“ကာလသုံးပါနဲ့ အောင်မြင်မှု”

လူသားတိုင်းနှင့် တိရစ္ဆာန်တိုင်းမှာ ဘဝဆိုတာ ရှိပါတယ်။ ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ကြားကာလလို့ ဆရာအောင်သင်းက ဆိုဖူးပါတယ်။ ကြားကာလဆိုတာ အချိန်ပါပဲ။ ယင်းအချိန်ဆိုတာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ထိုသုံးပါးကို ဆိုလိုတာပဲ မဟုတ်လား။

ထိုသုံးပါးကို ဆက်ရှင်းရရင် အတိတ်ဆိုသည်မှာ လွန်လေပြီးသော အချိန်ကို ဆိုလိုရင်းဖြစ်ပြီး ပစ္စုပ္ပန်ကတော့ လက်ရှိအချိန်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အနာဂတ်ကတော့ နောင်လာမည့်အချိန်ကို ဆိုလိုခြင်းပါ။

တရုတ်စကားပုံတစ်ခုရှိပါတယ်။ အဲ့ဒါက အတိတ်ကာလအတွေ့အကြုံများဟာ အနာဂတ်တာဝန်များအတွက် အကောင်းဆုံးလမ်းပြဖြစ်ခြင်းတဲ့။ ထိုစကားပုံက မှန်ကန်ပါတယ်။ လူသားတို့ဟာ အတိတ်ကာလ အတွေ့အကြုံများကို ယူ၍ ပစ္စုပ္ပန်မှာသာ အကျိုးရှိရှိ အသုံးချမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်သူများဖြစ်နိုင်ကြမှာပါ။

တချို့ ရှိပါတယ်။ ကိုယ့်လက်ရှိ မအောင်မြင်မှုများကို အတိတ်ကံသို့ လွှဲချတတ်ခြင်းပါ။ အမှန်က ကံဆိုတာ အလုပ်လို့ ဘုရားက ဟောထားပါတယ်။ အလုပ်ဆိုတာလည်း စေတနာပါသော အလုပ်ကိုဆိုလိုခြင်းပါ။

ကိုယ့်အတိတ်ကံ ဘယ်လောက်ပဲဆိုးဆိုး လက်ရှိအချိန်မှာ အလုပ်ကို စေတနာထည့်ပြီး လုပ်မယ်ဆိုရင် ထိုက်သင့်သော အောင်မြင်မှုကို ရရှိကြမှာပါ။ ထိုကဲ့သို့ ဘယ်အလုပ်ပဲလုပ်လုပ် စေတနာပါပါလေးလုပ်သွားမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်မှုတွေ ဆက်တိုက်ကြိုနေမှာ သေချာပါတယ်။

လူတိုင်းဟာ အမြဲတမ်းလည်း ကံမဆိုးတတ်သလိုူ အမြဲတမ်းလည်း ကံမကောင်းတတ်ကြပါဘူး။ ထို့ကြောင့် အတိတ်ကံကိုသာ မျှော်ကိုးပြီး ဘုရားရှိခိုး ဆုတောင်းနေလို့ကတော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်သလို၊ ဘာမှလည်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ လုပ်ရမှာက အတိတ်က အမှားတစ်ခုခု တွေ့ ကြုံခဲ့ရင်တောင် ထိုအမှားကို သင်ခန်းစာယူပြီး အနာဂတ်ကို ချီတက်ရမှာဖြစ်ပါတယ်။

ဘဝမှာ လူတိုင်း အနည်းနဲ့ အများတော့ ကံဆိုးတတ်ကြပါတယ်။ ဒါဓမ္မတာပါပဲ။ အဲ့ဒီလို ကံဆိုးလာရင် ကံကောင်းအောင် အလုပ်ပိုလုပ်ရပါမယ်။ ဒီလိုမှမလုပ်ဘဲ “ငါ့ကျမှ ဒီလိုဖြစ်တာပါလား” တွေးပြီး စိတ်မကောင်းဖြစ်နေလို့ကတော့ အနာဂတ်ဟာ စုန်းစမြုပ်သွားမှာ သေချာပါတယ်။

