“ကူညီခဲ့သည် ဆိုရာဝယ်´´

ခင္ခJanuary 7, 20131min11011

“ကူညီခဲ့သည် ဆိုရာဝယ်´´

 

“ မပြီးကြသေးဘူးလား ဟာ ကြာလိုက်တာ ´´

“ ပြီးတော့မှာပါဟ အေးငယ်က  ကျစ်ဆံမီးကျစ်ခိုင်းလို့ ကျစ်ပေးနေတာပါ ခဏလေးစိတ်ရှည်အုံး သူငယ်ချင်း´´

“မွေးနေ့ရှင်ကိုလုပ်ပေးနေတာဆိုတော့လည်း စောင့်ရမှာပေါ့ ဒါပေမယ့် သိပ်တော့မကြာနဲ့ဟာ´´

ဒါနဲ့ဘဲ နီနီ တစ်ယောက် အိမ်ရှေ့ခန်းက မဂ္ဂဇင်းစာအုပ်ကို ယူကာဟိုလှန်ဒီလှန်ဖတ်နေရင်း စောင့်နေလိုက် တယ်လေ။ နီနီ နဲ့ အေးငယ်က သွက်သွက်လက်လက် ပြောဆိုစနောက်ပြောတတ်တဲ့ အကျင့်လေးတွေရှိ ပေမယ့် သီတာကတော့ စကားပြောနည်းကာ အေးဆေးနေတတ်ပြီး အေးငယ် နဲ့ နီနီ က ဘာကူညီလုပ်ပေးအုံး ဆိုလည်း မညီးမငြူလုပ်ပေးတတ်တဲ့ သူငယ်ချင်းပေါ့။

