ယနေ့ မြန်မာပြည်မြောက်ပိုင်းမှ ပြည်တွင်းစစ်

ယနေ့ မြန်မာပြည်မြောက်ပိုင်းမှ ပြည်တွင်းစစ်

www.facebook.com/theuseofforce

ယခုဆောင်းပါးလေးကို ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပြည်တွင်းစစ်ပွဲများနှင့် ပတ်သက်၍ မိမိအတွေးအမြင်များကို ခိုင်မာသော အကိုးအကားများဖြင့် ရေးသားလိုစိတ်ဖြစ်ပေါ်လာပါသည်။ မိမိနှင့် အမြင်မတူသူများရှိမည်ကိုလည်း သိရှိပြီးဖြစ်ပါသည်။ သို့ပါသော်လည်း မိမိအနေဖြင့်အတတ်နိုင်ဆုံး ရှုထောင့်များစွာမှ တွေးတောကြည့်ကာ ယခုဆောင်းပါအား တင်ဆက်လိုက်ပါသည်။

ယခုဆောင်းပါးတွင် ပထမဦးဆုံး အမေရိကန် ပြည်တွင်းစစ်အကြောင်းကို တင်ဆက်ပါဦးမည်။ (ကိုးကား wikipedia)

အမေရိကန်ပြည်တွင်းစစ် (၁၈၆၁- ၁၈၆၅) ကို ပြည်နယ်အချင်းချင်းဖြစ်သော စစ်ပွဲဟုလည်းခေါ်ဆိုကြပြီး အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်သည်။ တောင်ပိုင်း ကျွန်ပိုင်ရှင်နယ် ၁၁ နယ်မှ အမေရိကန်ပြည်ထောင်စုအတွင်းမှ နှုတ်ထွက်သည်ဟု ကြေငြာလိုက်ပြီး သူတို့က အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်လိုသည်ဟု ပြောကြားကြသည်။ ထို့နောက် အမေရိကန် ကွန်ဖဒရိတ်ပြည်နယ်များ (သို့မဟုတ်) ကွန်ဖန်ဒရေစီကို တည်ထောင်ကြသည်။ ဒေးဗစ် ဂျက်ဖာဆန်က ကွန်ဖန်ဒရိတ်ပြည်နယ်များကို ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ခဲ့ကြသည်။ ပြည်ထောင်စုနယ်များ သို့မဟုတ် မြောက်ဖက်ပိုင်းမှ ပြည်နယ်များတွင် ကျွန်စနစ်ကို တရားမဝင်ကြောင်းကြေငြာခဲ့ပြီး နယ်စပ်ဖက် ပြည်နယ် ၅ ခုတွင် ကျွန်စနစ်သည် တရားဝင်ဖြစ်နေသေးခဲ့သည်။

၁၈၆ဝ ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်းတွင် အေဘရာဟမ်လင်ကွန်း ဦးဆောင်သော ရီဘတ်ပလစ်ကန်ပါတီမှ ကျွန်စနစ်ရှိပြီးသား ပြည်နယ်များမှ အခြားပြည်နယ်များသို့ ချဲ့ထွင်ခြင်းကို ဆန့်ကျင်၍ မဲဆွယ်ခဲ့သည်။ ရီဘတ်ပလစ်ကန်ပါတီ၏ အောင်ပွဲကို တုန့်ပြန်သောအနေဖြင့် ပြည်နယ် ရ ခုတို့မှ လင်ကွန်းသမ္မတဖြစ်သော ၁၈၆၁ခုနှစ် မတ်လ ၄ ရက်နေ့မတိုင်မီတွင် ပြည်ထောင်စုမှ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ကြသည်။ သမ္မတရာထူးပြီးဆုံးသွားသော ဂျိန်းစ်ဘွတ်ခနန်အစိုးရနှင့် သမ္မတရာထူးကို ဆက်လက်ရယူမည့် လင်ကွန်းအစိုးရတို့နှစ်ဦးစလုံးက နှုတ်ထွက်ခြင်းကို တရားမဝင်ကြောင်း ကြေငြာခဲ့ကြပြီး ပုန်ကန်မှုအဖြစ် မှတ်ယူခဲ့ကြသည်။ အခြားသော ကျွန်စနစ်ကို ကျင့်သုံးသော ပြည်နယ်များမှလည်း နှုတ်ထွက်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ မည်သည့်နိုင်ငံများမှ ကွန်ဖန်ဒရိတ်ပြည်နယ်များကို နိုင်ငံတစ်ခုအနေဖြင့် အသိအမှတ်မပြုကြချေ။

