“ပိရမစ်ကြီး ဘယ်လိုဆောက်´´

 

“ဖေကြီး ဒီပုံတွေထဲမှာ ဘာလို့ ပိရမစ်တွေက အောက်ခြေကကြီးပြီး အပေါ်ကျတော့ သေးသေးချွန်ချွန် ဖြစ်သွားတာလဲ´´

“ပိရမစ်တွေက အဲလိုပုံစံဘဲဆောက်ကြတာလေ၊ အောက်ခြေကကြီးကြီး ကျယ်ကျယ် ဆောက်ထားပြီး အပေါ်က သေးသွားတော့ အပေါ်က ၀ိတ်ကို အောက်က ထမ်းထားနိုင်ပြီး ကြာရှည်ခိုင်ခံတာပေါ့သားရယ်၊ အဲလိုမဟုတ်ဘဲနဲ့ အောက်နဲ့အပေါ် တည့်တည့်ဆောက်ရင် ကြာလာတော့ ဘေးတွေကနေ ကွာကျတာတို့ အက်ကွဲလာတာတို့ ဖြစ်တတ်တာလေ´´

“ဟုတ်လား ဖေကြီး´´

“ဟုတ်တယ်လေ ဖေကြီးပြောတာမယုံလို့လား၊ သားသိအောင်ပြောရရင် မင်းကွန်းပထိုးတော်ကြီး သားရောက် ဖူးတာဘဲ စဉ်းစားပြီး မြင်ကြည့်လိုက်လေ´´

“အင်း ဟုတ်တယ် ဖေကြီးရ၊ အဲဒါကြောင့် ပိရမစ်တွေက အောက်ခြေကြီးပြီး အပေါ်သေးသွားတာကိုး၊ ဒါဆို ပိရမစ် တွေရဲ့ အောက်ခြေတွေက ခိုင်မှဖြစ်မှာပေါ့နော်´´

“မှန်တာပေါ့ ပိရမစ်တွေ စတင်တည်ဆောက်ထဲက အောက်ခြေကိုခိုင်အောင် အရင်ဆောက်ရတာပေါ့´´

“ဒါနဲ့ဖေကြီး တိုင်းပြည်တွေမှာ သမ္မတတွေက ဘာလို့ တစ်ယောက်ထဲရှိတာလဲ´´

“ခုနသားမေးတဲ့ ပိရမစ်လိုပေါ့ အပေါ်ဆုံးက သေးသွားသလိုဘဲ တိုင်းပြည်မှာ အုပ်ချုပ်တဲ့သူတို့ သမ္မတ တို့က တစ်ယောက်ထဲရှိတာပေါ့´´

“ ဖေကြီးက ပိရမစ်လိုပြောတော့ အဲဒါဆို တိုင်းပြည်ကြတော့ အောက်ခြေက ဘာတွေဖြစ်မလဲဟင်´´

“တိုင်းပြည်ရဲ့အောက်ခြေအလွှာက လက်လုပ်လက်စားတွေ အလုပ်သမား လယ်သမားနဲ့ ဆင်းရဲတဲ့သူ တွေများတာပေါ့´´

“ဒါဆို သူတို့ကို အခြေခိုင်ဖို့ဆိုရင် ဘာတွေလုပ်ရမှာလဲ ဖေကြီး´´

“ဆင်းရဲမှု့ ပပျောက်ရေးတွေ လူတိုင်းအလုပ်အကိုင်ရရေးတွေ လုပ်ပေးရမှာပေါ့´´

“ဒါဆို သားတို့ မြန်မာနိုင်ငံက အဲလို လုပ်နေတယ်မလား၊ ဟိုတလောက သတင်းတွေမှာ ဆင်းရဲမှု့ပပျောက် ရေးလုပ်နေတယ်ဆိုလား ကြားခဲ့ရတယ် ဖေကြီး´´

“အင်း ! ဖေကြီးတို့နိုင်ငံက ပိရမစ်ကို ပြောင်းပြန်ဆောက်နေတာလေ´´

“ဘယ်လိုဖေကြီးရဲ့ သား နားမလည်ဘူး´´

“အော် အပေါ်က အုပ်ချုပ်သူတွေမှာ ကော်မတီအဖွဲဖွဲ့တွေ ကများပြီး၊ အောက်ခြေမှာ လုပ်နိုင်တဲ့သူက မရှိလို့လေ´´

