အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၆ ) ( D – 22 & 23 – ROME – VENICE )

Foreign ResidentJanuary 6, 201318min14816

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၁၆ )

 

( D – 22 & 23 –

ROME – VENICE )

 

အောက်တိုဘာ ၂ ရက်နေ့ ။

 

ဒီနေ့ တော့ ရောမ မြို့ကနေ ၊

နာမည်ကျော် ဗင်းနစ် မြို့ကို ၊

ထွက်လာခဲ့ပါတယ် ။

 

ကီလို ၄၀ဝ ကျော် ကွာဝေးပြီး မနက် ရ နာရီလောက်က စထွက်လာတာ ၊

ညနေ ၃ နာရီကျော်မှ Venice မြို့ကိုရောက်ပါတယ် ။

အီတလီပြည်က ကားလမ်းတွေ ၊ စားသောက်ဆိုင်ပေါ်က ရိုက်ထားတာ ။
အီတလီပြည်က ကားလမ်းတွေ ၊ စားသောက်ဆိုင်ပေါ်က ရိုက်ထားတာ ။
သူတို့ဆီက ကား Parking အမိုးတွေက နေအားလျှပ်စစ်ပြားတွေနှင့် လုပ်ထားတာ ။
သူတို့ဆီက ကား Parking အမိုးတွေက နေအားလျှပ်စစ်ပြားတွေနှင့် လုပ်ထားတာ ။
အီတလီပြည်မှာ တောင်ဖေါက် လှိုင်ခေါင်းတွေက အများကြီးပဲ ။
အီတလီပြည်မှာ တောင်ဖေါက် လှိုင်ခေါင်းတွေက အများကြီးပဲ ။

 

 

 

Venice မြို့ ဟာ ကျွန်း မြို့ တစ်မြို့ ဖြစ်ပြီး ၊ အဲဒီ ကျွန်းကို ၊

Venetian Lagoon ခေါ်တဲ့ ကျောက်တန်းက ပါတ်ပါတ်လည်မှာ ကာထားပါတယ် ။

Venice မြို့ ဟာ ရေအောက်ကို တဖြေးဖြေး နိမ့်ဝင် ခဲ့ / နေ တဲ့ မြို့ ဖြစ်ပါတယ် ။

 

Venice မြို့ ရေအောက်ကို တဖြေးဖြေး နိမ့်ဝင်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ၊

မြို့နေ လူထု အတွက် နှင့် စက်မှုလုပ်ငန်း အတွက် လိုအပ်လို့ ဆိုပြီး ၊

မြို့မြေမျက်နှာပြင် အောက်က  မြေအောက်ရေတွေကို အလွန်အကျွံ ထုတ်ယူခဲ့တဲ့အတွက် ၊

မြေအောက်ရေတွေက ပင့်မထားတဲ့ မြို့မြေပြင်ကြီးပါ နိမ့်ဆင်းလာတာပါ ။

 

အခုအခါမှာတော့ မြေအောက်ရေ ထုတ်ယူတဲ့ ရေတွင်းတွေကို အကုန်ပိတ်ပြစ်လိုက်ပြီး ၊

မြို့အတွက် လိုအပ်တဲ့ ရေချိုကို တခြား ဒေသတွေကနေ သွယ်ယူ သုံးစွဲနေပါတယ် ။

အဲဒဲကြောင့် မြို့မြေမျက်နှာပြင် ကတော့ ထပ်မံ မနိမ့်ဆင်းတော့ဘူးလို့ ဆိုပါတယ် ။

ဒါပေမယ့် နိမ့်ဆင်းပြီးသွားတဲ့ မြို့မြေမျက်နှာပြင်ကိုတော့ ပြန်မြှင့်တင်လို့ မရတော့ပါဘူး ။

 

အဲဒီတော့ ဒီရေ အတက် ကြမ်းတဲ့ အခါတွေမှာ ၊

မြို့ပေါ်ကို ပင်လယ်ရေတွေ ၂ ပေ လောက် တက်တတ်ပါတယ် ။

အဲဒီ အခါတွေမှာ မြို့သူားတွေ သွားလာဖို့ ၊

၃ ပေ လောက် အမြင့် ရှိတဲ့ ကွပ်ပျစ်တွေကို နေရာအနှံ့မှာ တွေ့ရပါတယ် ။

အခုအခါမှာတော့ အဲဒီလို မြို့ထဲကို ဒီရေ အတက်မကြမ်းစေဖို့ ၊

အထူး  ရေတံခါးတွေနှင့် ကာကွယ်ထားတယ်လို့ ဆိုပါတယ် ။

 

Venice မြို့ ရှိတဲ့ကျွန်းကို ရောက်ဖို့ အတွက် ပထမဆုံး တံတားရှည်ကြီး ကိုကူးရပါတယ် ။

တံတားရှည်ကြီးရဲ့ အဆုံးကို ရောက်တော့ Venice မြို့လည်ကိုရောက်ဖို့ Boat ထပ်စီးရပါသေးတယ် ။

Venice မြို့ ရှိတဲ့ကျွန်းကို ရောက်ဖို့ အတွက် ပထမဆုံး ကူးရတယ့် တံတားရှည်ကြီး ။
Venice မြို့ ရှိတဲ့ကျွန်းကို ရောက်ဖို့ အတွက် ပထမဆုံး ကူးရတယ့် တံတားရှည်ကြီး ။
Venice မြို့ ရဲ့ ရှုခင်းတွေ ။
Venice မြို့ ရဲ့ ရှုခင်းတွေ ။
ညာဖက်က အဝါစင်းတွေနှင့် Pontoon အိမ်လေး ၂ ခုက အဘတို့ဆီက Bus မှတ်တိုင်လို ၊ သူတို့ဆီက Boat မှတ်တိုင် ။
ညာဖက်က အဝါစင်းတွေနှင့် Pontoon အိမ်လေး ၂ ခုက အဘတို့ဆီက Bus မှတ်တိုင်လို ၊ သူတို့ဆီက Boat မှတ်တိုင် ။

