“နောက်ဆုံး ဘူတာ “

နေရောင်ခြည်က အခန်းထဲကို ဖြန့်ကျက်လာခြင်းက နေ့သစ်တစ်နေ့ စတင်ပြီလို့ ပြောနေသလိုပဲ။
ကျွန်မက မနက်ခင်းမှာစောစောထပြီး အပြေးလေ့ကျင့်ဖို့ စဉ်းစားထားတာ။
လွန်ခဲ့တဲ့ လအနည်းငယ်ကတော့ အပြေးကောင်းကောင်းလေ့ကျင့်ဖြစ်သေးတယ်။
ဒါပေမယ့် မိုးရာသီမှာ ခဏ နားလိုက်ရာကနေ ပြန်မစဖြစ်တော့ဘူး။
ရေခဲသေတ္တာထဲမှာ တစ်ဝက်လောက်ကျန်သေးတဲ့ နွားနို့ဗူးကိုရှာတွေ့လိုက်တော့
အရသာနည်းနည်းစမ်းကြည့်လိုက်တယ်။ နောက် ပန်းကန်ထဲကိုလောင်းထည့်ပြီး cereal ဗူးကို လိုက်ရှာနေတယ်။
မနေ့က ဈေးဝယ်ထွက်တဲ့နေ့ဆိုတော့ ဗီရိုထဲက တစ်နေရာရာမှာ သေချာပေါက်ရှိမှာပဲ။
စားသောက်ရင်းနဲ့ သတင်းစာဖတ်ဖို့အတွက် သတင်းစာကို ထွက်ကောက်လိုက်တယ်။ ရှစ်နာရီ ခွဲ ပြီ၊ ခဏနေရင် ဘူတာကိုသွားရတော့မယ်။
ဂျင်းဘောင်းဘီ ၊ တီရှပ်တစ်ထည်နဲ့ converse တံဆိပ်ခြေနင်းတစ်ရံ ဝတ်လိုက်ရုံနဲ့ သွားဖို့ အဆင်သင့်ဖြစ်သွားပြီ။
ဆံပင်စည်းလိုက်ပြီးတာနဲ့ ကျွန်မ ဘူတာကို ထွက်လာလိုက်တယ်။
ထိုင်ခုံပေါ်ထိုင်လိုက်တာနဲ့ မနက်ခင်းက အသက်ဝင်လာပြီ။ ကျွန်မအလုပ်ကိုရောက်ဖို့အတွက် တစ်နာရီလောက်တော့ကြာတယ်။
ဒါတွေက ကျွန်မအတွက်တော့ မနက်တိုင်း လည်ပတ်နေကျ ဇယားကွက်တစ်ခုပါပဲ။
လူတွေအများကြီး ရထားပေါ်ကနေ ဆင်းလိုက်ကြ တက်လိုက်ကြပေ့ါ။
တစ်ချို့က ကျယ်လောင် ကျယ်လောင်နဲ့။ တစ်ချို့ကတော့ ဟန်ပန်တစ်မျိုးတွေနဲ့။
ကျွန်မ ပြတင်းပေါက်နားက ခုံတစ်ခုံမှာ ထိုင်လိုက်တယ်။ သီချင်းကို အကျယ်ကြီးဖွင့်နားထောင်နေလိုက်တယ်။
နောက်ဘူတာတစ်ခု ရထားရပ်ချိန်မှာ ကျွန်မ ပြတင်းပေါက်ကို ကြည့်နေမိတယ်။
အဲဒီအချိန်မှာပဲ ပြတင်းမှန်ထဲကနေ သူ့အရိပ်ကို တွေ့မိလိုက်တယ်။
ကျွန်မ တံခါးပေါက်ကနေပြီး လှမ်းကြည့်လိုက်တယ်။ သေချာတယ် ..အဲဒီမှာ ကျွန်မ မြင်ဖူးတဲ့သူတွေနဲ့ မတူ ကွဲပြားခြားနားတဲ့
သူ့ကိုမြင်ရတယ်။ ဖြောင့်စင်းစင်းဆံပင်အညိုရောင်၊ သိပ်လှပတဲ့ အပြာရောင်မျက်လုံးတစ်စုံ၊ တွေဝေနေတဲ့မျက်နှာထားနဲ ့သူဟာ သိပ်ကို ချောမောနေတယ်။
သူက ဂျင်းဘောင်းဘီအရောင်ခပ်မှိုင်းမှိုင်း ၊ တီရှပ်အကွက်စိပ်နဲ့ အမည်းရောင် Puma ဖိနပ်ကို ဝတ်ဆင်ထားတယ်။
သူ့ကိုကြည့်ရတာ ကျွန်မ နဲ့ရွယ်တူလောက် ၊ ဒါမှမဟုတ် ၂၂ ၊ ၂၃လောက်ပဲရှိဦးမယ်။
အိုး ……ချောလိုက်တာ။
ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်တာက သူ့ဆီကနေပြီး ကျွန်မမျက်လုံးကိုမခွာနိုင်ဖြစ်နေတာကိုပဲ။
သူရထားတွဲထဲဝင်လိုက်ရာကစလို့ သူထိုင်လိုက်တဲ့အချိန်ထိ တစ်ချိန်လုံး ကျွန်မ သူ့ကို ခိုးကြည့်နေမိတယ်။
ရထားစီးနေတဲ့အချိန်အတွင်းမှာ ကျွန်မ ပြတင်းပေါက်အပြင်ကိုပဲ ကြည့်နေမိခဲ့တာ။ ဒါပေမယ့် အခုချိန်ကစလို့ကျွန်မ သူရှိရာဘက်ကိုကျွန်မ ဦးလှည့်ပြီး သူ့ကို ခဏတစ်ဖြုတ်ကြည့်နေမိတယ်။ သူက စာအုပ်တစ်အုပ်ကိုထုတ်ပြီးဖတ်နေတယ်။
ကျွန်မ ဆင်းရမယ့်ဘူတာရောက်တော့ ကျွန်မ သူ့ကိုနောက်ဆုံးအနေနဲ့ တစ်ခါကြည့်လိုက်ပြီးမှ ဆင်းခဲ့တယ်။ ကျွန်မသိတယ်.. သူ့ကို ကျွန်မ နောက်ထပ် ထပ်မတွေ့နိုင်လောက်ဘူးဆိုတာ။
