ရင်ကိုရိုက်ခတ်စေသော ဖန်သားပြင်ပေါ်ကကြော်ငြာ

Mon LayDecember 30, 20121min15415

ည(၇)နာရီဆိုလျှင် မြဝတီရုပ်မြင်သံကြားက တီဗွီ၏ဇာတ်လမ်းတွဲများ ပြသတတ်သည်။ထိုသို့ဇာတ်လမ်းတွဲများ ပြသနေသည့်အချိန် တစ်နည်းအားဖြင့် ဇာတ်ရှိန်ကောင်းနေသည့်အချိန် ဆိုလျှင် အမြဲလိုလိုကြားဖြတ်ဝင်လာတတ်သည့် ကြော်ငြာများ ကိုမလိုလားသော ကျွန်မသည် သည်တစ်ခါတွင်တော့ ကြော်ငြာတစ်ခုကို မျက်စေ့မမှိတ်တမ်း အစအဆုံးကြည့်မိသွားရပါသည်။ ထိုကြော်ငြာကား ‘က” ချည်းများနှင့်ရေးစပ်သီကုံးထားသည့် ‘ကာကာ” ကော်ဖီကြော်ငြာပင် ဖြစ်သည်။

တချို့သောကြော်ငြာများသည် တီဗွီတွင် ပြသသွား၍သာ ကြော်ငြာဟုသိရှိလိုက်ရခြင်းဖြစ်သည်။ မည်သည့်ကြော်ငြာအမျိုးအစားမှန်းမသိရလောက်အောင်ဖြစ်ရသည်။ တချို့ကြော်ငြာများမှာလည်း ကုန်ပစ္စည်း၏ အရည်အသွေးကိုဦးစားမပေးဘဲ နာမည်ကြီး မင်းသား၊မင်းသမီးများ၏ အိုက်တင်လုပ်ဆောင်ချက်များကိုသာဦးစားပေးသောကြော်ငြာများ

ကိုလည်း တွေ့ရပြန်သည်။

ယခု ‘ကာကာ” ကော်ဖီကြော်ငြာလေးကိုနှစ်ခြိုက်သွားရခြင်းသည်ကား တေးရေးဆရာ၏ပညာတန်ခိုးများကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ကြော်ငြာ၏ခေါင်းစီးစာတန်းတွင် ဤကြော်ငြာတွင် “က” များသာပါသည် ဟူသော စာတန်းကိုရေးသားထားသည်။ တယ်ဟုတ်ပါလား။ ကျွန်မတို့ငယ်ငယ်တုန်းကရွတ်ခဲ့သည့် “မ” နှင့် “သ” ချည်းတို့သာပါဝင်သည့် စာကြောင်းလေးများကိုပြေးမြင်မိသည်။ “မင်းမိန်းမ..မေမြတ်မွန်၊မေမြို့မှာ..မိုးမိမယ်၊မြန်မြန်မောင်း” နှင့် “သေသောသူသည်..သုဿန်သို့..သက်သက်သာသာ..သွားသေသင့်သည်” ဟူသော စာကြောင်းတို့ပင်ဖြစ်သည်။ ယခုတစ်ခါ “က” များနှင့်သာစပ်ဆိုထားသည့် တီဗွီကြော်ငြာဟုဆိုရာ ကျွန်မအတော်စိတ်ဝင်စားသွားသည်။ အစ စာကြောင်းဖြစ်သော “ကာကာကော်ကော်.. ကောင်းကောင်းကို.. ကောင်းကောင်းကြီး ကိုကြိုက်” ကို ရှေးဦးစွာ စဉ်းစားကြည့်မိသည်။ “ကာကာ” ဟုခေါ်သည့် ကော်ဖီအကောင်းစားကို အတော်လေးကြိုက်သည် ဟုဗန်းစကားနှင့်ဆိုထားခြင်းဖြစ်သည်။ ဒုတိယစာသားဖြစ်သည့် “ကြီးကြီးကျယ်ကျယ်.. ကျော်ကျော်ကြားကြား.. ကာကာကိုကကောင်း ကောင်းကွာ” ဟုဆိုရာတွင် နာမည်ကျော်ကြားလှသည့် “ကာကာ” ကော်ဖီ က သိပ်ကောင်းပါသည် ပင်ဖြစ်သည်။တတိယစာသားဖြစ် သော “ကိုကို..ကျော်ကျော်..ကြူကြူ..ကြီးကြီး..

