ဒေဝဒတ်အကြောင်း တစေ့တစောင်း

ဦးသုJanuary 10, 20131min3324

ဒေဝဒတ် ကိုယ်တော် ဘုရားရှင်ကို မုန်းရတဲ့ ပထမဆုံးရန်ညှိုးကတော့ ကမ္ဘာ တစ်သိန်းရွဲကုန်သည်ဘဝက စတယ် ။ ငယ်ငယ်က ကြားဖူးမှာပေါ့ ။ သူကအချောင်လိုချင်လို့ ပဲဝက်တောင်မတန်ဘူး လို့ ပြောထားခဲ့တဲ့ ရွှေခွက်ကို ဘုရားလောင်းကုန်သည် ကအမှန်အတိုင်း ပြောပြီး ဝယ်သွားရာကနေ ဒေဝဒတ်လောင်းဟာ လောဘ နဲ့ ဒေါသ မီးတွေလောင်ပြီး လှေဆိပ်မှာ ရင်ကွဲနာကျ သေခဲ့ရတယ် ။ မသေခင်နောက်ဆုံး သူ့ အမုန်းတွေဟာ ဘဝတွေ ပြောင်းသွားပေမယ့် ဘုရားလောင်းပေါ်မှာ အမြဲ ရှိနေတယ်။ အဲဒီနောက်ပိုင်း ဘုရားလောင်းကို သူသတ်ခဲ့တာတွေ မျောက်မင်းဘဝ (၂) ခု ၊ ဆဒ္ဒါန်ဆင်မင်း ၊ စူဠဓမ္မပါလ ဇာတ် စသည် အများကြီးပါပဲ ။

နောက်ဆုံးဘဝမှာတော့ ကောလိယ တိုင်း ၊ ဒေဝဒဟပြည် ၊ သုဗ္ဗဗုဒ္ဓ မင်းကြီး ရဲ ့ သားငယ်အဖြစ်မွေးဖွားလာတယ် ။ နာမည်ကဒေဝဒတ္တ – နတ်ပေးသော မင်းသား လို့ အဓိပ္ပါယ် ရှိတယ်။ ယသော်ဓရာ ရဲ ့ မောင် ပေါ့ ။ ဘုရားလောင်း သိဒ္ဓတ္တ နဲ့ကတော့ နှစ်ဖက်တော် ညီအကို တစ်ဝမ်းကွဲပါပဲ ။သူတို့ ရဲ ့ တိုင်းပြည်တွေ စဖြစ်လာပုံကလဲ စိတ်ဝင်စားစရာပါ ။ သာကီဝင်တို့၏ လက်မွန်အစ ဘေးတော်ဘုရင်ကြီးကဩက္ကာကမင်းကြီး ဖြစ်တယ်။ ကမ္ဘာဦးစ မဟာ သမ္မတ မင်းကနေ ဒီ မင်းအထိ မောင်နှမခြင်း အိမ်ထောင်ပြုလာတာ မင်းဆက်ပေါင်း ( ၂၅၂၅၅၆) ပါး ရှိတယ် ပြောတယ်။ (ဒါကတော့ မန်လည်ဆရာတော်ကြီး ရေတွက်ထားတာပါ။မဃေဒေဝကပေါ။့ ) ဒီ မင်းကြီးမှာ မိဘုရား (၄) ယောက်ရှိ တော့ သားသမီး (၁၅)ယောက်ရှိလာတယ် ။ နောက် အငယ်ဆုံးတင်မြှောက်တဲ့ မိဘုရားကို သားမွေးရင် လိုချင်တဲ့ ဆုပေးမယ်လို့ သတိပေးမိတော့ သားသမီး အကြီးတွေနဲ့ မိဘုရားငယ်ရဲ ့ ကြားမှာ ပြ သနာတွေရှိလာတယ် ။ ဒါကြောင့် မင်းကြီးက သားတော်သမီးတော် (၁၅) ပါးကို နန်းတွင်းမှာ လိုချင်တဲ့ ဘဏ္ဍာပစ္စည်း တွေ လိုသလောက်ယူပြီး တိုင်းပြည်မှ ထွက်ခွာသွားစေခဲ့ရာ ထိုမင်းသားမင်းသမီးတို့သည် မိမိတို့၏ မှူးမတ်ဗိုလ်ပါ နောက်လိုက်ပြည်သူများကိုရွေးကောက်ကာ ရေခြားမြေခြား ဒေသတစ်ခုသို့ ထွက်ခွာခဲ့ကြတယ်။ထိုမင်းသားမင်းသမီးတို့သည် အိန္ဒိယကျွန်းဆွယ်မြောက်ပိုင်း (ယခုနီပေါပြည်ဘက်) သို့ရောက်သောအခါ ရောဟိနီမြစ်ကိုတွေ့ရှိကြသည်။ ထိုမြစ်ဝှမ်းသည် မြေဩဇာကောင်း၍ ညီညာပြန့်ပြူးပြီး ရာသီဥတု ကောင်းမွန်သောကြောင့် စိုက်ပျိုးရေးအခြေချရန်သင့်လျော်သည်။

