သစ်စိမ်းချိုး ချိုးခြင်းဆိုသည်ကိုတော့ ကိုရင်စိုင်းကောင်းကောင်းသိပါသည်။ ငယ်စဉ်က ထင်းခုတ်သမား ဖြစ်ခဲ့ဖူးလေသည်မို့ ထိုစကားကိုနားလည်ရန် လက်တွေ့စမ်းသပ်ခဲ့ဖူးပါ၏။ တောထဲတွင် ထင်းခုတ်ရန်သွားသောအခါ အစိမ်းသက်သက်အပင်များကို ကိုယ်ပိုင်လက်ဖြင့် ချိုးဖဲ့ကြည့်သောအခါ တစ်ဝက်ခန့်သာ ကျိုးပြီး ကျန်တစ်ဝက်မှာ တန်းလန်းကြီးရှိနေပြီး ကျန်တစ်ဝက်မှာတော့ ဘယ်လိုပင် နှဲ့ချိုးချိုး မကျိုးနိုင်တော့ပေ။ နောက်ဆုံးတွင် ဓါးမဖြင့် ခုတ်ပိုင်းဖြတ်လိုက်ပါမှ သံယောဇဉ်တွယ်တာခြင်းများကင်းပြီး ထင်းအဖြစ်သို့ရောက်ရရှာလေ၏။ ကိုရင်စိုင်း ထင်းခုတ်သမားဘ၀တွင်မတော့ သစ်စိမ်းချိုး ချိုးရခြင်းကို လွန်စွာ နှစ်သက်လှပေသည်။ အကြောင်းမှာ ဓါးဖြင့် တစ်ချက်တည်းခုတ်ရုံဖြင့် ကိစ္စပြီးပြတ်သောကြောင့်ဖြစ်ပေသည်။

သို့ဆိုလျင် ထိုစကားနှင့် ဆန့်ကျင်ဘက် သစ်ခြောက်ချိုး ချိုးသည်ဟုဆိုကြသည်ကို ကြားဖူးကြပါသလော? ဟုတ်ကဲ့… ကျွန်တော်မထင်ပါ၊ မကြားဖူးကြရုံမျှမက လက်တွေ့သိရှိသူပင် နည်းကြပေမည်။ တစ်ချို့တစ်လေများ ထင်းမီးဖိုဖြင့် မီးဖိုဖူးကြသူများက ဆိုကြပေမည်၊ သစ်ခြောက်ချိုး ချိုးသည်မှာ လွယ်လှပေစွဟု။

အမှန်တော့မဟုတ်ပါ၊ သစ်စိမ်းချိုးချိုးရသည်ထက် သစ်ခြောက်ချိုး ချိုးရသည်က သာပြီးခက်ပေသည်။ ဆိုကြပါစို့၊ သစ်ခြောက်ပင်တစ်ပင်ရှိလေသည်။ ထိုအပင်မှာ အတော်လေး ခြောက်သယောင်းနေပြီဖြစ်သည်။ ရွက်များမရှိ၊ ပုရစ်ဖူးလဲမသီနိုင်ပဲ အချိန်ကာလ ကြာရှည်စွာ နေလောင်ဒဏ်ကြား တစ်ပင်တည်းရပ်တည်လာရသည်မှာ အတော်လေးပင် ထင်ထင်ရှားရှားရှိလှပေသည်။ သို့ပါသော်ငြား ထိုအပင်ခြေရင်းသို့ တစ်ရေးတစ်မော အနားယူရန် သက်ရှိသတ္တ၀ါ တစ်ကောင်တစ်မြည်းမှ မလာကြ။ ဘေးပါတ်ဝန်းကျင်တွင် စိမ်းစိမ်းစိုစိုရှိနေသည့် အပင်များထက်တွင် ရစ်ပါတ်နွယ်ယှက်လိုကြသည့် နွယ်ပင်အမျိုးအနွယ်ပေါင်းများစွာမှာလဲ အမှီသဟဲပြု ရှင်သန်နွယ်ပါတ်လျက်သား။ ထိုသစ်ခြောက်ပင်မှာတော့ ထင်ထင်ရှားရှားနှင့် တစ်ကိုယ်တည်း အထီးကျန်နေရှာလေ၏။ ငှက်သော်မျှ မနားသည့်အဖြစ်၊ ရှိစေတော့ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုသည်မှာ ထိုသစ်ခြောက်ပင်ပါလေသည်မထင်။

