ကျွန်တော့်ရင်ဘတ်ထဲက ဆံပင်

ခံပြင်းမှုဝေဒနာ အဟုန်ဖြင့် ညစဉ်အိပ်မရဖြစ်နေသော ကျွန်တော်သည် ယနေ့ညတွင်လည်း အိပ်စက်ခြင်းမရှိပဲဖြစ်နေသည်။ ဘဝတစ်လျှောက်လုံးလုံး ယနေ့ညလောက် နေရ ထိုင်ရခက်သည်မရှိ။ အိပ်ယာပေါ်တွင် ဟိုလူး ဒီလိမ့်ဖြင့် ညသည် ကုန်ဆုံးလုလုဖြစ်လာသည်။ မကြာမီအချိန်အတွင်းမှာပင် ရောင်နီလာတော့မည်။ အတွေးစဉ်တလျှောက်လုံးတွင် ထစ်ချုန်းမိုးတို့ရွာသွန်းလျှက် လှိုင်းထန်နေသော ပင်လယ်တစ်ခုနှယ် ဝုန်းဒိုင်းကျဲနေသည်မှာ သာ၍သာဆိုးနေသေး၏။ ရစ်ပတ်ချည်နှောင်ခြင်းမရှိသော်လည်း တရစ်ပြီးတရစ် လုံးထွေးပစ်လိုက်သည့်နှယ် ကျွန်တော် ရင်ဘတ်သည် သေးငယ်ဆူးအောင့်နေခဲ့သည်။ ရင်ဘတ်ကြီးတစ်ခုလုံးတွေ သေးငယ်သော ဆံမျှင်များချည်နှောင်ထားသဖြင့် အားကုန်ရုန်းကန်၍ရသော်လည်း ရုန်းကန်ရန် အင်အားမရှိနေသည်ကိုတော့ ကျွန်တော့်ကို ကျွန်တော် အံ့ဩမိရင်းဖြင့် လွန်ခဲ့သော ရက်သတ္တပတ်သည် အာရုံတွင် စွဲထင်လာတော့၏။

(တစ်)

မျက်ဝန်းထောင့်တစ်နေရာတွင် အရိပ်ကလေးတစ်ခု ထင်ဟပ်နေသည်။ရနံ့တစ်မျိုးသည် လေအလျှင်တွင် ဝေ့ဝဲလျှက် ကျွန်တော့်နှာသီးဝမှတဆင့် အသက်ရှူရာလမ်းကြောင်း တလျှောက် တဖြည်းဖြည်း ချဉ်းနင်း ဝင်ရောက်လာသလိုမျိုး ခံစားနေရသည်။ သင်းသင်းပျံ့ပျံ့မွှေးသော ရနံ့တစ်မျိုး။ ကလက်ခြင်းမရှိ။ ရိုင်းပျခြင်းမရှိ။ စပယ်ကဲသို့ အနံ့ယဉ်သည်။ လှည့်ကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်နေသည်။  မျက်လုံးကို ထောင့်တစ်ခုသို့ ကပ်၍ ခန့်မှန်းနေရသည်မှာ မိုးလေဝသအခြေအနေကို ခန့်မှန်းရသည့်ထက် ခက်မှန်း ကျွန်တော် သိသည်။ စလောင်းတပ်ဆင်နေ၍ စလောင်းရွက်တစ်ခုကို ဖေးကိုင်ထားရသဖြင့် ကျွန်တော် လွတ်လွတ်လပ်လပ် ကြည့်ခွင့်မရ။

တဖြည်းဖြည်းနှင့်ကျွန်တော် ရှူရှိုက်မိသော ရနံ့သည် ခေါင်းလျှော်ရည်တစ်မျိုးမျိုး၏ ရနံ့ဖြစ်နိုင်ကြောင်း သိလာရသည်။ ထက်ထက်မိုးဦး၏ ဗြူတီလည်းမဟုတ်၊ နန်းဆုရတီစိုး၏ ဘိုင်အိုဆော့ လည်းမဟုတ်။ ခုမှရုတ်တရက်ဖြစ်ပေါ်နေသော သိချင်စိတ်ကို ကျွန်တော်အံ့ဩသည်။ ကျွန်တော်ကိုယ်တိုင်ပင် ထိုထိုသော ခေါင်းလျှော်ရည်များနှင့် ရင်းနှီးခဲ့ခြင်းမရှိသဖြင့် ဇဝေဇဝါဖြစ်နေရခြင်းသာ။