ထိုရောဟိနီမြစ်နားကို ရောက်တော့ ကပ္ပိလ ဆိုတဲ့ ရသေ့ကြီး က ဒီ ကျွန်းတော ကြီး နေရာမှာ တိုင်းပြည်တည်ပြီးနေကြရင် မင်းတို့ ကြီးပွားမယ် ဆိုလို့ တိုင်းပြည်ထူထောင်ကြတယ်။ ကျွန်းပင်ကို သာက ခေါ်တယ်။ ကျွန်းတောမှာနေသူ ကို သာကီဝင်ခေါ်တယ်။ သာကီဝင်တို့ကို သကျဟုလည်း ခေါ်ဆိုသည်။ သကျ ဆိုသည်မှာ စွမ်းရည်ရှိသူ လို့လဲ အဓိပ္ပာယ်ရတယ်။ ဒီလိုနဲ့ သာကီဝင်ကို ကိုယ်စားပြုတဲ့ သက္က တိုင်း ကပိလဝတ္တုပြည်ဖြစ်လာတယ် ။ ထိုမင်းသားမင်းသမီး (၁၅) ပါးတို့သည် အမျိုးဇာတ်မပျက်သုဉ်းစေရန်အတွက် အခြားအနွယ်များနှင့်မရောယှက်ဘဲ မိမိတို့ချင်း မောင်နှမ အရင်းတွေ အိမ်ထောင်ပြုခဲ့ကြသည်။ ဒီအနွယ်သည် သာကီဝင်တို့၏ အဦးအစဖြစ်သည်။ ကပ္ပိလရသေ့ကိုယ်တိုင်က ဘုရားလောင်းပါပဲ ။ ဒီတော့ (၁၄) ယောက် (၇)တွဲ ရသွားတယ်။ အကြီးဆုံးအမကြီင်္း က ဘုရင်မကြီးလုပ်ပြီး နေတယ်။ နောက်တော့ ဒီဘုရင်မကြီး နူနာဖြစ်လာတော့ သာကီဝင်တွေ ရှက်တာနဲ့ သူ့ကို ကလောတောမှာ လှိဏ်ခေါင်းထဲ သွားထားကြတယ်။ တစ်ညတော့ ဒီ လှိဏ်ခေါင်းဝကို ကျားက လာတိုးတော့ လန့်ပြီး အော်ရာကနေ သူ့လိုပဲ တောထဲ ရောက်နေတဲ့ ရာမမင်းကြီး က ကြားသွားပြီး ကယ်တင်လိုက်တယ်။ပြီးတော့ ကလောသီးတွေ ဝါးပြီးမင်းသမီးရဲ ့ နူနာတွေကို ထွေးပေးပြီး ပြုစုတယ်။ ဒီလိုနဲ့ နူနာပျောက် ကြတော့ ရာမကလဲ ဘုရင်မျိုးနွယ်ဆိုတော့ မင်းသမီးကြီး (ဝါ) ဘုရင်မကြီးကလဲ လက်ဆက်ဖို့ သဘောတူလိုက်တယ် ။ ဒီလိုနဲ့ ကလောတော ကို အခြေပြု ပြီး ကောလိယ ပြည် ဖြစ်လာတယ်။ ကောလိယ မင်းမျိုးဖြစ်လာတယ်။သူ တို့ နှစ်ယောက်က ကလေး သားချည်းပဲ (၃၆) ယောက်ရတယ်။ အရွယ်ရောက်လာတော့ အမေကို ပူဆာကြတယ်။ မင်းသမီးရှာပေးပါပေါ့ ။ ဒီလိုနဲ့ အမေကပြောတယ်။ သားတို့ အမေ့ မောင်နှမတွေ ရဲ ့ ကပိလဝတ္တုပြည်က မင်းသမီးတွေ နွေရာသီဆိုရင် ရေကန်ကြီးမှာ ရေချိုးကြတယ်။ ရေကစားကြတယ် ။ ဒီသမိုင်းတချို့ကို သင်္ကြန်နဲ့ သိကြားမင်း အကြောင်းမှာ ကျွန်တော် နည်းနည်းရေးခဲ့ပါတယ်။ ဒီရေကန်ကို ဒေဝဒဟ ခေါ်တယ်။ ဒေဝ+ဒဟ =မင်းသား၊မင်းသမီးများ+ရေကစားသော ရေကန် ဆိုတာ သင်္ကြန် အစဉ်အလာရဲ ့ အစ ဖြစ်မယ်။ ရေကစားကြတယ် ပြီးရင် နေပူလှမ်းခံကြတယ်။ အဲဒီ အချိန်မှာ ကိုယ်ကြိုက်တဲ့ မင်းသမီးကို ပန်းကုံးစွပ်ရင် လက်ထပ်ခွင့်ရကြတယ်။ ဒီလိုနဲ့ မင်းသား (၃၆) နဲ့ မင်းသမီးတွေ လက်ထပ်ပြီး မြို့ တည်ကြတော့ ကောလိယတိုင်း ၊ ဒေဝဒဟ မြို ့ ဖြစ်လာတယ် ။

