ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး လွတ်ပါပြီ

kaiFebruary 13, 20101min1022

ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ဖခင်ကြီးဖြစ်ပြီး သူ့ရဲ့သမီးကတော့ အားလုံးသိကြပြီးတဲ့ ၁၉၉၁ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။
ဒီဖေဖော်ဝါရီ၁၃ မှာပဲ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး လွတ်တယ်လို ့သတင်းရရှိပါတယ်။
အောက်မှာ မဇ္ဈိမသတင်းဌာနကသတင်းကို ကူးတင်ဖေါ်ပြထားပါတယ်။
ထူးခြားချက်က မဇ္ဈိမသတင်းဌာန ခေါင်းစီးပြပါအတိုင်း…ဗိုလ်ချုပ်ကြီးသူရဦးတင်ဦးဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်အပေါ်ထားတဲ့မူဝါဒကို ထောက်ခံကြောင်း လွတ်လွတ်ချင်းပြောလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ထောက်ခံထားတဲ့အတွက် အမေရိကန်မူဝါဒအတိုင်းသွားမယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးစေချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြာခင်လွတ်ပေးရပါလိမ့်မယ်သုံးသပ်ရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မှုးချုပ်အောင်ရွေ ကို သွားရောက်တွေ့ဆုံမယ်လို ့လည်း သတင်းမှာဖေါ်ပြထားပါတယ်။
တပ်မတော်ရဲ့ ရာထူးတွေ ချရေးလိုက်ရင် မြန်မာပြည်နိုင်ငံရေးဟာ တပ်မတော်သားဟောင်းများ၊ သူတို့ရဲ့မိသားစုဝင်များနဲ့ တပ်မတော်သားအသစ်များ။ တပ်မတော်နဲ့ နီးစပ်သူများသာ လွှမ်းမိုးနေတာ ကိုသတိပြုမိ နိုင်ပါလိမ့်မယ်။ အခုလာတော့မယ့် ၂၀၁ဝ ရွေးကောက်ပွဲမှာရော၊ အသစ်ဖြစ်လာမယ့်လွှတ်တော်မှာရော တပ်မတော်သားသစ်တွေ။ ဟောင်းတွေ ဘယ်နှရာခိုင်နှုန်းလောက် ရှိကြမှာပါလိမ့်..။
အော်…အမိမြန်မာပြည်..။အဖ ဧရာဝတီ။

——

အမေရိကန်မူဝါဒကို ထောက်ခံကြောင်း ဦးတင်ဦး ပြော

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁ဝ ခုနှစ် ၂၃ နာရီ ၂၁ မိနစ်
ချင်းမိုင်။     ။ ၆ နှစ်ကြာ အချုပ်အနှောင်ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက အမေရိကန် ဘားရက် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒကို ထောက်ခံ ပြောဆိုလိုက်သည်။

၈၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက အမေရိကန်၏ မြန်မာစစ်အစိုးရအပေါ် ထိတွေ့ဆက်ဆံရေး မူဝါဒကို ကြိုဆိုကြောင်း သတင်းထောက်များ၏ အမေးကို ဖြေကြားခဲ့သည်ဟု အတူတကွ ရှိနေခဲ့သော အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောပြသည်။

”ဒါ ကောင်းတဲ့ကိစ္စပါ။ လုပ်သင့်တာလည်း ကြာပါပြီတဲ့။ အိုဘားမား တက်လာကတည်းက ဒါကိုလည်း ပြောနေတယ်တဲ့။ သူအနေနဲ့ ကြိုဆိုတယ်ပေါ့” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

ထို့ပြင် ၁၄ နှစ်ကျော်ကြာ အချုပ်အနှောင်ခံနေခဲ့ရသော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မည်ဟု ဦးတင်ဦးက မျှော်လင့်နေသည်။

”သူလွတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ကြိုးစားပါမယ်တဲ့။ အဲဒီအပြင် သူလွတ်ပြီးလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်က မကြာခင် လွတ်တတ်တယ်တဲ့” ဟု ဒေါက်တာဝင်းနိုင်က ပြန်ပြောသည်။
ကိုယ်တိုင်လွတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်အတွင်းရှိနေခြင်းက ဝမ်းမသာနိုင်ဘဲဖြစ်နေသည်။

