“ပိရမစ်ကြီး ဘယ်လိုဆောက်´´

ခင္ခJanuary 10, 20131min27926

“ပိရမစ်ကြီး ဘယ်လိုဆောက်´´

 

“ဖေကြီး ဒီပုံတွေထဲမှာ ဘာလို့ ပိရမစ်တွေက အောက်ခြေကကြီးပြီး အပေါ်ကျတော့ သေးသေးချွန်ချွန် ဖြစ်သွားတာလဲ´´

“ပိရမစ်တွေက အဲလိုပုံစံဘဲဆောက်ကြတာလေ၊ အောက်ခြေကကြီးကြီး ကျယ်ကျယ် ဆောက်ထားပြီး အပေါ်က သေးသွားတော့ အပေါ်က ဝိတ်ကို အောက်က ထမ်းထားနိုင်ပြီး ကြာရှည်ခိုင်ခံတာပေါ့သားရယ်၊ အဲလိုမဟုတ်ဘဲနဲ့ အောက်နဲ့အပေါ် တည့်တည့်ဆောက်ရင် ကြာလာတော့ ဘေးတွေကနေ ကွာကျတာတို့ အက်ကွဲလာတာတို့ ဖြစ်တတ်တာလေ´´

“ဟုတ်လား ဖေကြီး´´

“ဟုတ်တယ်လေ ဖေကြီးပြောတာမယုံလို့လား၊ သားသိအောင်ပြောရရင် မင်းကွန်းပထိုးတော်ကြီး သားရောက် ဖူးတာဘဲ စဉ်းစားပြီး မြင်ကြည့်လိုက်လေ´´

“အင်း ဟုတ်တယ် ဖေကြီးရ၊ အဲဒါကြောင့် ပိရမစ်တွေက အောက်ခြေကြီးပြီး အပေါ်သေးသွားတာကိုး၊ ဒါဆို ပိရမစ် တွေရဲ့ အောက်ခြေတွေက ခိုင်မှဖြစ်မှာပေါ့နော်´´

“မှန်တာပေါ့ ပိရမစ်တွေ စတင်တည်ဆောက်ထဲက အောက်ခြေကိုခိုင်အောင် အရင်ဆောက်ရတာပေါ့´´

“ဒါနဲ့ဖေကြီး တိုင်းပြည်တွေမှာ သမ္မတတွေက ဘာလို့ တစ်ယောက်ထဲရှိတာလဲ´´

“ခုနသားမေးတဲ့ ပိရမစ်လိုပေါ့ အပေါ်ဆုံးက သေးသွားသလိုဘဲ တိုင်းပြည်မှာ အုပ်ချုပ်တဲ့သူတို့ သမ္မတ တို့က တစ်ယောက်ထဲရှိတာပေါ့´´

“ ဖေကြီးက ပိရမစ်လိုပြောတော့ အဲဒါဆို တိုင်းပြည်ကြတော့ အောက်ခြေက ဘာတွေဖြစ်မလဲဟင်´´

“တိုင်းပြည်ရဲ့အောက်ခြေအလွှာက လက်လုပ်လက်စားတွေ အလုပ်သမား လယ်သမားနဲ့ ဆင်းရဲတဲ့သူ တွေများတာပေါ့´´

“ဒါဆို သူတို့ကို အခြေခိုင်ဖို့ဆိုရင် ဘာတွေလုပ်ရမှာလဲ ဖေကြီး´´

“ဆင်းရဲမှု့ ပပျောက်ရေးတွေ လူတိုင်းအလုပ်အကိုင်ရရေးတွေ လုပ်ပေးရမှာပေါ့´´

“ဒါဆို သားတို့ မြန်မာနိုင်ငံက အဲလို လုပ်နေတယ်မလား၊ ဟိုတလောက သတင်းတွေမှာ ဆင်းရဲမှု့ပပျောက် ရေးလုပ်နေတယ်ဆိုလား ကြားခဲ့ရတယ် ဖေကြီး´´