ဒီလိုနဲ့ ဒေဝဒဟ၊ ကပိလဝတ္တုနှင့် ကောလိယ ဟုမြို့ပြပြည်ထောင်သုံးခု ပြန့်ပွားစည်ပင်ခဲ့ကြတယ်။ နောင်အခါ အဲဒီသုံးပြည်ထောင်မင်းမျိုးများသည် အချင်းချင်း သားပေးသမီးယူ ပြုလုပ်ကြသည်။ ဒီလိုနဲ့ နောက်မင်းဆက်ပေါင်း (၈၂၀၁၃ ) မှာ သီဟဟနု မင်းနန်းစံပြီး မိဘုရားက ကဉ္စနာ ဖြစ်တယ်။ သူတို့က မွေးတာ သားသမီး (၇)ယောက် ရှိတယ်။ သုဒ္ဓေါဒန၊အမဒေါဓန ၊ ဒေါဒေါဓန ၊ သက္ဏောဓန ၊ သုက္ကောဓန မင်းသား (၅)ယောက် ၊ အမိတ္တာ၊ပါလိတာ မင်းသမီးနှစ်ယောက်ရှိတယ် ။အဲဒီအချိန် ကောလိယတိုင်း ၊ ဒေဝဒဟ မြို ့မှာ အဉ္စနာ မင်း နဲ့ ယသော်ဓရာ မိဘုရားနန်းစံတယ်။ (သာသနာနှစ်ကို စတဲ့ ဘိုးတော ်အဉ္စနာ မင်း ဆိုတာသူပဲ၊ နာမည်တူ ယသော်ဓရာပေါ့ ) ။ သား၊သမီး (၄) ယောက်ရှိတယ်။သုဗ္ဗဗုဒ္ဓ ၊ ဒန္တပါဏီ မင်းသား (၂)ယောက် ၊ သီရိမဟာမာယာ ဒေဝီ၊ မဟာပဇာပတိ ဂေါတမီ မင်းသမီး (၂)ယောက် ဖြစ်လာတယ်။