ကွန်ဖန်ဒရိတ်နယ်များသည် သူတို့ပိုင်နယ်ဟု ကြေငြာထားသော နယ်မြေအတွင်းမှ ပြည်ထောင်စု၏ ဆန်တာ ခံတပ်ကို တိုက်ခိုက်ရာ တိုက်ပွဲစတင်ခဲ့သည်။ စစ်ပွဲများမှာ အများအားဖြင့် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အမေရိကန်များပင်ဖြစ်သည်။ အမေရိကန်သမိုင်းတွင် သေကြေမှုအများဆုံးဖြစ်ပြီး လူပေါင်း ၆ သိန်းကျော် သေကြခဲ့ကြသည်။ ပြည်ထောင်စုက စစ်ပွဲကို အောင်နိုင်ခဲ့ကြပြီး ရလာဒ်အဖြစ် ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ကြသည်။

အဆိုပါပြည်တွင်းစစ်တွင် နှစ်ဖက်စလုံး စစ်သားများ အပစ်မဲ့ပြည်သူများ များစွာဆုံးရှုံးသော်လည်း မည်သည့်နိုင်ငံကမျှ လူ့အခွင့်ရေးချိုးဖောက်မှုရှိသည်တို့ စစ်ပွဲကိုချက်ခြင်းရပ်တို့ ဘာလက်နက် အသစ်တွေနဲ့ တိုက်နေပါတယ်တို့ မပြောကြချေ။ သူ့ခေတ်က အင်တာနက်တို့ facebook တို့ မရှိခြင်းလည်း ပါမည်ထင်သည်။ ထိုခေတ်တွင် facebook နှင့် အင်တာနက်သာရှိလျှင်လည်း ယခုလို အေဘရာဟမ်လင်ကွန်းလည်း စစ်နိုင်မည်မထင် ပြည်နယ်များလည်း ခွဲထွက်ကုန်လိမ့်မည် ကျွန်စနစ်တောင် ဆက်မြဲချင်မြဲမည်။

အေဘရာဟမ်လင်ကွန်းသည် ဝေဖန်သူများသော်လည်း ဂရုမစိုက်ချေ။ မိမိ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေကို လေးစားလိုက်နာသူတစ်ဦးဖြစ်သည်။ စစ်ပွဲဖြစ်နေစဉ် မိမိသားလည်း ရောဂါကြောင့်သေဆုံးခဲ့သည်။ မိမိလက်ထက်တွင် ပြည်နယ်များခွဲထွက်ကြသည်။ စစ်ဖြစ်၍ လူပေါင်းများစွာသေ အဖေမဲ့သော သား၊ သားမရှိသော အဖေ အမေ ဖြစ်၍ ဘဝပေါင်းများစွာ ကြေပျက်ခဲ့ရသည်။ ကျွန်စနစ်ကို ထောက်ခံသူများကြောင့်လည်း စိတ်အနှောက်အယှက်များစွာဖြစ်ရသည်။ သို့သော်လည်း လွန်စွာခိုင်မာသော ဇွဲသတ္တိ၊ တာဝန်ယူမှုများစွာတို့ဖြင့် နောက်ဆုံးတွင် ပြည်ထောင်စုကြီးကို ပြန်လည်တည်ဆောက်နိုင်သူ၊ ကျွန်စနစ်ကိုဖျက်သိမ်းခဲ့သူအဖြစ် သမိုင်းတွင်ကဗျည်းထိုးနိုင်ခဲ့သည်။