“ရပြီ..ပလာယာခဏပေး“

ကျွန်တော် ခေါင်းငုံ့ပြီး ပလာယာကိုကောက်ကိုင်စဉ်တွင်ပင် ခြေဖမိုးဖွေးဖွေးနုနုကလေးကို လစ်ခနဲမြင်လိုက်ရသဖြင့် မော့ကြည့်ဖြစ်သည်။ သို့သော် အခန်းတံခါးထောင့်စွန်းတွင် ဘာအရောင်မှန်းသဲကွဲစွာမမြင်လိုက်ရသော လုံချည်အစွန်းစကလေးကိုသာ မြင်လိုက်ရပြီးနောက် ကျွန်တော် ထိုနေရာတွင် ဟာခနဲ ကျန်ခဲ့တော့သည်။

ထို့နောက်  ထိုအိမ်တွင် စလောင်းတပ်ဆင်ခြင်းပြီးဆုံးသည်အထိ ကျွန်တော် မမြင်လိုက်ရသော အရိပ်အယောင်ကလေးသည် မြင်ကွင်းမှ စုန်းစုန်းမြုပ်ပျောက်ကွယ်လျှက် ပေါ်မလာတော့။

ထိုနေ့တစ်နေ့လုံး ရင်ဘတ်ကြီးတစ်ခုလုံး ဟာတာတာရှိသည်နှင့် ဘာကြောင့်လဲဟု ကျွန်တော့်ရင်ဘတ်ကျွန်တော် ငုံ့ကြည့်ဖြစ်သည်။ ဘာတစ်ခုမှမမြင်ရ။ မသိခြင်းဆိုသည့် ဝေါဟာရတစ်ခုကိုတော့ ဆုပ်ကိုင်မိလိုက်သည်။

(နှစ်)

“မင်းကွာ သောက်ရူးထနေ။ ဘာကိုမှ သဲသဲကွဲကွဲလည်းမြင်လိုက်ရတာလည်း မဟုတ်ဘဲနဲ့“

စိတ်အချဉ်ပေါက်ပေါက်နှင့်ပြောနေမှန်းသိသည်။ ပြောပါစေဟု ကျွန်တော်လွှတ်ထားလိုက်သည်။

“ရနံ့တစ်မျိုးရလိုက်တယ်လေ။ ဘယ်လို ရနံ့မျိုးလည်းဆိုတာ ငါ ဥပမာတောင် မပေးတတ်ဘူးကွ“

“သောက်ရူး။ လုပ်မနေနဲ့ သေချာချင်ရင် ဒီနေ့လိုက်ခဲ့။ အဲဒီအိမ်မှာ လိုင်းတွေပျောက်သွားလို့ လိုင်းပြန်ထည့်ပေးရမှာ“

ကျွန်တော် ပျော်သွားမိသည်။ သည်လိုဆိုတော့လည်းမတရားသလိုလိုရှိသည်။ သူတပါး အဆင်မပြေသည်ကို ဝမ်းမြှောက်ပေးနေခြင်းဖြစ်နေသည်။ သို့သော်လည်း တက်ကြွစိတ်ဖြင့် ကျွန်တော် လိုက်ဖြစ်ခဲ့သည်။

ထူးခြားစွာ ထင်းခနဲ လင်းခနဲ အရောင်တစ်ချို့ကို  အိမ်ထဲဝင်ဝင်ချင်း မြင်မိသည်။ ဆံနွယ်များ  ရှည်လျားစွာ တန်ဆာဆင်ထားခြင်းဖြင့် သူမကိုယ်သူမ ပိုမို လှပနေစေသည်။ ပန်းဆီရောင်နှုတ်ခမ်းတစ်စုံသည် ပိရိသေသပ်လျှက် မျက်ဝန်းနက်နက်တစ်စုံသည် တောက်ပလွန်းသည်ဟု ကျွန်တော်မြင်မိသည်။ ဖြူလွှလွှဝတ်စုံနှင့် လိုက်ဖက်လွန်းနေပြီး အပြစ်ပြောစရာမရှိအောင် လှလွန်းသူလေး။

တစ်နေ့က ရနံ့သည် ကျွန်တော်နှာသီးဝတွင် ရစ်ခိုလာခဲ့ပြန်သည်။ သည်တစ်ကြိမ်တော့ ကျွန်တော်လိုက်ရှာစရာမလိုဘဲ ရှေ့တည့်တည့်တွင် ရနံ့ပိုင်ရှင်သည် ငြိမ်သက်ခြင်းအတိနှင့် သိုးမွှေးကိုသာ ငုံ့ထိုးနေသည်။