 

 

 

Venice မြို့လယ် လို့ ခေါ်ရမယ့် St Mark Square (Piazza San Marco )

ကိုရောက်ပြီးတဲ့ အခါမှာတော့ ၊

Gondola လို့ခေါ်တဲ့ အီတလီ ရိုးရာ လူလှော်တဲ့ လှေလေး နှင့် ၊

Venice မြို့ရဲ့ လမ်း လို့ခေါ်ရမယ့် တူးမြောင်းလေးတွေ တစ်လျောက် မြို့ကို ပါတ်ကြည့်ကြပါတယ် ။

 

အဘတို့ လူ ခွန်နှစ်ယောက်ပါ လှေတစ်စီး စီမှာ ရှန်ပိန် အရက် တစ်လုံးစီ နှင့် ၊

အလယ်က လှေမှာတော့ အကော်ဒီယံ ဂစ်တာတီး သီချင်းဆိုတဲ့ သူ ၃ ယောက်ပါပြီး ၊

ညနေ နေ အေးအေးလေးမှာ Venice မြို့ကို လှေနှင့် ပါတ်ရတာကတော့ ဇိမ်ကျလှပါတယ် ။

( အဲလို Gondola စီး ဘို့အတွက် လူ တစ်ယောက်ကို Euro 70 စီ သတ်သတ် ထပ်ပေးရတာပါ )

Gondola လို့ခေါ်တဲ့ အီတလီ ရိုးရာ လူလှော်တဲ့ လှေလေးပေါ်မှာ ရှန်ပိန် ပုလင်း နှင့် ။
Gondola လို့ခေါ်တဲ့ အီတလီ ရိုးရာ လူလှော်တဲ့ လှေလေးပေါ်မှာ ရှန်ပိန် ပုလင်း နှင့် ။
Gondola အီတလီ ရိုးရာ လှေလေး နှင့် Venice မြို့ ရဲ့ တူးမြောင်း ရှုခင်းတွေ ။
Gondola အီတလီ ရိုးရာ လှေလေး နှင့် Venice မြို့ ရဲ့ တူးမြောင်း ရှုခင်းတွေ ။
စဉ့်ပြား ပန်းချီ တွေနှင့် အပြည့် တန်ဆာဆင်ထား တဲ့Grande Albergo Ausonia & Hungaria Hotel ။
စဉ့်ပြား ပန်းချီ တွေနှင့် အပြည့် တန်ဆာဆင်ထား တဲ့Grande Albergo Ausonia & Hungaria Hotel ။

 

 

 

အဲဒါ ပြီးတဲ့အခါမှာတော့ ၊ နေလဲ ဝင်တော့မှာဖြစ်တဲ့အတွက် ၊ အဘ တို့ ဒီည တည်းမယ့် ၊

Grande Albergo Ausonia & Hungaria Hotel ကိုပဲ တန်းပြန်ကြပါတော့တယ် ။

အဲဒီ ဟော်တယ်ဟာ ၊ ဟော်တယ် အပြင် မျက်နှာပြင် တပြင်လုံး ကို ၊

စဉ့်ပြား ပန်းချီ တွေနှင့် အပြည့် တန်ဆာဆင်ထားပြီး အလွန်လှပတာကို တွေ့ရပါတယ် ။

 

အောက်တိုဘာ ၃ ရက်နေ့ ။

 

ဒီနေ့တော့ မနက်စောစောထပြီး ၊

အထူး ကျော်ကြားလှတဲ့ Murano glass-blowing factory ကို လေ့လာရေးသွားပါတယ် ။

အဲဒီ စက်ရုံ မှာ Glass Master တစ်ယောက်က ဖန် ပန်းပုရုပ်တွေကို ပြုလုပ်ပုံ အရောင်သွင်းပုံတွေ လုပ်ပြပါတယ် ။

အဲဒါပြီးတဲ့အခါတော့ ထုံးစံအတိုင်း အရောင်းပြခန်းကိုပဲပေါ့ ။

အဲဒီမှာ Murano ဖန် ပန်းပုရုပ်တွေဟာ အထူး ခိုင်ခန့်ကြောင်း စမ်းပြပါတယ် ။

Murano ဖန်ပန်းပုရုပ်တွေဟာ အထူး လက်ရာမြောက် လှပပေမယ့် ၊ ဈေးကလည်း တကယ်ကြီးပါတယ် ။

ဖန် ကျားရုပ် တစ်ရုပ် ကို Euro ၄၀၀ဝ ကျော် ရေးထားတာ တွေ့ခဲ့ရပါတယ် ။

အရောင်းပြခန်း ထဲမှာတော့ ဓါတ်ပုံ ရိုက်လို့ မရလို့ အင်တာနက်ထဲက ပုံတစ်ခုကိုပဲ တင်ပြလိုက်ပါတယ် ။

အထူး ကျော်ကြားလှတဲ့ Murano glass-blowing factory ။
အထူး ကျော်ကြားလှတဲ့ Murano glass-blowing factory ။
Glass Master က ဖန် ပန်းပုရုပ် ( မြင်းရုပ် ) ကို လုပ်ပြနေတာပါ ။
Glass Master က ဖန် ပန်းပုရုပ် ( မြင်းရုပ် ) ကို လုပ်ပြနေတာပါ ။
Murano ဖန်ပန်းပုရုပ်တွေဟာ အထူး လက်ရာမြောက် လှပပေမယ့် ၊ ဈေးကလည်း တကယ်ကြီးပါတယ် ။
Murano ဖန်ပန်းပုရုပ်တွေဟာ အထူး လက်ရာမြောက် လှပပေမယ့် ၊ ဈေးကလည်း တကယ်ကြီးပါတယ် ။

 

 

 

အဲဒီနောက် အဘ တို့ကို St Mark Square ကို ပြန်ပို့ပေးပြီး ၊ ကိုယ်ပိုင်အချိန် ပေးပါတယ် ။