ယခု မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်ကိုလေ့လာကြည့်နိုင်ပါတယ်။ KNU အဖွဲ့ဟာ မြန်မာအစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် ဆန့်ကျင် တို်က်ခိုက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယနေ့အချိန်မှာ နိုင်ငံတော်အစိုးရနှင့်ကော တပ်မတော်နှင့်ပါ ငြိမ်းချမ်းရေးပန်းခင်းလမ်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ ယနေ့အစိုးရကို ကြည့်မယ်ဆိုရင်ဖြင့် KI0/KIA အဖွဲ့မှလွဲ၍ ပြည်တွင်း လက်နက်ကိုင် တိုင်းရင်းသားများအဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို စတင်လျှောက်လှမ်းနိုင်ပြီလည်းဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲမယ် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ် စတဲ့ ကောင်းမွန်တဲ့ပန်းတိုင်တွေကို သတ်မှတ်ထားပြီး တိုင်းရင်းသားအဖွဲ့များမှလည်း သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် KIA ဟာ အပစ်အခတ်ရပ်ဆဲခြင်းကို လက်မခံပါ နိုင်ငံရေး dialog ကိုသာ အရင်ဆုံးညှိုနိုင်မယ်ဟု စွဲစွဲမြဲမြဲငြင်းပယ်လာပါသည်။ ကျွန်တော် ဒီနေရာမှာ ကြားဖြတ်ပြောကြားချင်ပါတယ်။ ယနေ့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးကို တရားဝင်စီးပွားရေးလုပ်ငန်းလုပ်ပိုင်ခွင့်တွေ ပေးအပ်တော့မှာဖြစ်ပါတယ်။ အကယ်၍တရားဝင်လုပ်ကိုင်ရမည်ဆိုပါစို့ KIA သည် ဆက်ကြေးကောက် ကျောက်တူး သစ်ထုတ်သည်မှလွဲ၍ မည်သည့်အရာမှ လုပ်ဆောင်တတ်ခြင်းမရှိပေ။ ယခုနိုင်ငံတော်အစိုးရကို ယခင် အစိုးရများနှင့် ကွဲလွဲစွာ မြင်နိုင်ဖို့လဲလိုပါသည်။ ယခုနိုင်ငံတော်သည် အခက်အခဲများစွာကို စတင်ရင်ဆိုင်နေရချိန်လဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အမြင်တူသည်များကို ပူးပေါင်းဆောင်ရွက်နေသည်လည်းဖြစ်သည်။ ယခင်မှားယွင်းခဲ့မှုများကို ကောင်းမွန်အောင် ပြန်လည်ပြင်ဆင်ပေးနေပြီလည်း ဖြစ်သည်။ ထို့အပြင် စစ်မှန်သော ယှဉ်ပြိုင်မှုများဖြစ်ပေါ်လာစေရန် ပြင်ဆင်ဆောင်ရွက်နေပြီးလည်းဖြစ်သည်။ ယနေ့အချိန်သည် အင်တာနက် facebook တို့ ခေတ်စားနေချိန်ဖြစ်၍ မည်သည့်ဝေဖန်မှုမဆို လွယ်ကူလျှင်မြန်စွာ ပြုလုပ်နိုင်သည်။ နိုင်ငံရေးဖိအား ပေးနိုင်သည်။ အကယ်၍ လင်ကွန်းတို့ ခေတ်သာဆိုလျှင် အစိုးရကို ဖိအားပေးဖို့ဝေးစွ အစိုးရဘာလုပ်နေသည်ကိုတောင် သိနိုင်မည်မဟုတ်ချေ။ ထိုသို့ တရားဝင်စီးပွားရေးလုပ်ခွင့်ရလျှင် KIA ဒုက္ခလှလှတွေ့မည်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် မည်သည့်အလုပ်အကိုင်မျှ တရားဝင်မယ်မယ်ရရမလုပ်တတ်ချေ။ ဘိန်းရောင်း ကျောက်ထုတ် သစ်ခုတ်သာတတ်သည်။ ထို့ကြောင့် မဖြစ်နိုင်သော စကားဝိုင်းကို အရင်ခေါ်သည် သူတို့ကိုပဲ ကချင်ပြည်နယ်တစ်ခုလုံး ပိုင်သယောင်လုပ်သည်။ ပြည်ထောင်စုတပ်မတော်ကို ဗမာတပ်မတော်လုပ်သည်။ မှတ်မိဦးမလားမသိ KIA လုပ်ကြံလို့ကျဆုံးသွားသော ကချင်ပြည်နယ်မှ မြောက်ပိုင်းတိုင်း တိုင်မှူးဟောင်းသည် Lခွန်းရီ၏ အဖေ ကချင်စစ်စစ်တစ်ယောက်ဖြစ်သည်။ KIA သည် မိမိအာဏာရဖို့ဆိုလျှင် ကချင်အချင်းချင်တောင် သတ်ဖို့ လုပ်ကြံဖို့ ဝန်မလေးသူဖြစ်သည်။