“အဲလောက်မငေးနဲ့လေကွာ။ အားနာစရာကြီးကွ။ မင်းဟာက ပေါ်တင်ကြီးဖြစ်နေတယ်“

သူငယ်ချင်းလက်တို့သတိပေးသဖြင့် အကြည့်များကို ရုတ်သိမ်းကာ မျက်နှာလွှဲရသည်။ ဖျတ်ခနဲရောက်လာသော သူမ၏ အကြည့်တစ်ချို့ကြောင့် ရပ်တန့်မတက်ဖြစ်သွားသော စက္ကန့်ပိုင်းအချိန်လေးအတွင်း ကျွန်တော်ကမာ္ဘ တိမ်းစောင်း လည်ပတ်သွားပြန်သည်။

(သုံး)

ကံကောင်းထောက်မစွာနှင့် ကျွန်တော့်မှတ်စု စာအုပ်ထဲတွင် ဖုန်းနံပါတ်ကလေးတစ်ခုရထားသည်။ ထိုဖုန်းနံပါတ်ကလေးကို ကြည့်ရင်း ကျွန်တော့်လက်တွေ ဆကာ ဆကာ ကြွရွနေသည်ကိုလည်း သိသည်။

သူမအကြောင်း သိခဲ့ရသမျှ ကျွန်တော့်ရင်ကို ကြည်နူးအေးမြစရာတွေချည်း။ သူမမှာ နံပါတ်မရှိတာ။ သူမ အနေအေးတာ။ သူမ အိမ်ထဲက အိမ်ပြင်မထွက်တာ..။ သူမ သိပ်ကိုချောတာ။ စသဖြင့်။

ကျွန်တော့်ဖုန်း Contact List မှာ ဘာမဆိုင် ညာမဆိုင် My Loveဆိုသော နာမည်လေးနှင့် သူမ၏ ဖုန်းနံပါတ်ကလေးကို ခပ်တည်တည် Save ထားလိုက်သည်။ ပြီးတော့ ကျွန်တော် ဖုန်းခေါ်လိုက် Ring သံ မြည်လာလျှင်  Abort ကို နှိပ်ချလိုက်နှင့် တစ်ယောက်တည်း ချိတုန်ချတုန်ဖြစ်နေသည်။

ညနေခင်းတစ်ခုမှာ သူမကို လှစ်ခနဲတွေ့လိုက်သဖြင့် ကျွန်တော် စက်ဘီးလေးနှင့်လိုက်ဖြစ်သည်။ သူမက ဖီးလ်ဆင့်ဘီး အနီဖြင့် နီရဲစွာ တောက်ပနေသည်။ သူမ ကျွန်တော်လိုက်လာမှန်းသိသဖြင့် စက်ဘီးကို မြန်မြန်နင်းသည်။ ကျွန်တော်လည်း ထပ်လျှက်မကွာလိုက်သည်။ သူမ ကျွန်တော့်ကို လှည့်ကြည် လှည့်ကြည့်လုပ်သဖြင့် မျက်လုံးမှိတ်ပြလိုက်သည်။ ထိုတွင် လှစ်ခနဲ့ပြုံးသွားသော အပြုံးကို ကျွန်တော်မြင်လိုက်ရသဖြင့် ရင်ဘတ်ကြီးတစ်ခုလုံး ကြည်နူးချမ်းမြေ့သွားရသည်။ ဒါသည်ပင် မဆိုးသော ကံကြမ္မာ၏ မျက်နှာသာပေးမှုပင် မဟုတ်ပါလား။

ထိုနေ့ညနေခင်း၏ နောက်ဘက်တွင် ကျွန်တော်နှင့် သူမ၏ ညနေခင်းများစွာ ဖြတ်သန်းခဲ့ကြသည်။ သူမက ပြုံးနေသော နှုတ်ခမ်းတစ်စုံနှင့်။ ကျွန်တော်က ချစ်ရည်လူးနေသော မျက်ဝန်းတွေနှင့်။ စက်ဘီးကလေးတွေ သက်သေ လိုက်ကြသလားတော့မသိ။ သူမနှင့် အတူ ယှဉ် စက်ဘီးနင်းခွင့်ရသည်။ ကျွန်တော်ပြောသမျှ စကားတွေကို တစ်ခွန်းမျှ ပြန်မပြောပဲ ငြိမ်ငြိမ်ကလေး နားထောင်လာသည်။ သူမကတော့ ကျွန်တော်ပြောသော ချစ်စကားတွေကို နားထောင်ရင်း ပြုံးမြဲ ပြုံးနေရုံသာ။