“ ဘယ်လိုများ ခံစားရလဲဆိုတော့ ဝမ်းမသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဖော်ကိုင်ဘက်နဲ့ ပတ်သက်တဲ့လူတွေက အခုထက်ထိ အကျဉ်းကျနေတာပဲ။” ဟု ဦးတင်ဦးက မဇျိမသို့ ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို ဆက်လက်ခံယူသွားမှာဖြစ်သလို ဒီမိုကရေစီရရှိသည့်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်ဟု သိရသည်။

မျက်စိကုသမှု ခံယူနေရသော ဦးတင်ဦးကို လွှတ်ပေးရန်အတွက် စနေနေ့ည ၈ နာရီခွဲကျော်တွင် ရဲများ ရောက်ရှိလာပြီး နေအိမ်အကျယ်ချုပ်ကို ရုပ်သိမ်းကြောင်း ကြေညာကာ လုံခြုံရေးများ ပြန်လည်ရုပ်သိမ်းသွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက လွတ်မြောက်လိမ့်မည်ဆိုသော ခန့်မှန်းချက်များကြောင့် ယနေ့ညနေ ၆ နာရီ မတိုင်ခင်ကပင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အပါအဝင် ထောက်ခံသူများ၊ သတင်းထောက်များမှာ စိုးတထိတ်ထိတ်နှင့် စောင့်ဆိုင်းနေကြပြီး ခြံဝင်းတံခါးပွင့်သည်နှင့် ပျော်ရွှင်စွာ ဝင်ရောက်သွားကြသည်။

”သူ့ကို မြင်လို်က်တော့ စိတ်ထဲမှာတော့ စိတ်မကောင်းဘူး။ နည်းနည်းပိန်သွားတယ်။ အသံလည်း မှိန်သွားတယ်။ ကျန်းမာရေးအတွက် စိတ်မကောင်းပေမယ့် သူ့စိတ်ဓာတ်ကိုတော့ အားတက်မိတယ်။ ဝမ်းသာပါတယ်” ဟု အခြားသော ပါတီ CEC တဦးဖြစ်သော ဦးခင်မောင်ဆွေက ပြောသည်။

ဦးတင်ဦးက မနက်ဖြန်တွင် ပါတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်ရွှေထံ သွားရောက်တွေ့ဆုံမည်ဟု သိရသည်။ ထို့ပြင် ကျန်းမာရေး မကောင်းသော ပါတီခေါင်းဆောင်များဖြစ်သော ဦးလွန်းတင်နှင့် အတွင်းရေးမှူး ဦးလွင်တို့ကိုလည်း နှုတ်ခွန်းဆက်သကြောင်း သတင်းပါးလိုက်သည်။