“အလ် ဖေကြီးကလည်း ပိရမစ်ကို ပြောင်းပြန်ဆိုတော့ လဲသွားမှာပေါ့´´

“ဟုတ်တယ်သားရဲ့ ဖေကြီးလည်း ဘယ်တော့များလဲမလဲ လဲမလဲနဲ့ စိုးရိမ်နေရတာပေါ့´´

“ဒါဆို သားတွေးကြည့်မိတယ် ပိရမစ်ကိုပြောင်းပြန်ကနေ လဲရင် အင်း ဘိုင်းကနဲ နေမှာဘဲပေါ့ ဖေကြီးရာ´´

“ဟုတ်ပ သားရေ ဘိုင်းသံကြားရင် ဂိုင်းပြီးသာမှတ် ငါ့သားရေ´´

“ဒါနဲ့ သူတို့က ပိရမစ်ကို ဘာလို့ပြောင်းပြန်ဆောက်ချင်ကြတာလဲ ဖေကြီး´´

“ငါ့သားကလည်း အပေါ်မှာနေချင်တဲ့သူ ခေါင်းဆောင်လုပ်ချင်တဲ့သူက များလို့နေမှာပေါ့´´

“သြော် အဲလိုဆိုတော့ ပိုမကောင်းဘူးလား ဖေကြီးက ဦးဆောင်တဲ့သူများတော့လေ´´

“ငါ့သားရယ် တစ်ယောက်နှစ်ယောက်လောက် တကယ်ဆိုလုပ်ရနိုင်တဲ့အလုပ်ကို လူတွေအများကြီး ကော်မတီအဖွဲ့တွေ၊ အကြံပေးအဖွဲ့တွေလျောက်ဖွဲ့ထားတော့ အဒီအဖွဲ့တွေ အသုံးစရိတ်ကတင် မနည်းဘူးလေ၊ ပြီးတော့ ဖွဲ့ထားတဲ့ကော်မတီတွေ အကြံပေးတွေကလည်း စွမ်းစွမ်းတမံ လုပ်ကြမှဖြစ်မှာလေ အဲလိုမဟုတ်ဘဲ လူများပြီးပွဲမစည်ရင် ဘာထူးမလဲလေ တကယ်စွမ်းဆောင်နိုင်သူကို ထိထိမိမိနေရာပေး ဆောင်ရွက် ခိုင်းဖို့ အဓိကလိုတာပါ ငါ့သားရာ´´

“ဖေကြီးပြောတော့လည်း စဉ်းစားစရာဘဲနော်´´

“ဟော သားကျောင်းကားတောင် အိမ်ရှေ့ရောက်ပြီ သွားတော့ သား´´

“သား သွားပြီဖေကြီးရေ တာ တာ့၊ ´´

ကျောင်းကားစီးဖို့ ကျောပိုးလွယ်အိတ်လေးလွယ်ကာ ထမင်းချိုင့်အိတ်လေးဆွဲပြီး လျောက်သွားတဲ့ သားရဲ့ကျော ပြင်ကိုလိုက်ငေးကြည့်နေရင်း ကြံကြံဖန်ဖန်တွေးတတ် မေးတတ်တဲ့ သားပေဘဲလို့ စိတ်ထဲရေရွတ်နေမိရင်း အနာဂတ်မြန်မာနိုင်ငံနဲ့ ငါ့သားတွေအရွယ်ရောက် အလုပ်လုပ်ကြတဲ့အချိန်နဲ့ဆို ဘယ်လိုများဖြစ်မလဲလို့ တွေး လိုက်မိရင်း “ဟင်း……………………. ´´ သက်ပြင်းရှည်တစ်ချက်မှုတ်ထုတ်မိကာ ခုနဖတ်လက်စ သတင်း စာရဲ့ လာဒ်ပေးလာဒ်ယူပပျောက်ရေး ကော်မတီဖွဲ့တဲ့အမိန့်ကို လက်စသတ်ဖတ်ပြီး အခြားသတင်းတွေဆက်လို့ ဖတ်ကာနေဖြစ်တော့တယ်ဗျာ။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..