ဘီပိုးအကြောင်းသိကောင်းစရာ

Yin Nyine NwayJuly 18, 20101min441

ဘီပိုးအကြောင်းသိကောင်းစရာ

(ဘီ)ပိုးဆိုတာ Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကိုခေါ်ကြတာပါ။ သူ့ကြောင့်ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသဲကူးစက်ရောဂါ အပြင်းစားဖြစ်တယ်။ သမိုင်းကြောင်းပါပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါအသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တနည်းနည်းနဲ့ ရောက်လာပြီး ကိုယ်ထဲက အရည်တွေထဲထိ ဝင်လာတာ ဖြစ်တယ်။ တကမာ္ဘလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက်ရှိနိုင်တယ်။ အဲဒီထဲက ရ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ “နူရာ ဝဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကမှာ ပိုဖြစ်နေပါတယ်။

ဘယ်လိုလုပ် ကူးပါသလဲမေးရင် AIDS နဲ့အတူတူပါဘဲ။ သွေးသွင်းတာ၊ သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် Latex or plastic လက်အိတ် မသုံးတာ)၊ ပိုးသန့်မထားတဲ့ ဆေးထိုးအပ်သုံးတာ၊ အကာကွယ်မဲ့ လိင်ဆက်ဆံတာ (ကွန်ဒွန် မသုံးတာ)၊ ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးဆီ ကူးတာတွေဖြစ်တယ်။ သတိထားစေချင်တာက သွေးသာမဟုတ်ပဲ၊ ကိုယ်မှာရှိတဲ့ အရည်တွေထဲမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာဖြစ်ပါတယ်။

အသေးစိတ်ပြောရရင် နားကပ် လဲဝတ်တာ၊ နုတ်ခမ်းမွှေးရိတ်တဲ့ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်က တခါသုံးဒါး မသုံးရင်လဲ ကူးနိုင်တယ်။ ဆွဲဆောင်မှုရှိချင်လွန်းလို့ (တက်တူး) အရုပ် ထိုးသူတွေ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်သူတွေ အန္တရာယ်ကို မြင်စေချင်ပါတယ်။

ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။ ပိုးရှိနေသူက ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲလမ်းလျောက်လဲ မကူးပါ၊ နှာခြေ၊ ချောင်ဆိုးတာနဲ့ မကူးပါ။ တအိမ်ထဲအတူနေယုံနဲ့လဲ မကူးပါခင်ဗျား။

ဒီပိုးဝင်လာရင် တခြားပိုးတွေဝင်လာတဲ့အခါ လုပ်သလို ခန္ဓာကိုယ်က ခံပြီးတိုက်ထုတ်ပါတယ်။ ကိုယ်ကနိုင်ရင် ပြီးပြီး ပျောက်ပျောက် ဖြစ်သွားရော။ ဘာလို့လဲဆိုတော့ (အင်တီဘော်ဒီ) လို့ခေါ်တဲ့ ခံနိုင်စွမ်း (နားလယ်လွယ်အောင် ပြောရရင် အတွင်းအား ပေါ့ဗျာ) ရလာလို့ပါ။ နောက်ထပ် (ဘီ)ပိုးဝင်လာတဲ့အခါ ဒီဓါတ်ကနေ ပြန်တိုက်ပြစ်ပါမယ်။

ဝတ္ထုဇာတ်ကြောင်းရေးသလို တက်လိုက် ကျလိုက် ပြောပြရတော့မှာဘဲ။ ၆ လကြာလို့ မနိုင်ရင်တော့ နာတာရှည် အသဲရောဂါ ဖြစ်ပါပြီ။ စိတ်သက်သာရဘို့တခုကတော့ ၉၀% သော ကျန်းမာတဲ့လူကြီးတွေဟာ နာတာရှည် ဖြစ်မသွားကြပါဘူး။ ကလေးတွေက ကံမကောင်းကြပါ။ ငယ်လေ မခံနိုင်လေ၊ သိပ်ငယ်လို့ကတော့ ၉၀% မခံနိုင်ကြပါ။ နာတာရှည် ဖြစ်တိုင်းလဲ လူက လူကောင်းလို အကြာကြီး နေနိုင်ပါတယ်။ နေနိုင်တယ်ဆိုပြီး ပေါ့လို့တော့ မရပါ။ ရောဂါလက္ခဏာသာ မရှိတာ ပိုးက အသဲကို တစစနဲ့ ဖျက်ဆီးနေပါပြီ။

