အယ်မိုင်ခ….မလိခ…
အကိုမြစ်…နှမမြစ်…နှစ်မြွာ…
ကိုယ်နေတဲ့ကိုယ့်ဇာတိမြေ နေရာ…
ဘယ်လိုလုပ် ခွဲခွာချင်မှာလဲ…
တောထဲတောင်ထဲ တောအုံချုံကြား…
စားစရာ နတ္ထိ နေစရာအိမ်မရှိ…

ည ည တရေးမှ ကောင်းကောင်းမအိပ်ရ…
ဟိုနားက သေနတ်သံကြား…
သည်နားက အမြောက်သံကြား…
ကိုယ့်ခေါင်းပေါ် ဘယ်တော့များကျမလဲလို့…
သည်းတထိတ်ထိတ် ရင်တဖိုဖို…

မှေးကနဲ…
တရေးအိပ်ပျော်သွားတုန်း…
ကိုယ်လေတအားပျော်မိ…
ကြည့်စမ်း…ရွှေဝါ စပါးခင်းတွေ…
လေအတိုက် လှိုင်းထလို့…
ကဲ…ရိတ်လိုက်ကြစို့ ဖော်တသင်းတို့…
တံစဉ်းတွေနဲ့ တဗျင်းဗျင်း ဆွဲရိတ်…
အရိပ်ခိုဖို့တောင် မစဉ်းစားအား…
ဒါ…တို့စပါး…တို့စပါးတွေလေ…
အားပါးတရ ပျော်နေမိကြ…
ဖျတ်ကနဲ လန့်နိုးမှ…
ဒါ…အိပ်မက်ပါကလားလို့…

ကိုယ့်ကလေးတွေလဲ…
ကိုယ့်မြေ ကိုယ့်ကျောင်းက…
ခေါင်းလောင်းသံ မကြားရလို့…
ကကြီး ခခွေးတောင်…
ရေးတတ်ပါတော့မလား…
သူတို့ကစားနေတာ မြင်ရတော့…
ရင်ဝကို ကျည်ဆံ လာမှန်သလို ခံစားမိ…
အားလုံး သစ်သားသေနတ်ကိုယ်စီနဲ့….

…………….. မောင်ကြည်သော်(ကောလင်း)….

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...