ကာကာကြိုက်ကြ..ကြီးကြီး” တွင် လူများဖြစ်ကြသော ကိုကို၊ကျော်ကျော်၊ကြူကြူ နှင့် ကြီးကြီး တို့ကပါ ‘ကာကာ’ ကော်ဖီကို အလွန်ပင်ကြိုက်ရပါသည် ဟုရေးစပ်ထား ခြင်းကလည်းပေါ်လွင်လှသည်။ နောက်စာသားတစ်ကြောင်းကလည်း “ကိုကိုက..ကျော်ကျော်ကြောင့်..ကာကာကြီးကိုကြိုက်၊ကြူကြူက ကြီးကြီးကြောင့်..ကာကာ

ကောင်းကောင်းကြိုက်” တွင် ကိုကိုဖြစ်သောကောင်လေးက ကျော်ကျော်ကြောင့်၊ ကြူကြူဖြစ်သောကောင်မလေးကလည်း ကြီးကြီး

(သူမကြီးတော်)ကြောင့် ကာကာကော်ဖီ ကိုကြိုက်ပါသည် ဟုရေးထားသည့် စာကြောင်းကလည်း အဓိပ္ပါယ်ပြည့်စုံလှသည်။ထို့ပြင် “ကိုကြီးကကြိတ်ကြိတ်ကြိုက်၊ ကာကာကိုကုန်ကုန်ကြိုက်ကိုကြိုက်” ဟုရေးသားထားသည်မှာကား ‘ကာကာ‘ကော်ဖီကို ကိုကြီးက ပါ တိတ်တခိုးကြိုက်ရသောကြောင့် အမှန်ပြောရလျှင် လူအကုန်လုံးကြိုက်ရသော ကော်ဖီပင်ဖြစ်ပါတော့သည်ဟု အပြီးသတ် ရေးသား ထားသည်မှာ ကြော်ငြာတစ်ခုလုံးကိုပိုမိုကောင်းသွားအောင် မီးမောင်းထိုးပြနေခြင်းပင်ဖြစ်တော့သည်။

ကျွန်မတို့ငယ်ငယ်ကရွတ်ခဲ့ကြသည့် “မ” နှင့် “သ” ချည်းသာစပ်ထားသည့် စာလုံးများသည် (၁၅) လုံးသာသာ ပင် ရှိသည်။ ယခု “က” ချည်းများသာ နှင့် အဓိပ္ပါယ်ရှိရှိကြော်ငြာတစ်ခု၏ တေးသွားဖြစ်အောင် ဖန်တီးထားသည်မှာကား တေးရေးဆရာ၏ ပညာသားပါသော လက်ရာမွန်ကြောင့်ပင် ဖြစ်သည်။ မည်သည့်တေးဆရာ၊မည်သူရိုက်ကူးသည့် ကြော်ငြာမှန်းမသိသော်ငြားလည်း တေးရေးဆရာ၏ အံ့မခန်းစာသားများကြောင့် အစအဆုံးကျွန်မကြည့်ရှုလိုက်ရတော့သည်။ စာဖတ်သူများလည်းကျွန်မပြောသည် ဟုတ်မဟုတ် ညဘက်ကြော်ငြာလာချိန် စိုင်းစိုင်းခမ်းလှိုင်၊ချမ်းချမ်း၊ဒေါ်ဝါဝါအောင် နှင့် ဇင်မျိုးတို့ပါဝင် သရုပ်ဆောင်ထားကြသည့် “ကာကာ” ကော်ဖီကြော်ငြာလေးကို ကြည့်ဖြစ်သွားအောင် အခုလိုစာသားလေးနှင့် တကွရေးပေးလိုက်ပါတော့သည်။