သူ့ကြောင့် အသဲခြောက်ရောဂါ၊ ဒါမှမဟုတ် အသဲကင်ဆာ ဆက်ဖြစ်တတ်လို့ ဆိုးလွန်းပါတယ်။ အသဲက လိုသလောက် မလုပ်နိုင်တော့ချိန် ရောက်ရင်တော့ သေရတော့မှာပါ။

အသဲဆိုတာ အတော်အလုပ်လုပ်တဲ့အင်္ဂါဖြစ်ပါတယ်။ စားလိုက်တဲ့အစာထဲက အဆီ နဲ့ ဆီတွေကို အစာခြေပေးတယ်။ ဒီလိုလုပ်နိုင်ဘို့ (ဘိုင်းလ်) အစာခြေအရည်ထုတ်ပေးတယ်။ စိမ်းစိမ်း၊ နက်နက်၊ ခါးခါး အရည်ကို ပြောတာပါ။ တနေ့တာ ရတာနဲ့သုံးတာထဲက ပိုတဲ့ အား(အင်နာဂျီ)ကို သိုလှောင်ပေးထားတယ်။ အဆိပ်အတောက်ပါလာရင်လဲ ဖယ်ရှားပေးတယ်။ နောက်ပြီး (ကိုလက်စတီရော)၊ သွေးခဲစေတဲ့ပစ္စည်း၊ ပရိုတင်းတွေကို သူကနေ ထုတ်လုပ်ပေးပါသေးတယ်။ ဒီလို များလွန်းတဲ့ အလုပ်တွေ ၂ ရက်လောက် အလုပ်မလုပ်တော့ရင် လူဟာ သေရတော့မှာပါ။ ဇာတ်နာပြီပေါ့ဗျာ။

(ဘီ)ပိုး စဝင်လာချိန်မှာ တုပ်ကွေးလိုဘဲ နဲနဲဖျား၊ ကိုက်ခဲ၊ အစာမစားချင် ဆိုတာလောက်သာ ခံစားရပါတယ်။ ရှာရှားပါးပါး ဆိုပါစို့ ၁% လောက်သာ မျက်စိဝါ၊ ဆီးဝါ၊ အန်ချင် ဆိုတဲ့ ခပ်ပြင်းပြင်း ခံစားရတတ်ပါတယ်။ သတိထားရတော့မဲ့ နာတာရှည်အဆင့် ရောက်ရင် စောစောက က္ခဏာတွေ မရှိတော့ပါ။ မပေါ့ပါနဲ့။

သွေးစစ်ရင် အဖြေ ၃ မျိုးထွက်နိုင်ပါတယ်။
HBsAb တွေ့ရင် ဒီလူ ကံကောင်းတယ်။ ခံနိုင်အားရှိနေပြီ။ သူများကိုလဲ မကူး၊ ကာကွယ်ဆေးလဲ မလိုဘူး။
HBsAg တွေ့ရင် သွေးထဲမှာ ပိုးရှိနေပြီ။ ၆ လကြာရင် တခါထပ်စစ်ပါ။ ရောဂါပြီးသွားတာ ဖြစ်လာနိုင်ပါတယ်။
HBcAb တွေ့တယ် ဆိုရင်တော့ ကူးစက်ခံနေရပြီမို့ အသဲအထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။

ဆရာဝန်ဆီရောက်ပြန်တော့ တချို့က ဆေးကုပေးဘို့ မလိုပါ။ ၆ လတခါ ၁ နှစ်တခါ ပြန်ပြပါ။ ရိုးရိုးသားသား ပြောရရင် ပျောက်သွားအောင် ကုတဲ့ဆေး မရှိသေးပါ။ ဆရာဝန်က အနားခိုင်းပါမယ်။ အစာကောင်းကောင်း စားခိုင်းမယ်။ ရေများများ သောက်ခိုင်းမယ်။ ဆေးလိပ်၊ အရက်ဖြတ်ခိုင်းမယ်။ တခြားနေမကောင်းထိုင်မသာဖြစ်ရင် သောက်ရမဲ့ဆေးကို ကြွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဘို့သင့်ပါတယ်။ သိတဲ့အတိုင်း ဆေးမှန်သမျှ တိုင်းရင်းဆေးဖြစ်ဖြစ် မကောင်းကျိုးဆိုတာ ရှိတယ်။ မကောင်းတာ မှန်သမျှ ခြေဖျက်ပေးမဲ့ အသဲက မကောင်းဘူး မဟုတ်ပါလား။