ကိုရင်စိုင်းတို့လို ထင်းခုတ်သမားကိုမေးတိုင်း (ပုံမှန်လူအမြင်ဖြင့်) သစ်ခြောက်ပင်ကိုခုတ်ခြင်းက ပိုပြီး စီးပွားတွက်ချေမကိုက်ပေလားဟု ဆိုကြပေလိမ့်မည်။ အမှန်တော့ ထင်းခုတ်သမားတိုင်း သစ်စိမ်းချိုး ချိုးရသည်ကိုသာ ကြိုက်နှစ်သက်ကြလေသည်။ ဒီနေရာတွင်မတော့ သစ်စိမ်းနှင့် သစ်ခြောက် ကွာခြားပုံများကို တိတိကျကျ ခွဲခြားပြသမှ ရှင်းလင်းကြပေတော့မည်။ သစ်စိမ်းဆိုသည်မှာ အသားအရေအားဖြင့် စိမ်းစိုလတ်ဆတ်ပေသည်။ အတော်လေးသန်မာသလိုရှိသော်လည်း ပွပွယောင်းယောင်းလဲရှိသည်။ ထို့အတွက်ကြောင့် ဓါးမသွားတစ်ချက်သည် တစ်ဝက်ခန့်မျှကို အလွယ်လေးဝင်သွားနိုင်သဖြင့် နှစ်ချက်မျှ ခုတ်ရုံခန့်မျှဖြင့်ပင် တစ်ပင်လုံးလဲနိုင်ပေသည်။ ထို့နောက်တွင်မတော့ လေးငါးဆယ်ပင်ခန့်ခုတ်လှဲပြီးတစ်ရက်မျှ နေလှန်းပြီး နောက်ရက်တွင်ထုပ်ပိုး ချည်နှောင်သောအခါ အနည်းငယ် ခြောက်သယောင်းစပြုနေပြီလဲဖြစ်သည်။ သို့သော်လည်း အချိန်စီးလျက်သားပင်။ ကိုရင်စိုင်းတို့ ထင်းခုတ်သမားတွေလဲ အလေးချိန်စီးမှန်းသိလျက်သားနှင့်ပင် ပုခုံးပေါ်တွင် ထမ်းပိုးပြီး အိမ်အရောက်ချီပိုးခေါ်ဆောင်ကြလေသည်။ ထို့နောက်တွင်မတော့ ထင်းစည်းများကိုဖြည်၊ တစ်တောင်ခန့်ထင်းစိုက်ကောင်းရုံမျှ ပိုင်းဖြတ်၊ အတော်အတန်လေးကြီးသော သစ်စိမ်းများကိုတော့ ထက်ခြမ်းခွဲ( ထိုအချိန်တွင် အကြောမမာသေးသဖြင့်ထင်၊ အတော်လေး ဖြောင့်ဖြူးလှပေသည်) ပြီး ခြောက်သွားအောင် နေလှမ်းပြီးမှ ပိုင်ပုံ (ထင်းတစ်ပုံ = အမြင့် လေးပေ၊ အလျား ၆ ပေခန့်) ကို လက်ညှိုးထိုးပြီး တစ်ပိုင် ၄ ထောင်ကျပ်မျှခန့်ဖြင့်ရောင်းစားကြလေသည်။ (လွန်ခဲ့သော နှစ် ၂၀ ခန့်က)

