ဘုရားဟောတဲ့ ကျင့်ဝတ်တွေ

Yin Nyine NwayJuly 18, 20102min552

ငယ်စဉ်အခါ မူလတန်းလောက်တုန်းက ဖတ်ခဲ့မှတ်ခဲ့ရတဲ့ “ကျွေးမွေးမပျက် ဆောင်ရွက်စီမံ မွေခံထိုက်စေ လှူမျှဝေ၍ စောင့်လေးမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ် သားသမီးတာ” ဆိုတဲ့လင်္ကာလေးတွေကို ခုမှသေချာပြန်ပြီး လေ့လာကြည့်တော့.. သိင်္ဂါလောဝါဒသုတ်တော်မှာ ဘုရားရှင်က သိင်္ဂါလသတို့သားအား ဟောကြားခဲ့တဲ့ အဆုံးမတွေ ဖြစ်တယ်ဆိုတာ သိလာရပါတယ်။ အင်မတန်မှ တန်ဖိုးရှိတဲ့အဆုံးမတွေပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လောကအလယ် ပွင့်ထွန်းပေါ်ပေါက်လာတယ်ဆိုတာကိုက လောကီလောကုတ္တ နှစ်ခုသောအကျိုးတွေ တိုးပွားစေဖို့ပါပဲ။ လောကီလူ့ဘောင်မှာနေထိုင်ပြီး လုပ်ကိုင်ရှာဖွေစားသောက်ကြတဲ့ ပုထုဇဉ်တွေအတွက် ဘယ်လိုကျင့်ဝတ်တွေ ကျင့်ကြံလိုက်နာကျင့်သုံးသင့်တယ်။ ဘယ်လိုကျင့်ဝတ်တွေနဲ့ လိုက်နာကျင့်သုံးမှာ့ ကျင့်ဝတ်နဲ့လျော်ညီစွာ လိုက်နာကျင့်သုံးတဲ့သူတွေ ဖြစ်တယ်.. ဒီကျင့်ဝတ်တွေဟာ မိမိအတွက် အများအတွက် လောကအတွက် အကျိုးများစေတဲ့ ကျင့်ဝတ်တွေဖြစ်တယ်ဆိုတာတွေကို ဟောပြဆုံးမပေးခဲ့တာပါ။ လောကကြီးရဲ့ အလှတရားတွေ လှပသည်ထက် လှပလာအောင်၊  လိုက်နာသင့်တဲ့ကျင့်ဝတ်တွေနဲ့ အလှဆင်သင့်တယ်ဆိုတာကို ဟောပြဆုံးမပေးခဲ့တာပါပဲ။

ယခုချိန်ခါမှာတော့ ဒီကျင့်ဝတ်တွေဟာ သိပ်ပြီးလိုက်နာကျင့်ကြံတဲ့သူတွေ ရှားပါးလာပါတယ်။ တစ်ချို့ဆို သိတောင် မသိကြတော့ပါဘူး။ သားသမီးကျင့်ဝတ်ကဘာလည်း.. မိဘကျင့်ဝတ်ကဘာလည်းဆိုတာ မသိတော့.. လိုက်နာကျင့်ကြံပြီး ဖြည့်ကျင့်ရမယ်ဆိုတာလည်း မသိကြတော့ပါဘူး။ မိဘတွေအနေနဲ့ ကိုယ့်သားကိုယ့်သမီးတွေကို ဘုရားရှင်ဆုံးမထားတဲ့ သားသမီးကျင့်ဝတ်တွေသိအောင် ပြောဆိုပြုပြင်ပြီး ဆုံးမပေးဖို့လိုအပ်သလို.. မိဘတွေအနေနဲ့လည်း ဘုရားရှင်ဆုံးမထားတဲ့ မိဘကျင့်ဝတ်အတိုင်း နေထိုင်တတ်အောင် ဆောင်ရွက်နိုင်အောင် ကျင့်ကြံနေထိုင်ပြဖို့ဟာလည်း အရေးကြီးပါတယ်။ ဒါမှသာ မိသားစုတိုင်း မိသားစုတိုင်းဟာ ဘုရားရှင်ဆုံးမခဲ့တဲ့ အဆုံးမနဲ့အညီကျင့်ကြံနေထိုင်ကြတဲ့ မိသားစုအသိုင်းဝိုင်းလေး ဖြစ်လာမှာပါ။ ဘုရားရှင်ရဲ့အဆုံးမအတိုင်းသာ နေထိုင်ကျင့်ကြံသွားကြမယ်ဆိုရင် အင်မတန်မှ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးလည်း ဧကန်အမှန်ဖြစ်လာမယ်ဆိုတာ မလွဲပါဘူး။ ဒါမို့လို့ ဘုရားရှင်ဆုံးမခဲ့တဲ့ ဆိုင်ရာကျင့်ဝတ်တွေကို ကိုယ်တိုင်လည်း လေ့လာမှတ်သားပြီး ကျင့်ကြံဖို့လိုသလို.. အများသူငါကိုလည်း ကျင့်ကြံနိုင်အောင် ပြောပြပေးဖို့လိုပါတယ်။ ကျင့်ဝတ်တွေဆိုတာလည်း သိမှသာ ကျင့်နိုင်မှာ ဖြစ်ပါတယ်။ ကျင့်စေခြင်းအလို့ငှာ သိစေနိုင်ရန်အတွက် ဘုရားရှင်ဆုံးမခဲ့တဲ့ ကျင့်ဝတ်တွေကို ဖော်ပြပေးလိုက်ပါတယ်..။