နောက်နေ့မနက်မှာတော့ အလုပ်သွားဖို့အတွက် ရထားစီးရမှာကို ကျွန်မ နည်းနည်းစိတ်လှုပ်ရှားနေမိတယ်။
ကျွန်မ မနေ့ကတွေ့ခဲ့တဲ့ ကိုလူစိမ်းကိုများ ထပ်တွေ့ရမလားလို့။
အရင်ကျွန်မဝတ်နေကြအဝတ်အစားအပြင် ဒီနေ့မှ ကျွန်မ ပိုပြီး လှတယ်ထင်တဲ့ ဂျင်းဘောင်းဘီနဲ့ အညိုရောင်တီရှပ်တစ်ထည်ကို ကျွန်မရဲ့ စီးနေကြဖိနပ်နဲ့ အတူတွဲဖက်ဝတ်ဆင်လိုက်တယ်။
ဆံပင်ကို လိပ်ပြာပုံကလစ်လေးနဲ့ ခပ်လျော့လျော့လေး ခြည်လိုက်တယ်။ အိမ်ကထွက်ခါနီးမှာတော့ အရောင်မပါတဲ့ နှုတ်ခမ်းအဆီနည်းနည်းဆိုးလိုက်တယ်။
အရင်လိုပဲ ကိုးနာရီတိတိမှာ ကျွန်မ ရထားပေါ်ကိုရောက်ပြီ။ ဒီအချိန်မှာ မနေ့က ကိုလူစိမ်းကိုများ
ကျွန်မတွေ့ရမလားဆိုတဲ့ အတွေးနဲ့ ကျွန်မ ရင်တွေ ကဆုန်ပေါက် လှုပ်ရှားနေပြီ။
မနေ့က သူတက်လာတဲ့ ဘူတာရောက်တော့ ပြတင်းပေါက်ကနေ သူ့အရိပ်များတွေ့ရမလားလို့ အရင်ကြည့်လိုက်တယ်။
စောင့်ရင်း စောင့်ရင်းနဲ့ ရထားပေါ်မှာလည်း လူရှင်းသလောက်ဖြစ်သွားပြီ။
ရထားတံခါးပိတ်ခါနီးမှာပဲ သူ ခုန်ဝင်လာတယ်။ နောက်တော့ ကျွန်မနဲ့ အတော်နီးတဲ့ ခုံတစ်နေရာကို
သူရသွားတယ်။ကျွန်မသူ့ကိုလှမ်းကြည့်လိုက်တယ်။ သို့သော်လည်း သူကတော့ ကျွန်မကို
သတိမထားမိဘူး။လမ်းတစ်လျှောက်လုံး အရင်ရက်ကလိုပဲ ကျွန်မသူ့ကို ခဏခဏ ကြည့်မိတယ်။
အရမ်းသိသာတယ်လို့ ကျွန်မထင်တဲ့အချိန်ကြရင်တော့ပြတင်းပေါက်မှာထင်နေတဲ့ သူ့အရိပ်ကိုပဲ
ကြည့်နေလိုက်တယ်။ ကျွန်မဆင်းရမယ့် ဘူတာရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ပုံရိပ်ကို ဒီ
တစ်နေ့လုံးစာကျွန်မစိတ်မှာစွဲထင်နေဖို့အတွက်ကျွန်မရဲ့ပစ္စည်းတွေကို ဖြေးဖြေးယူရင်းကနေပြီးတော့
သူ့ရဲ့ပုံရိပ်ကို စွဲမှတ်နေလိုက်တယ်။
သောကြာနေ့ရောက်လာတာကို ကျွန်မ စိတ်ပျက်လက်ပျက်ဖြစ်မိတယ်။
စနေ တနင်္ဂနွေမှာ ကျွန်မ ရထားစီးဖို့မလိုဘူးလေ။
ဒီနေ့က ကျွန်မအတွက်တော့ နောက်တစ်ပါတ် တနင်္လာအထိ
သူ့ကိုနောက်ဆုံးတွေ့ရမယ့်ရက်ပေါ့။
ကျွန်မ စွန့်စွန့်စားစားပဲ ဝတ်နေကျ converse ဖိနပ်အစား
လွန်ခဲ့တဲ့ လ အနည်းငယ်က ပါတီသွားရင်စီးဖို့ ဝယ်ထားတဲ့ ဖိနပ်အပါးလေး စီးလိုက်တယ်။
ဆံပင်ကိုဖြန့်ချထားလိုက်ပြီးတော့ အပြာရောင်မှိုင်းမှိုင်းတီရှပ်နဲ့ကာကီရောင်ဘောင်းဘီကိုတွဲဖက်ဝတ်ဆင်လိုက်တယ်။
ကျွန်မ သူစီးနေကျ ဘူတာမှာ သူတက်အလာကို စောင့်နေမိတယ်။
ရထားတံခါးပိတ်သွားသည်ထိ အရင်ရက်က သူလုပ်နေကြအတိုင်း နောက်ဆုံးမှ ပြေးတက်လာတာမျိုး ဖြစ်မလာဘူး။
ကျွန်မ စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။ ကျွန်မရဲ့ တစ်နေ့လုံးကတော့ မရွှင်မပျနဲ့ပေါ့။
စနေ တနင်္ဂနွေ အလုပ်နားရက်အတွက်တော့ အချိန်တွေကိုအအားပေးလို့ မဖြစ်နိုင်ဘူး။
အပြေးလေ့ကျင့်ခန်းကိ မကြာခဏလုပ်တယ်၊ နောက် တချို့အရာတွေကို မနားမနေ လုပ်ရင်းနဲ့ပဲ နေ့ရက် အချိန်တွေ အကုန်မြန်အောင် လုပ်နေမိတယ်။
တနင်္လာနေ့ရောက်ပြီ။ ရထားက ဒီနေ့မှ အခြားနေ့ရက်တွေထက် လူပိုပြည့်နေတာ သတိထားမိတယ်။
ကျွန်မ တစ်ယောက်ထဲပဲ ထိုင်ချင်တာနဲ့ ကျွန်မရဲ့ အိတ်ကို ဘေးက ခုံအလွတ်မှာ တင်ထားလိုက်တယ်။
ဘေးမှာ တစ်ယောက်မှ ရပ်မနေတဲ့အတွက် ဒါက ကိစ္စမရှိဘူး။