“ကဲ ထတော့ သွားမယ် ´` ဆိုပြီး သီတာ ခေါ်မှဘဲ ဖတ်လက်စ မဂ္ဂဇင်းကိုပြန်ချထားခဲ့ပြီး သူငယ်ချင်း သုံးယောက် အေးငယ် တို့တိုက်ခန်းက ထွက်ခဲ့တာပေါ့။ လမ်းပေါ်ချေချမိရင်ဘဲ ဖြတ်သွားတဲ့ကားတွေထဲက အဌား ယာဉ်မောင်းသူတွေက အေးငယ်တို့သုံးယောက်ကို အဌားကားဌားမလား ပုံစံနဲ့ လှည့်ကြည့်ကြ တစ်ချို့ ကလည်း အနီးနားဖြေးဖြေးချင်းမောင်းကာ ဘယ်သွားမလို့လဲ ကားအားတယ်လို့ ဆိုသူဆိုပေါ့ ခဏကြာတော့ အခုခေတ် ပေါ်ကားသစ် အဌားယာဉ်လေးတစ်စီမောင်းလာတာကိုတော့ အေးငယ်က လက်တားလိုက်လို့ အဲဒီကား လေးလည်း အနီးအနားရပ်ရော “ ရွှေတိဂုံဘုရားသွားချင်လို့ ဘယ်လောက်ပေးရမလဲ´´ အေးငယ် ကမေးတော့ အဌားယာဉ် မောင်းက “၃၀၀ဝ ပေးပါ´´တဲ့။“၂၅၀၀´´ ထားပါလားဆိုတော့ ရတယ်တက် ဆိုတာနဲ့ သူငယ် ချင်း သုံး ယောက် ကားပေါ်တက်ထိုင်လိုက်ပြီဆိုတာနဲ့ ခြောက်မိုင်ခွဲကနေ ရွှေတိဂုံဘုရားဆီ အဌားကားလေး အပြေးမောင်း လေရဲ့ပေါ့။ ဒါနဲ့ဘဲ ရွှေတိဂုံဘုရား မြောက်ဖက်မုဒ်မှာ ကားလေးရပ်လို့ သူငယ် ချင်း သုံးယောက် လှေကား နဲ့ဘုရားရင်ပြင်ပေါ်သို့တက်မယ်လုပ်တော့ နီနီ က စကတ်နောက်ကွဲဝတ်လာခဲ့လို့ တက်ခွင့်မရဘဲ အောက်နားမှာဘဲစောင့်နေခဲ့မယ်ဆိုလို့ အေးငယ်နဲ့သီတာ နှစ်ယောက် ဘုရားရင်ပြင်တော် ပေါ်ကိုလှေကားအတိုင်းတက်ခဲ့ပြီး ဘုရားရှစ်ခိုးတစ်ပတ်ပတ်ကာ ဘုရားရင်ပြင်ပေါ်ကနေ လှေကား အတိုင်း ပြန်ဆင်း လာခဲ့တဲ့အချိန်မှာ သူတို့သုံးဦးနောက်ကနေ ဘယ်အချိန်ကထဲက ကပ်လိုက်လာခဲ့ တယ်မသိ အမျိုး သမီးကြီး တစ်ဦးက သီတာ ဘေးချင်းယှဉ်လျှက်အနေအထားရောက်ရော “ သမီးတို့ အဒေါ် ကို အကူအညီ တစ်ခု လောက်ပေးပါလားဟင်´´ ဆိုလာတာမို့ သီတာကလည်း “ဘာအကူအညီများလဲ´´ ပြန်မေးတော့ အဒေါ်ကြီးက “ ဒီကနေ့အဒေါ်မွေးနေ့ပါ ဒီမနက်ဗေဒင်မေးတော့ ငါးသက်စေ့လွှတ်ပါဆိုလို့ ခုနဒီစောင်းတန်း ခြေရင်းက ကန်မှာဈေးဝင်မေးလာတာ အဒေါ်သက်စေ့ဆို ၄၀၀ဝ ကျပ်လောက် ကျမှာ အဒေါ် မှာလဲ ငွေ ၂၂၀ဝ ကျပ် ဘဲရှိတာမို့ ငွေ ၂၀၀ဝ လောက်များ ကူညီနိုင်မလား သမီးတို့ရယ်´´ လို့ဆိုလာတော့ အေးငယ်က အဒေါ်ကြီးပုံကို ခဏအကဲခတ်လိုက်ပြီး “ ဒီလိုလုပ်ပါလား