိုးလို့၊ အလုပ်မရ မှာ စိုးလို့၊ ကြောက်ရွှံစိုးရိမ်လို့ ပေးတဲ့ငွေကို လက်ခံခြင်းဟာ ခိုးခြင်း တမျိုး ဖြစ်ပါတယ်။ ( ပသယှာဝဟာရ )

    ၂၃။ သတ်မှတ်ချက် ဖြင့်ခိုးခြင်း
    ပစ္စည်းတစ်ခု ယူဆောင် လာတဲ့အခါ မှ ခိုးမယ်လို့ စိတ်ကို ယတိပြတ် မဆုံးဖြတ်ပဲ အခွင့်မသာရင် ပြန်ပေးမယ်။ အခွင့်သာရင် ခိုးမယ်လို့ ကြံရွယ်ပြီး ခိုးခြင်းတမျိုး။ ညမှောင်ထဲမှာ သူတပါး ပစ္စည်းခိုးတဲ့အခါ အဝတ်အထည်ကို စမ်းမိတယ် ဆိုကြပါစို့ ။ ပုဆိုးဟုတ်ရင် ယူမယ် ၊ အိပ်ရာခင်းဆိုရင် မယူဘူးလို့ ကြံရွယ်ပြီး အပြင်ဆွဲထွက်လာတယ်။ အပြင်ရောက်လို့ ကြည့်တဲ့အခါ အိပ်ရာခင်းဖြစ်နေလို့ ပြန်ထားမယ် ဆိုရင် ခိုးမှု အထမမြောက်ပါဘူး။ ယူမိမှတော့ မထူးဘူး၊ ဒီ အိပ်ရာခင်းဘဲ ယူသွားတော့မယ် ဆိုရင် အဲဒီအချိန်မှာ ခိုးမှု ထ မြောက်ပါတယ်။ ပုဆိုး ဟုတ်ရင်ယူမယ် ဆိုတဲ့ ရည်ရွယ်ချက်နှင့် စဆွဲ ကတည်းက ပုဆိုးဆွဲမိရင် ခိုးမှု ထမြောက်ပါတယ်။
    စက်ရုံ အလုပ်ရုံတွေက အလုပ်သမား တစ်ဦးတယောက်ဟာ ပစ္စည်းတစ်ခုကို အထင်အရှား ကိုင်ယူလာတယ်။ ဂိတ်ပေါက်မှာ အစောင့်နဲ့ တွေ ့ရင် ပြန်ထားမယ်၊ အစောင့် မရှိခိုက်နှင့် ကြုံရင် ခိုးထုတ်မယ် ဆိုတဲ့ ကြံရွယ်ချက်နှင့် လာတယ်။ ဂိတ်ဝ ပြင်ဘက်ကို ရောက်တာနှင့် တပြိုင်နက် ခိုးမှု ထမြောက်ပါတယ်။ ဂိတ်ဝမှာ အစောင့် မမြင်အောင် ဖုံးဖိဝှက်ယူ လာရင် တော့ အစကတည်းက ခိုးမှု ဖြစ်နေပါပြီ။ ဂိတ်ဝ ကို ကျော်လွန်သည်ဖြစ်စေ ၊ မကျော်လွန် သည် ဖြစ်စေ ခိုးမှု လွန်ကျူးပြီး ဖြစ်တယ်လို့ ဆိုရပါတယ်။ ( ပရိကပ္ပာဝဟာရ )

    ၂၄။ ဖုံးဖိထားခဲ၍ ခိုးခြင်း
    ရေချိုးဆိပ် ၊ ရေဘုံပိုင်မှာ ရေချိုးသူတစ်ဦးဟာ လက်စွပ်ကိုချွတ်ပြီး ရေချိုးနေတယ်။ ခိုးသူက ဒီလူပြန်မှ လာယူမယ်လို့ ကြံစည်ပြီး လက်စွပ်ကို မြက်သစ်ရွက်တစ်ခုခု နှင့် ဖုံးအုပ် ထားခဲ့တယ်။ ပစ္စည်းရှင်က ရှာမတွေ ့လို့ ပြန်သွားတဲ့အခါမှ ဒီပစ္စည်းကို လာယူတယ်။ ပိုင်ရှင်က သူ့ပစ္စည်းကို ရှာမတွေ ့တော့ပါဘူးလို့ အားလျှော့လိုက်တဲ့ အချိန်မှာ ခိုးမှု ထမြောက်ပါတယ်။ ဒီလို မဟုတ်ပါဘဲ အဲဒီလက်စွပ်ကို ဖုန်ထဲ ့ရွှံထဲ နစ်မြုပ်သွားအောင် ဖိနင်းခဲ့ရင် ခြေနှင့် ခတ်ပြီး နေရာ ေ့ရွှခဲ့ရင် အဲဒီ အခိုက်မှာပဲ ခိုးမှု လွန်ကျူးပြီး ဖြစ်တယ်လို့ ဆိုရမယ်။ ( ပဋိ စ ္ဆ န္နာဝဟာရ )