သူ့တက်လာနေကျ ဘူတာရောက်တော့ ကျွန်မ ဆံပင်ကိုမြန်မြန်ပင့်တင်ပြီး ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တယ်။
လူတွေ တက်လိုက်ဆင်းလိုက်ပဲ။ တံခါးက ပိတ်လုလုမှာပဲသူဝင်လာတယ်။
သူ့ဆံပင်တွေက ဖွာလန်ကြဲလို့ ၊ ဒါပေမယ့် အရင်လို ကြည့်ကောင်းနေတုန်းပဲ။
ကျွန်မ စိတ်လှုပ်ရှားစွာနဲ့ ပြုံးမိသွားပြီး သူတံခါးကနေဝင်လာတဲ့အချိန်မှာ ထ က လုမတတ်ပျော်ရွှင်နေမိတယ်။
သူ ထိုင်ခုံနေရာရှာနေပေမယ့် ထိုင်ခုံအတော်များများက နေရာမလွတ်တော့ဘူး။
သူကျွန်မထိုင်နေတဲ့ နေရာအနားမှာ ရပ်လိုက်တာကို ကျွန်မ ပြတင်းပေါက်မှန်ထဲကနေတွေ့လိုက်ရတယ်။
“ဟေး … ကျွန်တော် ဒီနေရာမှာ ထိုင်လို့ရမလား” လို့ အိတ်တင်ထားတဲ့ထိုင်ခုံကို ပြလို့ သူကျွန်မ ကို မေးတယ်။
သူက ကျွန်မကိုပြုံးကြည့်နေတော့ ကျွန်မ အနေရခက်နေတယ်။
သေချာတယ် ကျွန်မ အသံတွေ တုန်နေမှာပဲ။ ဒါကြောင့် ကျွန်မ ခေါင်းပဲ ငြိမ့်ပြလိုက်ပြီး အိတ်ကို ဖယ်ပေးလိုက်တယ်။
“ကျေးဇူးပါခင်ဗျာ၊ ကျွန်တော်က နေရာမရတော့ဘူးလို့ ထင်နေတာ” လို့ သူက ပြောတယ်။
ကျွန်မ ကမောက်ကမ ပြုံးပြလိုက်မိတယ်။ သူ့ရဲ့အသံက ခပ်ဩဩနဲ့ပဲ။ ဒါပေမယ့် အသံက ကြင်နာတတ်တဲ့အသံမျိုးပဲ။ း)
လမ်းတစ်လျှောက်လုံး နောက်ထပ် သူဘာမှ ထပ်မပြောတော့ဘူး။
သူ သူ့ရဲ့စာအုပ်ကုထုတ်လိုက်တဲ့အချိန်မှာပဲ ကျွန်မ အဖုံးကို ဖတ်ဖု့ိကြိုးစားသေးတယ်။ ဒါပေမယ့် စာအုပ်က အညိုရောင် သားရေဖုံးနဲ့စာအုပ်။ စာအုပ်ကြည့်ရတာ တော်တော်ဟောင်းနေပြီ။
သူက စာအုပ်နဲ့ကွယ်နေတော့ သူ့မျက်နှာနဲ့ သူ့လှုပ်ရှားမှုကို မြင်တွေ့ဖို့မလွယ်တော့ဘူး။
ဒါပေမယ့် ကျွန်မ ကျေနပ်ပါတယ်။ သူက ကျွန်မ ဘေးအနားမှာ ထိုင်နေတာလေ။ း)
နောက်တစ်ဘူတာရောက်တော့ သူက တံခါးပေါက်ကိုကြည့်ပြီး ကျွန်မကိုကြည့်တယ်။ လူတော်တော်များများ ဆင်းသွားကြတဲ့အတွက် ထိုင်ခုံနေရာတော်တော်များများလွတ်သွားတယ်။ သို့သော် သူကတော့ နေရာမပြောင်းဘဲ ကျွန်မ ဘေးမှာပဲ ဆက်ထိုင်နေတယ်။ ကျွန်မ ကို်ယ့်ဖာသာကို်ယ်ပြုံးလိုက်မိပြီး ပြတင်းပေါက်ကိုဆက်ကြည့်နေလိုက်တယ်။
နောက်ရက်တွေမှာတော့ သူကျွန်မနဲ့ အတူလာမထိုင်ဘူး။
ဘာလို့လည်းဆိုတော့ ရထားက လူမရှိသလောက်ပဲလေ။
ဒါပေမယ့်လည်း သူ တက်လာတဲ့အချိန် ကျွန်မကိုမြင်ရင် ကျွန်မကိုပြုံးပြပြီးတော့
ကျွန်မနဲ့ အနီးဆုံးမှာရှိတဲ့ နေရာမှာ သူထိုင်စမြဲပဲ။
အဲဒီ သူ့ရဲ့ အပြုအမူလေးတွေကိုပဲ ကျွန်မမှာ တန်ဖိုးထားနေရတာ။
သောကြာနေ့ … သူမလာလောက်ဘူးလို့ ကျွန်မကထင်ခဲ့တာ။
အရင်တစ်ပါတ်က လာမှ မလာဘဲလေ။
ကျွန်မမှာ မနက်တိုင်းဖြစ်နေတဲ့ သူ့ကိုစောင့်ကြည့်ပြီးစိတ်လှုပ်ရှားနေမိတာကို စိတ်ပျက်မိတယ်။
သူရောက်နေကျအချိန်မှာ ရောက်လာခဲ့တယ်။
အပြင်မှာမိုးရွာနေတော့ သူ့ရဲ့ ရှပ်အကျီမှာ မိုးရေအနည်းငယ်နဲ့ ဆံပင်တွေလည်း စိုနေခဲ့တယ်။
သူ ရထားပေါ်တက်သည်အထိ မိုးက မစဲသေးဘူး။
ကျွန်မကိုမြင်တော့ သူကျွန်မကိုပြုံးပြပြီး ကျွန်မဘေးက ခုံမှာလာထိုင်တယ်။
“ဒီနေ့ည နှင်းကျလိမ့်မယ်လို့ ကြားတယ်” လို့ ကျောပိုးအိတ်ထဲက စာအုပ်ကိုထုတ်နေရင်းကနေ သူကျွန်မကို ပြောတယ်။