ဒီနေ့သမီးမွေးနေ့လည်းဖြစ်နေတော့ အောက် ရောက်ရင် အဒေါ်ကြီးနဲ့ သမီးနဲ့ ငါးအတူတူလွှတ်လိုက်မယ်လေ အဒေါ်ကြီးအတွက်ကိုလည်း သမီး စိုက်ပြီး ငါးရောင်းတဲ့သူကိုပေး ပေးမယ်လေ သမီးလည်းကုသိုလ်ရတာပေါ့ မကောင်းဘူးလား´´ ဆိုပြီးပြော လိုက်တော့ “ အဒေါ်က ဆယ့်တစ်မီးငြိမ်းဖို့ ၁၁ နာရီထိုးမှ စလွှတ်ရမှာ အခုမှ ၉ နာရီခွဲ ရှိသေးတော့ သမီး အဒေါ်နဲ့ အတူ တူလွှတ်ချင်ရင် စောင့်နေရမှာ အားနာပါတယ်သမီးရယ်´´ တဲ့။ “ အဲဒါလည်း မခက်ပါဘူး အဒေါ်ကြီးကလည်း သမီးလွှတ်ရင်းနဲ့ ငါးဆိုင်ကို အဒေါ်ကြီးအတွက် ပိုက်ဆံကြိုပေးပြီး ဝယ်ပေးခဲ့မှာပေါ့ အဒေါ်ကြီး လွှတ်ရမယ့် အချိန်ကြ သူတို့ဆီက ယူပြီးလွှတ်လိုက်လေ´´ လို့ အေးငယ်က ဆိုတော့ အဒေါ်ကြီး လည်း “ အင်း အဲလို လုပ်ပေးခဲ့မယ်ဆိုလည်း ကျေးဇူးပါသမီးတို့ရယ် သမီးတို့ ဆင်းနှင့် အဒေါ်ဖြေးဖြေး ဆင်းလိုက်ခဲ့မယ် မောလို့ ခဏလေး နားအုံးမယ်´´ ဆိုလို့ အေးငယ် ကလည်း “သမီးတို့ဆင်းနှင့်ပြီး အဒေါ် အတွက် ဝယ်ပေးထားခဲ့ မယ်နော်´´ လို့ပြန်ပြောပြီး လှေကားအတိုင်း ဆက်ဆင်း လာကာ စောင့်နေတဲ့ နီနီ ဆီ ရောက်တော့ အေးငယ် က “ သနားပါတယ် ငါ့သူငယ်ချင်းကြီး ထိုင်စောင့်ကျန်ခဲ့ တာ´´ ဆိုပြီး နီနီ ကို အေးငယ် က လက်ကလေး လှမ်းကာပြုတော့ နီနီ ကလည်း ပြန်လက်တွဲပြီး လှေကား ခြေရင်းကို ဆင်းရင် “ နီနီ ငါ့ အောက်ရောက်ရင် ငါးလွှတ်လိုက်အုံးမယ် ပြီးမှ စားမယ့်ဆီသွားမယ်နော်´´ ပြောတော့ နီနီ က “ အင်း လွှတ်လေ ဒါနဲ့ အရင်နေ့ က မွေးနေ့လျှောက်သွားမယ့်အစီအစဉ်ပြောတဲ့ထဲ ငါးလွှတ် တာမပါဘူးလားလို့´´ ပြန် အပြော လှေကားခြေ ရင်းရောက် ကားလမ်းကူးတာမို့ နီနီ စကားကို ပြန်မပြော ဖြစ်တော့ဘဲ ငါးကန်ကို ကား လမ်းအပြေးလေး ကူးရင်း လွှတ်ဖို့ငါးဝယ်ပြီး လွှတ်လိုက်ပြီး အဒေါ်ကြီးများ လှေကားရင်းရောက်လေမလား လှမ်းမျှော်ကြည့် လိုက်ပေမယ့် အရိပ်အယောင်မတွေ့သေးလို့ ငါးရောင်းတဲ့အဒေါ်ကြီးကိုဘဲ ခုနအဒေါ်ကြီးက သူ့သက်စေ့ဆို ၄၀၀ဝ လောက်ကျမယ်ဆိုတဲ့အတိုင်း ငါးရောင်းတဲ့ ကလေးမလေးကို “ အကျင်္ ီနံသာရောင်နဲ့ အဒေါ်ကြီး တစ်ယောက် သူ့သက်စေ့ ငါးလွှတ်ဖို့ ၁၁ နာရီလောက်ကျရင်လာလိမ့်မယ် ခုန ဒီမှာမေးသွားတော့ ၄၀၀ဝ လောက်ကျမယ်ဆိုလို့ အဲဒီ ၄၀၀ဝ ကို ကျမပေးခဲ့ရှင်းခဲ့ပေးမယ် အဲဒီအဒေါ်ကြီးလာရင်တာ သူ့သက်စေ့ ငါး ပေးလိုက်ပါနော်´´ ဆိုပြီး အေးငယ်ခုနက သူ့အတွက်လွှတ်တဲ့ ငါးတန်ဖိုးနဲ့ အခု ၄၀၀ဝ ပေါင်းပြီး ငါးရောင်း တဲ့ ကလေးမလေးကို ပေးပေါ့။ ငါး ရောင်းတဲ့ကလေးမလေးကလည်ူ အူကြောင်ကြောင်နဲ့ ငွေတွေလက်ခံယူပေါ့။ ပြီးတော့ ငါးလွှတ်တဲ့နေရာရှေ့ ရပ်ထားတဲ့အဌားကားကို ဗဟိုလမ်းက ယူဂျီးနီးယား စားသောက်ဆိုင်သွားမယ် ဘယ်လောက်လဲမေး ဈေးလေးဆစ်ပြီး နီနီ နဲ့ သီတာ ကားလေးပေါ်တက်နေတုန်း အေးငယ်တစ်ယောက် အဌား ကားလေးပေါ်မတက်ခင်လေး ငါးရောင်းတဲ့ကလေးမလေးဆီကို ခဏအပြေးလေးသွားပြီး “အဒေါ်ကြီးလာရင် ပိုက်ဆံလည်းထပ်တောင်းမနေနဲ့အုံးနော် တော်ကြာ ကုသိုလ်လုပ်ခါနီး စိတ်ညစ်သွားအုံးမယ်´´ လို့ပြောတော့ ကလေးမလေးကလည်း “စိတ်ချပါအမ´´ လို့ပြန်ပြောတယ်လေ။ ဒါနဲ့ဘဲ  စားသောက်ဆိုင်ရောက် စားပွဲမှာ ထိုင် ပြီးစားချင်တာတွေ သူငယ်ချင်းတွေမှာလို့ပြီးတော့မှ နီနီက “နေစမ်းပါအုံး သူငယ်ချင်းနင် ဘာတွေလုပ် နေတာလည်း ငါတော့နားမလည်ဘူး´´ ဆိုပြီးမေးတော့မှ အေးငယ်က “ငါ ဒီနေ့ မမျော်လင့်ဘဲ ကုသိုလ်ရခဲ့ တာဟ – – – ´´ အစချီပြီး သူတို့ အဒေါ်ကြီးနဲ့ တွေ့ခဲ့ပုံ သူ ကူညီလုပ်ခဲ့ပုံတွေ အစဆုံးပြန်ပြောပြတယ်ဆိုရင်ဘဲ နီနီက “ အယ် အဲဒီအဒေါ်ကြီးဘဲနေမှာ ငါ အောက်မှာ နင်တို့ကို ထိုင်စောင့်ရင်း အဒေါ်ကြီးတစ်ယောက် နင် တို့ကိုပြောသလိုဘဲ သူ့မွေးနေ့ ငါးလွှတ်ဖို့ ငွေမပြည့်လို့ ၂၀၀ဝ လောက်လိုလို့ အကူအညီတောင်း တာနဲ့ ငါလည်း ဘုရားပေါ်လိုက်မတက်ရတဲ့အတူတူ ကုသိုလ်လုပ်လိုက်မယ်ဆိုပြီး ငါ ၂၀၀ဝ ကျပ် ထုတ်ပေးပြီး ကူညီ ခဲ့သေးတယ်´´ လို့လည်း ဆိုရော အေးငယ်က “ ဟင် အဲလိုလား ´´ ဆိုပြီး ခေတ္တငြိမ်သွားကာ အတန်ငယ် ကြာမှ   “ ဘာဘဲဖြစ်ဖြစ်လေ ငါက စေတနာသန့်သန့်နဲ့ ကူညီခဲ့တာဘဲ သူလိမ်ရင် သူ့အကြောင်းပေါ့ဟာ´´ ဆိုကာ အေးငယ်ထံမှာ ပြောသံလေးထွက်လာပြီး လာချပေးတဲ့ သူတို့မှာတဲ့ စားစရာတွေကို ပျော်ပျော်ပါးပါး သူငယ်ချင်းတွေပြောဆို စားသောက်ခဲ့ကြတယ်လေ။