ထို့ကြောင့် ဒီလို ကံဆိုးလာပြီဆိုရင် အကောင်းမြင်စိတ်ထားရှိဖို့ အရေးကြီးပါတယ်။ အကောင်းမြင်စိတ်ရှိမှ အမြင်ကောင်းလာမှာပါ။ ရှေ့ကို အမြင်ကောင်းနေသူအတွက် အနာဂတ်ဆက်လှမ်းဖို့ အင်အားတွေ အလိုလို ပြည့်လာပါလိမ့်မယ်။ ထိုသူမျိုးဟာ ကံဆိုးခြင်းတွေ့ ကြုံခဲ့ရင်တာင် အောင်မြင်မှုလှေကားထစ်များဟု မှတ်ယူပြီး အနာဂတ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မှာပါ။

လူငယ်တစ်ယောက် နောင်ဆယ်နှစ်ကြာရင် ဘာဖြစ်မလဲဆိုတာ အများအားဖြင့် ပစ္စုပ္ပန်ကြည့်ပြီး ဆုံးဖြတ်တတ်ပါတယ်။ ဒီနည်းလမ်းဟာ ခန့်မှန်းသူများအတွက် အမှန်ကန်ဆုံးနည်းလမ်းပါပဲ။

ပစ္စုပ္ပန်မှာ တေနေ၊ လေနေသော လူငယ်တစ်ယောက်အတွက် နောက်လာမယ့် အနာဂတ်ဟာ သေဆုံးနေမှာဖြစ်ပါတယ်။ သူနဲ့ ဆန့်ကျင်ဘက် ပစ္စုပ္ပန်ကို အကျိုးရှိစွာ အသုံးချသော လူငယ်အဖို့မူ အနာဂတ်ဟာ အောင်မြင်မှုများစွာ စောင့်ကြိုနေမှာပါ။

ထိုသို့ဖြစ်လာရခြင်းဟာ ကိုယ်ပြူမူခဲ့သော အကြောင်းကြောင့် အကျိုးဖြစ်လာခြင်းပါပဲ။ လူတိုင်းဟာ ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရတာပဲ မဟုတ်လား။

ထိုသို့ ပစု္စပ္ပန်ကို အကျိုးရှိစွာ အသုံးချသူအတွက် အတိတ်များဟာလည်း နောင်တရစရာ ကင်းဝေးစေပါတယ်။ အနာဂတ်များမှာလည်း အောင်မြင်မှုများစွာ သိမ်းပိုက်သွားနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ထိုသူဟာ ပစ္စုပ္ပန်ကို ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းစွာ သိရှိသွားလို့ပဲဖြစ်ပါတယ်။

ပစ္စုပ္ပန်မှာ အချိန်ဖြုန်းခဲ့သူအတွက်တော့ အတိတ်ဟာ နောင်တရစရာများအပြည့် ဖြစ်နေပါလိမ့်မယ်။ အောင်မြင်မှုများနဲ့လည်း ကင်းဝေးပြီး အဆိုးဆုံးက မလှမပဇာတ်သိမ်းများနဲ့ နိဂုံးချုပ်သွားတတ်ပါတယ်။ ထို့ကြောင့် ပစ္စုပ္ပန်ကို အကျိုးရှိစွာ အသုံးချဖို့လည်း လူသားတိုင်းအတွက် အရေးကြီးပါတယ်။