ထို့အပြင် ယနေ့အချိန်တွင် အမှန်တကယ်တော့ လိုင်ဇာနှင့် ဒေသအနည်းငယ်မှ လွဲ၍ KIA ၌ စခန်းအထိုင် ကြီးကြီးမားမားမရှိချေ။ ရွာထဲတွင် ရွားသားယောင်နေ အစိုးရစစ်ကြောင်းလာ ပစ်ပြေး လက်နက်ဝှက် ရွားသားအဖြစ်ပြောင်းလည်း စသည်တို့မှာ သူတို့၏ ဗျူဟာပင်ဖြစ်သည်။ အစိုးရတပ်များသည် စခန်းများ အတည်တကျရှိကြသည်။ ထိုကဲ့သို့ ရိက္ခာပို့ရန်လည်း လိုအပ်ကြသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ကြားသည်။ ထိုးစစ်ရပ်ပါ။ အမှန်တကယ်လည်းရပ်ထားသည်။ သို့သော်လည်း မိမိတပ်စခန်းရှိရာသို့ ရိက္ခာတော့ ပို့ရသည် ဤသည်ကား တိုက်စစ်ဆင်မဟုတ်ချေ မိမိစခန်းရှိပါလျက် ရိက္ခာမရှိလျှင် ထိုင်လျက်အသေခံသည်နှင့်တူချေသည်။ အဆိုပါ ရိက္ခာပို့သည့်တပ်သည် တောထဲတွင်း အပျော်လာသည်မဟုတ်ချေ အန္တရယ်များစွာဝန်းရံနေသည့်အလျောက် လက်နက်များယူဆောင်လာရသည်။ KIA သည် အဆိုပါစစ်ကြောင်းများကို အင်အား အများအပြားဖြင့် ဖြတ်တိုက်သည် ပျောက်ကြားစစ်ဆင်နွှဲသည်။ ပစ်ပြေးသည် တပ်မတော်က လိုက်လံရှင်းလင်းလျှင် ရွာသားများကို လိုက်လံတိုက်ခိုက်သည့်အသွင် ဝါဒဖြန့်သည်။ သူတို့က မြေအောက် တိုက်ခိုက်သည်တင်မကပဲ မြေပေါ်အနေနှင့်ပါ မြို့ကြီးများတွင် သတင်းအချက်အလက် အမှန်တကယ်မသိသူတို့ကို ဖျားယောင်းသွေးဆောင်ပြီး အစိုးရက ထိုးစစ်ဆင်နေသယောင် ဆန္ဒပြကြသည်။ စစ်ပွဲရပ်ဟု ဖိအားပေးခိုင်းသည်။ တပ်မတော်သားများသည် အမှန်တကယ် တိုက်စစ်ဆင်နိုင်လျက် အသက်အသေခံရခြင်းမှာ တနေ့ထက်တစ်နေ့ပိုဆိုးလာသည်။ ထိုမျှနှင့်မကသေး မိမိညီနောင်ရဲဘော်ရဲဘက်များ၏ အလောင်းများကို ဓါတ်ပုံရိုက်ခြင်း၊ သတင်းလွှင့်ခြင်းဖြင့် စိတ်ဓါတ်ကျအောင် ဝါဒဖြန့်ကြသည်။ သူတို့နောက်တွင် သွေးထိုးနေသော နိုင်ငံလည်းရှိသည်။ အစိုးရကလည်း ပြေလည်အောင် နိုင်ငံရေးနည်းနှင့်ပါဖြေရှင်းသည်။

