ဒီခေတ်ကြီးမှာ မိဘစပ်ပေးလို့ယူရတာ အတော်နည်းနေပါပြီ။ မိဘတွေကလည်း ကိုယ်ရှာပေးလိုက်တဲ့ အိမ်ထောင်ဖက်က မကောင်းရင် ကိုယ့်ဘာသာကိုယ် ယူကြုံးမရဖြစ်မှာ စိုးလို့ မရှာပေးချင်ကြတော့ပါဘူး။ အချိန်တန်အရွယ်ရောက်တဲ့ လူငယ်တွေကြိုက်တာရွေးထားတာ သင့်တော်တယ်ဆိုရင် ရုပ်ရှင်ထဲကလို အတင်းဆွဲမခွဲတော့ဘူး။  အလုပ်ထွက်လုပ်တဲ့ မိန်းကလေးတွေ များလာတဲ့ ဒီခေတ်မှာ လူငယ်တွေကိုယ်တိုင်ကလည်း အိမ်မှာထိုင်ပြီးမိဘရှာပေးမှာစောင့်မနေစရာမလိုဘဲ သူ့ဘာသာ အလုပ်မှာကျောင်းမှာ ချိတ်မိစပ်မိနဲ့ ရှာတွေ့သွားကြပါတယ်။ ဒီလိုနဲ့ မိဘပေးစားလို့ယူရတယ်ဆိုတာ ကျမအဖေအမေတို့ခေတ်ကနဲ့စာရင် အတော်နည်းလာပါပြီ။  ခက်တာက ကိုယ်တိုင်မရှာ ချင်တဲ့ လူငယ်တွေကျမှပဲ မိဘက မီးထိုးရတော့တယ်။  ကျောင်းမှာတုန်းကလည်းမရှာ၊ အလုပ်မှာလည်းမရှာ၊ မတွေ့ရင်လည်းမယူ၊ မိဘရှာပေးရင်တော့ ယူမယ်ဆိုတာမျိုးပေါ့။  ကိုယ်တိုင်ရှာရတဲ့ risk ကလည်းနည်းတာမှမဟုတ်တာ။ ကိုယ်တိုင်စိတ်ကြိုက် ကောင်းတယ်ထင်လို့ရွေးလိုက်ပြီးမှ မကောင်းရင် မိဘကို အပြစ်တင်လို့လည်းမရ၊ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ကြိတ်ခံရမှာ။ ဒီလိုနဲ့ မိဘတွေခေါင်းပေါ် တာဝန်ပြန်ရောက်လာရော။

 

“လဲ့လဲ့ကို ခဏခဏလာစပ်နေကြတယ်တဲ့”

ကျမညီမ၀မ်းကွဲက ရန်ကုန်ကအောင်တဲ့ ဆရာဝန်ပေါက်စ။ မြန်မာပြည်မှာ ဆရာဝန်တွေ အရင်ကရော အခုရော ဈေးအရမ်းကောင်းပါတယ်။ မိသားစုထဲမှာ ဆရာဝန်မရှိသူတွေက ဆရာဝန် ချွေးမဆို လိုချင်ကြတယ်။ တကယ် ဆေးကုကု မကုကု၊ အသက်ကြီးလာတဲ့ မိဘတွေကို တချိန်လုံး မနီးကပ် ကြည့်ရှုတိုင်ပင်နိုင်မယ်ပေါ့။  ရာသက်ပန် တကယ်ဂရုစိုက်မဲ့ မိသားစုဆရာဝန် ဖြစ်သွားရော ၊ ဘယ်လောက်ကောင်းလိုက်သလဲ။  ဆရာဝန်သာဖြစ်လာပြီး ဘာမှမတတ်ရင်တောင် နာမည်ရှေ့ ဒေါက်တာ တပ်ရတာ နဲသလား။ နိုင်ငံခြားက လူတွေကလည်း မြန်မာပြည်က ဆရာဝန်မဆိုရင် ပညာတတ်၊ ဂုဏ်သရေရှိ၊ ဆရာဝန်ဖြစ်ပြီးသားမို့ ကျောင်းအစကတက်ဖို့မလို၊  မြန်မာမိန်းကလေးလဲဖြစ် မို့   instant noodle ခေါက်ဆွဲပြုတ်လေး အဆင်သင့်ရလိုက်သလို လိုချင်ကြတယ်။ မိတ်ဆွေပေါတဲ့ ကျမအဒေါ်က သူ့သမီးကို လောလောဆော်ဆော် မပေးစားချင်သော်ငြား နီးစပ်ရာအသိတွေကတဆင့် လာစပ်တဲ့ သူတွေက အများသား။   အခုတလော ကြားတာများလာတာက “ကောင်လေးက အမေရိကားမှာ အင်ဂျင်နီယာတဲ့” ။  ရန်ကုန်က စပ်တဲ့လူတွေကို ကိုယ်တိုင်အကဲခတ် နိုင်ပေမဲ့ အမေရိကားက ကောင်လေးဆိုတော့ အဒေါ်က အမေရိကားမှာနေတဲ့ ကျမတို့ ညီအမတွေကို တီးခေါက်လာတာပေါ့။ ဒီနာမည်ကို သိလားပေါ့။  မိဘဆိုတော့ ကိုယ့်သမီးဆရာဝန်အတွက် ခပ်မြင့်မြင့်လေးရစေချင်မှာပေါ့။  ရန်ကုန်က ဆရာဝန်ဒီဂရီစာရွက်ကိုင်ထက် အမေရိကားက အင်ဂျင်နီယာဆို ပိုတော်မလား။