ငါးရောင်းတဲ့ကောင်မလေးဆီမှာ အေးငယ်မှာပြီး ဝယ်ပေးခဲ့တဲ့ ငါးလေးတွေကတော့ အဒေါ်ကြီး တကယ်ဘဲ လာယူလို့ လွှတ်ပေးခံရပြီး ရေကန်ထဲရောက်လေလား၊ ငါးရောင်းသည်ကလေးမလေးဘဲ အလိုလိုနေရင်း ငါးမပေးရဘဲ အေးငယ် ပေးခဲ့တဲ့ငွေကို အဲဒီနေ့က ကံကောင်းစွာ ရခဲ့လေလားဆိုတာကိုတော့ သူတို့ သုံးယောက်တော့မသိနိုင်ကြတော့သလို ဘယ်သူကောသိနိုင်တော့မှာလဲလေ။ ။

 

( ရွှေတိဂုံဘုရားမှာ ကားဂိတ်ထိုးလို့ အဌားယာဉ်မောင်းတဲ့ ခင်ခ သူငယ်ချင်းတစ်ယောက် သူ့ အဌားယာဉ် ပေါ်မှာ ပြောဖြစ်ခဲ့တဲ့ အကြောင်းလေးကို သိရှိခဲ့ပြီး ပြန်လည်ခံစား ရေးသားတင်ပြတာပါ။ )

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ခင်ခ။

11 comments

  • mamanoyar

    January 7, 2013 at 10:49 am

    အော် ဘုရားပေါ်တောင်မနေရပါလားနော်
    လိမ်လည်တောင်းရမ်းနေတာကလဲ

    • ခင်ခ

      January 7, 2013 at 11:26 am

      ဟုတ်ပ မမနိုရာ ရေ။ အမျိုးမျိူးအဖုံဖုံ မရိုးရဘူးနော်။
      စိတ်များမထားတတ်ရင် ကုသိုလ်စိတ်ကနေ အကုသိုလ်စိတ်တောင်ဖြစ်အုံးမယ့်ပုံဘဲဗျာ။
      ဪ ဦးဆုံးကွန်မန့်ပေးခြင်းအတွက်လည်းကျေးဇူးဗျာ။

  • ခိုင်ဇာ

    January 7, 2013 at 1:17 pm

    “လိမ်တယ် ညာတယ် လူညာကြီးရယ်”

    အမျိုးမျိုးပါလား ကိုခရယ်။
    ဒါပေမဲ့ ကျနော် အလိမ်ခံရတယ်ဆိုရင်တောင် အရွယ်ကောင်း ယောင်္ကျားကြီး လိမ်စားတာမဟုတ်တဲ့ အတွက်ရယ်၊ သက်ကြီးရွယ်အို ဖြစ်နေတဲ့ အတွက်ရယ် ခွင့်လွှတ်မိမယ်ထင်တယ်။
    လူမိုက်အားပေးဖြစ်နေပြီထင်ရဲ့။
    ဘာပဲပြောပြော လိမ်၊ ညာ၊ လှည့်စား တာဆိုတာတော့ တစ်ခုမှ မကောင်းဘူးလို့ပဲ ဆိုရပေမပေါ့။ 🙁

  • Mr. MarGa

    January 7, 2013 at 1:54 pm

    လိမ်တာတော့ မကောင်းဘူးပေါ့
    သို့ပေမယ့်
    မွေးနေ့ဆိုတော့ အလှူပေါ့နော်
    ဟုတ်တယ်မလား လေးခ

  • မိုချို

    January 7, 2013 at 2:07 pm

    မတူတဲ့ ဘက်က ပြောရရင် ငါး လွှတ်တာတွေ၊ ငှက် လွှတ်တာ တွေ အား မပေးဘူး။ သူ့ ဘာသူ လေထဲ နေ ရမယ့် ငှက်နဲ့ ရေ ထဲ နေရ မယ့် ငါးတွေ ကို ဖမ်း လှောင်ပြီးရောင်းနေ တာ ကို က အလုပ် မဟုတ်တာ။ ဝယ် လွှတ်တဲ့ သူတွေ ရှိ လို့ လည်း ရောင်း တဲ့ သူတွေ ရှိနေတာ။
    ငှက်တွေ ဆို ဆေး ကျွေးထားလို့ ကိုယ် လွှတ်ပြီး မကြာ ခင် သူတို့ လှောင်အိမ် ပြန်လာ ကြတာပဲ။
    ငါး ဆိုလည်း ကိုယ်က လွှတ် လိုက်တဲ့ ငါး သား ပေါက် တွေ ကို ကန်ထဲက ငါးကြီးတွေ က စား လိုက်ရော။ မဟုတ် လည်း ငါးတွေ အရမ်း ကြီး လာလို့ ကန် ကြပ် လာရင် သက် ဆိုင် ရာ လူတွေ က လူမသိ သူမသိ ဖေါ် ကြရော။