သုဒ္ဓေါဒန မင်းဖြစ်တော့ သုဗ္ဗဗုဒ္ဓလဲ မင်းဖြစ်လာတယ်။ နှမတော် (၂)ပါးလုံးတွေကို ဆက်သကြတယ်။ ဒါကြောင့် ဘုရားလောင်းမှာ မိခင်ရင်းက သီရိမဟာမာယာ ဒေဝီ ၊ မိထွေးတော်က မဟာပဇာပတိ ဂေါတမီဖြစ်လာတယ်။ အမိတ္တာ၊ပါလိတာ ကိုလဲ သုဗ္ဗဗုဒ္ဓမင်းဆီ ဆက်သကြတယ် ။ဒီလိုနဲ့ ဘုရားလောင်း သိဒ္ဓတ္ထ နဲ့ ဒေဝဒတ္တ တို့ ခေတ်ရောက်တော့ ဒေဝဒတ္တမင်းသားက အဋ္ဌာရသ (၁၈) ရပ်လုံးထူးချွန်တယ်။ အထူးသဖြင့် အခက်ခဲဆုံး မြှားပစ်မှာတော်တယ်။ ဘုရားလောင်းကတော့ ဘာမှ မသင်ကြားဘူး ဆိုတော့ သုဗ္ဗဗုဒ္ဓ မင်းကလဲ အထင်သေးတယ်။ နောက်တော့ ယသော်ဓရာ မင်းသမီးကို ဆက်သဖို့ ကမ်းလှမ်းတော့ လှောင်ပြောင်လွှတ်လိုက်ကြတယ်။ ဘာတတ်လို့ သိဒ္ဓတ္ထ လို့ နာမည်ပေးသလဲ ပေါ့ ။ သိဒ္ဓတ္ထဆိုတာ ပြီးစီးပြည့်စုံစေမည့် အတိတ်နိမိတ်ကို ကောက်ယူထားခြင်းဖြစ်လေသည်။ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ပြည့်စုံစေမည့်သူဟု ဆိုလိုတယ်။ အကုန်တတ်သူ စတဲ့ အဓိပ္ပါယ် တွေ ရှိနေလို့ ဖြစ်တယ်။ဒီလို နာမည်ကိုပါ အလှောင်ခံရတော့ ဘုရားလောင်းက လေးအတတ်ကို သူတတ်ပြီးဖြစ်ကြောင်း ခက်ခဲတဲ့ ပြကွက်စွမ်းရည်တွေကို ပြတယ်။ ပြီးတော့ ရောဟိနီမြစ် အနောက်ဘက် မှာ ရှိနေတဲ့ ဒေဝဒဟ မြို့ အထိရောက်အောင် မြှား နဲ့ လှမ်းပစ်လိုက်တော့ မှ သုဗ္ဗဗုဒ္ဓလဲ ယသော်ဓရာကို ဆက်သတယ်။ဘုရားဖြစ်ပြီး (၁) နှစ်အကြာမာလတိုင်း ၊ အနုသီယ တောအုပ် မှာ ဘုရားရှင်နောက်လိုက်လာပြီး ရဟန်းဝတ်ကြတာ သာကီဝင် မင်းသား (၆)ယောက် ဘဒ္ဒိယ၊ အနုရုဒ္ဓါ ၊ အာနန္ဒာ ၊ ဗကု ၊ကိမိလ ၊ ဒေဝဒတ္တ တို့် ဖြစ်ကြတယ်။ သူတို့နဲ့ အတူ ဆတ္တာသည် ဥပါလိတော့ ပါသေးတာပေါ့ ။ ဘဒ္ဒိယ၊ အနုရုဒ္ဓါ ၊ ဗကု ၊ကိမိလ (၄) ပါး ရဟန္တာ ဖြစ်တယ်။ အာနန္ဒာ က သောတာပန်မှာ ပဲ တင်နေတယ် ။ ဒေဝဒတ္တကတော့ ဣတ္တိဝိဓ အဘိဉာဉ် တစ်မျိုးပဲ ရတယ်။ ဘာတရားထူးမှ မရဘူး။