နောက်တစ်ခုပြောချင်တာက ဘယ်အချိန်မှာပဲဖြစ်ဖြစ် လူတိုင်းဟာ အမှားမကင်းကြပါဘူး။ ကိုယ့်ကို အကျိုးယုတ်စေမယ့် အဲ့ဒီလို အမှားမျိုး ကြုံလာပြီဆိုရင် စိတ်ပျက်လက်ပျက်ဖြစ်နေစရာ မလိုပါဘူး။ လုပ်ရမှာက ပြင်ဖို့လွယ်မယ့် အမှားမျိုးဆိုရင် ချက်ချင်းပြင်လိုက်ပါ။ ပြင်ဖို့ မလွယ်တဲ့ အမှားမျိုးဆိုရင် နောင်မမှားအောင် သင်ခန်းစာယူပါ။

ဗစ်ခရမ်ခန်နာရဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲ့ဒါက “မှားမှာကို မကြောက်ပါနဲ့… အမှားမလုပ်မိရင် ဘယ်တော့မှ တတ်မြောက်မှာ မဟုတ်ဘူးတဲ့”။ ဒီစကားက လူတော်တော်များများနဲ့ သက်ဆိုင်ပါတယ်။ ဘယ်ပညာရပ်မဆို ကျွမ်းကျင်စွာ တတ်မြောက်ဖို့ အမှားတွေက အကောင်းဆုံး သင်ဆရာတွေပါပဲ။ ထို့အပြင် ကိုယ်တိုင်ကလည်း ခံယူတတ်တဲ့ တပည့်ကောင်းဖြစ်ဖို့ လိုပါသေးတယ်။

ကာလသုံးပါးမှာ မည်သည့်အရာက ပိုအရေးကြီးတယ်ဆိုပြီး မရှိပါဘူး။ အားလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်နွယ်နေပါတယ်။ ပစ္စုပ္ပန်ဟာ တချိန်ကျရင် အတိတ်ဖြစ်ပြီး၊ အဲ့ဒီပစ္စုပ္ပန်မှာ လုပ်ခဲ့တဲ့ အကျိုးဆက်တွေကလည်း အနာဂတ်ကို ဆက်လက်ဖြစ်ထွန်းပါတယ်။ အဓိကကတော့ အချိန်ကို အကျိုးရှိစွာ အသုံးချသူအတွက် ကာလသုံးပါးဟာ အောင်မြင်မှုချည်းပါပဲ။

ထိုသို့ အသုံးချရာတွင် စိတ်အလောတကြီးလုပ်ဖို့ မလိုအပ်ပါဘူး။ မြန်မြန်ပြေးသော်လည်း ဦးတည်ချက်မှားရင် ပန်းတိုင်နဲ့ဝေးမှာ သေချာပါတယ်။ ရှေ့တက်ခြေလှမ်းတိုင်းဟာ ဖြည်းဖြည်းမှန်မှန်နဲ့ ဆုံးဖြတ်ချက်တိကျပြီး ပန်းတိုင်နဲ့ နီးနေရပါမယ်။ တစ်နေ့တစ်လံ၊ ပုဂံဘယ်ရွေ့ မလဲဟူသော ထုံးကို နှလုံးမူရပါမယ်။

ထိုသို့ ကာလသုံးပါးကို ဖြတ်သန်းရာတွ လောကဓံရှစ်ပါးဆိုတာ မလွဲမသွေ တွေ့ ကြုံရမယ့် အရာပါ။ အဲ့ဒီလို တွေ့ ကြုံရမှာလည်း အဆိုးဖြစ်ဖြစ်၊ အကောင်းဖြစ်ဖြစ် မတုန်မလှုပ် ပေါ့ပေါ့ပါးပါး ရင်ဆိုင်ရပါမယ်။

ဒီလိုမှ မလုပ်ရင် အဆိုးလောကဓံကြောင့် ဘဝဟာ နလန်မထူနိုင်ဖြစ်ပြီး အကောင်းလောကဓံကြောင့်လည်း ဘဝဟာ ပျက်စီးသွားနိုင်ပါတယ်။ ထိုသို့ ကြုံလာပါက ဘုရားဟောလမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်ကျင့်စဉ်ဟာ အသင့်တော်ဆုံးနည်းလမ်းပါပဲ။ ထိုနည်းလမ်းစာ အဆိုးကြောင့်လည်း စိတ်ဓာတ်မကျ၊ အကောင်းကြောင့်လည်း အပျော်မလွန်ဖို့ ထိန်းချုပ်ခြင်းပါ။