သို့သော် ထိုမျှမကသေး အခြားသော မြေပေါ်မြေအောက်တိုက်ခိုက်မှုအပြင် အင်တာနက် မီဒီယာဖြင့်ပါ တိုက်ခိုက်ပြန်သည်။ အစိုးရမုန်းတီးရေးမှ ဗမာမုန်းတီးရေး တိုင်းရင်းသားအရေးဖြစ်အောင် ဖန်တီးကြသည်။ KIA သည် တစ်ခါမျှ ကချင်ပြည်နယ် လူမျိုးကောင်းစားရေးကို မလုပ်ခဲ့ချေ။ ယခု အင်တာနက်တွင် လက်စွမ်းပြနေသော ကချင်အများစုသည်လည်း ပြည်ပမှနေ၍ အစိုးရနှင့် တပ်မတော်မကောင်းကြောင်း ဗမာမကောင်းကြောင်းပြောဆိုနေကြခြင်းဖြစ်သည်။ ယနေ့ ကချင်ပြည်နယ်တွင် နေထိုင်ကုန်သော ကချင်နှင့် ရှမ်းစစ်စစ်များကို KIA ကောင်းလား ဘာအကျိုးပြုလည်းမေးကြည့်ပါ။ အားလုံးက အမှန်ပြောမည်ဖြစ်သည်။ ပြည်ပမီဒီယာအချို့ကလည်း သွေးထိုးသည် ရိုးသားသော ဒေသခံများကို ချောင်ပိတ်မေးသည်။ ဒေသခံများကို အစိုးရက လက်နက်နဲ့ပစ်လားဟုမေးသည် ဒေသခံကလည်း ဖြေမည် စစ်တိုက်ရင်း ပစ်ကြသည်ပေါ့။ စစ်ဖြစ်နေခြင်းဖြစ်သည် ပန်းနှင့်ပေါက်ကြည်စားနေခြင်းမဟုတ်ပါ။ မည်သူမျှ စစ်ပွဲမှာ လက်နက်မသုံးပဲ ကပြမနေနိုင်ချေ။ ပြီးလျှင် အစိုးရတပ်က ဘယ်လိုလုပ်တာဘာညာ စသည့်ဖြင့် ဖိနှိပ်မည်။ ထိုသို့ဆိုလျှင် ပြည်ပ၌အနေချောင်မည် ဒုက္ခသည်နာမည်ဆက်ခံလို့ရသည် အချောင်အလုပ်မလုပ်ပဲ ပိုက်ဆံရနေဦးမည်။ ဒါသူတို့ ဗျူဟာဖြစ်သည်။ အမှန်တကယ် ထိခိုက်သေကြေကြသည်မှာ ဒေသခံပြည်သူနှင့် တပ်မတော်သားများဖြစ်သည်။ အလောင်းမပါသော အသုဘများစွာ ကျင်းပခဲ့ရပြီးဖြစ်သည်။ ယခုမှ တပ်မတော်က မိမိစစ်ကြောင်းများ အန္တရယ်ကင်းရှင်းရေးအတွက်သာ နယ်မြေရှင်းလင်းခြင်းဖြစ်သည်။ အမှန်တကယ်ထိုးစစ် မဆင်နွှဲသေးချေ။ ဒါကိုလည်း ထအော်ကြသည်။ KIA ခေါင်းဆောင်များကလည်း လွန်စွာသတ္တိရှိသည် တရုတ်ပြည်အထိထွက်ပြေး၍ ကွပ်ကွဲကြသည်။ အမှန်ထိုးစစ်ဆင်လျှင် မြေပြင်တပ်၊ တပ်မတော် လေတောင်မလိုချေ။ မိမိတို့၏ ပစ်ခွင်းအားကောင်းသော အမြောက်တပ်များရှိသည် အလွယ်တကူ သိမ်းပိုက်နိုင်သည်။ သူတို့အားကိုးသော နိုင်ငံတကာသည်လည်း စိတ်ပူမိပါတယ်၊ စိုးရိမ်ပါတယ်လောက်ဖြင့်သာပြီးသွားမည်။ ဒါပေမယ့် တိုင်းရင်းသားချင်း ရိုင်းပင်းသည့်စိတ်ဓါတ်ကြောင့် ယနေ့တိုင်ထိုးစစ်မဆင်သေးချေ။ သာမန် မိမိတပ်များ လုံခြုံရေးအတွက် လမ်းကြောင်းရှင်းလင်းရုံသာနှင့် မီးရထားလမ်းများ တံတားများ မြို့များ စာသင်ကျောင်းများကို မိုင်းခွဲခြင်းမပြုနိုင်ရန်သာ ဟန့်တားခြင်းဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးကို ဖန်တီးနေသော KIA သည် အဘယ်မျှဆက်သွားမည်တော့မသိ နိုင်ငံတော်မှလည်း သည်းခံ၍ အချိန်အတိုင်းအတာများ ငြိမ်းချမ်းရေးကမ်းလှမ်းချက်များကို ပေးပို့ပြီးဖြစ်သည်။ ဆက်လက်ခေါင်းမာနေမည်မှာ မည်သူဖြစ်၍ မည်သို့ဇာတ်သိမ်းရမည်မှာ အချိန်တစ်ခုလျှင် အဖြေရှိမည်ဖြစ်ပါသည်။