“အင်း ! ဖေကြီးတို့နိုင်ငံက ပိရမစ်ကို ပြောင်းပြန်ဆောက်နေတာလေ´´

“ဘယ်လိုဖေကြီးရဲ့ သား နားမလည်ဘူး´´

“အော် အပေါ်က အုပ်ချုပ်သူတွေမှာ ကော်မတီအဖွဲဖွဲ့တွေ ကများပြီး၊ အောက်ခြေမှာ လုပ်နိုင်တဲ့သူက မရှိလို့လေ´´

“အလ် ဖေကြီးကလည်း ပိရမစ်ကို ပြောင်းပြန်ဆိုတော့ လဲသွားမှာပေါ့´´

“ဟုတ်တယ်သားရဲ့ ဖေကြီးလည်း ဘယ်တော့များလဲမလဲ လဲမလဲနဲ့ စိုးရိမ်နေရတာပေါ့´´

“ဒါဆို သားတွေးကြည့်မိတယ် ပိရမစ်ကိုပြောင်းပြန်ကနေ လဲရင် အင်း ဘိုင်းကနဲ နေမှာဘဲပေါ့ ဖေကြီးရာ´´

“ဟုတ်ပ သားရေ ဘိုင်းသံကြားရင် ဂိုင်းပြီးသာမှတ် ငါ့သားရေ´´

“ဒါနဲ့ သူတို့က ပိရမစ်ကို ဘာလို့ပြောင်းပြန်ဆောက်ချင်ကြတာလဲ ဖေကြီး´´

“ငါ့သားကလည်း အပေါ်မှာနေချင်တဲ့သူ ခေါင်းဆောင်လုပ်ချင်တဲ့သူက များလို့နေမှာပေါ့´´

“ဪ အဲလိုဆိုတော့ ပိုမကောင်းဘူးလား ဖေကြီးက ဦးဆောင်တဲ့သူများတော့လေ´´

“ငါ့သားရယ် တစ်ယောက်နှစ်ယောက်လောက် တကယ်ဆိုလုပ်ရနိုင်တဲ့အလုပ်ကို လူတွေအများကြီး ကော်မတီအဖွဲ့တွေ၊ အကြံပေးအဖွဲ့တွေလျောက်ဖွဲ့ထားတော့ အဒီအဖွဲ့တွေ အသုံးစရိတ်ကတင် မနည်းဘူးလေ၊ ပြီးတော့ ဖွဲ့ထားတဲ့ကော်မတီတွေ အကြံပေးတွေကလည်း စွမ်းစွမ်းတမံ လုပ်ကြမှဖြစ်မှာလေ အဲလိုမဟုတ်ဘဲ လူများပြီးပွဲမစည်ရင် ဘာထူးမလဲလေ တကယ်စွမ်းဆောင်နိုင်သူကို ထိထိမိမိနေရာပေး ဆောင်ရွက် ခိုင်းဖို့ အဓိကလိုတာပါ ငါ့သားရာ´´

“ဖေကြီးပြောတော့လည်း စဉ်းစားစရာဘဲနော်´´

“ဟော သားကျောင်းကားတောင် အိမ်ရှေ့ရောက်ပြီ သွားတော့ သား´´

“သား သွားပြီဖေကြီးရေ တာ တာ့၊ ´´

ကျောင်းကားစီးဖို့ ကျောပိုးလွယ်အိတ်လေးလွယ်ကာ ထမင်းချိုင့်အိတ်လေးဆွဲပြီး လျောက်သွားတဲ့ သားရဲ့ကျော ပြင်ကိုလိုက်ငေးကြည့်နေရင်း ကြံကြံဖန်ဖန်တွေးတတ် မေးတတ်တဲ့ သားပေဘဲလို့ စိတ်ထဲရေရွတ်နေမိရင်း အနာဂတ်မြန်မာနိုင်ငံနဲ့ ငါ့သားတွေအရွယ်ရောက် အလုပ်လုပ်ကြတဲ့အချိန်နဲ့ဆို ဘယ်လိုများဖြစ်မလဲလို့ တွေး လိုက်မိရင်း “ဟင်း……………………. ´´ သက်ပြင်းရှည်တစ်ချက်မှုတ်ထုတ်မိကာ ခုနဖတ်လက်စ သတင်း စာရဲ့ လာဒ်ပေးလာဒ်ယူပပျောက်ရေး ကော်မတီဖွဲ့တဲ့အမိန့်ကို လက်စသတ်ဖတ်ပြီး အခြားသတင်းတွေဆက်လို့ ဖတ်ကာနေဖြစ်တော့တယ်ဗျာ။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