2 comments

  • sonny wynn

    February 13, 2010 at 9:36 pm

    ကြိုဆိုရမဲ့သတင်းပါ။ သတင်းကောင်တခုအဖြစ်တထစ်ချပြောရန်ခက်တဲ့မြန်မာစစ်အစိုး၇ရဲ့ အလှည့်အပြောင်းများတဲ့မာယာတွေကြောင့် ဒီသတင်းကိုမြန်မာ့အရေးလေ့လာသူအားလုံးလိုလိုက အထူးသတိထားပြီးကြိုဆိုကြပါလိမ့်မယ်။ ဇေယျကျော်ထင်ဘွဲ့အပြင်သူရဘွဲ့ကိုနှစ်ထပ်ကွမ်းရခဲ့တဲ့စစ်သူရဲကောင်းဖြစ်တဲ့အပြင် တပ်လောကမှာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင်လေးစားကြည်ညိုမှုအခံရဆုံးစစ်ခေါင်းဆောင်တယောက်ပါ။ အမှန်ပြော၇ရင် စစ်သားဆိုရင်ရွံကြောက်ကြောက်နေကြတဲ့မြန်မာပြည်သူတွေကြားမှာရှားရှားပါးပါးလေးစားခံနေရဆဲဆိုရင်မမှားပါဘူး။ သွားလေသူဗိုလ်နေဝင်းကသူ့အပေါ်ယှဉ်ပြိုင်လာနိုင်မဲ့အရိပ်အရောင်ကြောင့် ရာထူးကနေဖယ်ရှားခဲ့ပါတယ်။ အဲ့ဒီအချိန်ကတိုင်းတပ်တွင်းတွေမှာသူ့ကိုဖြုတ်လိုက်တာနဲ့ပါသက်ပြီးအတော်ခက်ခက်ခဲခဲရှင်းလင်းခဲ့ရပါတယ်။ လက်အောက်ခံ အရာရှိခအကြပ်စစ်သည်တွေပေါ်မှာမိဘသဖွယ်ဩဇာကြီးမားတဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ရာထူးပြုတ်ဂယက်ဟာခုတိုင်ကြီးမားဆဲပါ။ သူ့ရဲ့ရိုးဂုဏ်နဲ့နိုင်ငံရေးအရောင်ကင်းတဲ့စစ်သားစစ်စစ်ဘဝအဖြစ်တပ်ရောပြင်ပလောကကပါလေးစားကြရသူတဦးပါ။ သူနဲ့အတူတပ်မှူးတော်တော်များများကိုလည်းအနားပေးခြင်း။အရပ်ဖက်ပြောင်းခြင်းစတာတွေတော်တော်များများလုပ်လိုက်ရပါတယ်။ အတိုက်အခံNLD အဖွဲ့မှာစစ်အစိုးရအဆက်ဆက်ကမျက်စိဒေါက်ထောက်အကြည့်ခံရူ(၂)ဦးဘဲရှိပါတယ်။ ဒေါ်စုနဲ့ဗိုလ်တင်ဦးပါဘဲ။ ဒီလောက်ဆိုစစ်အစိုးရကသူကိုဘယ်လောက်ကြောက်ရတယ်ဆိုတာဖြေစရာလိုမယ်တောင်မထင်ပါဘူး။ အဲ့ဒီနောက်ပိုင်းလူထုကတပ်အပေါ်ယုံကြည်လေးစားမှုနဲ့တပ်ရဲ့ဂုဏ်သိက္ခာဟာလဲတဟုန်ထိုးကျလာလိုက်တာခုဆို စစ်တပ်ဆိုရင်လူတွေကအော့နှလုံးနာနေပါပြီ။
    ခြင်းလုံးခတ်ဝပသနာပါသူဗိုလ်တင်ဦးကို ရန်ကုန်မြို့ဝင်ဒမီယာပါခ်လမ်းမှာအပေါင်းအဖေါ်များနဲ့ခြင်းလုံးခတ်ရင်းအချိန်ကုန်လွန်လာခဲ့တာ (၁၉၈၈) တိုင်အောင်ပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူပေါက်ဖွားလာတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာတပ်မှူးများအစုအဖွဲ့မှတဆင့်လက်ရှိနိုင်ငံရေးဇာတ်ခုံပေါ်တဖန်ပြန်ရောက်လာပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့အမျိုးသားပြန်လည်ပေါင်းစည်းရေးနဲ့ အနာဂါတ်မြန်မာနိုင်ငံရေးတဲ့ရှေ့ပြေးကြယ်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ထက်မြက်ထူးခွှန်တဲ့အရေးအသွေးကိုသိလိုက်တာနဲ့သူမနဲ့ပေါင်းစည်းမိသွားပါတယ်။
    ဗိုလ်ချုပ်ကြီးတင်ဦးကို ၁၉၇ဝနှစ်ဝန်းကျင်လောက်က ရန်ကုန် အင်ဗွိုင်းခမ်းမမှာရှိတဲ့တော်လှန်ရေးနေ့ပြခန်းမှာ ကာကွယ်ရေးဦးစီးချုပ်ဘဝနဲ့တောင်လူထုနဲ့အတူ ပြပွဲကိုလာကြည့်တဲ့အတွေ့အကြုံကိုအမှတ်ရမိပါတယ်။ ပြခင်းထဲကကလေးအချို့ကိုချီယူသွားပြီးအခြားကလေးအချို့ကိုပါသူ့ကားနဲ့ဦးဝိစာရလမ်းတပါတ်မောင်းပြီးလိုက်ပြတာကိုကလေးရှင်မိဘများက ဂုဏ်ယူဝမ်းသာမဆုံးဖြစ်ရပုံကိုယနေ့တိုင်မြင်ယောင်ဆဲပါ။
    ရှုံ့့ချီနှပ်ချီလုပ်ရာမှာပြိုင်စံရှားတဲ့စစ်အစိုး၇ရဲ့ရိုးသားမှုမရှိတဲ့အပြုအမူတွေကြောင့် ဗိုလ်တင်ဦးကိုခုလိုလွှတ်ပေးတဲ့ကိစ္စဟာလည်းယာယီဆေးနည်းတိုတခုသာဖြစ်နိုင်ပါတယ်။ စစ်အစိုးရအတွက်လာမဲ့ရွေးကောက် ပွဲဟာသေရေးရှင်ရေးတမျှအရေးကြီးနေပါတယ်။ သူ့အာဏာသက်ဇိုးရှည်ရေးအတွက်နည်းမျိုးစုံနဲ့ကျားကွက်ရွှေ့နေပါတယ်။ နိုင်ငံတကာရဲ့ဖိအားကိုဖြေလျှော့ပေးရမဲ့ကိစ္စတခုမှာဗိုလ်တင်ဦးနဲ့ဒေါ်စုလွှတ်ပေးရေးဟာ အဓိကကိစ္စများပါ။ လာမဲ့ရွေးကောက်ပွဲဟာမှန်ကန်တရားမျှတမှုရှိမဲ့အကြောင်းသက်သေပြနိုင်ဘို့ကိစ္စမှာ အတိုက်အခံများကိုလွှတ်ပေးဘို့ကအဓိကမဟုတ်လား။ တကယ်တော့အတိုက်အခံဆိုတဲ့အဆင့်တောင်မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ အတိုက်အခံဆိုတဲ့လုပ်ပိုင်ခွင့်ကိုဘယ်တုံးကမှတောင်မပေးခဲ့သေးတာဘဲ။
    သူလိုစစ်ခေါင်းဆောင်မျိုးသမိုင်းမှာနောက်ထပ်ပေါ်နိုင်ပါအုံးမလားလို့တောင်ထင်မိပါတယ်။