St Mark Square နားက Salita San Moise ဆိုတဲ့လမ်းပေါ်မှာတော့ ၊

နိုင်ငံတကာ က နာမည်ကြီး Brand ပေါင်းစုံ ဆိုင်တွေ ကို တွေ့ရပါတယ် ။

 

နိုင်ငံတကာ က နာမည်ကြီး Brand ပေါင်းစုံ ရှိနေသော်ငြားလည်း ၊

အဘတို့က  အီတလီ ရောက်တဲ့ အထိမ်းအမှတ် အနေနှင့်ပဲ ဝယ်ချင်တာလေ ၊

အဘတို့ ခရီးစဉ်မှာ Venice ဟာ အီတလီ ရဲ့ နောက်ဆုံး မြို့ ဖြစ်ပြီး ၊

အီတလီ နိုင်ငံ ဟာလည်း သားရေ လုပ်ငန်းမှာ ကမာ္ဘ့ ထိပ်တန်း ဆိုတော့ကာ ၊

အဘတို့လဲ အီတလီ အမှတ်တရအနေနှင့် ၊

အီတလီဖြစ် လက်ဆွဲအိတ် နှင့် ပိုက်ဆံအိတ် လေးတွေကိုပဲ ရွေးဝယ်ခဲ့ပါတော့တယ် ။

 

အီတလီ Brand အီတလီဖြစ် ထဲက Prada နှင့် Gucci ကိုပဲ ရွေးဖြစ်ခဲ့ပါတယ် ။

သတိပြုစရာ တစ်ခု ကတော့ ၊ အဘတို့ရဲ့ အီတလီ လူမျိုး Tour Director ကြီး ပီတာ က ၊

Versace နှင့် Salvatore Ferragamo ကိုပို ညွှန်းတာပဲ ၊

Versace ဆိုင်က ရှာမတွေ့ဘူး ၊ Salvatore Ferragamo ကျတော့ ၊

စာလုံးပေါင်းက ခက်ပြီး ၊ အသံ ဘယ်လိုထွက်ရမှန်း မသိတာနှင့် စိတ်မဝင်စားမိပါဘူး ။

 

ဟင့် ၊ မိန်းမတွေ အိတ်ရွေးတာ ကြာချက်ကတော့ ၃ နာရီလုံးလုံး ဘယ်မှ မလည်လိုက်ရဘူး ။

ဒါတောင် အီတလီ နိုင်ငံမှာ ဆိုတော့ ၊ အီတလီ Brand ပဲဝယ်ကြမယ်လို့ ကြိုဆုံးဖြတ်ထားပြီး ၊

ဝယ်မယ့် Brand ကိုလည်း ၄ မျိုးလောက်ပဲ အဘ က ကန့်သတ်ပေးထားတော့ ၊

စုစုပေါင်း ၃ / ၄ ဆိုင် လောက်ပဲ ကြည့်ဖြစ်သွား လို့ ။

တစ်လမ်းလုံးက ဆိုင်တွေကိုကြည့်ပြီးသာရွေးရရင် တစ်ပါတ်လောက်ကြာမလား မသိဘူး ။

 

အဘ တို့ ယောက်ျားလေးတွေ ဆုံးဖြတ်တာက အရမ်း လွယ်ပြီး ၊ ရှင်းတယ် ၊ မြန်တယ် ။

အဘ မိန်းမက Prada နှင့် Gucci နှစ်ဆိုင်လုံးကို ဗျောင်းဆန်အောင် ကြည့်ခဲ့တယ် ။

ပြီးတော့ လက်ဆွဲအိတ် အကြီးကို Prada က ဝယ်ခဲ့တယ် ။

 

အဲဒီတော့ အဘ က Gucci ကို အားနာသွားတယ် ၊

ဒါကြောင့် အဘ က Gucci က ပိုက်ဆံအိတ် တစ်လုံးကို ဝယ်လိုက်တယ် ။

အဘ ပိုက်ဆံအိတ် ရွေးတာ ၊ ၅ မိနစ် လောက်ပဲ ကြာတယ် ။ ဒါပဲ ။ ရှင်းရှင်းလေး ။

 

ကြုံလို့တစ်ခုပြောရအုံးမယ် ၊ တကမာ္ဘလုံးမှာ ဘယ်သူတွေ ချမ်းသာနေပြီလဲတော့ အဘ မသိဘူး ။

အဲဒီ နာမည်ကြီး Brand ဆိုင်တွေမှာ အားရပါးရ ဝယ်နေတာတွေ အားလုံးလောက် နီးနီးကတော့ ၊

ဝယ်တဲ့သူ အားလုံး လိုလို ဟာ တရုတ် မျက်နှာပေါက် ၊ တရုတ်စကားပြောတဲ့ Tourist တွေချည်းပဲ ။

အီတလီမှာမှ မဟုတ်ဘူး ၊ ဆစ်ဒနီ က LV ဆိုင်သွားတုန်းကလဲ အဲဒီလိုပဲ ။

တရုတ် မျက်နှာပေါက် ရှိရတာ တစ်ခုတော့ ကောင်းလာပြီ ။

တစ်ကမာ္ဘလုံးက နာမည်ကြီး ဈေးကြီး Brand ဆိုင်တွေကို ဝင်ရင် လှိုက်လှိုက်လဲလဲကို ကြိုနေကြပြီ ။

Venice မြို့လယ် လို့ ခေါ်ရမယ့် St Mark Square (Piazza San Marco )
Venice မြို့လယ် လို့ ခေါ်ရမယ့် St Mark Square (Piazza San Marco )
St Mark's Square ဘေးနားက St Mark's basilica ဘုရားကျောင်း ။
St Mark’s Square ဘေးနားက St Mark’s basilica ဘုရားကျောင်း ။
St Mark's Square မှာ Bell Tower of St Mark's basilica နောက်ခံ နှင့် ။
St Mark’s Square မှာ Bell Tower of St Mark’s basilica နောက်ခံ နှင့် ။
အဘ လဲ ပိုက်ဆံအိတ် တစ်လုံး ဝယ်လိုက်တယ် ။ အနောက်မှာ ကြည့်ပါအုံး Gucci အိတ်တွေမှ အများကြီးပဲ ။
အဘ လဲ ပိုက်ဆံအိတ် တစ်လုံး ဝယ်လိုက်တယ် ။ အနောက်မှာ ကြည့်ပါအုံး Gucci အိတ်တွေမှ အများကြီးပဲ ။