26 comments

  • မောင့်ကျက်သရေ ဂီ့

    January 10, 2013 at 12:23 pm

    ဆိုရှယ်ကလပ်စ် အကြောင်း ကလေးနားလည်အောင် ရှင်းပြ ရေးပြနိုင်တာကို
    လေးစားမိတယ်ဗျို့ …

    http://newlearningonline.com/new-learning/chapter-5-learning-personalities/on-social-class-capitalism%E2%80%99s-pyramid/

    ပြန်လာခဲ့ပါဦးမည်..။

    • ခင်ခ

      January 10, 2013 at 12:43 pm

      ဦးစွာမန့်တဲ့အပြင် လင့်ပါညွှန်ပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ပါတယ် မောင့်ကျက်သရေ ဂီ့ရေ။
      ပြန်လာခဲ့မှာကိုလည်း စောင့်စားစွာဖြင့်ပါ။

  • ခိုင်ဇာ

    January 10, 2013 at 12:40 pm

    ကိုခ စာ ဖတ်ပြီး သဘောကျနေရာကနေ ဂီဂီ ပိရမစ်ကိုသွားကြည့်လိုက်မိမှ ကိုယ်လည်း ဘယ်လူထဲပါနေပါလိမ့် စဉ်းစားရပြီ။
    WE Eat For You ထဲမှာ များ ပါနေပြီလား။ 🙁

    • ခင်ခ

      January 10, 2013 at 12:58 pm

      မခိုင်ဇာရေ WE Eat For You ထဲမှာဆိုရင် ကျွန်တော်တို့ထက် မြင့်တာပေါ့။ ကျွန်တော်တို့က တစ်ရက်လုပ် တစ်ရက်စား တော့ဟုတ်ဘူး၊ တစ်လလုပ် တစ်ပတ်စား လေးတွေပါ။ လစာက တစ်ပတ်လောက် သုံးရင် ပြောင်ရောမို့လေ။

      • ခိုင်ဇာ

        January 10, 2013 at 1:15 pm

        ဟယ်။ အဲဒီလို ဆိုလို တာ မဟုတ်ပါ။
        ကိုယ့်နိုင်ငံ ဒုက္ခကို ဝင်ထမ်းဖို့ မစဉ်းစားမိပဲ အစားအသောက်လောက်ပဲ စဉ်းစားမိနေတယ်လို့ ကိုယ့်ကိုယ်ကို ယူဆလို့ပါလေ။ 🙁

        • ခင်ခ

          January 10, 2013 at 1:18 pm

          မခိုင်ဇာ ဆိုလိုတဲ့အဓိပ္ပါယ်ကို သိပါတယ်၊ ကျွန်တော်ကလည်း ခင်လို့ နောက်ပြီးမန့်တာပါ။

  • အမေးအဖြေလေးနဲ့
    ရေးပြသွားတာ ကောင်းလှသဗျာ ….
    ဒါ့ထက် …
    မြန်ပြည်ရဲ့ ပြောင်းပြန် ဖြစ်နေတဲ့ ပိရမစ်ကို
    ပုံစံတကျ ပြန်တည့်နိုင်ဖို့ အတွက် တကယ် အလုပ်လုပ်တဲ့ လူတွေတော့ လိုတယ်ဗျ …
    အရင်က (ခုလည်း ဒီလိုပဲလားတော့ မသိ) အစိုးရ ရုံးအလုပ်တွေမှာဆိုရင် …
    ရုံး အလုပ်လုပ်ချိန်က နည်းနည်းးး
    လေပန်း နေတာက ခပ်များများ ….
    လေပန်း နေတဲ့အချိန် အလုပ် အပ်တဲ့လူ လာပြီဆို
    မကြည်သလို မျက်နှာထားနဲ့ ဟောက်စားက လုပ်လိုက်ချင်သေးးး