 

စင်္ကာပူမှာရော ၊အမေရိကားမှာရော၊အင်္ဂလန်မှာရော အင်ဂျင်နီယာတွေပေါမှပေါ။ နိုင်ငံခြားမှာ စာသွားဖတ်တဲ့  လူတိုင်းလိုလိုက အချိန်အကြာကြီးဖတ်ရတဲ့ ဆရာဝန်ထက် အချိန်တိုတိုဖတ်၊ မြန်မြန်ဒီဂရီရ၊ ကျောင်းပြီးပြီးချင်း ဘက်ချလာဒီဂရီလေးနဲ့တင် ပိုက်ပိုက်များများရတဲ့ အင်ဂျင်နီယာတို့ ကွန်ပြူတာမေဂျာတို့ကို ရွေးကြတာချည်းပဲ။ ယောက်ျာလေးတွေဆို အင်ဂျင်နီယာနဲ့ ကွက်တိပဲဆိုတော့ ပိုတောင် အဆင်ပြေသေး။  ပြောတော့လွယ်တယ်၊ တကယ်လွယ်လားဆိုတော့ ကျောင်းမပြီးပဲ အလုပ်လည်းအတည်တကျမလုပ်နိုင်၊ ကျောင်းလည်းဆက်မတက်နိုင်ဖြစ်နေတဲ့ လူတွေ အမေရိကားမှာ အများကြီး။ ကျောင်းလခဈေးကြီးလို့ အလုပ်ခဏထွက်လုပ်ပြီး ကျောင်းလခစုတာက စပြီး ကျောင်းတက်လိုက် ထွက်လိုက်နဲ့ နှစ်ပေါင်းများစွာ ကျောင်းမပြီးနိုင်တဲ့သူတွေအများကြီး။  ကံမကောင်းအကြောင်းမလှလို့ ကိုယ်တိုင်ကျောင်းလခရှာရတဲ့ ဘ၀တွေကိုလေးစားပါတယ်။  တချို့ကျတော့ မိဘကကျောင်းထားပေးပါလျက် စာမဖတ်ချင်လို့ ၊ မဖတ်နိုင်လို့ ကျောင်းတ၀က်တပျက်နဲ့ ဓာတ်ဆီဆိုင်မှာ ၊ စူရှီဆိုင်မှာ၊ ကားပြင်ဆိုင်မှာတို့၊တက်စီမောင်းတာတို့ နှစ်နဲ့ချီလုပ်နေတာတွေ အများကြီး။  အလုပ်ဟူသမျှဂုဏ်ရှိစွမို့ ဒီအလုပ်တွေကို ကဲ့ရဲ့တာမဟုတ်ပါ။ ဒီထက်ပိုကြီးတဲ့ ခြေလှမ်းလှမ်းနိုင်ပါလျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် တ၀က်တပျက် မှာရပ်နေရတာကို နှမြောမိတာ။   ဆိုတော့ “အမေရိကားက အင်ဂျင်နီယာ” ဆိုရင် ဘယ်လို အင်ဂျင်နီယာလဲ။  တက်စီနေ့တိုင်းမောင်းနေရတဲ့ အင်ဂျင်နီယာလား၊ ဓာတ်ဆီဆိုင်မှာ Cashier လုပ်နေတဲ့ အင်ဂျင်နီယာလား၊  Facebook မှာလုပ်နေတဲ့ အင်ဂျင်နီယာလား၊  Facebook မှာ ပီပီပြင်ပြင်မလုပ်နိုင်လို့ အလုပ်ဖြုတ်ခံထားရတဲ့ အင်ဂျင်နီယာလား၊ အင်ဂျင်နီယာနဲ့အောင်ပြီးမှ လက်ကြောမတင်းလို့ ဟိုပြောင်းချင်သလိုလို၊ ဒီပြောင်းချင်သလိုလို၊ မြန်မာပြည်ပြန်ချင်သလိုလို အင်ဂျင်နီယာလား၊ student visa  နဲ့လာပြီးမှ ကျောင်းဆက်မတက်တော့လို့ immigration status ဟိုမရောက် ဒီမရောက် အင်ဂျင်နီယာလား။     ဘယ်သူက မကောင်းဘူး၊ ဘယ်သူက ကောင်းတယ် မပြောပါ။ မှန်းချက်နဲ့ နှမ်းထွက်ကိုက်ရင်ပြီးတာပါဘဲ။   ကိုယ်ရှာပေးလိုက်တဲ့လူက ကိုယ်ထင်တဲ့ အရည်အချင်းနဲ့ ဟုတ်ရဲ့လားဆိုတာ သေချာ စီစစ်ကြစေချင်တာပါ။  အမေရိကားမှာ ဓာတ်ဆီတွေဆိုင်ပိုင်တဲ့ မြန်မာသဌေးတွေ အများကြီးရှိသလို ကောင်တာမှာပိုက်ဆံရှင်းတဲ့ မြန်မာတွေလည်း အများကြီးပါ။