“ဟုတ်လား” .. ကျွန်မ ခပ်ကြောင်ကြောင် ပြန်မေးမိတယ်။
စာအုပ်ဖွင့်ပြီး ဖတ်မလို့လုပ်နေရင်ကနေ သူပြုံးပြီးခေါင်းငြိမ့်ပြတယ်။
ကျွန်မက ခပ်ကြောင်ကြောင်ပဲလို့ သူထင်သွားမှာကို ကျွန်မစိုးရိမ်သွားတယ်။
“ဟုတ်လား” ..တဲ့ .. ကဲ …ဘယ်လိုအဖြေမျိုးလဲ။
ကျွန်မ ဆင်းရမယ့်နေရာရောက်တော့ ကျွန်မ ကိုယ်ဟာကိုယ်ဒေါသဖြစ်နေမိတယ်။
တကယ်တော့ ကျွန်မမှာ သူနဲ့စကားပြောဖို့ဆိုတာ အခွင့်အရေးသိပ်ရှိတာမဟုတ်ဘူး။
ခုနကရတဲ့ အခွင့်အရေးကို ကျွန်မ လက်လွတ်မခံသင့်ဘူး။
ကျွန်မ တစ်နေ့လုံး စူပုတ်ပုတ်ဖြစ်နေတာကို အလုပ်ထဲက လူတွေတောင် သတိထားမိသည်အထိပဲ။
ဒီတစ်ပါတ် စနေ တနင်္ဂနွေ အဘွားအိမ်မှာ ကျွန်မတို့ မိသားစု တွေ့ဆုံပွဲရှိတယ်။
ဘယ်သူ့ကိုမှ တွေ့ချင်စိတ်မရှိပေမယ့်လည်း ကျွန်မ သွားပြီး ပျော်ရွှင်အောင်ကြိုးစားတယ်။
ကျွန်မ အဘွားအိမ်က ကျွန်မ အိမ်ကနေ လေးနာရီခရီး ဝေးတယ်။
ဒါကြောင့် ကျွန်မ သောကြာနေ့ နေ့ခင်းကထဲက သွားခဲ့တယ်။
အဲဒီမှာပဲ အချိန်ကုန်စေပြီး တနင်္ဂနွေမှ အိမ်ပြန်လာခဲ့တယ်။
စနေ၊တနင်္ဂနွေက ပျော်ဖို့ကောင်းပါတယ်။
ကျွန်မရဲ့ အမေ၊ ညီအစ်ကိုမောင်နှစ်မတွေ၊ ဦးလေးတွေ အဒေါ်တွေနဲ့တွေ့ခဲ့တယ်။
မိသားစုက ကျွန်မကိုတွေ့ရတော့ ဝမ်းသာနေကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက သူတို့နေတဲ့နေရာတွေနဲ့ ဝေးတဲ့နေရာမှာ နေတာကိုး။
ကျွန်မ အထက်တန်းကျောင်းပြီးကထဲက ကောလိပ်တက်ဖို့ထွက်လာကထဲက မိသားစုနဲ့ဝေးနေခဲ့တာ။
တကယ်တော့ ကျွန်မက အဝေးတစ်နေရာမှာပဲ အတိတ်ကိုမေ့ထားပြီး ဘဝသစ်စချင်တာ။
ငယ်သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မလုပ်ခဲ့ဘူး။ မိသားစုကိုတောင်မှ မဖြစ်မနေ တွေ့ရမယ့်အခါမျိုးပဲ သွားတွေ့ဖြစ်တယ်။
တစ်ခါတလေကျတော့လည်း ကျွန်မရဲ့ အဲဒီဆုံးဖြတ်ချက်ကိုနောင်တရမိတယ်။
ဒါပေမယ့်လည်း ခုလက်ရှိ ကျွန်မ ရ ထားတဲ့ အလုပ်ကောင်းကောင်းနဲ့ အိမ်ကိုစဉ်းစားမိလိုက်ပြန်တော့လည်း အဲဒီအတွေးကို မေ့ထားပစ်လိုက်နိုင်ပြန်တယ်။
သူတို့နဲ့ဝေးဝေးနေရတာကိုကျွန်မပျော်တယ်။ ဖိအားတွေ၊ ပြဿနာတွေနဲ့ စိတ်ရှုပ်စရာတွေမရှိဘူး။
ကိုယ့်အတွက်ကိုယ်ပဲ ပူစရာရှိတယ်။ကျွန်မ မကြာခဏလာလည်ပါ့မယ်ဆိုတဲ့ကတိကို ကျွန်မ အဘွားအိမ်ကပြန်ခါနီးမှာ ပေးခဲ့ရတယ်။
အားလုံးက ငိုချင်နေကြတယ်။ ဒါက ကျွန်မရဲ့ ခြောက်လအတွင်း ပထမဆုံးအခေါက် လာလည်ခြင်းလေ။
ကျွန်မအမေက ကျွန်မကိုမသွားစေချင်ဘူး။ အန်ကယ်က ကျွန်မရဲ့ မကြာခဏလာလည်ပါမယ်ဆိုတဲ့ကတိကြောင့် မေမေ့ကို တားထားတယ်။ကျွန်မအိမ်ပြန်ရင်းကနေပြီး ကျွန်မ တလတစ်ခါလောက်တော့ သွားလည်တာမျိုး ၊ ဒါမှမဟုတ်ရင် မကြာခဏ ဖုန်းခေါ်တဲ့အကျင့်မျိုးလုပ်သင့်တယ်လို့ စဉ်းစားနေမိတယ်။
တနင်္လာနေ့ ရထားစီးရတာ ထူးဆန်းနေတယ်။ ကိုလူစိမ်း .. ကျွန်မ ကတော့ ဘူတာက ချစ်စရာကောင်လေး လို့ နာမည်ပေးထားတဲ့ ကိုလူစိမ်း တက်လာတော့ သူ့ကြည့်ရတာ စိတ်လှုပ်ရှားနေပုံရတယ်။
တလမ်းလုံး သန်းဝေနေတာ ကျွန်မ ရထားပေါ်ကဆင်းတဲ့အထိပဲ။ မျက်လုံးတွေကလည်း နီစပ်စပ်နဲ့ အိပ်ရေးမဝသလိုပဲ။