သစ်ခြောက်ပင်

ဟုတ်ပါသည်။ သစ်ခြောက်ပင်ဖြစ်ပါ၏။ ထင်းမီးဖိုသုံးသူများ၊ အထူးသဖြင့် ကျေးတောရွာများတွင် အလွယ်တစ်ကူ ထင်းစိုက်လို့ရနိုင်သဖြင့် လိုချင်တပ်မက်မောကြသော အပင်လဲဖြစ်သည်။ တစ်ကယ့်တစ်ကယ် ထင်းစိုက်ကြသူများအဖို့တော့ ထိုအပင်များကိုမလိုချင်ပါ။ ကိုရင်စိုင်းတို့လို ထင်းခုတ်သမားများအဖို့ အတော်လေးပင် ဒုက္ခပေးသော အပင်တစ်မျိုးလဲဖြစ်သည်။ ဓါးမ မည်မျှကောင်းနေပါစေ၊ အပင်မည်မျှ သေးနေပါစေ၊ ဓါးသွားဖြင့်တစ်ချက်ထိလိုက်လျင် အပင်ရင်းသို့ နစ်ဝင်သွားရမည့်အစား ဓါးမှာ အပြင်သို့သာ ပြန်ပြန် ခုန်ထွက်လာပေသည်။ အပင်မှာ အတော်လေးပင် ခြောက်သယောင်းနေပြီပေမလား။ ထို့နောက်တွင်မတော့ အကြိမ်များစွာ ခုတ်ဖြတ်မှပင် သစ်ခြောက်ပင်တစ်ပင် ပြိုလဲခြင်းသို့ ရောက်တော့သည်။ ထိုကဲ့သို့သော သစ်ခြောက်ပင်များကို အတော်လေးခုတ်လှဲပြီးသောအခါ ကိုရင်စိုင်းတို့လို ထင်းခုတ်သမားများအဖို့ အတော်လေးလဲ လက်အရေပြားများ ပွန်းပဲ့နေပြီလဲဖြစ်သည်။ စုစည်းချည်နှောင်ပြီး အိမ်အရောက် ပြန်သယ်သောအခါတွင်မတော့ အတော်လေးပေါ့ပါးလှသော်လည်း လူမြင်လဲမလှ၊ ထမ်းရတာလဲ အရသာမရှိသလိုပင်။ ထိုသစ်ခြောက်ပင်များ ခုတ်ပိုင်းဖြတ်သောအခါတွင်မတော့ ကိုရင်စိုင်းတို့နှုတ်ဖျားမှ မကြားဝံ့မနာသာ စကားလုံးများ အစီအစဉ်မရှိ ထွက်ကျလာပြန်တော့သည်။ ဓါးမများမှာ ပြန်ပြန်ခုန်ထွက်လာသဖြင့် ဖြတ်လေ့ဖြတ်ထမရှိသူများအဖို့ ဓါးနှင့်နဖူး ပြန်လည်ရိုက်ခတ်မိခြင်းများ၊ ဓါးသွားမှာ လက်ကိုင်ရိုးမှ မကြာခဏ ကျွတ်ထွက်သွားသဖြင့် ပြန်ကောက်လိုက် ပြန်ဆောင့်လိုက် လုပ်နေရခြင်းများကြောင့် အတော်လေး ကသီလင်တ များလှပေသည်။ ထင်းတစ်ပိုင်ပြည့်ရန်တော့ကိုမူကား နှစ်ပေါက်အောင် စောင့်ရပေတော့သည်။
ထို့အတွက်ကြောင့် ကိုရင်စိုင်းသစ်စိမ်းသာချိုးပါသည်။ သစ်ခြောက်ပင်များကိုတော့ လွန်စွာကြောက်လှပေသည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တစ်မြေရပ်ခြားသို့ ရောက်လာပါ၏။ သစ်ခြောက်ပင်တွေကား လွန်စွာပေါများလှပါ၏။ သာမန်ထင်းစိုက်သူများမှာ ထိုသစ်ခြောက်ပင်များကို မပြိုလဲမချင်း လက်အပွန်းခံပြီး ခုတ်လှဲကြလေသည်။ တစ်ချို့မှာ လက်အနာမခံနိုင်သဖြင့် ဆက်လက်ခုတ်လှဲခြင်းမပြုကြသော်လည်း တစ်ချို့မှာကား အပင်လဲအောင် ခုတ်လှဲပြီး အိမ်အရောက် ကျော့ကျော့မော့မော့လေးသယ်ကြလေသည်။ အများအမြင်တွင်မတော့ ကိုးလိုးကန့်လန့်၊ ခြောက်သယောင်းယောင်းကြီးကို သယ်ပိုးနေသည့်အတွက် အဆင်မပြေလှသော်လည်း ထိုသူများမှာ ပေါ့ပါးလွန်းလှပေစွဟု သယ်ပိုးနေကြသည်ကို မျက်စိထဲ အဆင်မပြေသည့်အမြင်ဖြင့် မြင်ရလေသည်။ သေချာသည်မှာတော့ ထိုသူများ သစ်စိမ်းပင် စီးစီးပိုင်ပိုင်ကို ထမ်းပိုးနေရသည်ထက်တော့ ပိုအရသာရှိလိမ့်မည်မထင်။ ထို့နောက်တွင်မတော့ အပိုင်းပိုင်းခုတ်ထစ်ရန်ကြံစည်ကြသောအခါတွင်မှ ဓါးပြန်ခုန်ပြီး ကိုယ့်နဖူးကိုယ်ရိုက်မိကြသူများ၊ လက်ညှိုးထိုးပြပြီး ဈေးကောင်းမရကြသူများကိုလဲ မြင်မိသည့်တစ်ခဏ…

ကိုရင်စိုင်း သစ်စိမ်းပင်ကိုသာ ခုတ်လှဲပြီး အဘယ်မျှပင် လေးလံသည်ဆိုသော်ငြား လူမြင်တင့်တယ်ခြင်း၊ ပုံသွင်းရလွယ်ကူခြင်းအစရှိသည်တို့ကြောင့် တစ်ချိန်က ထင်းခုတ်သမားတစ်ယောက်ပီသစွာ

သစ်စိမ်းချိုးသာ ချိုးချင်ပါတော့၏။

စိုင်းကွမ်းခေး
(မန့်သလေးဂွဇွတ်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..