စာပေဟောပြောပွဲမှတစ်ဆင့် ဆက်၍ထွက်လာသော အတွေးစများ

တစ်နေ့က ဦးမာဃ နတ်ပြည်ကနေ တိုင်းခန်းလှည့်လည်ရင်း စာပေဟောပြောပွဲတစ်ခု ရောက်သွားတယ်။

သိတဲ့အတိုင်းပဲလေ နတ် ဆိုတော့လဲ နေရာတကာ လိုက် ကြည့်ရှုရသေးတာကိုး

အဲဒီတော့ ဟိုလဲ စပ်စပ်စပ်စပ် ဒီလဲ စပ်စပ်စပ်စပ် ပါသလိုဖြစ်နေတယ်

တာဝန်အရ(စိတ်မပါတာတော့ မဟုတ်ဘူးနော်)လဲ တရားပွဲတွေ လိုက်နာဖြစ်(နာရ)တယ်

သိကြားမင်းဆိုတော့ သာသနာကို စောင့်ရှောက်ရဦးမယ်မဟုတ်လား

တစ်ခါတစ်လေလဲ နတ်ပွဲတွေ သွား စစ်ဆေးရသပေါ့

၃၇မင်းနတ်တွေထဲမှာ သိကြားပါ ထည့်ထားတာကိုး (လုပ်သမျှ နတ်ပွဲတိုင်းတော့ သိကြားမပါဘူး)

ဒါပေမယ့် နတ်စာရင်းထည့်ထားတဲ့အတွက်(ထည့်တော့လဲ ထိပ်ဆုံးကရယ်) သွားတော့ သွားရသဗျ

မနေ့ကတောင် ဟိုညီအစ်ကိုရဲ့ စစ်ထွက်ပွဲ သွားလိုက်ရသေး

နောက်ပြီးတော့ ဘုရားပွဲတွေဆိုလဲ သွားရောက် စနည်းနာရ ကြည့်ရှုစစ်ဆေးရသေးသပေါ့

သာသနာရေးလေ

ဘုရားပွဲတွေ သွားစစ်မှတော့ ဘုရားပွဲနဲ့ တွဲပါလာတတ်တဲ့ (သူ့ထက်တောင် ပိုများမယ်ထင်တယ်) ပျော်ပွဲရွှင်ပွဲတွေကိုလဲ သွားပြီး စစ်ဆေးရ ကြည့်ရှုရသပေါ့ (တကယ်ပါ ဒါတွေကိုတော့ တာဝန်အရပဲ ကြည့်တာပါ)

အဲဒီတွေမှာ (ထုံးစံအတိုင်းပေါ့) ဦးမာဃ တွေ့လိုက်ရင် အမျိုးသမီးက အများစု ဖြစ်နေတတ်တယ်။

အမျိုးသမီးတွေကလဲ သိတဲ့အတိုင်းပဲလေ ကျန်တဲ့နေရာသာ နောက်ကျန်ရင်ကျန်နေမယ်၊ ပွဲလမ်းသဘင်မှာတော့ ထိပ်ဆုံးကကိုး

တရားပွဲလည်း တရားပွဲမို့ နတ်ပွဲလည်း နတ်ပွဲမို့ ဘုရားပွဲလည်း ဘုရားပွဲမို့ သူတို့သာ အများစုရယ်

ဦးမာဃတို့ရဲ့ အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတွေကလား? မရှိဘဲတော့ ဘယ်နေမလဲဗျာ ဒါပေမယ့် ယှဉ်လိုက်ရင်တော့ နည်းသပေါ့

သို့သော်လည်းပေါ့လေ

အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ပိုများတဲ့ ပွဲတော့ ရှိသဗျ

ဘယ်ပွဲဖြစ်မလဲဗျာ စာပေဟောပြောပွဲပေါ့

အဲဒီမှာတော့ သေချာပေါက် အမျိုးသားဦးရေက ပိုများတယ် (အမျိုးသမီးတွေ မရှိဘူးလို့ မပြောဘူးနော်)

ကဲကဲ စောစောကအကြောင်း ပြန်ဆက်မယ်

စာပေဟောပြောပွဲကို ဦးမာဃ ရောက်သွားသပေါ့

ဒါကတော့ တာဝန်အရ သွားတာမဟုတ်ပါဘူး ၊ ဦးမာဃ လမ်းကြုံလို့ ဝင်နားထောင်တာပါ

ပရိသတ် အင်အားကတော့ တော်တော် များသဗျို့

ဦးမာဃတို့ မန်းလေးအခေါ်နဲ့ဆို တစ်ပြပေါက်လောက်တော့ ရှိမယ်

တစ်လမ်းလုံး ပိတ်ထားတာ

ခုံအပြည့် လူအပြည့်နဲ့ပေါ့ဗျာ( ဒါ့အပြင် မတ်တပ်တွေက ပါသေး)