(အေ) ကာကွယ်ဆေး ထိုင်းခိုင်းချင် ခိုင်းပါလိမ့်မယ်။ (အေ)ရော (ဘီ)ပါ ရောထားတဲ့ ကာကွယ်ဆေး (Twinrix) လဲ ရှိနေပါပြီ။ အရက်ကလွဲလို့ အထူးရှောင်ရန် ဆောင်ရန်မရှိပါ။ အာဟာရပြည့်ပြီး မျှတတဲ့အစာ ကောင်းကောင်း စားသင့်ပါတယ်။ အဆီနဲရင် ပိုကောင်းပါတယ်။ အဆီချက်မဲ့စက်က ပျက်နေတယ် မဟုတ်လား။

(ဘီ)ပိုးဟာ HIV ထက် အဆ ၁၀ဝ ပိုပြီး ကူးစက်တတ်လို့ သိထားရပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးကို အားကိုးကြပါ။ ကာကွယ်ဆေးကို ၃ ကြိမ် ၃ ခါတိတိ ထိုးရပါမယ်။ ပဌမတခါထိုးပြီး နောက် ၁ လမှာ ဒုတိယ၊ နောက် ၅ လ မှာ တတိယ။

မွေးစကနေ အသက် ၁၈ နှစ်အောက်တွေကို ကာကွယ်ဆေး သေခြာပေါက် ထိုးပေးသင့်ပါတယ်။ လူကြီးတွေထဲကဆိုရင် ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်သူတွေ၊ ထောင်မှာ အလုပ်လုပ်သူနဲ့ ထောင်ကျသူတွေ၊ မူးယစ်ထိုးဆေး သုံးသူတွေ၊ လိင်တူ ဆက်ဆံသူတွေ၊ ကျား-မ ဆက်ဆံဘက်များသူတွေ၊ ခန္ဓာကိုယ်ရင်းပြီး လုပ်ကိုင်ရသူတွေ၊ မိသားစုအတူနေထဲက တယောက် ယောက်မှာ ပိုးရှိနေရင်၊ ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်က ပိုးရှိနေရင် ကလေးကို မွေးပြီးပြီးချင်း ကာကွယ်ဆေးနဲ့ HBIG ဆိုတဲ့ဆေး ထိုးပါလေ။ ပိုးဝင်ပြီးသူများကတော့ ကာကွယ်ဆေး မလိုတော့ပါ။ မထူးလို့ပါ။

(ဘီ)ပိုးရှိသူကို ဆေးပေးတာဟာ အသဲခြောက်တာနဲ့ ကင်ဆာအဆင့် ရောက်မသွားဘို့သာ ရည်ရွယ်နိုင်တာပါ။ WHO အဆိုအရတော့ Interferon နဲ့ Anti-viral Agents ဆေးတွေဖြစ်ပါတယ်။ ဆေးဈေးကတော့ ခေါင်ခိုက်နေဆဲပါ။

ကင်ဆာကတော့ ရောဂါနာမယ်တပ်ပြီး ၆ လ ထက် အသက်မရှည်ပါ။ အသဲခြောက်တာဆိုရင်တော့ နောက်ဆုံး ဆရာန်များ လုပ်ပေးနိုင်တာကတော့ Liver transplantation အသဲအစားထိုးပေးတာပါဘဲ။ သိတဲ့အတိုင်း ဒီအဆင့်ဟာ အင်မတန် ကရိကထများ၊ ငွေကုန်ကြေးကျများ၊ ရာသက်ပန် လူနာကြီးဘဝကို ရောက်သွားရတာမျိုးပါ။

အသဲကောင်းကြပါစေ။

One comment

Leave a Reply