သားသမီးကျင့်ဝတ်(၅)ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ

မွေခံထိုက်စေ၊ လှူမျှဝေ၍

စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်

ကျင့်ဖွယ်သားသမီးတာ။

မိဘကျင့်ဝတ်(၅)ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်

အတတ်သင်စေ၊ ပေးဝေနှီးရင်း

ထိန်းမြားခြင်းလျှင်၊ ဝတ်ငါးအင်

ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ်(၅)ပါး

ညီညာထကြွ၊ ဆုံးမနာယူ

လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး

သင်တွေးအံရွတ်၊ တပည့်ဝတ်

မချွတ်ငါးခုတာ။

ဆရာကျင့်ဝတ်(၅)ပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ

သိပ္ပမချန်၊ ဘေးရန်ဆီးကာ

သင့်ရာအပ်ပို့ ဆရာတို့

ကျင့်ဖို့ဝတ်ငါးဖြာ။

လင့်ကျင့်ဝတ်(၅)ပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ

မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်

မြတ်နိုးကြင်

ငါးအင်လင်ကျင့်ရာ။

မယားကျင့်ဝတ်(၅)ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ

မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချိ

ပျင်းရိမမူ၊ ဝတ်ငါးဆူ

အိမ်သူကျင့်အပ်စွာ။

ဒါယကာကျင့်ဝတ်(၅)ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်

ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား

တတ်အားလှူစေ၊ ဝတ်ငါးထွေ

ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ်(၆)ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်

အသစ်ဟောကျူး၊ နာဖူးထပ်မံ

နတ်ထံတင်ရာ၊ မေတ္တာလည်းပြု

ရဟန်းမှု

ခြောက်ခုလွန်သေချာ။

မိတ်ဆွေကျင့်ဝတ်(၅)ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ့်နှင့်ယဉ်ထား

စီးပွားဆောင်ရွက်၊ နှုတ်မြွတ်ချိုသာ

သစ္စာမှန်စေ၊ ဝတ်ငါးထွေ

ကျင့်လေမိတ်သဟာ။

ကျွန်မဖော်ပြပေးတဲ့ ကျင့်ဝတ်တွေအားလုံးဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဟောပြဆုံးမပေးထားတဲ့ ကျင့်ဝတ်တွေပါပဲ။ ဒီကျင့်ဝတ်တွေနဲ့လျော်ညီထွေစွာ ကျင့်ကြံလိုက်နာကြမယ်ဆိုရင် ဘုရားရှင် သာဓုခေါ်တဲ့သူတွေ ဖြစ်လာမှာပါပဲ။ သားသမီးကလည်း သားသမီးကျင့်ဝတ်အတိုင်း၊ မိဘကလည်း မိဘကျင့်ဝတ်အတိုင်း၊ ဆရာကလည်း ဆရာကျင့်ဝတ်အတိုင်း၊ တပည့်ကလည်း တပည့်ကျင့်ဝတ်အတိုင်း စသည်ဖြင့် လိုက်နာကျင့်ကြံကြမယ်ဆိုရင် အင်မတန်မှကို နှစ်သက်ကြည်နူးစရာပါ။ တစ်ဦးနဲ့တစ်ဦး ဘုရားရှင်ရဲ့အဆုံးမကျင့်ဝတ်အတိုင်း နေထိုင်ကြရင်ဖြင့် လောကကြီးဟာ အေးချမ်းမှုအတိပါပဲ။ “အဓိကကတော့ ကိုယ်ကဘယ်နေရာရောက်နေလဲဆိုတာသိပြီး ရောက်နေတဲ့နေရာနဲ့အညီ ကျင့်ဝတ်အတိုင်း လိုက်လျောညီထွေစွာ လိုက်နာကျင့်သုံးတတ်ဖို့ပါပဲ။” ဘုရားရှင်ဆုံးမခဲ့တဲ့ အဆုံးမကျင့်ဝတ်တွေနဲ့အညီ လိုက်လျောညီထွေစွာ နေထိုင်ကျင့်ကြံနိုင်ကြပါစေ။ ဓမ္မမိတ်ဆွေအပေါင်း ဘုရားရှင်ဟောပြဆုံးမခဲ့တဲ့ ကျင့်ဝတ်တွေနဲ့အညီ ကျင့်ကြံနေထိုင်ရင်း လောကကြီးအား အလှဆင်နိုင်ပြီးတော့.. မိမိကိုယ်ကိုယ်တိုင်လည်း သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အလှတရားတွေနဲ့ လှပသည်ထက် လှပလာအောင် အလှဆင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။

2 comments

  • kopauk mandalay

    July 18, 2010 at 11:34 am

    မသိသေးခင်ကတော့ သိဘို့ခက်
    သိလာပြန်တော့လဲ ကျင့်သုံးဘို့ခက်တယ်လို့
    ဆင်ခြေပေးတတ်သော လူတွေကြောင့်
    ကျနော်တို့ရဲ့လူ့လောက ကြီးဟာ………………………………………………..

Leave a Reply