    • ခင်ခ

      January 10, 2013 at 1:04 pm

      မြန်မာပြည်က ပိရမစ်ကို ပြန်မတည့်ဘဲ ရှေးမူမပျက် လဲမှာစိုးတော့ အုပ်ချုပ်သူတွေက ဒေါက်ထောက်ထား ဖို့ဘဲ ကြိုးစားကြတယ်ဗျ၊ မိန်ခွန်းတွေမှာတာပြောင်းပေမယ် အောင်ခြေကတော့ အရင်လိုပါဘဲဗျာ ကိုအံစာတုံး ရေ။

    • ဂန္ဓာရီ ဆြာအုပ်

      January 11, 2013 at 12:36 pm

      ဟိတ်ကောင်.. မင်းဘီတုကိုပြောတာလဲ..
      ဪအစိုးရရုံးကိုပြောတာကိုး ချောဒီး

  • Mon Kit

    January 10, 2013 at 1:24 pm

    ကိုခင်ခရေ…
    စာဖတ်နေရင်းနဲ့ ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့ ကိုလူအေး နဲ့ မောင်ပန်းမွှေး သားအဖ အမေး အဖြေ ကာတွန်းလေးကို သတိယမိတယ်..
    အော်.. မြန်မာပြည်က ပိရမစ်ကို ပြောင်းပြန်ဆောက်တာနော်… :byae:

    • ခင်ခ

      January 10, 2013 at 1:52 pm

      မမွန်ကစ်ရေ အဲဒီလို ကိုလူအေး နဲ့ မောင်ပန်းမွှေး အမေးအဖြေကို ကျွန်တော်တင်တဲ့ပိုစ့်တစ်ခုမှာ
      အရီးခင်လတ်ကလည်း သတိရဘူးတယ်လို့တစ်ခါရေးဖူးတဲ့။ တကယ်လဲ ငယ်ရွယ်တုန်းက ဖတ်ခဲ့ပေမယ့် ခုထိ ပြန်စဉ်းစားရင် မှတ်မိနေစဲဘဲဗျ။
      ဒီနေ့သတင်းစာမှာတောင် အသေးစားနှင့် အလတ်စားစီးပွားရေး….. ဆိုတဲ့ ကော်မတီ။
      အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှု့ ………… ဆိုတဲ့ ကော်မတီ တွေ ထပ်ဖွဲ့တာ ဖတ်နေပါ၏။

  • ဗုံဗုံ

    January 10, 2013 at 1:50 pm

    ကလေးလေးက လေးခလို အဖေမျိုးရထားတာ သိပ်ကံကောင်းတာဘဲနော် စီကာပတ်ကုံးရှင်းပြထားတာ သဘောပေါက်လွယ်တယ် မိဗုံလည်းလေးခ ရှင်းပြလိုက်မှ နားလည်သွားတော့တယ် ကျေးဇူးတင်ပါတယ်ရှင်

    • ခင်ခ

      January 10, 2013 at 2:00 pm

      မိဗုံရေ ဖေကြီး နဲ့ သား ပုံစံ တစ်ခါလည်း ခုလို ( မရောက်မချင်း သွားကြပါစို့။ ) ပိုစ့်အဖြစ်ရေးခဲ့ဘူးပါတယ်။
      http://myanmargazette.net/156039/creative-writing

  • ဟုတ်တယ် ကိုခရေ
    အခုလည်း ဆင်းရဲမူ့ပပျောက်ရေးကို ဆေးမြီးတိုနဲ့ယာယီ ကုနေကြတယ်
    မစို့မပို့ပိုက်ဆံတွေထုတ်ချေးပေးနေပြန်ပါပြီ
    လွယ်လွယ်ရ လွယ်လွယ်သုံး အကြွေးတွေတင်ပြီး ထပ်မွဲမှာ မြင်သေး၏။