 

 

 

 

အဲဒီနောက်မှာတော့ ၊ Venice မြို့နားက နာမည်ကျော် Burano ကျွန်းကို သွားကြပါတယ် ။

တကယ်က Burano ကျွန်း လေးဟာ အရင်က the island of the ‘fisherman’ တံငါသည်တွေရဲ့ ကျွန်းလေးပါ ။

 

Venice မြို့မှာ Fog မြူနှင်းတွေ မကြာခဏ ထူထပ်စွာ ကျလေ့ရှိတော့ ၊

တံငါသည်တွေ ဟာ အပြန်လမ်းမှာ သူတို့ရဲ့ အိမ်တွေကို မှတ်မိအောင် ဆိုပြီး ၊

သူတို့ရဲ့ အိမ်တွေ ကို တစ်ယောက် နှင့် တစ်ယောက် မတူ ကွဲပြားတဲ့ အရောင်တွေ ၊

ပေါ်လွင် ထင်ရှားတဲ့ အရောင်တွေ ရွေးချယ်ပြီး သုတ်ကြပါတယ် ။

 

အဲဒီမှာ အရောင်ကွဲ အိမ်လေးတွေကြောင့် Burano ကျွန်းဟာ နာမည်ကျော်ကြားလာပြီး ၊

အခုအခါမှာတော့ a photographer’s paradise ဓါတ်ပုံသမား အကြိုက် ကျွန်းလေး ဖြစ်နေပါတယ် ။

 

အခုအခါမှာ အဲဒီ ကျွန်းပေါ်က နှစ်ထပ် တိုက်ခန်းတွဲ တစ်ခုစီကို ဒေါ်လာ တစ်သန်း အနဲဆုံး တန်နေပါပြီ ။

အဲဒီအတွက် Burano ကျွန်းသားတွေ အားလုံး ကိုယ်စီ ဟာ ချမ်းသာလာကြပြီး ၊

Burano ကျွန်း ပေါ်မှာ အိမ်တံခါးတွေကို ပိတ် မထား ၊ သော့ခတ် မထားဘူးလို့ နာမည်ကြီးပါတယ် ။

Burano ကျွန်း ပေါ်မှာ ခိုး မှု လည်း လုံးဝ မရှိတော့ဘူးလို့ နာမည်ကြီးပါတယ် ။

Burano ကျွန်းကို အဝေးက မြင်ကွင်း ၊ သူ့ကျွန်းရဲ့ Bell Tower လည်း သိသိသာသာ စောင်းနေပါတယ် ။
Burano ကျွန်းကို အဝေးက မြင်ကွင်း ၊ သူ့ကျွန်းရဲ့ Bell Tower လည်း သိသိသာသာ စောင်းနေပါတယ် ။
Burano ကျွန်း ပေါ်က စားသောက်ဆိုင် ရဲ့ အတွင်း အပြင်အဆင်လေးတွေ ၊ လှတယ်နော် ။
Burano ကျွန်း ပေါ်က စားသောက်ဆိုင် ရဲ့ အတွင်း အပြင်အဆင်လေးတွေ ၊ လှတယ်နော် ။
Burano ကျွန်း ပေါ်က စားသောက်ဆိုင် ရဲ့ အတွင်း အပြင်အဆင်လေးတွေ ၊ အဘတို့ စားကြတော့မယ် ။
Burano ကျွန်း ပေါ်က စားသောက်ဆိုင် ရဲ့ အတွင်း အပြင်အဆင်လေးတွေ ၊ အဘတို့ စားကြတော့မယ် ။

 

 

 

အဲဒီ Burano ကျွန်း ပေါ်က စားသောက်ဆိုင်မှာ အဘတို့ကို ၊

Venice ရိုးရာ အစားအသောက်တွေကို ကြိုက်သလောက်စား Buffet နှင့် ဧည့်ခံပါတယ် ။

အီတလီစာ တွေကို တစ်မျိုးပြီး တစ်မျိုး ၊ ၁၅ မျိုးလောက် တစ်သုတ်ပြီး တစ်သုတ်ကျွေးလိုက်တာ ၊

အဘ အတွက် အဲဒီ ခရီးစဉ်မှာ အများဆုံး စားဖြစ်သွားတော့တာပါပဲ ။

နို့ ၊ အစက ထင်တာက ၄ / ၅ / ၆ မျိုးလောက်ပဲ လာမယ်ထင်တာပေါ့ ။

အဲဒီတော့ ၊ ဗိုက်ဝပြီးကာမှ အသစ်တွေ တစ်မျိုးပြီး တစ်မျိုး ထပ်လာချနေတာကိုး ။

( အဲဒီ Burano ကျွန်းမှာ နေ့လည်စာစားတာကို ၆ရ Euro သပ်သပ် ထပ်ပေးရတယ်လေ )

 

အဲဒါ နေ့လည်စာ လိုလို ညနေစာ လိုလို ကိုစားပြီးတဲ့ အခါမှာတော့ ၊

အရောင်အသွေးတွေ ထူးဆန်း စုံလင် လှတဲ့ Burano ကျွန်း က ၊

အိမ်လေးတွေ နှင့် ရှုခင်းတွေကို ကြည့်ပြီးတဲ့အခါမှာတော့ ၊

Venice မြို့ ကို ပါတ်ထားတဲ့ Lagoon တစ်လျှောက် Boat နှင့် လိုက်ပြပြီး ၊

တည်းခိုတဲ့ Hotel ကိုပြန်ပြီး တစ်နေ့တာကို အဆုံးသတ်ခဲ့လိုက်ပါတယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