ပြီးတော့ ဘယ်အချိန် ဘာပဲလုပ်လုပ် ပျင်းရိခြင်းမရှိဖို့လည်း လိုပါတယ်။ လူပျင်းတစ်ယောက်အတွက် အောင်မြင်မှုဟာ ပုံပြင်ထဲမှာပဲ ရှိပါလိမ့်မယ်။ တကယ့်လက်တွေ့မှာတော့ လူပျင်းတစ်ယောက်ဟာ ဘယ်နေရာမှ အသုံးမဝင်ပါဘူး။ အောင်မြင်မှုဆိုတာ ဝေလာဝေးပေါ့။ ထို့ကြောင့် ကာလသုံးပါးမှာ မပျင်းရိဖို့လည်း အရေးကြီးပါတယ်။

ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ပျင်းရိလာပါက အလုပ်ကို စိတ်ပါလက်ပါဖြင့် ပျော်စရာတစ်ခုသဖွယ် လုပ်ဆောင်ပါ။ ဝတ္တရားဆိုတာထက် ကိုယ်ကိုယ်တိုင်က အလုပ်ထဲပျော်မှ စိတ်ချမ်းသာမှာပါ။ ဒီလိုမှလည်း စိတ်ပါလက်ပါခြင်း၏ အကျိုးကျေးဇူးကို ခံစားနိုင်ပြီး အနာဂတ်လည်း အောင်မြင်မှု ရရှိမှာ သေချာပါတယ်။ ပျင်းရိခြင်းကို အောင်နိုင်သူအတွက် အောင်မြင်မှုတွေကို ဘယ်အရာမှ မတားဆီးနိုင်ပါဘူး။ ဒါကြောင့် လုံးဝ မပျင်းပါနဲ့။

အနှစ်ချုပ်ရရင် ကာလသုံးပါးဆိုတာ အချိန်ပါပဲ။ ထိုအချိန်ကို မပျင်းမရိ အကျိုးရှိစွာ အသုံးချနေသူအတွက် ဘယ်နယ်ပယ်မဆို အောင်မြင်မှုဖြစ်ထွန်းနိုင်မှာ သေချာပါတယ်။ ထိုအောင်မြင်မှုဟာ လောကီနယ်ပယ်သာမက လောကုတ္တရာနယ်ပယ်အထိပါ ခြေလှမ်းကျယ်ပြန့်ပါတယ်။

ထို့ကြောင့် လူသားတိုင်း ပစ္စုပ္ပန်အချိန်တိုင်းကို အကျိုးရှိစွာ အသုံးချနိုင်သူများဖြစ်၍ အတိတ်သမိုင်းများ လှပကြပါစေ။ အနာဂတ်ကောင်းကင်ကြီးလည်း အလင်းပွင့်ပါစေ။ ကာလတစ်ခုနဲ့တစ်ခု ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အသုံးချနိုင်သူများဖြစ်၍ ဘဝခရီးလမ်းလည်း ဖြောင့်ဖြူးသာပါစေဟု ဆုတောင်းပေးအပ်ပါတယ်။

လေးစားစွာဖြင့်….

စေပိုင်ထွဋ်(ပုသိမ်)

7 comments

  • Mr. MarGa

    January 2, 2013 at 9:39 pm

    တိုက်တွန်းသလို လုပ်ဖို့ ကြိုးစားနေပါကြောင်း


  • မုသားစကား ပြောလိုက်ခြင်းဟာ
    ဟောဒီကမ္ဘာလောကကြီးကို ဖျက်ဆီးပစ်လိုက်တာပါပဲ ….
    ဟောဒီကမ္ဘာကြီး ငြိမ်းချမ်းချင်ရင် ..
    မှန်တဲ့စကား သစ္စာဝါစာကို ပြောကြရမယ် …

    ကြီးကျယ် မြင့်မြတ်သူတွေရဲ့ ဘဝဇာတ်ကြောင်းကို လေ့လာကြည့်ရင်
    ကြီးကျယ် မြင့်မြတ်စေကြောင်း လမ်းစဉ်ကောင်းတွေ ကျင့်သုံးခဲ့ကြတာကို
    တွေ့ကြရလိမ့်မယ် ….