    ယခုအချိန်ထိ အောက်ခြေခိုင်အောင်မလုပ်နို်င်သေးပါ။
    လေသေနတ်ပစ်နေသူသာ များနေပါ၏

    • ခင်ခ

      January 10, 2013 at 2:07 pm

      ကိုပေါက် တစ်ခါကရေးခဲ့သလို လွှတ်ချဖို့ထက် လုပ်ပိုင်ခွင့်တွေသာပိုရအောင် ဟို ကော်မတီလည်းပါ ဒီအဖွဲမှာလည်းပါ ဟိုကော်မတီလည်းသူတို့ဘဲ ဒီကော်မတီလည်း ဒီလူတွေဘဲ နဲ့ လုပ်နေတာ။ အဲဒီလူတွေကဘဲ အရင်အစိုးရတုန်းက တိုင်းပြည်ခုလိုဖြစ်အောင်လုပ်ခဲ့ကြတာဘဲလေ။
      တကယ်လုပ်နိုင်တဲ့သူရှိပါတယ် မသိသာလဲမဟုတ်ဘူး သိသိကြီးနဲ့ ညာဝါးနေကြတာပါ။
      အရည်မထွက်တော့တဲ့ ကြံဖတ်ကို အရည်ဆက်ညစ်မှတော့ အလကား အားကုန်တာဘဲ ရှိတော့မပေါ့ဗျာ။

  • kyeemite

    January 10, 2013 at 2:28 pm

    ကိုခင်ခရေ..အခုတလော ရွာထဲမရောက်နိုင်
    ရောက်ပြန်တော့လည်း ခဏသာအချိန်ပေးနိုင်လို့
    ကွန်မန့်မပေးနိုင်တာခွင့်လွှတ်ပါဗျို့…
    ပိရမစ် အကြောင်းရေးပြတာလေး နှိုင်းပြတာလေးကြိုက်သဗျို့…

    • ခင်ခ

      January 10, 2013 at 3:02 pm

      ပိုစ့်ကို အစကဖတ်ပြီး အဆုံးလဲရောက်ရော ဖတ်ရှု့သူကို ခင်ခ က ကျေးဇူးတင်ပြီးသားပါ။
      တစ်ခါတလေကျရင် ကျွန်တော်လည်း ဖတ်ပေမယ့် မမန့်ဖြစ်တာတွေရှိပါတယ်ဗျာ အလုပ်ဆိုတာလည်း လုပ်နေရအုံးမယ့် သူတွေမလားဗျာ။

  • ကျွန်မတို့ဆီမှာ ဆင်းရဲမှုပပျောက်ဖို့ဆိုတာ တော်တော်မလွယ်သေးတဲ့ကိစ္စပါ။
    လက်တွေ့ကျတဲ့ဒေသကိုရောက်နေလို့လားတော့မသိဘူး။ကျွန်မတို့ဇာတိမြို့ပတ်ဝန်းကျင်တွေမှာဆိုရင် ဘယ်လောက်ပဲဆင်းရဲတယ်ပြောပြော ငတ်လောက်အောင်တော့ မမွဲကြသေးဘူး။
    ဧရာဝတီတိုင်းအတွင်းက ဆင်းရဲသားဦးရေတော်တော်များတယ်လို့ထင်တယ်။
    ဆင်းရဲတယ်ဆိုတာ ဒီလောက်အထိနက်တယ်ဆိုတာ သိခွင့်ရတယ်။
    စိတ်မကောင်းခြင်းတွေများရတယ်။

  • အလင်းဆက်

    January 10, 2013 at 8:14 pm

    အပြန်အလှန် စကားပြောဟန်လေးနဲ ့..
    ရေးထားတဲ ့..
    လေးလေးခ ဇာတ်လမ်းလေးတွေက ဖတ်ရတာ ချောမွေ ့နေပြီး..
    ဖတ်အပြီးမှာ.. ရသ မြောက် ကျန်ရစ်ခဲ့ပါတယ် ။
    တိုတို ကျစ်ကျစ် နဲ ့ ထိထိမိမိ…ရေးတတ်တာလေးလည်း.
    အားကျမိတယ်ဗျ။