 

အင်္ဂလန်မှာ လူဝင်မှုကြီးကြပ်ရေးရဲ့ တရားမဖောက်ဖျက်ရုံလေး ကျောင်းအပြတက်ပြီး ၁၀နှစ်လောက် အလုပ်လုပ်နေကြတဲ့ မြန်မာတွေအများကြီးရှိပါတယ်။ ဒီလိုအပြတက်ဖို့  ကျောင်းလခနည်းနည်းလေးနဲ့ကျောင်းတွေလည်းအများကြီး ရှိပါတယ်။    အဲဒီလိုတက်နေတဲ့လူတွေက အလုပ်လာလုပ်တာကနေ တရားဝင်နေလို့ရအောင် ကျောင်းသားဗီဇာ အပြယူထားတာပါ။ ၁၀နှစ်ပြည့်ရင် PR လိုနေခွင့်ရမယ်ဆိုလား၊ ဒါကြောင့် ရသမျှအလုပ်လုပ်၊ တရားဘောင်အတွင်းမှာကျောင်းအပြစာရင်းသွင်းထား၊ ကျောင်းဆက်တက်လို့ရအောင် စာမေးပွဲ မကျကျအောင် ဖြေပြီး၊ ၁၀နှစ်ပြည့်အောင် စောင့်နေကြတာအများကြီး။   “ကျမ အသိရဲ့ သားက လန်ဒန်မှာကျောင်းတက်နေတာ”  ဆိုပြီးလာစပ်လို့ကတော့ အချက်ပြမီးနီတွေ မီးဝါတွေ တောက်နေသင့်ပြီ။  Ph.D တက်နေသလိုလို ၊ post-doc research လုပ်နေသလိုလို။  မြန်မာပြည်ကလူတွေကတော့ ပြည်ပမှာ ကျောင်းတက် အလုပ်လုပ်နေတယ်ဆိုရင် အထင်တကြီး အတွေးတွေကို အရင်စတွေးလေ့ရှိကြတယ်။

 