    ၂၅။ မဲလိပ်ပြောင်း ခိုးခြင်း
    ပစ္စည်း ခွဲတမ်းချ ဝေငှရာမှာ သူများဝေပုံ နှင့် ကိုယ်ဝေပုံ ကို မဲလိပ်ချင်း လဲထားခြင်း၊ သို့မဟုတ် မဲချ စဉ်ကပင် ပေါက်မဲ ကို အရယူထားခြင်း၊ သူတပါးရဲ ့ စာမေးပွဲ အောင်လက်မှတ်ကို အသုံးပြုပြီး အစိုးရ အမှုထမ်း ပြုလုပ်ခြင်းစတဲ့ နာမည်လိမ် နှင့် အခွင့် အရေး မတရား ရယူခြင်း အမျိုးမျိုးဟာလည်း ဒီခိုးခြင်းမှာ ပါဝင်ပါတယ်။ တခြားသူ ပိုင်တဲ့ ပစ္စည်းမှ အမှတ်အသား စာလုံကို ဖျက်ခြင်း၊ အသစ် ပြင်ရေးခြင်း စသည်လည်း အတူတူပါဘဲ ။ ( ကုသာဝဟာရ )
    http://messengerforbuddhist.grou.ps/talks/1934650

    • မင်းနန္ဓာ

      December 28, 2012 at 5:55 pm

      အိမ်သာထဲမှာ၊ အဝတ်လဲခန်းမှာ စပိုင်ကမ်ထားပြီး မူဗီဆွဲရင်
      ဘာခိုးမှု မြောက်ပါသလဲ ခင်ည
      :kwi:

  • mashwetote

    December 28, 2012 at 2:12 pm

    ဘာမှမန့်စရာ မရှိပဲနဲ့ ကြံဖန်မန့်ပြီး သဂျီးဆီက ပွိုင့်ခိုးရင်လည်း အဒိန္နာဒါနာ မြောက်မှာပေါ့နော်။ :kwi:

  • Green Rose

    December 28, 2012 at 5:34 pm

    ခိုးမှုတွေထဲမှာ ဘယ်ခိုးမှုက အပြစ်အများဆုံးလဲ..
    ဘယ်ခိုးမှုက အပြစ်အနည်းဆုံးလဲဟင်…
    အင်း….သော်ဇင်(လွိုင်ကော်) ရဲ့ ဒီ့ပို့စ်လေးကို ဖတ်မိမှပဲ ကိုယ့်ကိုယ်ကို ဘာတွေများခို်းမိနေလဲလို့ ဆန်းစစ်ကြည့်ရပါဦးမယ်။
    အခုလောလောဆယ်တော့ အပေါ်က mashwetote ပြောသလိုပဲ သကြီးဆီက ပွိုင့်တွေ ခိုးမိနေပြီထင်တယ်။
    တချို့စာလုံးတွေဆိုရင်လည်း ရိုက်ရမှာပျင်းလို့၊ မရိုက်တတ်လို့၊ အကြောင်းအမျိုးမျိုးပြပြီး comment တွေ၊ ပို့စ်တွေထဲက ကူးယူမိသေးတယ်.. ခွင့်မတောင်းပဲ ကူးတာဆိုတော့ ခိုးတာပဲပေါ့ နော်…

    လေးစားလျှက်

    (Green Rose)

  • padonmar

    December 28, 2012 at 10:51 pm

    လောလောဆယ်တော့ pirate software တွေ သုံးထားကြတယ်။
    အခွန်တွေရှောင်ထားကြတယ်။(ဒါပေမယ့် သူတို့မှန်းပြီးချလိုက်တဲ့ အခွန်ကလည်း ရှေးက အမြတ်ရဲ့ဆယ်ခိုင့်တစ်ခိုင်ပေးရတဲ့ နည်းနဲ့တွက်ရင် တန်းတူလောက်ပါပဲ၊ခိုးတယ်သာအဖတ်တင်တာ၊)

  • Mobile

    December 29, 2012 at 12:20 am

    မင်္ဂလာပါ သူကြီးရေ ခိုးမှုမြောက်စေတဲ့ ခိုးနည်းလေးတွေကို ဖောပြပေးမှုအတွက်
    ကျေးဇူးပါခင်ဗျ။ ကျနော် ကတော့ ဆန့်ကျင်ဖက်လေးတွေကို တွေးခေါ်မိပါကြောင်း
    ရွှေနဲ့ ပတ်သတ်တဲ့ ခိုးနည်းလေးတွေကို အရင်က ကျုပ်ဒီလောက်သိဘူးရယ်။
    အခုမှ ဒီထဲက ပါတဲ့အတိုင်းလေး စမ်းကြည့်ဦးမှပဲ အကြွေးမပေးတာကို
    ပိုင်ရှင်က မရတော့ပါဘူးလို့ စိတ်ဒုံးဒုံးချရင်ခိုးမှုမြောက်တယ်ဆိုတော့
    စိတ်နှလုံးဒုံးဒုံး မချလောက်တဲ့လူ ဒါမှမဟုက် အခုပေးမှာလိုလို တော်ကြာပေးမှာလိုလို
    မျှော်လင့်ချက် အဆက်မပြက်ပေးနေနိုင်သရွေ့ ခိုးမှုမမြောက်ဘူးပေါ့နော်။
    လက်တွေ့ အသုံးချ မည်ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    :harr:

Leave a Reply