    စေတနာကို ကံ လို့ ခေါ်မယ် ..
    စေတနာကောင်းရင် ကံကောင်းမယ် ..
    စေတနာဆိုးရင် ကံဆိုးမယ် …
    ကိုယ့်ရဲ့ ကံ ကောင်း၊ မကောင်း ဆိုတာ …
    စေတနာပေါ်မှာ မှတ်ကျောက် တင်ကြည့်ရလိမ့်မယ် …

    သီတဂူ ဆရာတော်ကြီး ဟောထားတာကို ပြန်ပြောကြည့်တာပါ …
    အဟီးးးး :mrgreen:

    ဖတ်ရှုသွားပါတယ် ကိုစေပိုင်ထွဋ်ရေ ……။
    ဒီဂဇက် ရွာထဲကိုလည်း အချိန်ရရင် စာတွေ တင်ပါဦးလို့ …..။

    • စေပိုင်ထွဋ် (ပုသိမ်)

      January 3, 2013 at 2:53 pm

      ဟုတ်ကဲ့ဗျာ
      တင်ပေးပေါ့မယ်ဗျာ ဖတ်လည်းဖတ်မယ်ဗျာ

  • အလင်းဆက်

    January 3, 2013 at 7:42 am

    လူသားတိုင်း ပစ္စုပ္ပန်အချိန်တိုင်းကို အကျိုးရှိစွာ အသုံးချနိုင်သူများဖြစ်၍ အတိတ်သမိုင်းများ လှပကြပါစေ။ အနာဂတ်ကောင်းကင်ကြီးလည်း အလင်းပွင့်ပါစေ။ ကာလတစ်ခုနဲ့တစ်ခု ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အသုံးချနိုင်သူများဖြစ်၍ ဘဝခရီးလမ်းလည်း ဖြောင့်ဖြူးသာပါစေ

    =========
    ဆုတောင်စကား..စာသားအလှလေးအတွက်..
    ကျေးဇူးပါဗျာ ။

    စာပေရေးရာ ဆောင်းပါးလေးတွေ ရေးပါဦး.ကိုစေပိုုင်

    ============
    ခင်မင်လေးစားစွာ
    အလင်းဆက်

    • စေပိုင်ထွဋ် (ပုသိမ်)

      January 3, 2013 at 2:55 pm

      ဟုတ်ကဲ့ တတ်နိုင်သမျှ ရေးနိုင်ဖို့ ကြိုးစားမည် ဖြစ်ပါကြောင်း
      ကဗျာတွေတော့ မနားတမ်း ရေးထားပါကြောင်း
      စာပေဆောင်းပါတွေလည်း အချိန်ဖဲ့ပြီး ရေးနိုင်အောင် ကြိုးစားပါအုံးမယ်

  • မင်းသုဝေ

    January 3, 2013 at 4:17 pm

    “မှားမှာကို မကြောက်ပါနဲ့… အမှားမလုပ်မိရင် ဘယ်တော့မှ တတ်မြောက်မှာ မဟုတ်ဘူးတဲ့”။
    အဲဒါကိုကျွန်တော်လဲ ကျင့်သုံးပါတယ်။ လူတိုင်းမှာ ဘယ်အရာမဆို fast time ဆိုတာကိုအရင်ဖြတ်ကျော်ရတာပါ

  • မောင်ပေ

    January 4, 2013 at 9:27 pm

    ဖတ်ရှုအားပေးသွားပါတယ် ဆိုတာလေး
    အဲဒါ အဲဒါ

Leave a Reply