သို့နှင့် သူမ စက်ဘီးနင်းတဲ့ ညနေခင်းတိုင်းကို ကျွန်တော် တပ်မက်မောစွာ ထိုလမ်းကလေးကို လရောက်ရောက်နေတတ်ခဲ့သည်။ ကျွန်တော့်ကို မြင်လျှင် သူမ၏ မျက်ဝန်းသည် တောက်ပသွားလျှက် နုတ်ခမ်းတစ်စုံသည် ပြုံးနေမြဲ။ ပြီးလျှင် စက်ဘီးအတူနင်းပြီး စကားတွေပြောသည်။ သူမ နားထောင်သည်။ သူမ ဘာမှတ်ချက်မှ မပေးသလို ဘာစကားမှလဲ မပြော။

ကျွန်တော် သူမကို မချင့်မရဲဖြစ်လာရသည်။ ကျွန်တော်ပြောသည့်

“ ဖြူ့ကို ကို ချစ်တယ်။ ဖြူဘယ်လို သဘောရသလဲဟင်“

“…………………………“

“ဖြူ ကို့ကို ယုံသလား“

“……………………………“

“ဖြူ့ ကို့ကို စဉ်းစားပေးနော်“

“…………………………………………..“

“ဖြူ ကို့ကို တစ်ခုခုပြောပါဦး“

“……………………………………..“

ပြုံးနေရုံကလွဲပြီး တုန့်ပြန်မှုတစ်စုံတစ်ရာမရှိ။ သူမ အ နေသလားဟု သံသယဖြစ်မိပြီး စုံစမ်းကြည့်သည်။ သူမ စကားပြောတတ်ပါသည်ဟု အဖြေသည် သေချာတိကျစွာ နားထဲဝင်လာသည်။

သည်လိုနှင့် ညနေခင်းတွင် ဆံပင်ရှည်ရှည်ကောင်မလေးကို စိတ်ရှည်စွာလိုက်နေသော ကောင်လေး ကျွန်တော့်အကြောင်းသည် ချစ်တတ်လွန်းသူအဖြစ် ရေပန်းစားနေခဲ့သည်။ တစ်ချို့က ပြုံးစိ ပြုံးစိ။ တစ်ချို့က ဆက်ကြိုးစားပါဟု အားပေးသည်။ တစ်ချို့က မင်းအဲဒီလိုမိန်းကလေးကိုကြိုက်တာလားဟု မေးသည်။

သို့နှင့် ညနေခင်းသည် သာယာလှပမြဲဖြစ်ပြီး ကျွန်တော်သည်လည်း စက်ဘီးနင်းမြဲ နင်းနေခဲ့ပါသည်။

(လေး)

ဖုန်း Ringသံ၏ အဆုံးတွင် တစ်ဘက်က ဖုန်းကိုင်သည်။

“ ကျွန်တော် ဖြူစင်ဦးနဲ့ စကားပြောချင်လို့ပါ“

“ဟုတ်ကဲ့ ခဏကိုင်ထားပါနော်….ဟေ့ ဖြူ အစင်လေးတစ်ယောက်နဲ့ချိတ်မိနေတာပေါ့….ဟုတ်လား လျှိုတယ်ဟေ့ တကယ်ပဲ..။ သွား ကိုင်လိုက်ဦး…။“

ကျွန်တော် ဖုန်းထဲကနေ ကြားနေရသည်။

“ဟယ်လို………“

ဘာသံကြီးလဲ။ ဖြူ ဖုန်းလာကိုင်သေးဘူးလား။ မနေ့က ညနေခင်းတွင် ကျွန်တော် သူမကို အားမလို အားမရဖြစ်ပြီး စက်ဘီးလက်ကိုင်ကို ဆုပ်ကိုင်ပြီး စကားတွေ တရစပ်ပြောဖြစ်လိုက်သည်။ သူမ ငိုမဲ့မဲ့ ဖြစ်နေသောကြောင့် ပြန်ချော့ကာ ကျွန်တော့်ရင်ထဲက သူမရဲ့ ဆံပင်တွေကြောင်းပြောဖြစ်သည်။ ပြီးတော့ ဘယ်လောက်အထိ ခံစားနေရကြောင်း အိတ်သွန်ဖာမောက်ပြောဖြစ်ခဲ့သေးသည်။ သူမက သူ့ကို အဆင်သင့်ရေးထားသော စာရွက်ကလေးပေးပြီး စက်ဘီးနင်းထွက်သွားသည်။