စာအုပ်တောင် ထုတ်မဖတ်တော့ပဲ မျက်လုံးကို မိနစ်အနည်းငယ်မှိတ်ထား၊ နောက် ပြန်ဖွင့် ၊ အပြင်ကိုခဏကြည့် ၊ ပြီးတော့ မျက်လုံးပြန်မှိတ်လိုက် လုပ်နေခဲ့တယ်။
အင်္ဂါနေ့ မှာတော့ ကျွန်မရဲ့နေ့ရက်ကို သူ့ရဲ့ အပြုံးတစ်ပွင့်နဲ့ လက်လှမ်းပြမှုက လှပစေခဲ့တယ်။
သူ့ရဲ့ အသိအမှတ်ပြုမှုကြောင့် တစ်နေကုန်ကျွန်မ ပျော်ရွှင်နေမိတယ်။
ဗုဒဟူး . သူတက်လာတဲ့အချိန်မှာ ကျွန်မအနောက်မှာသူထိုင်တယ်။
သူ့ကြည့်ရတာ အနားကောင်းကောင်းယူထားပုံပဲ။ မျက်နှာက ပုံမှန်ပြန်ဖြစ်နေတယ်။
နေ့စဉ်ကျွန်မမှာ သူ့ရဲ့ဟန်ပန်အမူအရာကိုကြည့်ရင်းနဲ့ပဲ ဖြေသိမ့်နေရတယ်။
ကျွန်မ သူ့နာမည်ကိုသိချင်ပေမယ့် မမေးရဲဘူး။ ကျွန်မကို ဗရုတ်လို့ ထင်မှာစိုးတယ်။
ဒါမှမဟုတ် ကျွန်မ သူ့ကို နှစ်သက်နေတာကို သူရိပ်မိသွားပြီး ကျွန်မနဲ့ ဝေးဝေးနေပြီး ရှောင်သွားမှာကိုစိုးမိတယ်။
ကြာသပတေးနေ့ မနက် ကျွန်မနိုးလာတော့ သူ့နာမည်ကို စုံစမ်းဖို့ သတိရမိသေးတယ်။
သွားတိုက်၊ မျက်နှာသစ်ပြီးတော့ အချိန်ယူပြီး ကျွန်မ ဆံပင်ဖြောင့်လိုက်ပြီး လှလှပပ ပြင်ဆင်လိုက်တယ်။
ကျွန်မနဲ့ ချပ်ချပ်ရပ်ရပ်ဖြစ်တဲ့ အမည်းရောင်ဘောင်းဘီကို ဘလောက်အကျီနဲ့တွဲဖက်ဝတ်လိုက်တယ်။
ရေမွေးအနည်းငယ်ဆွတ်လိုက်ပြီး နှုတ်ခမ်းနီဆိုးလိုက်တယ်။
ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေချင်တယ် သူ့အကြောင်းကိုစုံစမ်းမယ့်အချိန်မှာ။
ကျွန်မရထားပေါ်ရောက်တော့ ကျွန်မရဲ့အိတ်ကို ကျွန်မ ဘေးက ခုံမှာတင်ထားလိုက်တယ်။
ဒါဆို တခြားသူ ထိုင်လို့မရတော့ဘူး။
သူက သူတက်နေကျ ဘူတာမှာ နောက်ဆုံးမှ ဝင်လာသူပဲ။
သူတက်လာတော့ ကျွန်မ မှာ သတိလက်လွတ်နဲ့ နှလုံးခုန်သံတွေမြန်ဆန်ပြီး လက်မှာလည်း ဇောချွေးတွေပြန်နေတယ်။
သူက ကျွန်မကို ပြုံးပြပြီး ကျွန်မ အနားက ခုံမှာ ထိုင်လိုက်တယ်။
ကျွန်မမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ဘယ်ကဘယ်လိုစပြောရမှန်းမသိဖြစ်နေမိတယ်။
သူဒီနေ့ စာအုပ်ထုတ်မဖတ်ပဲ မျက်နှာကို နောက်လှည့်ထားတယ်။
ငါးမိနစ်လောက်နေတော့ သူ ကျွန်မဘက်ကို ခနာကိုယ်ကိုလှည့်လိုက်တယ်။
“ဟေး …….. ကျွန်တော့နာမည် ဂါဘရယ်” ပါ လို့ ကျွန်မကို ကြည့်ပြီးပြောတယ်။
ကျွန်မလှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေကိုတွေ့လိုက်တယ်။
“ဟိုင်း ……ကျွန်မက အိုလီဗာ” ပါ လို့ သူ့ကို ခပ်ရှက်ရှက် ပြန်ပြောမိတယ်။
ဂါဘရယ် … သူ့နာမည်က ဂါဘရယ်ဆိုပါလား။
ဒီရက်တွေမှာ သူ့နာမည်ကိုသိချင်နေတာ နောက်ဆုံးတော့ သိရပြီ။
“ကျွန်တော်ခင်ဗျားကို တခုပြောလို့ရမလား၊ နည်းနည်းတော့ ထူးဆန်းတယ်” ဂါဘရယ်က မေးတယ်။
“ဟုတ်ကဲ့ ပြောပါ” လို့ ကယောင်ခြောက်ခြားနဲ့ ကျွန်မ ပြန်ဖြေမိတယ်။
သေချာတယ် သူ့ကိုကြည့်တဲ့ ကျွန်မရဲ့အကြည့်တိုင်းက စိတ်လှုပ်ရှားမှုတွေ ပေါ်နေမှာပဲ။
သူ ရထားစစီးကထဲကနေ အခုချိန်ထိ ဖြစ်နေတဲ့ ကျွန်မရဲ့ စိတ်လှုပ်ရှားမှုကိုသူသိသွားမှာ ကျွန်မကြောက်မိတယ်။
“ဒီရထားကို စီးလို့ ကျွန်တော် မနက်တိုင်းအလုပ်နောက်ကျတယ်။ ကျွန်တော်က ကိုယ်ပိုင်အလုပ်လုပ်တဲ့သူမို့ ဒါက ပြဿနာတော့ မရှိပါဘူး။
အမှန်တော့ ကျွန်တော်က အချိန်မှန်ရောက်တာကို နှစ်သက်တာ”.
