အင်တာနက်ပေါ်က ပညာဒါန

Yin Nyine NwayJuly 18, 20102min602

Open Course Ware

(သို့မဟုတ်)

အင်တာနက်ပေါ်က ပညာဒါန

Open Course Ware ဆိုတာဘာလဲ။

‘အိုးပင်းကို့စ်ဝဲ’ ဆိုသည်မှာ ကမာ္ဘအရပ်ရပ်ရှိ တက္ကသိုလ်များတွင် သင်ကြားလျက်ရှိသော သင်တန်းများကို အင်တာနက်မှတဆင့် အခမဲ့ ဖြန့်ဖြူးပေးသောနေရာ ဖြစ်သည်။ ဤဆောင်းပါးကို ရေးသားချိန်တွင် နိုင်ငံပေါင်း ၃ဝ မှ တက္ကသိုလ် နှင့် အဖွဲ့အစည်းပေါင်း ၂၀ဝ ကျော်တို့က ကမာ္ဘအရပ်ရပ်ရှိ ပြည်သူတို့အား အဆင့်မြင့် ပညာရပ်များ ဝေမျှပေးနိုင်ရန် ရည်ရွယ်ပြီး ပညာဒါနပြုလျက်ရှိသည်။

ဘယ်တက္ကသိုလ်တွေပါလဲ။

ပညာဒါနပြုရာတွင် ပါဝင်သော စာရှုသူတို့နှင့် ရင်းနှီးပြီးဖြစ်မည့် တက္ကသိုလ် အချို့မှာ –

ဘယ်လိုသင်ကြားပေးတာလဲ။

ပညာဒါနပြုရာတွင် ပါဝင်သော တက္ကသိုလ်များက ၎င်းတို့၏ တက္ကသိုလ်များ၌ အခကြေးငွေယူကာ သင်ကြားနေသော ဘာသာရပ်များထဲမှ အနည်းဆုံး ၁ဝ ခုကို ရွေးချယ်ပြီး အင်တာနက်ပေါ်တွင် တင်ပေးထားရသည်။ ထိုသို့တင်ရာတွင် သင်ရိုးညွှန်းတမ်း၊ မှတ်စု၊ ရည်ညွှန်းစာအုပ် နှင့် စာတမ်းများ စာရင်း၊ ပါဝါပွိုင့်ဆလိုဒ်များ၊ ဆရာများ၏ တိုက်ရိုက်ပို့ချချက် အသံ နှင့် ဗီဒီယိုဖိုင်များ စသည်တို့ ပါဝင်သည်။ မည်သူမဆို ထို သင်-ထောက်-ကူ ဖိုင်များကို အခမဲ့ ရယူသုံးစွဲ၍ မိမိဖာသာ လေ့လာရမည်ဖြစ်သည်။

မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်ပါသလား။

လုံးဝမလိုအပ်ပါ။ မည်သူမဆို အသုံးပြုနိုင်ပါသည်။

ဘယ်လိုဘာသာရပ်များ ပါဝင်ပါသလဲ။

စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စက်မှု၊ ကွန်ပြူတာ၊ ကျန်းမာရေး စသဖြင့် အမျိုးအစား စုံလင်စွာပါရှိသည်။ တက္ကသိုလ်များက မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်များကို တင်ထားပေးတတ်သည်။ စာကိုး စာရင်းပါ ဝက်ဆိုဒ် လင့်များမှတဆင့် သွားရောက် လေ့လာ ရှာဖွေနိုင်သည်။

အင်တာနက် လိုအပ်ပါသလား

လိုအပ်ပါသည်။ အသံ နှင့် ဗီဒီယို ဖိုင်များကို တိုက်ရိုက် ဖွင့်ရန်အတွက်မူ အင်တာနက် မြန်နှုန်းမြင့်ရန် လိုအပ်သည်။ သို့ရာတွင် မှတ်စုများ၊ ပါဝါပွိုင့် ဆလိုဒ်များ၊ အသံ နှင့် ဗီဒီယို ဖိုင်များကို ဒေါင်းလုပ် လုပ်ထားပါက အင်တာနက် မရှိသော်လည်း ကွန်ပြူတာတွင် ဖွင့်ပြီး လေ့လာနိုင်သည်။