အရောင်အသွေးတွေ ထူးဆန်း စုံလင် လှတဲ့ Burano ကျွန်း က အိမ်လေးတွေ နှင့် ရှုခင်းတွေ - 1 ။
အရောင်အသွေးတွေ ထူးဆန်း စုံလင် လှတဲ့ Burano ကျွန်း က အိမ်လေးတွေ နှင့် ရှုခင်းတွေ – 1 ။
အရောင်အသွေးတွေ ထူးဆန်း စုံလင် လှတဲ့ Burano ကျွန်း က အိမ်လေးတွေ နှင့် ရှုခင်းတွေ - 2 ။
အရောင်အသွေးတွေ ထူးဆန်း စုံလင် လှတဲ့ Burano ကျွန်း က အိမ်လေးတွေ နှင့် ရှုခင်းတွေ – 2 ။
အရောင်အသွေးတွေ ထူးဆန်း စုံလင် လှတဲ့ Burano ကျွန်း က အိမ်လေးတွေ နှင့် ရှုခင်းတွေ - 3 ။
အရောင်အသွေးတွေ ထူးဆန်း စုံလင် လှတဲ့ Burano ကျွန်း က အိမ်လေးတွေ နှင့် ရှုခင်းတွေ – 3 ။
Venice မြို့ ကို ပါတ်ထားတဲ့ Lagoon တစ်လျှောက် Boat နှင့် လိုက်ပြတဲ့ ရှုခင်းတွေ ။
Venice မြို့ ကို ပါတ်ထားတဲ့ Lagoon တစ်လျှောက် Boat နှင့် လိုက်ပြတဲ့ ရှုခင်းတွေ ။

 

 

 

 

 

16 comments

  • ဦးကြောင်ကြီး

    January 6, 2013 at 7:57 am

    ကြေးမုံဂျီးနဲ့ အတူသွားရလို့ကတော့ အဲဒီတူးမြောင်းတလျောက် လှေမစီးဘူး၊ လက်ပစ်ကူးမယ်။ ရဲဖမ်းရင် သူ့ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးမယ်။ သူ့ထိုက်နဲ့သူ့ကံ :kwi:

    • Foreign Resident

      January 7, 2013 at 7:05 am

      ဦးကြောင် ။

      အဲဒီ တူးမြောင်းထဲက ရေ က နဲနဲ ညစ်ပါတ်တဲ့ပုံ ပေါ်တယ်နော် ။
      😛

  • ကိုရင်စည်သူ

    January 6, 2013 at 3:23 pm

    အဘပြောတာလေးတစ်ခုထောက်ခံချင်တယ်..
    ((တရုတ် မျက်နှာပေါက် ရှိရတာ တစ်ခုတော့ ကောင်းလာပြီ ။
    တစ်ကမာ္ဘလုံးက နာမည်ကြီး ဈေးကြီး Brand ဆိုင်တွေကို ဝင်ရင် လှိုက်လှိုက်လဲလဲကို ကြိုနေကြပြီ ။))
    ဆော်ဒီမှာ ကိုရင်ကမ်းဆင်းတော့… ဖုန်းဝယ်မယ်ဆိုပီး ဖုန်း Showroom သွားတာ
    ချိုင်းနားလားမေးပြီး… Apple 5 နဲ့ Samsung S3 ကြီးပဲ လှိုက်လှိုက်လှဲလှဲထိုးပြနေလို့…
    အင်း..မလုပ်..အဲ..မလုပ်ပဲ.. ဈေးပေါတဲ့ ဂလက်ဆီဖုန်းလေးပဲ အားနာနာနဲ့ ဝယ်ခဲ့ရပါဒယ်..။
    ဒါတောင် ဆော်ဒီဘဲကြီးတွေရောင်းလို့.. ဆော်ဒီမလေးတွေဆိုရင်တော့..
    ရှိတာအကုန်ထုတ်ပြီး… ဝယ်ခဲ့အုန်းမှာ.. အဟီးး :mrgreen:
    အီတလီကလှေထိုးသားတွေ ပြောင်ရောင်တယ်နော်… အဘရေ..
    သူရို့ဝင်ငွေတစ်နေ့ဘယ်လောက်ရှိလဲ.. သိချင်ပါ့..
    တို့များနဲ့များ ကွာပါ… :harr:
    ခင်မင်လေးစားတဲ့
    ကိုရင်စည်သူ

    • Foreign Resident

      January 7, 2013 at 6:52 am

      ” အီတလီကလှေထိုးသားတွေ ပြောင်ရောင်တယ်နော် ”

      မဟုတ်ဘူး ၊ ကိုရင်ရေ ။
      အနီးကပ်ကြည့်တော့ တော်တော် ဆင်းရဲ ပင်ပန်းနေကြပုံရတယ် ။
      တစ်နေကုန် နေပူထဲမှာ လှေလှော်နေရတဲ့ အလုပ်ကြမ်းသမား ဘဝ လေ ။
      လှေထိုးသား အလုပ်ကြမ်းသမား ဘဝ မပြောနှင့် ၊
      အီတလီ တစ်နိုင်ငံလုံးပါ မွဲနေပုံရတယ် ။

      တစ်ခု အကြံပေးမယ် ကိုရင်ရေ ။
      ကိုရင် အခုလုပ်နေတဲ့ သင်္ဘောသား ဘဝ က မမှားလှပါဘူး ။

      မမေ့ပါနှင့် ၊ အဘ လည်း ဒီလို ဘဝတွေကနေ တက်လာရတယ်ဆိုတာ ။
      သင်္ဘော အရာရှိဖြစ်ဖို့ဆိုတာ တခြားအရာရှိတွေလို ၊
      ဝန်ထမ်းရွေးချယ်ရေး PSC ဝင်ဖြေ အောင်ရင် အရာရှိဖြစ် ဆိုတဲ့ဖြတ်လမ်း မရှိဘူး ။
      အနှိမ်ခံ အခိုင်းခံ Cadet / သင်္ဘောသား ဘဝကို လူတိုင်း ဖြတ်ခဲ့ရတာ ။