ဒီလိုနဲ့ ပါတိမောက်ပြပြီး သာသနာတရားဝင်ထူထောင်တော့ အရှင် သာရိပုတ္တ နဲ့ အရှင် မဟာမောဂ္ဂလာန် တို့ ကို အဂ္ဂသာဝက တွေ အရာ အပ်နှင်းတော့ မင်းမျိုးကို မခန့်ဘဲ ၊ ပုဏ္ဏားမျိုးကို ခန့်ရမလားရယ်လို့ မနာလိုတွေဖြစ်ပြီး ၊ သံဃာထုကို သူ့ ဆီအပ်ထားပြီး အေးအေးဆေးဆေးနေဖို့ ဘုရားရှင်ကို လျှောက်တယ်။ နောက်ဘုရားရှင်က လက်မခံတော့ အချက်(၅)ချက်တောင်းတယ်။ သံဃာတွေ စည်းစိမ်ရစ်နေကြပြီ ၊ ခြိုးခြံပြီး မကျင့်တတ်ကြတော့ဘူးတဲ့ ဒီတော့

ဒီအချက် (၅)ချက် သာသနာမှာ ပြဋ္ဌာန်းပေးပါ လို့ တောင်းတယ်။

(၁) မြို့ကျောင်းတွေမှာ မနေရဘူး။ တောမှာ ပဲ နေရမယ်။

(၂) သစ်ပင်ရိပ်မှာနေရမယ်။

(၃) သဉ္ဇဝရိတ်ဆောင်ရမယ်။

(၄) သတ်သတ်လွတ်စားရမယ်။

(၅) ပံသကူ သင်္ဃန်းပဲ ဆောင်ရမယ် ။ ဒါတွေကို ဘုရားက လက်မခံတော့မှ

သူက သံဃာကို ဂိုဏ်းခွဲလိုက်တယ်။.ဒီမှာ သံဃဘေဒကကံ ဖြစ်လာတာပေါ့ ။ သူ့နောက် ကို ရဟန်းတွေ (၅၀၀)လောက်လိုက်သွားတာကို အရှင် သာရိပုတ္တရာ နဲ့ အရှင် မဟာမောဂ္ဂလာန်က လိုက်သွားပြီး ပြန်ခေါ်လာတယ်။ အဲဒီမှာ သူက ပြောသေးတာပေါ့ ။ ငါ့ဝါဒကို ကြိုက်လို့ အရှင် သာရိပုတ္တ နဲ့ အရှင် မဟာမောဂ္ဂလာန်တောင် လိုက်လာကြပြီ ဆိုပြီးတော့ သူက ပျော်နေတာ။ ဂဇာသီယ မှာ သူက ဘုရားလို လုပ်နေတာ ။