ကာကာကော်ကော်ကောင်းကောင်းကို xx ကောင်းကောင်းကြီးကိုကြိုက် xx

                 ကြီးကြီးကျယ်ကျယ် xx ကျော်ကျော်ကြားကြား xx ကာကာကိုကကောင်းကောင်းကွာxx

ကိုကို xx ကျော်ကျော်..xx ကြူကြူ xx ကြီးကြီး xx ကာကာကြိုက်ကြ.xx ကြီးကြီး      

                 ကိုကိုက xx ကျော်ကျော်ကြောင့် xx ကာကာကြီးကိုကြိုက်၊ ကြူကြူကကြီးကြီးကြောင့် xx  ကာကာကောင်းကောင်းကြိုက်

                 ကိုကြီးကကြိတ်ကြိတ်ကြိုက် xx ကာကာကိုကုန်ကုန်ကြိုက်ကိုကြိုက်xx

(၂၀.၁၂.၁၂)

15 comments

  • မဟာရာဇာ အံစာတုံး

    December 30, 2012 at 11:06 am

    ကျုပ် တီဗွီ မကြည့်ဖြစ်တာ ကြာပြီ ….။
    ဆယ်တန်း အောင်ကတည်းက ဆိုနိုင်လေမလားပဲ …။
    အဲ … ကျုပ် ဆိုလိုတာက ရုပ်သံက လွှင့်တဲ့ ဟာတွေကို ပြောတာပါ …။
    ရုပ်ရှင်ဇာတ်ကားတို့ ဘာတို့ ညာတို့တော့ ကြည့်တာပေါ့ဗျာ …။
    အရင် ကြည့်ခဲ့တုန်းကတော့ ဇာတ်လမ်းက ကောင်းပြီဆို ကြော်ငြာက ဖြတ်ဝင်ပြီ …။
    ထပ်ကောင်းနေပြီဆို တစ်ပိုဒ် ပြီးသွားပြန်ပြီ ….။
    မျှော်ရပြန်ပြီ ….။ ဒါတွေက အတော်လေးကို စိတ်ပျက်စရာ ….။

    အခု ကြော်ငြာကတော့ “ကကြီး” ကြော်ငြာပေါ့နော့ …
    :kwi:
    ကျုပ်လည်း အစမ်း စပ်ကြည့်လိုက်ဦးမယ် ….။
    ကကြီး ကိုယ့်ကိုယ်ကို ကောင်းကောင်း ကယ် ….
    ဦးမာဃ နဖူးကို ငါ .. တယ် .. တွယ် … (ဘာမှလည်း ဆိုင်ဝူးးး :mrgreen: )

  • Mobile

    December 30, 2012 at 11:26 am

    ဟုက်တယ်ဗျို့ ဒီကကြီးကြော်ငြာကို ကျုပ်လဲဟိုတစ်နေ့ကမှ
    အပြင်က ဆိုင်တစ်ဆိုင်မှာ ကြားဖူးခဲ့တာ
    တောက်တီးတောက်တဲ့တော်
    :harr:

  • Mr. MarGa

    December 30, 2012 at 11:32 am

    အဲဒီ ကြော်ငြာ ပြနေတာ ကြာပြီ
    ဦးမာဃ ကတော့ ချမ်းချမ်းကို မကြိုက်လို့ မကြည့်ဖြစ်ပါ
    ဟိုအကောင် ခြောက်မျက်နှာ
    လူကြီးသူမကို ကော်စားပြန်ပြီ
    အသက်ကတော့ တိုဦးမယ်

    • မဟာရာဇာ အံစာတုံး

      December 30, 2012 at 11:46 am

      ဘာရယ် .. ဘာရယ် ..
      အသက် တိုဦးမယ် .. ဟုတ်စ …
      ဒါ ဘာပြဿနာမို့လည်း …
      အသက်ပဲ .. တိုချင် တိုပေစေ …
      အင်းးး ဟိုဒင်းးး ဘာမှ ဟုတ်ဘူး … :mrgreen:

      • Mr. MarGa

        December 30, 2012 at 11:49 am

        အသက်တင်မက ဟိုဟာပါ တိုချင်ရင် ဆက်ပြော
        ငွင်းငွင်း
        နတ်တို့သနင်း သကြားမင်းကွယ့်
        :MRGREEN:

  • သျှားသက်မာန်

    December 30, 2012 at 11:37 am

    ကျွန်မကတော့ ကာကာ ကော်ဖီကြော်ငြာလေးက တစ်ခြားဟာတွေထက်ထူးခြားလို့တယ်လို့ခံစားရလို့ပါ…

  • ကျနော်က တော့ တီဗွီကလာတဲ့ ကြော်ငြာကို ကြည့်ဖြစ်ပါတယ်။
    ဒါက ခေတ်တစ်ခေတ်ရဲ့လတ်တလော ပုံရိပ်တွေဖြစ်နေလို့ပါဘဲ။

  • MaMa

    December 30, 2012 at 9:45 pm

    စာဆိုတော်တွေရဲ့ စကားလုံးကြွယ်ဝမှုကို ချီးကျူးပါတယ်။
    အခုထွက်တဲ့သီချင်း တစ်ပုဒ်ကလည်း တ ဝမ်းပူချည်းပဲ ဆိုထားတာ တော်တော်ကောင်းတယ်။ :hee:

  • မောင့်ကျက်သရေ ဂီ့

    December 31, 2012 at 5:19 am

    Sales, Marketing, Advertising အဲ့ဒါတွေ ကွဲအောင်မသိတဲ့လူတွေ ဖတ်သင့်တဲ့ပိုစ့် ကြည့်သင့်တဲ့ကြော်ငြာ လို့
    ညွှန်းပါရစေ ကွယ်.

  • mingaung

    December 31, 2012 at 4:39 pm

    ကျွန်တော်လည်းအဲဒီ ကြော်ငြာ လေးကြည့်ဖြစ်ပါတယ်ဗျာ ၊ ကြိုက်လဲကြိုက်ပါတယ် ၊ စားသားတွေကော သံစဉ်ကော တကယ်ကို စွဲမက်ဖွယ် ကြော်ငြာလေးပါ ၊ တစ်ခုပဲ ပဲလှော်ကြား ဆားညပ်ဆိုသလ်ို… ဤကြော်ငြာတွင် ကကြီးများ သာပါသည် ဆိုတဲ့ သတိပေးစားတမ်းကြီး က ကန့်လန့်ဖြစ်နေတယ် ၊ သူတို့ တခုတ်တရဖန်တီး ထားတာကို ပရိတ်သတ်ကြီး မသိလိုက်မှာ စိုးရိမ်စိတ်နဲ့ အဲဒီစာတန်းလေးထိုးထားတယ် ထင့်ပါ့ ၊ တကယ်တော့ ပရိတ်သတ်ကြီးက အဲဒီလောက်မညံ့ပါဘူး တစ်ချိန်မဟုတ်တစ်ချိန်သူ တို့ဟာသူတို့ သိသွားမှာ ပါ၊ အဲဒါဆိုရင် ပိုလို့တောင်ဆွဲ ဆောင်မှုရှိတဲ့ ဖန်တီးချက်ကလေး ဖြစ်သွားမှာ လို့ စိတ်မှာ မချင့်မရဲ ဖြစ်မိကြောင်း ဝင်ရောက် ဆွေးနွေးလိုက်ရပါတယ်။

  • မောင်ပေ

    December 31, 2012 at 9:26 pm

    မသျှားညွှန်းမှပဲ တီဗွီလေးဘာလေးကြည့်ဦးမယ်ဗျာ
    မြန်မာရုပ်သံလိုင်းတွေမကြည့်တာ တော်တော်ကြာပေါ့
    ပေပေ ပါပါ ပုံပုံ ပို

  • P chogyi

    January 1, 2013 at 2:50 pm

    ကိုကိုကတော့ ကြိုက်ကိုမကြိုက်ဘူးကွာ

  • သျှားသက်မာန်

    January 1, 2013 at 8:19 pm

    ဟုတ်တယ် mingaung ေ၇..ကျွန်မလဲအဲလိုခံစားမိပါတယ်..

  • သျှားသက်မာန်

    February 9, 2013 at 5:21 pm

    အလို6နှစ်တောင်ရှိပြီဟုတ်လား

Leave a Reply