  • sonny wynn

    February 19, 2010 at 9:03 pm

    မိတ်ဆွေတယောက်က ဘယ်’တင်ဦး’ ဘာလိမ့်ဆိုပြီးဇဝေဇဝါဖစ်နေလို့ရှင်း့ပြပါရစေ။ ခုပြောတဲ့ တင်ဦးက NLD ဒုဥက္ကဌဖြစ်ပြီးတော်လှန်ရေးကောင်စီခေတ်နဲ့လမ်းစဉ်ပါတီခေတ်ကာလမှာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပါတယ်။တပ်ကရောအရပ်ဖက်ကပါရိုသေလေးစားရသူပါ။ နောက်မျက်မှန်တင်ဦး (လန်ဘားကြီး) ကဗိုလ်မှူးချုပ်(ထောက်လှန်းရေးမှူးချူပ်/ဗိုလ်နေဝင်းရဲ့ နိုင်ငံတော်ကောင်စီဥက္ကဌရဲ့စစ်ဘက်လက်ထောက်) ဘဝနဲ့ ‘မွန်’အမျိုးသားကနေလည်းနို်င်အကြီးအကဲဖြစ်နိုင်တယ်ဆိုပြီးပြည်သူ့လွှတ်တော်အတွေ့အကြုံရှင်းလင်းတင်ပြပွဲမှာ အာချောင်မိလို့ ဗိုလ်နေဝင်းရဲ့ဖြုတ်ချခြင်းခံရသူကတယောက်ပါ။ နောက်ဆုံးတယောက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးဘဝနဲ့ ရဟတ်ယာဉ်ပျက်ကျလို့ သေသွားတဲ့ ‘နဝတ’ ရဲ့အတွင်းရေးမှူး(၂)လဲဖြစ်၊စစ်ဦးစီးအရာရှိချုပ်(ကြည်း)လဲဖြစ်ခဲ့သူပါ။
    ‘တင်’ချင်းတူပေမဲ့’ဦး’ချင်းကွာတာတော်ရိပ်မိလောက်မှာပါ။

Leave a Reply