အဲ

အဲဒီ တစ်လျှောက်လုံးက လူပုဂ္ဂိုလ်တွေ အတွက်နော်

ဟိုဘက် တစ်ပြပတ်လည်မှာတော့ သံဃာတော်တွေအတွက်

မန်းလေးရောက်ဖူးတဲ့သူတွေ၊ မန်းလေးသူားတွေ သိပါတယ်ဗျာ

လမ်းတွေက ထောင့်မတ်ကျပြီး ပြပေါက်ဝင်းတွေ ဖြစ်နေတာလေ

ဟောပြောပွဲစင်မြင့်က အဲဒီ ထောင့်မတ်လမ်းဆုံမှာဆိုတော့

တစ်ဖက်ခြမ်းက လူပုဂ္ဂိုလ်တွေ တခြားတစ်ဖက်က သံဃာတော်တွေပေါ့ (ကျင်းပပုံကို မြင်အောင်ပြောတာပါ ဆရာလုပ်တာ ဟုတ်ဖူးနော် :mrgreen:)

လူတွေကလဲ ပြောပြီးတဲ့အတိုင်း အမျိုးသားက ခပ်များများပေါ့

အမျိုးသားတွေ ဆိုတော့လဲ သိတဲအတိုင်းပေါ့ဗျာ ကွမ်းလေးငုံကာ၊ ဆေးလိပ်လေး ကိုင်ကာနဲ့ပေါ့

စီစဉ်သူတွေကတော့ တော်ရှာပါပေတယ်

ကွမ်းသမားတွေအတွက် ကွမ်းထွေးအိတ်ကလေးတွေ အဝင်ဝကနေ ဆီးပေးတယ်။

တခြားမြို့တော့မသိဘူး မန်းလေးမှာတော့ ကွမ်းသမားက အတော်များသား

အဲဒီတော့လဲ သူတို့တွေအတွက် တကူးတက စီစဉ်ရတော့တာပေါ့

တကယ် အမြော်အမြင် ရှိရှာပါတယ် စီစဉ်သူတွေက

ဦးမာဃ ဟောပြောပွဲတစ်ခုလုံးကို ပတ်ကြည့်တော့ ကွမ်းသမားက အမျိုးသားဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ပါသဗျ

အိတ်ကလေးတွေ ကိုင်ကာကိုင်ကာနဲ့ပေါ့

ထိုင်ခုံသမားတွေကတော့ အိတ်ကလေးတွေနဲ့ အဆင်ပြေပေမယ့်

မတ်တပ်သမားတွေကျပြန်တော့လဲ အိတ်ကိုင်ရတာ ဘယ် အဆင်ပြေမလဲဗျာ

အဲဒီတော့လဲ သူတို့ရဲ့ ထုံးစံအတိုင်း ဟိုထောင့်လေး ဒီထောင့်လေးမှာ ပြေးထွေးလိုက်၊ သစ်ပင်ရင်းလေး ပြေးထွေးလိုက်၊ နံရံအခြေမှာ ဆေးသုတ်ပေးလိုက်နဲ့ ဖြေရှင်းလိုက်ကြသပေါ့

အဲဒီအထိတော့ ကြည့်လို့ ကောင်းပါသေးတယ်ဗျာ (တကယ်ကတော့ ဘယ်ကောင်းမလဲ အလှပျက်တာကိုး ဒါပေမယ့် မြင်ပါများတော့လဲ သိပ် မထူးတော့ဘူးပေါ့)

အဲ အိတ်သမားတွေကတော့ အိတ်ထဲထွေးပါတယ်

အဲဒီအိတ်လေးတွေက ဘယ်ရောက်သွားတယ်ထင်လဲဗျ

သိပ် ခက်ခက်ခဲခဲ နက်နက်နဲနဲ တွေးမနေပါနဲ့ဗျာ

ဦးမာဃတို့က မြန်မာတွေလေ

အတော်များများကို အလွယ်ပဲ လုပ်တယ်

အဲဒီအိတ်လေးတွေကို သူတို့ရဲ့အောက် ခုံအခြေမှာ လွယ်လွယ်ကူကူ လွှတ်ချ(ခွက်ဒစ်- လေးပေါက်) ထားခဲ့တော့တာပေါ့

ဟောနေ ပြောနေတုန်းကတော့ လူတွေများလို့ သိပ်မသိသာဘူး

အဲ ဟောပြောပွဲပြီးလို့ ခုံတွေလဲ သိမ်းပြီးတဲ့အခါမှာ ကျတော့

လမ်းပေါ်မှာဗျာ မိုင်းလေးတွေ ထောင်ထားတာ ကျနေတာပဲ အစီအရီနဲ့

ပွဲပြီးလို့ ပြန်တဲ့သူတွေမယ် လူတိုးရတာတစ်မျိုး  အဲဒီအိတ်တွေ ရှောင်ရတာက တစ်မျိုးနဲ့ အဆင်မပြေတွေ ဖြစ်ကုန်ရော