ဝေဟင်ချစ်သူစာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်ပါသည်။

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

2 comments

  • Thanlwinoo

    December 30, 2012 at 7:39 pm

    ပြည်တွင်းစစ်ကို စစ်ရေးနည်းနဲ့ ဖြေရှင်းခဲ့တာ မြန်မာလွတ်လပ်ရေးတစ်သက်၊ ရာစုနှစ် တစ်ဝက်ကျော်လာခဲ့ပါပြီ…။
    နောင်ကိုလည်း စစ်ရေးနည်းနဲ့ဘဲ ဆက်ဖြေရှင်းရင် ရာစုနှစ်ပေါင်းများစွာ ကြာနေဦးမှာပါ..။
    တိုင်းရင်းသားအချင်းချင်း ပိုပြီးတော့ မုန်းတီး နာကြည်းမှုတွေ များလာမှာပါ…။
    တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးဖို့ လစ်လျှူရှုနေဦးမယ်ဆိုရင် ပြည်တွင်းစစ်ရပ်စဲဖို့၊ ငြိမ်းချမ်းသာယာဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ အလှမ်းဝေးနေဦးမှာပါ..။
    ကျွန်တော်တို့နိုင်ငံမှာ စစ်တိုက်ဖို့၊ စစ်ရပ်စဲဖို့ အခွင့်အာဏာသည် သန်း(၆၀)သော တိုင်းရင်းသားပြည်သူတွေရဲ့လက်ထဲမှာ မရှိတာ တိုင်းပြည်ရဲ့ကံကြမ္မာပါ..။
    ပြည်သူတွေအားလုံး မလိုလားတဲ့၊ မထောက်ခံတဲ့ စစ်ပွဲများ ချုပ်ငြိမ်းပါစေ…။

  • အလင်းဆက်

    December 31, 2012 at 10:33 pm

    အင်း…
    မဝေဖန်တတ်ဘူးဗျာ ။
    င်္ဒီင်္တော့..

    အင်း………………………

    🙂

Leave a Reply