ဘာကြောင့် အလကားပေးတာလဲ။

မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က စတင်ကာ ‘မည်သူမဆို အဆင့်မြင့်ပညာ သင်ကြားနိုင်ခွင့် ရရှိရေး’ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တခြား တက္ကသိုလ်တွေလည်း ပါဝင်လာပြီး ဒီစီမံချက်ကို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေပါ ပေါ်လာပါတယ်။ ဒါကြောင့် ဆက်လက်ပြီး ပညာဒါန ပေးနေနိုင်တာပါ။ သင်လည်း အလှူငွေ ထည့်ဝင်ချင်ရင် ထည့်ဝင်လို့ ရပါတယ်။

အလကားပေးတာဆိုတော့ အရည်အသွေး ကောင်းပါ့မလား။

စာရေးသူ၏ ကိုယ်တွေ့အရ ဆိုလျှင် အခကြေးငွေယူ သင်ပေးသော သင်တန်းများတွင် အသုံးပြုသည့် သင်ရိုးညွှန်းတမ်း၊ ဆလိုဒ်၊ မှတ်စုများ အတိုင်း ‘အိုးပင်းကို့စ်ဝဲ’ တွင် တင်ပေးထားကြောင်း တွေ့ရသည်။ အချို့တက္ကသိုလ်များ (ဥပမာ – ကာလီဖိုးနီးယား တက္ကသိုလ် – ဘာကလေ) တွင် အခကြေးငွေယူ သင်ပေးသော သင်တန်း လက်ချာများကို ဗီဒီယို ရိုက်ကာ တင်ပေးထားသဖြင့် အတန်းထဲတွင် သွားကာ တက်နေရသကဲ့သို့ပင် ရှိသည်။

ဒါဆို ဘာလို့ ကျောင်းလခပေး တက်နေတော့မလဲ။

အင်မတန် မေးသင့်တဲ့ မေးခွန်းပါ။ ကျောင်းလခပေး တက်တာနဲ့ ကွာခြားတာလေးတွေတော့ ရှိပါတယ်။ ကျောင်းလခပေး တက်ရင် မရှင်းလင်းသည်များ ရှိပါက ဆရာ၊ ဆရာမတွေကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ‘အိုပင်းကို့စ်ဝဲ’ မှာတော့ ဘယ်သူကမှ လာပြီး ရှင်းပြနေမှာ မဟုတ်ပါ။ မိမိဖာသာ နားလည်အောင် ဖတ်ရှုလေ့လာရပါမယ်။ ကိုယ်ထူကိုယ်ထ ဆိုပါတော့။

နောက်တစ်ချက် ကွာခြားတာက ‘အိုပင်းကို့စ်ဝဲ’ မှာ လေ့လာပြီးသွားလို့ ဆိုပြီး အဆိုပါ တက္ကသိုလ်ကို ဘွဲ့၊ အောင်လက်မှတ်ပေးဖို့ သွားတောင်းလို့ မရပါ။ ဥပမာ – မိမိက အမ်အိုင်တီက ဘာသာရပ်တစ်ခုကို ‘အိုပင်းကို့စ်ဝဲ’ မှာလေ့လာပြီးသွားတာနဲ့ မိမိကို အမ်အိုင်တီက အသိအမှတ်ပြုလိုက်ပြီ လို့ သွားပြောလို့ မရပါ။

အသိအမှတ်ပြုလည်း မခံရ၊ ဘွဲ့လည်း မရ၊ အောင်လက်မှတ်လည်း မရဆိုတော့ ဘာလို့ လေ့လာနေမလဲ။

ဒါလည်း ဖြစ်တာပါပဲ။ ဘာမှ မလေ့လာပဲ အေးအေးဆေးဆေး နှပ်နေလည်း ဘယ်သူက ဘာပြောမှာလိုက်လို့။ သို့သော် … အသိအမှတ်ပြု မခံရပေမယ့် ပညာရပ် ဆိုင်ရာ ဗဟုသုတ တိုးတက်ပါတယ်။ မိမိရဲ့ ပညာဗဟုသုတ တိုးတက်ရေးအတွက် ကြိုးစားလိုစိတ်ရှိသူတွေ၊ နိုင်ငံခြားထွက် ပညာသင်ဖို့ရာ အခက်အခဲ ရှိနေသူတွေ အတွက် အဆင့်မြင့် ပညာရေး အလှမ်းမဝေးကြောင်း လက်တို့လိုက်ရခြင်းသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိသူတွေ အနေနဲ့ ‘အိုပင်းကို့စ်ဝဲ’ ကတဆင့် လေ့လာရာမှာ ဘာအခက်အခဲတွေ ရှိနိုင်သလဲ။

အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ အင်တာနက် အသုံးပြုတတ်ဖို့ နဲ့ အင်တာနက်မြန်နှုန်းမြင့်ဖို့ လိုပါတယ်။ အဲဒါတွေထက် အရေးကြီးတာက အချိန်မှန် လေ့လာသွားဖို့ပါ။ ကိုယ့်ကို ဘယ်သူကမှ ကြီးကြပ်နေတာ မဟုတ်လို့ ပေါ့ပေါ့လျှော့လျှော့နဲ့ လေ့လာချင်တဲ့ အချိန် လေ့လာ၊ ပစ်ထားချင်တဲ့ အချိန် ပစ်ထားလိုက်ဆိုရင်တော့ သိပ်မထူးပါ။ နောက်ထပ် ရှိနိုင်တဲ့ အခက်အခဲ တစ်ခုက ရည်ညွှန်းစာအုပ်၊ စာတမ်းများ ရရှိနိုင်ရေးပါ။ ဒါကတော့ ဘာသာရပ်ပေါ်မူတည်ပြီး မြန်မာပြည်က စာကြည့်တိုက်တွေမှာ ဖြစ်ဖြစ် အင်တာနက်မှာ ဖြစ်ဖြစ် ရှာဖွေ ရနိုင်ပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ အသိမိတ်ဆွေတွေရှိရင် သူတို့ကတဆင့်လည်း ရှာဖွေနိုင်ပါတယ်။

မူပိုင်ခွင့်ကို ဘယ်လို သတ်မှတ်ထားပါသလဲ။

အင်တာနက်ပေါ် တင်ပေးထားသော ‘အိုးပင်းကို့စ်ဝဲ’ ဆိုင်ရာ ဖိုင်များနှင့် ပတ်သက်သည့် မူပိုင်ခွင့်ကို တက္ကသိုလ် တစ်ခုချင်းစီက ရှင်းလင်းစွာ ဖော်ပြထားသည်။ အနိမ့်ဆုံး အောက်ထစ်အားဖြင့် ထိုဖိုင်များကို အခမဲ့ ပြန်လည် ဖြန့်ဖြူးခွင့်ရှိသည်။ ထိုသို့ ဖြန့်ဖြူးရာတွင် မူရင်းဖိုင်ကို မည်သည့်နေရာမှ ရရှိသည်ဟု အတိအကျ ဖော်ပြရန်လိုအပ်သည်။ နဂို မူလဖိုင်များကို ပြင်ဆင်ခွင့်မရှိ။ အချို့ တက္ကသိုလ်များကမူ ပြင်ဆင်ခွင့် ပေးသည်။ သို့သော် မိမိ ပြင်ဆင်ပြီးသော ဖိုင်များကို ဆက်လက်၍ အခမဲ့ ဖြန့်ဖြူးပေးရမည် ဖြစ်သည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။
http://www.ocwconsortium.org
http://en.wikipedia.org/wiki/OpenCourseWare
http://en.wikipedia.org/wiki/MIT_OpenCourseWare



2 comments

  • kyawmonkhant

    July 18, 2010 at 12:53 pm

    စိတ်ဝင်စားစရာကောင်းတဲ့ သင်တန်းများဖြစ်ပါသည်၊ အထူးသဖြင့် ပညာရေးလိုက်စားသူများအတွက် အခွင့်ထူးကြီးဖြစ်ပါသည်။သို့သော် မြန်မာပြည်က အင်တာနက်နှင့်တော့ အလုပ်ဖြစ်မည်ဟုမထင်။ ပို့စ်တင်ပေးသူကို ကျေးဇူးတင်ပါ၏။

  • ဂျေ ဂျူ ဝိုင်

    July 19, 2010 at 7:12 am

    အဲ ပညာဒါန ဆိုလို့ လန့်ပြီးလိုက်ရှာကြည့်တာပါ။ အွန်လိုင်းပေါ်က ဒါန ဆိုတဲ့ စကားတွေ တော်တော်လေးကို လန့်တဲ့ ရောဂါ ရနေလို့ ဟဲဟဲ

Leave a Reply