တကယ်ဆိုရင် အဲဒီ အိတ်လေးတွေကို လမ်းဘေး အမှိုက်ပုံးလေးထဲဖြစ်ဖြစ် သယ်သွားပြီး ထည့်သင့်တာပေါ့ဗျာ

အခုတော့

ပတ်ဝန်းကျင် မညစ်ညမ်းအောင် အိတ်ပေးပါတယ်

အိတ်တွေကို အောက်ချထားခဲ့တော့ ဘာမှ မထူးဘူး ဒုံရင်း ဒုံရင်းပဲ ပြန် ကျတော့တာပေါ့

အိတ်တွေကို သိမ်းရတာက တစ်မျိုး အိတ်က သေချာမချည်တော့ လမ်းကို ကွမ်းသွေးပေတာက တစ်ဖုံ

ပိုတောင် ရုပ်ပျက်သလားလို့ ဦးမာဃ တွေးမိတယ်။

စီစဉ်သူတွေကတော့ လွယ်ကူအဆင်ပြေအောင် လုပ်တာပါ

ဒါပေမယ့် လာတဲ့သူတွေက စည်းကမ်းမရှိတော့ ပိုဆိုးသလို ဖြစ်သွားရော

အဲဒီ ကွမ်းသွေးအိတ်ကလေးတွေကနေ ဦးမာဃ ဖြန့်တွေးမိတာကတော့

အချုပ်တန်း ဆရာဖေ ရေးခဲ့ဖူးတဲ့ ကဗျာလေး တစ်ပိုင်းတစ်စကိုပါ

 မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက် ဖြစ်ပြီ 

တဲ့

ဦးမာဃတို့တွေ စည်းကမ်းမရှိခဲ့လို့ တစ်ပါးကျွန်ဘဝ ရောက်ခဲ့ပြီးပါပြီ။

အခုလဲ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်အောင် ချီတက်နေချိန်မှာ ကိုယ်တိုင်က စည်းကမ်းကို နားမလည်ဘူး၊ စည်းကမ်းမရှိဘူးဆိုရင်

ဒီတိုင်းပြည်ကို ဘယ်လို တိုးတက်အောင် လုပ်ကြမှာလဲ

သူများ စည်းကမ်းမရှိတာ မတိုးတက်တာတွေပဲ ပြောနေပြီး ကိုယ်တိုင်ကတော့ အလွယ်လမ်းကို လိုက်နေရင်

နိုင်ငံကြီးသားစိတ်ဓာတ် မရှိရင်

ကိုယ်တိုင်ကမှ စ မပြင်ရင်

သူများကို ဘယ်လိုပြင်ခိုင်းမလဲ

ဦးမာဃတို့ မန်းလေးမြို့ရဲ့ အထင်ကရ နေရာတွေ၊ လမ်းဘေးတွေမှာ

ကွမ်းသွေးတွေဟာ အလွန် ရုပ်ဆိုးပါတယ်။

ကွမ်းသွေး မထွေးရ ဆိုတဲ့ စာတန်းကို ကပ်ထားနေရတာလဲ အလွန်မှ သိက္ခာ ကျလှပါတယ်။

ဒါတွေဟာ တကန်တက ပြောနေရမယ့်အရာတွေ မဟုတ်ပါဘူး

ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် ပြင်ရမယ့် အရာတွေပါ

အခုတော့ ဘတ်စ်ကားမောင်းသွားတယ်

ရှေ့က ဒရိုင်ဘာကလဲ အလွယ်တကူ လမ်းပေါ် ထွေးသွားတယ်

နောက်က စပါယ်ယာကလဲ ထိုနည်းလည်းကောင်း

ဆိုင်ကယ်စီးနေတယ်…………စီးနေရင်း ရှေ့ကနေ ထွေးလိုက်တယ်

နောက်လူက မစင်အောင် မနည်းရှောင်နေရတယ်

လမ်းတွေပေါ်မှာ၊ ပလက်ဖောင်းတွေပေါ်မှာ နံရံအခြေတွေမှာ ကွမ်းသွေးတွေက နေရာယူထားတယ်။

ဒီလူတွေ ဒီလိုမလုပ်အောင်

ဦးမာဃတို့ ဘယ်လို လုပ်သင့်သလဲ

ကွမ်းစားတာကို အပြစ်မပြောပါဘူး ရှေးကတည်းက စားလာကြတာပဲ

သူတို့ကြိုက်လို့စားတာ စားပါစေပေါ့

ဒါပေမယ့် ကွမ်းသွေးထွေးတာကျတော့

အများနဲ့ ဆိုင်လာပြီ

ပြောသင့်ပြီ

ဘယ်လိုဖြေရှင်းကြမလဲ

အဲဒါလေးတွေ ဦးမာဃ ခေါင်းထဲ ရောက်လာတယ်

ရွာသူားတွေလဲ ဝိုင်း စဉ်းစားကြည့်ပေးပါဦး

ဘာရယ်တော့ မဟုတ်ပါဘူး အမြင်မတော်လို့ ဝင်လာတဲ့ အတွေးလေးပါ

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010