ကျွန်မ သူဘာကိုဆိုလိုချင်လို့ ဒီလိုပြောနေတယ်ဆိုတာ ကျွန်မ မသိဘူး။
ဒါက ထူးဆန်းတဲ့စကားပဲ ၊ ကျွန်မကို သတိပေးနေတာထင်တယ်။
“ဒါပေမယ့် ခင်ဗျားသိလား၊ ဒီရထားကို ကျွန်တော် မတော်တဆ စီးမိတာ၊ ကျွန်တော်နောက်ထပ်မစီးတော့ဘူးလို့ထင်နေတာ၊
သို့သော် မနက်ခင်းတိုင်း ဒီအချိန်ရောက်တိုင်း ကျွန်တော် ပြန်လာ စီးမိနေတယ်” လို့ သူကျွန်မကို သေချာစိုက်ကြည့်ရင်းနဲ့ပြောတယ်။
ကျွန်မဘာလုပ်ရမှန်းမသိဘူး။ သူ့စကားတွေက ကျွန်မစိတ်ကိုရှုပ်ထွေးနေစေတယ်။
“ကျွန်တော် ဘယ်နေရာကနေ စစီးလဲဆိုတော့ .. ” …
သူ စကားကို ဆုံးအောင်ဆက်မပြောလိုက်နိုင်တော့ဘူး။ ဘာလို့လည်းဆိုတော့ အဲဒီအချိန်မှာပဲ ရထားဟာ အထိန်းအကွပ်မဲ့စွာနဲ့ လှုပ်ရမ်းနေတယ်။
ကျွန်မ အနီးပတ်ဝန်းကျင်ကို ဘာဖြစ်တာလဲ ဆိုတာကြည့်ဖို့ ကြိုးစားတယ်။
ကျွန်မ ဆင်းရမယ့်မှတ်တိုင်မရောက်ခင် ဥမင်ခေါင်းတစ်ခုပဲကျန်တော့တယ်။ ဒါပေမယ့် ရထားဟာ အထိန်းမဲ့နေပြီ။
ရထားအနောက်ပိုင်းဟာ စတင်ပေါက်ကွဲတော့မယောင်နဲ့ ရှိသမျှအရာအားလုံးဟာ ပြင်းထန်စွာ စတင်ရမ်းခါလာတယ်။
လူတွေဟာ ထိတ်လန့်တကြားနဲ့ ၊ တချိုးကတော့ ရထားကမှန်ကွဲတွေကြောင့် ဒဏ်ရာရကုန်ကြတယ်။
ကျွန်မအရမ်းကြောက်မိတယ်။ ဥမင်ခေါင်းက ရှေ့မှာရောက်တော့မယ်၊ အဲဒါက အခြေအနေကို ပိုပြီး ဆိုးဝါးစေမယ်လို့ ကျွန်မတွေးမိတယ်။
ဥမင်ကိုရောက်တဲ့အခါ နောက်ဆုံးရထားတွဲဟာ ရထားလမ်းပေါ်ကနေ လွင့်ထွက်လာပြီးတော့ ကျွန်မတို့ရှိနေတဲ့ ရထားတွဲကို
တိုက်မိပြီးတော့ ကျွန်မတို့ရဲ့ရထားတွဲဟာ နံရံကို သွားတိုက်တယ်။
ဂါရဘယ်ဟာ ကျွန်မလက်ကိုတွဲထားပြီး သူ့ရဲ့ အေးဆေးတဲ့မျက်လုံးတွေက မကြာခင်အားလုံးကောင်းသွားမှာပါလို့ ပြောနေသလိုပဲ။
ကျွန်မတို့ အချင်းချင်း ပြုံးလိုက်ကြတယ်။ ကျွန်မ မျက်လုံးတွေဝါးနေပြီ။
ကျွန်မ မျက်ရည်ကျလာတာကို သူက သူ့လက်နဲ့ သုတ်ပေးလိုက်တယ်။
သူ့မျက်လုံးတွေကလည်း မှန်ကွဲစတွေနဲ့ ၊ ဒါပေမယ့် သူ့ရဲ့အမူအရာက အေးအေးဆေးဆေးပဲ။
ရထားတွဲက ဥမင်ကိုဖြတ်ကျော်ဖို့ကြိုးစားပေမယ့် ပြုတ်ထွက်သွားတဲ့ နောက်ဆုံး ရထားတွဲကြောင့် ရပ်တန့်သွားတယ်။
စက္ကန့်ပိုင်းလေးအတွင်းမှာ ဒါတွေ ဖြစ်ပျက်သွားတယ်။
အဲဒီခဏ ကျွန်မနဲ့ ဂါဘရယ် အတူထိုင်နေပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်နေတယ်။
နောက် ကျွန်မတို့ဟာ နံရံကိုသွားတိုက်တဲ့ ရထားတွဲမှာ ပါသွားတယ်။
ဂါဘရယ်ဟာ ကျွန်မ လက်ကိုတွဲထားတယ်။ ရထားမှောက်တဲ့အချိန်ထိ ၊ ပြတင်းမှန်တွေကွဲပြီး မှန်စတွေ သူ့ဝမ်းဗိုက်ကို စိုက်ဝင်သွားတဲ့အချိန်ထိ၊
တိုင်တစ်တိုင်ပြုတ်ထွက်လာပြီး ကျွန်မရဲ့ဘယ်ဘက်ပုခုံးကို ထုတ်ချင်းပေါက်စိုက်ဝင်သွားတဲ့အထိ။
ကျွန်မ တစ်ကိုယ်လုံးအရမ်းပဲ နာကျင်သွားပြီး ပါးစပ်ထဲမှာ ထွက်လာတဲ့ စေးပျစ်ပျစ်သွေးအရသာကို ခံစားလိုက်မိတယ်။
မှန်ကွဲစတွေဟာလည်း ကျွန်မတစ်ကိုယ်လုံးမှာစိုက်ဝင်သွားပြီး နောက်ဆုံး ကျွန်မ ကြမ်းပြင်ပေါ်ကိုလဲကျသွားတယ်။
အခုလိုမျိုးနာကျင်တာကို ကျွန်မတစ်ခါမှ မခံစားဖူးခဲ့ဘူး။ ဂါဘရယ်ရဲ့လက်ကို ဆုပ်ကိုင်ထားရတာ ကျွန်မကို သက်သာစေသလိုပဲ။