စာထဲတွင်

“ မနက်ဖြန် ဖုန်းဆက်လာပါ…။ ဖုန်းနံပါတ် ယူ သိထားမထားမသိလို့ရေးပေးလိုက်တယ်..။

၀၉၄- – – – – – – -။

ဖြူစင်ဦး“

ကျွန်တော် ထိုစာကလေးကိုဖတ်ပြီး ညတောင် အိပ်မရခဲ့။ ထို့ကြောင့် သည်မနက် ကိုးနာရီတွင် ဖုန်းဆက်လိုက်သည်။

“ဟယ်လို…“

ကျွန်တော် ပြန်ထူးကြည့်သည်။ တဘက်က

“ဟယ်လို“

“ဟယ်လို..ဖြူစင်ဦးနဲ့ပြောချင်လို့ပါ ။ ဖြူစင်ဦးရှိလားခင်ဗျ“

“ဟုတ်ပါတယ်…။ ဖြူကိုယ်တိုင်ဖုန်းပြောနေတာပါ။“

“ဗျာ…ဖြူ ဟုတ်လား။ ဖြူ အသံက ။“

“ဟုတ်တယ်လေ ဖြူကိုတိုင်ပြောနေတာလေ။ ဘာလဲ ဖြူ့အသံကိုကြားတာနဲ့ ဘာဖြစ်သွားတာလဲ။ ယူပဲ ဖြူ့နောက်ကို တကောက်ကောက်လိုက်ပြီး စကားပြောခဲ့တာလေ။ အသံလေးကြားချင်တယ်ဆို။ အဲဒါကြောင့်ဖုန်းဆက်ခိုင်းလိုက်တာ။ “

ဘုရား ဘုရား..။ ယောကျာ်းသံကြီး။ ယောကျာ်းအသံမှ လည်စလုပ်အသံမာမာကြီး။ ကျွန်တော် ချွေးသီး ချွေးပေါက်တွေ နဖူးပြင်မှာရော နားသယ်စမှာပါ ထွက်လာသည်။ ဒါဆို သူမဟာ….။

ဘုရား…..ဘုရား..။

ပတ်ဝန်းကျင်က အကြည့်တွေ။ အပြုံးတွေ၊ မေးခွန်းတွေ။ ဟာ..။

“ဟယ်လို ဟေ့ ယူ ဖြူ့ကို စကားပြောဦးလေ။ ဘာဖြစ်နေတာလဲ ။ရင်ခုန်နေတာလား။“

“မခုန်ဘူး။ မခုန်ဘူး။ နောက်လည်း ဘယ်တော့မှ ခုန်မှမဟုတ်တော့ဘူး။ ဒါပဲ ။ဒါပဲ။“

ဖုန်းကို ဆက်ခနဲ ပိတ်ချလိုက်သည်။ ရင်တွေ တုန်နေသည်။ ကျွန်တော် သူငယ်ချင်းဆီ ချက်ချင်းဖုန်းဆက်လိုက်သည်။

“ဟေ့ကောင် မင်းသိသလား။ “

“ဘာလဲ မင်းဟာက ဘာမေးတာလဲ“

“ဖြူစင်ဦးဟာ မိန်းမလျာတစ်ယောက်ဆိုတာ“

“ဘာလဲ…ဘာမေးတာလဲ“

“ဟာကွာ..ဖြူ…ဖြူစင်ဦးဟာ အခြောက်တစ်ယောက်ဆိုတာ“

အဖြေက No တဲ့။ ကျွန်တော် ဖျားသွားပါသည်။ ထိုအချိန်တွင်ပင် သီချင်းသံက လွှင့်လာသည်။

“မင်းရဲ့ ××××××ဆံနွယ်တွေ ××××××××လေမှာ လွှင့်နေတယ်..။××××××× ညှင်သာစွာ နမ်းရှိုက်ခွင့်ရချင်လည်း×××××××ד

ဟာကွာ..။ ကျွန်တော် စိတ်တိုသွာခဲ့ပါသည်။ မျက်လုံးကို စုံမှိတ်လိုက်တော့ သူမရဲ့ ဆံနွယ်တွေ လေမှာလွှင့်လျှက် ကျွန်တော့်အား လက်ယက်ခေါ်နေသလိုလို…။

 

သော်ဇင်(လွိုင်ကော်)

Date-7th-Jan-2013

Time-11:19Am

 

 

11 comments

  • Silver Twig

    January 8, 2013 at 11:16 pm

    Ha ha ha! lots of laugh. It must be a true story. How many days did you lost appetite after being broken heart.