      စိတ်ရှည် သည်းခံ အပင်ပန်းခံပြီး ကြိုးစားပြီးသာ ၊
      ဖြောင့်ဖြောင့်တန်းတန်းသာ ဆက်လျောက်ပါ ။
      တစ်နေ့မှာ တင့်တောင်းတင့်တယ် ဘဝကို ရောက်ရမှာပါ ။
      ကြားထဲမှာသာ ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး စိတ်မယိုင်နှင့် ။

      သင်္ဘော အရာရှိ အလုပ် / ဘဝ ဟာ ၊
      ကိုယ်ကျင့် သီလကို ချိုးဖေါက်စရာ မလို ၊ ခိုးစရာ မလိုပဲ ၊
      သန့်ရှင်းစင်ကြယ်တဲ့ ကိုယ့်ရဲ့ ချွေးနည်းစာ စစ်စစ်လေးနှင့်တင် ၊
      မိသားစု လုံလောက်ယုံမက ချမ်းချမ်သာသာတောင် နေနိုင်တယ် ဆိုတဲ့ ၊
      ရှားရှားပါးပါး အသက်မွေး ဝမ်းကျောင်း လုပ်ငန်း တစ်ခု ပဲ ။

      အဲဒီလို ကောင်းတဲ့ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းဟာ ၊
      မြန်မာပြည်မှာ ( မြန်မာပြည်မှာ ) တော်တော်လေး ရှားပါးပါတယ် ။
      အဘကတော့ ” ခိုးစရာ လိမ်စရာ မလိုပဲ နှင့် ချမ်းသာနိုင်တယ် ” ၊
      ဆိုတာ တစ်ချက်ထဲနှင့်တင် ဒီ သင်္ဘောသား ဘဝကို ကျေနပ်သွားပြီ ။

      ကိုရင် ကံကောင်းလွန်းလို့သာ သင်္ဘောသား ဘဝ ရတယ်မှတ်ပါ ။
      နောင်ဘဝ အပေါ်တက်မှာလား ၊ အောက်ဆင်းမှာလား ၊ ကိုရင် စဉ်းစားလေ ။

      • မောင့်ကျက်သရေ ဂီ့

        January 8, 2013 at 8:02 am

        သိပ်သေချာတာပေါ့ အဘရေ ..
        သင်းတို့ မွဲကုန်ပါပီ…
        ဝဲဖဲယား မင်နစ်စတာ မျက်ရည်ဖြိုင်ဖြိုင်ကျတဲ့
        မိန့်ခွန်းပြောသွားတာတောင် ၁နှစ်လောက် ရှိတော့မယ်..

        စကားမစပ်
        တနေ့ကို $832,000 လောက် ရှုံးနေတဲ့
        Alitalia လေကြောင်းလိုင်းလည်း ဂွမ်းတော့ မတဲ့ …

        http://www.afp.com/en/news/topstories/alitalia-shareholder-deal-countdown-amid-rumours

        :byae:

      • Foreign Resident

        January 8, 2013 at 8:51 am

        ဂီဂီ ရေ ၊ အဘ တောလား ( ၁၁ ) ထဲမှာ ပြောခဲ့ပါတယ် ။

        အီတလီ နိုင်ငံမှာ စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်နေပါတယ် ။
        အီတလီ နိုင်ငံ ဆင်းရဲရခြင်းရဲ့ တရားခံတွေက ၊

        ပထမ အချက်က အလုပ်သမား တွေရဲ့ အခွင့်အရေးကို လိုအပ်တာထက် ပိုပြီး
        ကာကွယ်ထားတဲ့ အလုပ်သမား အခွင့်အရေး ဥပဒေတွေ ။

        ဒုတိယ အချက်က ၊ အမျိုးသား အကျိုးစီးပွားကို အထူးကာကွယ်ထားတဲ့
        ရင်းနှီး မြုပ်နှံမှု ဥပဒေတွေကြောင့် နိုင်ငံခြား ကုမ္ပဏီကြီးတွေ မလာပါဘူး ။

        တတိယ အချက်က ၊ စည်းလုံး ညီညွတ်မှု အရမ်းအားနည်းပါတယ် ။
        ဒုတိယ ကမာ္ဘစစ်ပြီးကတည်းက အစိုးရ ( ၅၄ ) ခု ပြောင်းပြီးသွားပြီ ။

        စတုထ္ထ အချက်က ၊ ကြိုးနီ စံနစ် အရမ်းများတာပါတဲ့ ။

        အဲဒီ အချက်ကြီး ၄ ချက် နှိပ်စက်လိုက်တာ ၊
        အီတလီလည်း ဒေဝါလီ ခံရဖို့ နီးပါပြီတဲ့ ။

  • ဗင်းနစ်မြို့ကိုရုပ်ရှင်တွေထဲမှာခဏခဏကြည့်ဖူးတယ်။
    ဂျိမ်းစဘွန်းရုပ်ရှင်တွေအပါအဝင်ပေါ့။
    ကျွန်မအကြိုက်ဆုံး Just married ကားလေးထဲမှာတောင်ပါသေး။
    ရုပ်ရှင်တွေကြည့်ပြီးစဉ်းစားမိတာက အဲ့ဒီရေပေါ်ရပ်ကွက်မှာ ခြင်များပေါလေမလားလို့ပါ။
    ဓာတ်ပုံတွေကအရမ်းလှတယ်။အဘကိုတစ်ခုအကြံပေးချင်တယ်။
    အဘတို့ပုံတွေကိုအဲလိုကြီးဗြောင်အဝိုင်းကြီးနဲ့ဖျက်ထားမယ့်အစား ဝိုးတဝါးလေးလုပ်ထားပါလားရှင်။
    ကြည့်ရတာ စိတ်ထဲမကောင်းသလိုကြီးဖြစ်သလိုလိုပဲ။