သူ့မျက်လုံးတွေရော ကျွန်မ မျက်လုံးတွေရော မဖွင့်နိုင်တော့ဘူး။
ကျွန်မရဲ့ အလုပ်အကြောင်း ကျွန်မ စဉ်းစားမိတယ်။ ဒီနေ့ ကျွန်မ ဟောပြောပွဲတစ်ခုရှိတယ်။ သေချာတယ် ကျွန်မ မဖြစ်နိုင်တော့ဘူး။
ကျွန်မ သူငယ်ချင်းတွေအကြောင်း စဉ်းစားမိပြန်တယ်။
ကျွန်မရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူတို့ကို ပစ်ထားမိပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့ပဲ ကြိုးစားမိခဲ့တယ်။
နောက် ကျွန်မရဲ့ မိသားစု၊ ကျွန်မ သူတို့ကို နောက်ထပ် ဘယ်တော့မှ မတွေ့နိုင်တော့ဘူး။
သူတို့နဲ့မကြာခဏ အဆက်အသွယ်လုပ်ဖို့အတွက် ခုလိုအချိန်မျိုးမှာမှ ကျွန်မကိုယ်ကျွန်မ ကတိပေးနေမိတယ်၊
ကျွန်မ အပြီးအပိုင်ထွက်ခွာသွားခြင်းနဲ့ သူတို့ကို ဝမ်းနည်းစေပြန်ပြီ။
ကျွန်မ မျက်လုံးကို အားတင်းပြီးဖွင့်လိုက်တယ်။
ဂါဘရယ်က ကျွန်မကိုကြည့်နေတယ်။ ကျွန်မ ဆိုးဆိုးဝါးဝါး ၊ မြင်မကောင်းအောင် ဖြစ်နေတယ်ဆိုတာ ကျွန်မသိတယ်။
မြင်မကောင်းအောင် သွေးတွေစွန်းလို့ မှန်ကွဲစတွေကလည်း တစ်ကိုယ်လုံးစိုက်ဝင်နေတယ်။
သူက သူ့ရဲ့ သွေးတွေပွနေတဲ့လက်ကို မပြီး ကျွန်မရဲ့မျက်နှာကို ပွတ်သတ်လိုက်တယ်။
သူ့သွေးတွေရော ၊ ကျွန်မသွေးတွေရော … ကျွန်မမျက်နှာပေါ်မှာ ပွ လို့။
ကျွန်မ သူ့ကို စကားတွေအများကြီးပြောချင်တယ်။
ကျွန်မရဲ့မနက်ခင်းတွေ သူဘယ်လို လှပစေခဲ့သလဲ ဆိုတာ၊ ကျွန်မဘဝဘယ်လောက်ငြီးငွေ့ဖို့ကောင်းတဲ့အကြောင်း သူ့ကိုမတွေ့ခင်အချိန်ထိပေါ့။
ကျွန်မတို့ သူစိမ်းတွေဖြစ်ပေမယ့်လည်း သူ့အတွက် ကျွန်မ ဘယ်လိုခံစားရတယ်ဆိုတာကို ကျွန်မ သူ့ကိုပြောချင်တယ်။ ဒါပေမယ့် ကျွန်မ ပြောလို့မရဘူး။
ကျွန်မ စကားသံတောင်မထွက်နိုင်ပဲ တစ်ကို်ယ်လုံး အားအင်ချည့်နဲ့နေတယ်။
သူ ကျွန်မဆီကို ရွှေ့လာတယ်။ အဲဒီလို ရွေ့တာဟာ သူ့ကိုပိုပြီးနာကျင်စေသော်လည်းပဲ။
သွေးတွေ သူ့ရဲ့ဝမ်းဗိုက်နေရာကနေ ပိုထွက်လာပြီး သူ့မျက်နှာဟာ အရမ်းနာကျင်တာကို ဖော်ပြနေသလိုပဲ။
ဂါဘရယ်ဟာ ကျွန်မရဲ့အနီးကိုရောက်ဖို့ ကြိုးစားနေတယ်။
ကျွန်မ သူ့ရဲ့ အညိုရောင်ကိုပြောင်းလုလု ကျွန်မ မြတ်နိုးခဲ့ရတဲ့ အပြာရောင်မျက်လုံးကိုကြည့်မိတယ်။
အနားကလူတွေ ငိုနေကြ ၊ အော်ဟစ်နေကြတာကို ကျွန်မ ကြားနေရတယ်။
ဒါပေမယ့် သူတို့ကို မေ့ထားပြီး သူ့အပေါ်ပဲ ကျွန်မ အာရုံစူးစိုက်ထားတယ်။
သူ နီးလာတဲ့အခါမှာ ကျွန်မ ပြုံးပြီး မျက်လုံးအစုံကိုပိတ်ထားလိုက်တယ်။
ကျွန်မ သူ့နှုတ်ခမ်းကို နမ်းလိုက်တယ်။
ကျွန်မ နူးနူးညံ့့ညံ့ပဲ သူ့ကို အကြိမ်အနည်းငယ် နမ်းလိုက်ပြီး ခွာလိုက်တယ်။
သူ သူ့မျက်လုံးကိုဖွင့်ပြီး ကျွန်မကို မြတ်မြတ်နိုးနိုး ကြည့်တယ်။
ကျွန်မမျက်လုံးတွေကိုမှိတ်လိုက်တယ်။ ကျွန်မရဲ့ မိသားစု ၊ ကျွန်မ ဘဝ ၊ ကျွန်မရဲ့ အချစ်တွေကို ဆုံးရှုံးဖို့ အဆင်သင့်ဖြစ်နေပြီ။
ဂါဘရယ်က သူ့လက်နဲ့ ကျွန်မခါးကိုဖက်လိုက်ပြီး ကျွန်မရဲ့ နောက်ဆုံးထွက်သက်ကို ငြိမ်းချမ်းစေတဲ့ စကားတစ်ခုပြောတယ်။
“မင်းကို အရမ်းချစ်တယ်” .. သူတိုးတိုးပြောတယ်။
ကျွန်မ နောက်ဆုံးထွက်သက် ရှူသွင်းလိုက်ချိန်မှာပဲ တလောကလုံး မှောင်ကျသွားတော့တယ်။