ဒါဖြင့် ပြည်ပမှာ ကောင်းကောင်းကန်းကန်း ယောက်ျားလေးတွေမရှိဘူးလား လို့မေးစရာ…။   ရှိတာပေါ့၊ အများကြီး။  ဒါပေမဲ့ ကောင်းတဲ့သူတွေက သူများတွေယူလို့ကုန်လောက်ပြီ။ မြန်မာပြည်မှာပြန်စပ်ရတဲ့ အထိမရောက်တော့ဘူး။ နိုင်ငံခြားမှာ မြန်မာမိန်းကလေးတွေလည်းရှိတာမမေ့နဲ့လေ။  ပိုတော်ပိုကောင်းတဲ့ ကောင်းလေးတွေကလည်း ပိုတော်ပိုထက်တဲ့ ကောင်းမလေးတွေနဲ့ ပါသွားပြီးသား။ နိုင်ငံခြားက မြန်မာမိန်းကလေးတွေထဲမှာ မတွေ့သူတွေကလည်း နိုင်ငံခြားသားထဲမှာ ရှာယူပြီးသွားပြီ။  ဆိုတော့ မြန်မာနိုင်ငံမှာပြန်စပ်ရတဲ့ သူဆိုတာ ဒီမှာ ရွေးကျန်ဖြစ်သွားလို့ပဲ။  ဈေးသည်တွေလိုပဲ ဒီဈေးမှာရောင်းမကုန်ရင် ဈေးကွက်အသစ်ရှာပြီး နောက်ဈေးပြောင်းရောင်းရတယ်။  မြန်မာပြည်မှာပြန်စပ်တဲ့ လူတော်လူကောင်းတွေလည်းရှိတာပေါ့။  အလုပ်မကောင်း အခြေအနေမကောင်းပေမဲ့ စိတ်ကောင်းလူကောင်းတွေလည်း အများကြီး။  မှန်းချက်နဲ့ နှမ်းထွက်ကိုက်ဖို့ပဲ အရေးကြီးတာပါ။

 

 

ပြည်တွင်းကလူအချင်းချင်း လူကဲခတ်ရတာ ခက်မှတော့ ပြည်ပကလူတွေကို အကဲဖြတ်ရတာ ပိုခက်မှာပါ။ ချိတ်စပ်ပေးတဲ့ လူတွေကို ညာနေတယ်လို့ မဆိုလိုပါ။ မြန်မာပြည်တွင်းနဲ့ ပြည်ပက ဓလေ့ထုံးစံတွေ မတူတော့ ဘယ်လို လွတ်ကွက်တွေရှိသလဲဆိုတာ သိဖို့ခက်ပါတယ်။ စပ်ပေးတဲ့ လူတွေကြားထဲမှာကိုပဲ စကားကျန်တာတွေ၊ စကားဖောင်းပွတာတွေနဲ့ အမှန်ပျောက်သွားတတ်တယ်။  သားကို နိုင်ငံခြားပို့ထားပြီး ဟိုမှာ တကယ်ဘာလုပ်နေလဲ သေသေချာချာ မသိ နားမလည်တဲ့ မိဘတွေလည်း အများကြီးဆိုတော့ သူတို့အပြစ်လည်း မဟုတ်ပါ။  နိုင်ငံခြားမှာ အသိရှိတဲ့ သူတွေကတော့ စုံစမ်းပေးနိုင်ပေမဲ့  အဆက်အသွယ်မရှိသူတွေကျတော့    နိုင်ငံခြားနေ ဆိုတာလေးနဲ့တင် ကောင်းတယ်ထင်ပြီး သူတို့သမီးလေးကို ပေးစားလိုက်ပြီးမှ ကိုယ်ထင်သလိုမဟုတ်မှာ စိုးရိမ်မိတယ်။

 

ဒီတော့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာပြည်က တော်တော်ထက်ထက် အလားအလာရှိတဲ့ ယောက်ျားလေးတွေထဲကရွေးမလား (ဒီရွာထဲမှာတင်အများကြီး) ၊ နိုင်ငံခြားက ရွေးကျန်ထဲက ရွေးမလား။   နိုင်ငံခြားကဆိုလို့ အထင်မကြီးပါနဲ့။ ပြည်တွင်းကလူတွေထက် သာတယ်လို့ မယူဆပါနဲ့။  အရည်အသွေးကောင်းကျောက်တွေက ပြည်တွင်းမှာနေနေ ပြည်ပမှာနေနေ တောက်ပြောင်မှာပါ။

p.s:  ကျမအဒေါ်လိုပဲ သားသမီးတွေအတွက် အိမ်ထောင်ဖက်ရှာပေးနေရတဲ့ ရွာသူရွာသားတွေရဲ့ မိဘဆွေမျိုးတွေ သတိချပ်မိအောင် ရေးလိုက်တာပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်တိုက်ခိုက်ခြင်းမဟုတ်ပါ။

 

 

 

 

About သကြားလုံးကြော်

Pink Candy has written 7 post in this Website..