    • ကိုရင်စည်သူ

      January 6, 2013 at 6:54 pm

      ((ဓာတ်ပုံတွေကအရမ်းလှတယ်။အဘကိုတစ်ခုအကြံပေးချင်တယ်။
      အဘတို့ပုံတွေကိုအဲလိုကြီးဗြောင်အဝိုင်းကြီးနဲ့ဖျက်ထားမယ့်အစား ဝိုးတဝါးလေးလုပ်ထားပါလားရှင်))
      အဲ့ဒါလေးတော့ ထောက်ခံချင်ပါတယ်.. အဘရေ..။ အကြံပေးမလို့.. အဘတမျိုးထင်မှာစိုးလို့ပါ..
      အဝိုင်းကြီးနဲ့ဖျက်ထားတော့ မြင်ရတာ ရင်ထဲမကောင်းဘူးဗျာ။ Blur tool လောက်သုံးလိုက်ပါလား အဘ…

    • Foreign Resident

      January 7, 2013 at 3:46 am

      ” အဘတို့ပုံတွေကိုအဲလိုကြီးဗြောင်အဝိုင်းကြီးနဲ့ဖျက်ထားမယ့်အစား
      ဝိုးတဝါးလေးလုပ်ထားပါလားရှင်။ ကြည့်ရတာ စိတ်ထဲမကောင်းသလိုကြီးဖြစ်သလိုလိုပဲ ”

      ” အဝိုင်းကြီးနဲ့ဖျက်ထားတော့ မြင်ရတာ ရင်ထဲမကောင်းဘူးဗျာ။
      Blur tool လောက်သုံးလိုက်ပါလား အဘ ”

      နန်းတော်ရာသူ နှင့် ကိုရင်စည်သူ ရေ ။
      အဝိုင်းကြီးနဲ့ဖျက်ရတာက လွယ်လို့ပါကွယ် ။
      အဘက Paint သုံးပြီး ၊ Paint မှာ Blur Tool မပါဘူးကွယ့် ။
      Blur Tool ပါတဲ့ Adobe ကျပြန်တော့ တက်ဖို့ ကြာလှတယ်ကွယ် ။
      နောက်အခါတွေမှာတော့ ကြိုးစားကြည့်ပါ့မယ် ။

  • အရီးခင်လတ်

    January 6, 2013 at 8:47 pm

    အဘဖော ရေ

    ဓာတ်ပုံလေးတွေ ကြည့်ရတာရော၊ ဗဟုသုတ ရဖွယ်တွေကို ရှင်းပြတာရော မို့ အင်မတန် တန်ဖိုးရှိတဲ့ ခရီးသွား Post စီးရီး ပါဘဲ။
    ဗင်းနစ် မြို့ ကိုကြည့်ပြီး အပေါ်က မနန်း ပြောသလို ဘဲ ရုပ်ရှင်ရိုက်ကွင်းမြို့ ထင်ရဲ့။
    ကျွန်မ ကတော့ ငယ်ငယ်က ကြည့်ဖူးတဲ့ princess and the photographer ရုပ်ရှင်ကို သွားသတိရမိတယ်။
    ဥရောပတစ်ခွင် ဓာတ်ပုံရိုက်ဖို့ လာတဲ့ ဂျပန်ဓာတ်ပုံဆရာလေး နဲ့ ဥရောပနိုင်ငံတစ်ခု က အိမ်ပြေးမင်းသမီး လေး ရဲ့ ဇာတ်လမ်း။
    “ဘက” (Baka) အရူး၊ငတုံး လို့ ဂျပန်လို ဆဲတာတော့ အဲဒီကနေ တတ်သွားတယ်။ 😆

    Prada အိတ်ကြီး ကိုကြည့်ပြီး သားရေကျသွားပါတယ်။
    ကျေးဇူးပါ အဘဖောရှင့်။

  • padonmar

    January 7, 2013 at 1:24 am

    FR ရေ
    မြေအောက်ကရေထုတ်ယူလို့ မြေမျက်နှာပြင်နိမ့်သွားတဲ့ ဗင်းနစ်မြို့ကြီးလိုပဲ နေရာတကာ အဝီစိတွင်းတွေ တူးနေကြတဲ့ ရန်ကုန်မြို့ကြီးလည်း ပင်လယ်ရေမျက်နှာပြင်အောက်ရောက်တော့မယ်။နှစ်စဉ် မိုးတွင်းတက်တဲ့ ဒီရေ ကပိုဆိုးလာနေပြီ။ဒါကို စည်ပင်မရှင်းလို့ မြောင်းပိတ်တာနဲ့ရောပြီး သူ့ကိုယ်လက်ညှိုးထိုး ကိုယ့်သူလက်ညှိုးထိုး လုပ်နေကြတယ်။
    ဘန်ကောက်လို လနဲ့ ချီ ရေမကြီးခင် ရပ်တန်းကရပ်ကြမှ တော်မယ်ထင်ပါတယ်။
    …………..
    စောင်းနေတဲ့ Bell Tower ကြီး ကြည့်ရတာ ကြောက်စရာ။
    ဖန်ရုပ်ကလေးတွေက ဈေးကြီးပေးရလောက်အောင် လက်ရာမြောက်ပါပေတယ်။
    ………………
    မလတ်ရဲ့ အရုပ်ဆိုးဆိုးဓာတ်ပုံဆရာတော့ ကျမလည်းကြိုက်တယ်။
    She drink .I drink.Drink .Drink.Drink . ဆိုတာလေး ……..
    ………………..
    Gucci က ဂူချီ လို့ အသံထွက်ရတယ်ကြားဖူးတယ်။
    Versace ကို ဘယ်လို အသံထွက်လဲ။
    Lancome ,Yves Saint Laurence ဆိုတာမျိုးတွေ အနီးစပ်ဆုံးလေး။Please.