  • မောင်ထက်ကြီး(မုံရွာ)

    January 9, 2013 at 12:29 am

    ကိုသော်ဇင်ရာ..ဇာတ်သိမ်းတဲ.အထိ ဖြူ ကိုစကာမပြောဘဲနေခိုင်လိုက်တာမဟုတ်ဘူး…
    အခုတော.ဗျာ..ဂိ..ဂိ..ဂိ
    ဆက်လက်အားပေးနေပါဦးမယ်..
    ဒိထက်ပိုပြီး မအီမလည်ဖြစ်တဲ.ဇာတ်လမ်းတွေကို စောင်.မျှော်လျှက်ပါ။။။။။။

  • kai

    January 9, 2013 at 5:31 am

    ကိုရင်လွိုင်ကော်… ဂေးတွေနဲ့ဓါတ်ကျနေတယ်ထင်တယ်..
    ကမ္ဘာတန်းနဲ့အမှီပေါ့…

    လောကမှာဖိုရယ်မရယ်၂ခုနဲ့.. ယဉ်ကျေးမှုတိုးတက်.. အလုပ်အကိုင်အခွင့်အလန်းတွေ..ဖေါ်ခဲ့ကြတာ..
    ဂေးတခုထပ်တိုးလိုက်ရင်.. ကမ္ဘာစီးပွားရေးထိုင်းမှိုင်းလာတာကနေ. ပြန်လွတ်သွားနိုင်တယ်.

    ဆိုတော့..
    ဒါကိုဖွဲ့နွဲ့ရသရေးတာဟာ…
    Robot, Sexbot တွေခံထားတာထက်တော့.. သာကြောင်း..။
    အားပေးကြောင်း..။ :528:

  • Mon Kit

    January 9, 2013 at 8:59 am

    ဘူမှ မမေးခင် မေးလိုက်အုံးမယ်.. ကိုသော်ဇင်ရဲ့ ကိုယ်တွေ့ဇာတ်လမ်းလားဟင်!! :kwi:
    အားပေးသွားပါတယ် ကိုသော်ဇင်… :hee:

      • ဘယ်နှယ့် ကိုယ့်ပေါက်
        ကိုသော်ဇင် ကိုပေါက်ကို ဆွဲမထည့်နဲ့လေ……………….
        သများကတော့ မပြောလဲသိနေတယ်နော့

  • mamanoyar

    January 9, 2013 at 10:05 am

    ဇာတ်လမ်းလေးကစိတ်ဝင်စားစရာကောင်းပါတယ်
    နောက်ဆုံးအခြောက်ကြီးနဲ့ကျနေတာကိုးးးးးးးးးး ဒါကြောင့်စကားပြန်မပြောတာ

  • ဗုံဗုံ

    January 9, 2013 at 3:52 pm

    တော်သေးတာပေါ့ ဦးလေးတော်ဂျင်ရယ် ခိုးမပြေးခင် သိလိုက်လို့ :harr:

  • မောင်ပေ

    January 9, 2013 at 8:47 pm

    အဲဒီဘက်က ကိုယ့်ပြန်ပြီး ရီတန်းမလုပ်ရင်တော့
    ကိုသော်ဇင့်ကို ခရီးဆက်ဖို ့အားပေးပါတယ်ဗျို ့
    :kwi:

  • ကိုသော်ရေ
    ကျနော်သာဆို ဒါလေးကို မထည့်ဘဲချန်ထားခဲ့မှာဗျာ

    “ဖြူစင်ဦးဟာ မိန်းမလျာတစ်ယောက်ဆိုတာ“

    “ဘာလဲ…ဘာမေးတာလဲ“

    “ဟာကွာ..ဖြူ…ဖြူစင်ဦးဟာ အခြောက်တစ်ယောက်ဆိုတာ“

Leave a Reply