တရားဟောတယ်။ အပူဇော်ခံတယ်။ အရှင် သာရိပုတ္တရာ တို့လိုက်လာတော့ သူက ချစ်သား သာရိပုတ္တ ၊ ငါတရားဟောရတာ ပင်ပန်းလာလို့ ခဏနားဦးမယ် ။ အသင် တရားဆက်ဟောပါ ဆိုပြီး သူက ကျောင်းအတွင်းမှာ သွားအိပ်နေသေးတာ ။ဘုရားရှင်လုပ်သလို အကုန်လုပ်တာပေါ့။အဲဒီမှာ အရှင်သာရိပုတ္တရာ က တရားဟော ၊ အရှင် မဟာမောဂ္ဂလာန်က တန်ခိုးတွေ ပြပြီး ရဟန်းငယ်တွေကို အမှန်သိစေပြီး ပြန်ခေါ်သွားတယ်။ အဲဒီတော့မှ ကျန်တဲ့ ရဟန်းအချို့က အိပ်နေတဲ့ ဒေဝဒတ္တ ကိုယ်တော် ရဲ ့ ကျောကုန်းကို ဒူးနဲ့ တိုက်ပြီးကို နှိုးကြတယ်။ အပြစ်တင်ကြတယ်။အဲဒီမှာ သွေးအန်တဲ့ ရောဂါ စပြီး ရသွားတယ်။ နောက်တော့ ဘုရားရှင်ကို တောင်းပန်ဖို့ လိုက်လာရင်းနဲ့ ဇေတဝန်ကျောင်းအပေါက်ဝမှာ မြေမြိုတာပါပဲ ။

အဇာတသတ်နဲ့ ပတ်သက်တာတွေ ၊ ဘုရားရှင်ကိုသူသတ်ဖို့ကြံစည်တာတွေတော့ ကြားဖူးကြပြီးသားမို့လို့ မရေးတော့ဘူး။

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ ဒေဝဒတ်သည် အဇာတသတ်မင်းနှင့် ပူးပေါင်း၍ ဘုရားရှင်ကိုသတ်ရန် လေးသမားတို့ကို စေလွှတ်ခြင်း၊ ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးကြီးကို လှိမ့်ချခြင်း၊ နာဠာဂိရိဆင်ကို လွှတ်ခြင်းတို့ကို ပြုလုပ်၏၊ သို့သော် တခုမျှ မအောင်မြင်၊ ထို့နောက် သံဃာငယ်များကို ဟောပြောသွေးဆောင်၍ သံဃာဂိုဏ်းခွဲ တည်ဆောင်ပြန်၏၊ သို့သော် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့ ဟောပြောဆုံးမသဖြင့် များစွာသောသံဃာများ ပြန်ရောက်လာကြသည်၊ တနေ့သော် ဒေဝဒတ် ရောဂါကပ်ရောက်ပြီး မကျန်းမမာ ဖြစ်လာရာ ကိုးလပတ်လုံး ပြင်းထန်သော ဆင်းရဲဒုက္ခ ခံစားနေရသည်၊ သေခါနီးကာလတွင် နောင်တရပြီး ဘုရားရှင်ကို ဖူးမြော်ရန် ထမ်းစင်စီး၍ လာခဲ့သည်၊ ဇေတဝန်ကျောင်းတော်အနီးသို့ ရောက်သော် ရေကန်ငယ်တခုတွင် ရေသန့်စင်ရန်အတွက် ထမ်းစင်ပေါ်မှ ဆင်း၏၊ မြေပေါ်သို့ ခြေချလျှင်ပင် မြေမျိုခြင်း ခံရလေသည်၊ ဤအကြောင်းကို တရားသဘင်၌ ရဟန်းများ ပြောဆိုနေကြရာ မြတ်စွာဘုရားက အောက်ပါဂါထာကို ဟောကြားတော်မူသည်။

ဣဓတပ္ပတိ ပေစ္စ တပ္ပတိ ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ ။ ပါပံ မေ ကတန္တိ တပ္ပတိ ၊ ဘိယျောတပ္ပတိ ဒုဂ္ဂတိံ ဂတော ။

မကောင်းမှု ပြုသောသူသည် ဤဘဝ၌လည်း ပူပန်ဆင်းရဲရ၏၊ နောက်ဘဝ၌လည်း ပူပန်ဆင်းရဲရ၏၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌ ပူပန်ဆင်းရဲရ၏၊ ငါသည် မကောင်းမှုကို ပြုမိချေပြီ-ဟု နှလုံး မသာမယာ ပူပန်ရ၏၊ ထိုသူသည် အပါယ်လေးပါး သွားရသည့်အခါ သာ၍ပင် ပူပန်ဆင်းရဲရ၏။