    • Foreign Resident

      January 7, 2013 at 5:54 am

      ” နှစ်စဉ် မိုးတွင်းတက်တဲ့ ဒီရေ ကပိုဆိုးလာနေပြီ ”

      မ padonmar ရေ ၊ စဉ်းစား စရာပဲနော် ။

      ” စောင်းနေတဲ့ Bell Tower ကြီး ကြည့်ရတာ ကြောက်စရာ ”

      အီတလီ က Bell Tower တော်တော်များများက စောင်းနေကြတယ် ။
      သူများနိုင်ငံတွေမှာက Church နှင့်တွဲဆောက်ထားတော့ မစောင်းဘူးလေ ။
      Bell Tower သီးသန့် အမြင့်ကြီး ဆောက်တော့ စောင်းတာပေါ့ ။

      ” Versace ကို ဘယ်လို အသံထွက်လဲ ”

      သူတို့ကတော့ ဗာစာချီ လို့အသံထွက်ကြတာ ကြားတာပဲ ။
      Yves = ရိဗ် ။
      Pierre = ပြဲ ။

      ပြင်သစ်စကားတွေက နောက်ဆုံး စာလုံးက “e” ဖြစ်ရင် ၊
      အဲဒီ “e” ကို အသံဖျောက်ပစ်တယ် ။

      ဟီ ဟိ ၊ ကျနော်တတ်လှလို့ မဟုတ်ပါဘူး ။
      မိန်းမ ပြောတာကို ပြန်ပြောပြတာ ။
      သူက ပြင်သစ်လို နဲနဲ တတ်တယ် ။

      • မောင့်ကျက်သရေ ဂီ့

        January 7, 2013 at 7:56 am

        ဟုတ်ပါတယ် အဘရေ …. အီတာလျံ နာမည်တွေ က Vowel တွေနဲ့ အဆုံးသတ်ကြပါတယ်…
        ‘N ကတော့ ချွင်းချက်ပေါ့လေ… သူတို့ ရဲ့ မျိုးရိုး နာမည်တွေကို ကြည့်ကြည့်ရင်
        အင်္ဂလိပ်လို Paul ဆို အီတာလျံ လို Paulo
        Philip ဆို Filippo
        Mark ဆို Marco
        Alexander ဆို Alessandro
        Andrew ဆို Andrea
        Siemens ဆို Simone

        စတဲ့ သရ သံအဆုံး နာမည်တွေပေးလေ့ရှိပါကြောင်း…
        တခါတခါ ဂျီယန်နီချီဒါ ဆိုတဲ့ နာမည်မျိုး တွေ့တဲ့အခါ
        အီတာလျံ နာမည်လား .. ဂျပန်နာမည်လား ဇဝေဇဝါ ဖြစ်မိပြန်ပါကြောင်းဗျို့….

        :kwi:

      • PEACEMAKER

        January 7, 2013 at 2:10 pm

        Yves = ရိဗ်
        အဲဒီအသံထွက် မမှန်ပါဘူးအဘရေ။ yကို ပြင်သစ်လို အီးဂရက်လို့ အသံထွက်ပါတယ်။ ဒီတော့ Yvesက ရိဗ်မဟုတ်ပါ..အိဗ်ဖြစ်ပါကြောင်း (sနဲ့ဆုံးပေမဲ့ sသံမထွက်ပါ) (အနီးစပ်ဆုံး မြန်မာလိုရေးပြတာပါ)

        အမှန်က ပြင်သစ်အသံထွက်အမှန်တွေကို မြန်မာလိုရေးပြဖို့ သိပ်တော့မလွယ်လှပါဘူး။

        Yves Saint Laurence အိဗ် ဆောင် လိုဟောင့်စ်

        သိပ်သိလို့တော့ မဟုတ်ပါ။ လက်ရှိ ပြင်သစ်စကားကိုသင်ယူနေသူဖြစ်ပါသည်။ Beginnerထက်နည်းနည်းတော့ မြင့်ပါသည်။ အမျိုးသားက ပြင်သစ် အီတလီ ဂျာမန် အင်္ဂလိပ် နားလည်သင်ယူခဲ့ပါသည်။ ကိုယ်တိုင်လည်း အင်္ဂလိပ် ဂျပန် ပြင်သစ် လေ့လာသင်ယူနေပါသည်။

      • Foreign Resident

        January 7, 2013 at 4:24 pm

        အသံထွက် အမှန် ပြင်ပေးတဲ့အတွက် ၊
        ကျေးဇူးပါပဲ PEACEMAKER ရေ ။

        Yves Saint Laurence = အိဗ် ဆောင် လိုဟောင့်စ်
        လို့ အသံထွက်မယ်လို့ လုံးဝ လုံးဝ ကို မမျှော်လင့်ခဲ့ဘူး ။

        • PEACEMAKER

          January 7, 2013 at 7:53 pm

          စာလုံးပေါင်းအမှန်က Yves Saint Laurent (YSL)ပါ။ အပေါ်ကရေးထားတာကို ကော်ပီလုပ်ပြီး အသံထွက်ရေးလိုက်တော့ သူ့စာလုံးပေါင်းအမှန်မဟုတ်တာကို သတိမပြုလိုက်မိဘူး။ rကို ပြင်သစ်အသံထွက်အတိုင်း စာနဲ့ရေးပြလို့ မလွယ်ပါဘူး။ အနီးစပ်ဆုံးကိုပဲရေးပြနိုင်ပါတယ်။ အိဗ် ဆေဲာင်(နှုတ်ခန်း၂ခုကို ဘယ်ညာဟပြီးအသံထွက်ရပါတယ်) လိုဟောင်(တရုတ်သံဟောင်နဲ့မတူပါဘူး။ ဒီဟောင်က လည်ပင်းထဲက တံတွေးနဲ့ရောပြီးထွက်လာတဲ့အသံနဲ့ဆင်တူပါတယ်)။ ကျမကတော့ ပြင်သစ်လိုအရေးအဖတ်ကို နည်းနည်းပါးပါးရပေမဲ့ ကောင်းကောင်း အသံမထွက်တတ် မပြောတတ်သေးပါဘူး။ အိမ်အကူကိုခိုင်းဖို့ပြင်သစ်လိုပြောရတာလောက်တော့ ရပါတယ်။ ပြင်သစ်လိုသာ သိပ်နားမလည်သေးတာ ကိုယ့်အကြောင်းအတင်းပြောရင်တော့ ကောင်းကောင်းနားလည်သလိုပဲ ဟီး။

Leave a Reply