    လေးစားစွာ…
    အလက်ဆင်း

  • Mလုလင်

    January 10, 2013 at 9:02 pm

    ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ဖိတ် ဆိုတာ နဲ့ ကြည့်လုပ် လိုက်ကွာ ဆိုတာ .. အဲဒါ .. အဲ့ဒါ ……..
    ဂျာနယ် တစ်ခုမှာ Hot News မှာလား ပဲ . လွှတ်တော်ကိုယ်စားလှယ် နဲ့ မြို့မိမြို့ဖ တွေက .. ပြည်သူ့အသံ နားထောင်ပွဲဆိုလား လုပ်တာကို ဖိတ်ထားပေမယ့် .. မလာလို့ ဆိုလား ပဲ .. အဲ့လို အဲ့လို

  • မောင်ပေ

    January 10, 2013 at 9:09 pm

    ဒီပို ့စ်မှာ သားအဖနှစ်ယောက်စကားပြောပုံနဲ ့ ရေးပြထားတာလေးကို ကြိုက်တယ်ဗျာ

  • ကြည်ဆောင်း

    January 11, 2013 at 8:58 am

    ပိရမစ်ကြီးပြောင်းပြန်ဆောက်တယ် ဆိုတဲ့ အတွေးမျိုးတော့မတွေးမိဘူးပေမဲ့
    ဖွဲ့စည်းပုံက လေထီးပုံလို့တော့ခဏခဏ နောက်ပြောင်ပြောဖူးပါရဲ့…
    အောက်ခြေလူတစ်ယောက်အတွက် ဆိုင်းထား သိုင်းထားရတဲ့လေထီးကြိုးတွေ နဲ့ အပေါ်ကဖြန့်မိုးထားတဲ့လေထီးရွက်ကို စဉ်းစားကြည့်ပြီးတော့ပေါ့ ….

  • ဦးကြောင်ကြီး

    January 11, 2013 at 10:01 am

    ပိရမစ်
    ဂတိဖြစ်
    ငပိစစ်
    မရှိခေတ်
    အသိညစ်
    ကလိထစ်
    လဇိအစ်
    တပည့်ခြစ်..။

  • Thu Wai

    January 11, 2013 at 12:12 pm

    ပိရမစ်ကိုဇောက်ထိုးဆောက်တော့ကျွံဝင်သွားရော အပေါ်မှာ မျက်နှာပြင်ပြားပြားကြီးပဲကျန်ခဲ့မှာ အဲဒါပြီးတော့မှာ အပေါ်ကနေဆက်ပြီးတည့်တည့်ပြန်ဆောက်မှာ ပိရမစ်ကိုဗျာ အပေါ်ကောအောက်ကော ကြိုက်တဲ့နေရာ သွားနိုင်အောင် ဆောက်နေတာထင်တယ် ။

    • ခင်ခ

      January 11, 2013 at 2:36 pm

      နန်းတော်ရာသူ ပြောသလိုဘဲ ဆင်းရဲမှု့ပပျောက်ရေးက ထိထိမိမိ မလုပ်နိုင်သေးသလို plan အားဖြင့်လည်း သေချာကျနဆွဲပြီးလုပ်နေတာမျိုး မတွေ့ရသေးတော့ ရင်လေးစရာဘဲဗျာ။

      ဖတ်ပြီးအားပေးသွားတဲ့ ကိုအလင်းဆက် Mလုလင် ကိုပေ ကိုကြည်ဆောင် နဲ့ ကိုကြောင်ကြီးတို့ ကျေးဇူးဗျာ။

      ကိုသုဝေရေ ပိရမစ်ကြီး ကျွံဝင်ခြင်းနှင့်အတူ အခြေခံ လူတန်းစားအလွှာက အလုပ်သမား၊ လယ်သမားနဲ့ ပြည်သူတွေလည်း တစ်ပါးထဲမြေကြီးထဲရောက်သွားမှဖြင့်ဆိုပြီး တွေးနေမိတယ်ခင်ဗျ။

  • Mr. MarGa

    January 11, 2013 at 3:10 pm

    ပိရမစ်ကို
    ပြောင်းပြန်ဆောက်လို့
    မလဲအောင် မယိုင်အောင်
    ဘေးက ဒေါက်တိုင်တွေ ထောက်ပေးလိုက်မယ်ဗျာ
    ဘယ်လိုလဲ

Leave a Reply