(The last train stop ကို ဆီလျော်အောင် ရေးသားပါသည်)

14 comments

  • mamanoyar

    January 8, 2013 at 1:58 pm

    အိုးးးးးးး သနားစရာကောင်းလိုက်တဲ့ ဇာတ်လမ်းလေး

  • kai

    January 8, 2013 at 3:32 pm

    မြန်မာဆန်ဆန်.. ဟက်ပီး..ဟက်ပီးလေးနဲ့ဆုံးမလားလို့..
    မှတ်ကရော…
    ရက်စက်ချက်…။ :buu:

    • Hnin

      January 9, 2013 at 8:35 am

      အဲဒါဆို မြန်မာဆန်ဆန်လေး ဟက်ပီးအောင်
      ကိုယ်ဖာကိုယ် ဆက်ရေးလိုက်မယ်လေ.. 😛

  • aye.kk

    January 8, 2013 at 4:52 pm

    ကံကြမ္မာကရက်စက်လိုက်တာ။။

  • သိပ်သံယောဇဉ်မရှိခင် အဲသည်လိုဖြစ်သွားတော့ ကိုယ့်နာကျင်ကလွဲရင် ချစ်ဖို့သတိရသေးရဲ့လား။
    သနားစရာ ကောင်းတာတော့အမှန်ပါပဲ။

    • Hnin

      January 9, 2013 at 8:34 am

      ဟိ ..သိဘူး
      ဖတ်လို့ကောင်းလို့ ရင်ထဲ ထိမိတဲ့စာလေးကို ရွေးလိုက်တာပါ း)

  • Mr. MarGa

    January 8, 2013 at 9:33 pm

    love at first sight
    အတူတူ ရင်ဆိုင်တာပေါ့ကွယ်

  • MaMa

    January 9, 2013 at 9:58 am

    ဟက်ပီးအန်ဒင် တွေပဲ ကြိုက်နေကျဆိုတော့….
    ဖတ်ပြီး စိတ်ထဲနစ်နေအောင် ခံစားလိုက်ရတယ်။
    ပေးချင်တဲ့ရသကို စိတ်ထဲစွဲသွားအောင်ရေးနိုင်တဲ့ မူရင်းစာရေးသူရဲ့ အရေးအဖွဲ့နဲ့ ဘာသာပြန်သူရဲ့ အစွမ်းအစကို လေးစားချီးကျူးမိပါတယ်။
    :hee:

    • Hnin

      January 9, 2013 at 12:31 pm

      ဟုတ်ကဲ့ ..မူရင်းစာရေးသူအရေးကောင်းလို့ပါ း)
      ကျေးဇူးတင်ပါတယ်

  • အရီးခင်လတ်

    January 9, 2013 at 9:55 pm

    နှင်းရေ
    မမပြောသလို ဘာသာပြန်ကောင်း လို့ ရုပ်ရှင်လေးကြည့်နေရသလိုပါဘဲ။

    ကိုယ့်ဟာကိုယ် မင်းသမီးနေရာမှာ ဝင်ပြီးနေရင်း ဇာတ်သိမ်း ခါနီးကျ တော့ ကြည့်ရတာ မဟန်ဘူးဟ ဆိုပြီး ရထားပေါ်မက မနဲ ခုန်ချ ခဲ့ရတယ်။
    ဟူးးးးးးးးးးးးး

    ကံဆိုးချင်တော့ ရေ ထဲ ကျသွားလို့။
    ကံကောင်းချင်တော့ ကိုယ်တော်က ပါ ခုန်ချလာတယ်။
    ပြသနာက ရေမကူးတတ်ကြဘူး။

    ဒါထက်
    ဒီနှင်းက မှတ်ချက်ကောင်း လေးတွေ ပေးတတ်တဲ့ နှင်းနှင်း လား။
    :hee:

    • Hnin

      January 10, 2013 at 7:33 am

      တော်သေးတာပေါ့ ..တိုက်တန်းနစ်ထဲကလို တအားအေးတဲ့ ရေ မဟုတ်လို့.. 😛

      ဟိ .. ဟက်ပီး မအန်းဒင်းပါဘူး..
      ဟက်ပီးအန်းဒင်းတွေက ဖတ်ပြီးရင် ပေါ့ပျက်ပျက်ပြီး ဖြစ်သွားတာ
      ဒီလိုလေးတွေကမှ ပြီးသွားလဲ တသသ နဲ့ ခံစားလို့ကောင်းတာ .

      နှင်းနှင်းမဟုတ်ပါဘူး .. အခုမှ မန်ဘာဝင်ထားတဲ့ လူသစ်လေးပါ း)
      လူမှားနေပါတယ်။

  • မောင်ပေ

    January 12, 2013 at 8:49 pm

    Hnin ကလေးရေ
    မောင်ပေ ကလေ အင်းဂလိပ်စာသင်ချင်နေတာကွဲ ့
    အခုလို နှင်းလေးရဲ ့ဘာသာပြန်တွေကို ခံစားလိုက်ရတော့ ခြစ်မိသွားပါပေါ့ကွယ်
    ဟီဟိ

  • မင်းနန္ဓာ

    January 12, 2013 at 10:10 pm

    .မူရင်းစာရေးသူအရေးကောင်း၊ မကောင်း တော့မသိ
    ဘာသာပြန်လေးဖတ်ရတာက်ို ရင်ထဲနင့်သွားတာပဲ..
    အို နှင်း လေး ရယ်..

Leave a Reply