  • ဗုံဗုံ

    January 7, 2013 at 2:36 pm

    မိဗုံသာဆို အဲ့ဒီအဒေါ်ကြီးကို လိုက်ရှာပြီး အဒေါ်ကြီးဘာလို့လိမ်တာလဲလို့ မေးပစ်လိုက်မှာ :mrgreen:

    • ခင်ခ

      January 8, 2013 at 8:13 am

      ဖတ်ရှု့ကာဝင်ရောက်ကွန်မန့်ပေးခဲ့ကြသော မမနိုရာ၊ မခိုင်ဇာ၊ Mr. MarGa ၊ မမိုချို နဲ့ မိဗုံ တို့ကို ခင်ခ မှ ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ။

    • P chogyi

      January 8, 2013 at 10:03 am

      ဗုံဗုံရေ
      မေးမနေပါနဲ့တော့
      ကိုယ်ကအလှူကို စိတ်ပိုင်းဖြတ်ပြီးလှူလိုက်ပါ
      နို့မို့ဆိုရင် ငွေကုန်ပြီး ကုသိုလ်မရဖြစ်နေမယ်
      လက်ရှိဘဝအရေးအတွက် သံသရာအရေးမတွေးနိုင်တဲ့
      သူတို့လုပ်ရပ်ကို မေံလိူက်တာအကောင်းဆုံးပါ။

      • kai

        January 9, 2013 at 6:23 am

        ငါ့လက်ကလွတ် ဗြွတ်အလှူ
        ဘုရားမကြိုက်..နတ်မကြိုက်
        လူမိုက်သိပ်သိပ်ကြိုက်..။ :kwi:

  • aye.kk

    January 9, 2013 at 8:10 am

    မိမိ၏စိတ်စေတနာသုံးတန်ပြတ်သားပါက
    မိမိပြုသည့်စေတနာကံသည်မိမိကိုယ်ကိုယ်သာလျှင်။
    တန်ပြန်ကုသိုလ်ကံအကျိုးတို ့ပေးမည်သာဖြစ်ပြီး။
    လိမ်ညာသည့်သူသည်သာလျှင်။
    သူ ပြုသည့်အပြစ် ။သူ ့ပြုသည့်ကံ။ သူ ့ထံပြန်ကာသာလျှင် ။
    ခံစားရမည်မှာဧကန်အမှန်ဖြစ်ပါကြောင်း။

  • water fish

    January 9, 2013 at 2:58 pm

    တွေ့ဖူးတယ်…အဲ့လိုခပ်ဆင်ဆင်တွေအများကြီး ..ရန်ကုန်မှာက
    သံဃာတော်တွေကလဲလမ်းမှာတွေ့တဲ့လူတွေကို ဖိနပ်ပြတ်သွားလို့ ပြန်စရာ လမ်းစရိတ်မရှိတော့လို့ ဆိုပီးတောင်းနေတာတွေကော ခဏခဏပါပဲ………..
    လူစည်ကားတဲ့နေရာတွေမှာ လိမ်တဲ့သူတွေပိုများတယ်..သူတို့က ဘယ်လိုဂွင်ဖမ်းရမယ်ဆိုတာ ချောင်းနေကျတာလေ……
    ကိုယ်ပြုတဲ့ကံ မိမိထံကိုပြန်အကျိုးပေးမှာပါ….
    တစ်ဘဝစာပဲလေ..

Leave a Reply