မကောင်မှုးကံ, ပြုမိဟန်ကြောင့်, နှစ်တန်ဌာန, ပစ္စက္ခနှင့်, ဘဝနောင်တွင် ပူမှုယှဉ်၏။ ငါပင်ဆိုးဝါး, ပြုမိမှားဟု, စဉ်းစားနောင်တ, ပူပန်ရ၏။ သေရပြီးနောက်, ငရဲရောက်တွင်, ပိုမောက်ကဲလွန်, ဆင်းရဲပြန်၏။ [1]

သာသနာမှာ ဒီလို ဆိုးမယ့် သူမှန်းသိပေမယ့် ဘာလို့ ဘုရားရှင်က ရဟန်းဝတ်ခွင့်ပြုသလဲ မေးကြတော့ ဒီဘဝမှာ သူ ဣတ္တိဝိဓ အဘိဉာဉ် ရအောင်ကျင့်တာရယ် ဘုရားရှင်ကို ကိုယ်၊နှုတ်စိတ်(၃)ပါးလုံးနဲ့ နောက်ဆုံး မြေမြိုနေရင်း ရှိခိုးသွားရတဲ့ အကျိုးတွေဟာ အဝီစိက လွတ်တာနဲ့ အနှစ်တစ်သိန်း တရားကျင့်ပြီးရင် အထိတ်သက မည်တဲ့ပစ္စေက ဗုဒ္ဓဖြစ်မယ် ဆိုတဲ့ အကျိုးကို ရနိုင်မှာကြောင့် ဖြစ်တယ် လို့ ဘုရားရှင်က ရှင်းပြတော်မူသည်။

4 comments

  • Thu Wai

    January 10, 2013 at 10:37 am

    ဖတ်ရင်းဖတ်ရင်းနဲ့ ကျွန်တော်မသိသေးတာတွေ တော်တော်များများပါနေလို့တင်ပေးလိုက်တာပါ။
    ကျန်တဲ့ရွာသူရွာသားတွေထဲက သိပြီးတဲ့သူတွေလဲ လိုအပ်တာတွေဖြည့်ပေးသွားကြပါ။
    Facebook page တစ်ခုဖြစ်တဲ့ အနှိုင်းမဲ့စာတိုပေစများ ဆီကနေ ကူးပြီး တင်ပေးထားတာပါ။

  • ဦးကြောင်ကြီး

    January 10, 2013 at 10:49 am

    သဂျီးအကြောင်း တည့်တည့်ထောင်းဆိုပြီး လုပ်ပါအုံးဗျ တပုဒ်လောက်…………

  • kai

    January 10, 2013 at 10:54 am

    ဒီအချက် (၅)ချက် သာသနာမှာ ပြဋ္ဌာန်းပေးပါ လို့ တောင်းတယ်။

    (၁) မြို့ကျောင်းတွေမှာ မနေရဘူး။ တောမှာ ပဲ နေရမယ်။

    (၂) သစ်ပင်ရိပ်မှာနေရမယ်။

    (၃) သဉ္ဇဝရိတ်ဆောင်ရမယ်။

    (၄) သတ်သတ်လွတ်စားရမယ်။

    (၅) ပံသကူ သင်္ဃန်းပဲ ဆောင်ရမယ် ။

    ဒီခေတ်ကာလများ.. ဆိုးချက်က…. ဒေဝဒတ်ဂိုဏ်းသား..တယ်များလာသကိုး…
    အာဟိ…အာဟိ..။ :kwi:

  • mamanoyar

    January 10, 2013 at 1:40 pm

    ဒေဝဒတ်အကြောင်း တော်တော်စုံစုံလင်လင်ဖတ်လိုက်ရလို့
    ကျေးဇူးပါနော်

Leave a Reply