မတူကွဲပြား ခရီးသွားခြင်း
ခရီးသွားခြင်းက အကောင်းဆုံးသင်ယူတဲ့နည်းလမ်းဆိုတာ အစောကတည်းက ကျွန်တော် နားလည်ခဲ့ပါတယ်။ ကျွန်တော့်ရင်ထဲမှာလည်း ခရီးသွားဝိဥာည်က စိုးမိုးနေတုန်းပါပဲ။ နောက်ပြီး ကျွန်တော်ရရှိခဲ့တဲ့ သင်ခန်းစာတွေကိုလည်း လက်ဆင့်ကမ်းမျှဝေသင့်တယ်လို့ တွေးမိခဲ့ပါတယ်။ ကျွန်တော့်လိုပဲ တစ်ခြားခရီးသွားတွေ အသုံးဝင်နိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
(၁) ပြတိုက်တွေကို ရှောင်ပါ။
ဒီအချက်ကတော့ ရူးနှမ်းနှမ်းအကြံဥာဏ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နည်းနည်းလောက် တွေးကြည့်ကြရအောင်။ တကယ်လို့များ ခင်ဗျားတို့တွေ နိုင်ငံရပ်ခြားမြို့တစ်မြို့ကို သွားလည်မယ်ဆိုရင် ပြီးဆုံးသွားတဲ့အတိတ်ထက် လက်ရှိပစ္စုပ္ပန်ကို ရှာဖွေလေ့လာရတာ ပိုစိတ်ဝင်စားဖို့ မကောင်းဘူးလား။ တကယ်တော့ လူတွေက ပြတိုက်ဆိုတာ မဖြစ်မနေသွားရမယ့်အရာလို့ ခံယူထားခဲ့ကြပါ။ ဒါကလည်း ခရီးသွားခြင်းဆိုတာ ပြတိုက်ထဲက ယဉ်ကျေးမှုတစ်ရပ်ကို ရှာဖွေခြင်းလို့ ဟိုးငယ်ငယ်ကတည်းက သင်ကြားခဲ့ရလို့ပါပဲ။ အမှန်တကယ်တမ်းတော့ ပြတိုက်တွေက အရေးကြီးပါတယ်။ ဒါပေမယ့် အချိန်နဲ့ရည်ရွယ်ချက် လိုအပ်တယ်။ အဲဒီပြတိုက်မှာ ခင်ဗျားတို့ ဘာကို တွေ့ချင်တာလဲဆိုတာ သိဖို့လိုအပ်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ တကယ်အရေးကြီးတဲ့ အခြေခံအရာလေးတွေကိုပဲ ကြည့်ပြီး ပြန်ထွက်လာ၊ ပြီးရင် ဘာကိုမှမမှတ်မိ ဖြစ်သွားလိမ့်မယ်။
(၂) စားသောက်ဆိုင်တန်း (ဘား) တွေနဲ့ ထိတွေ့မှုရှိပါစေ။
မြို့တစ်မြို့ရဲ့ လက်ရှိဘ၀ကို ဖော်ပြထားတဲ့ နေရာကတော့ စားသောက်ဆိုင်တန်း (ဘား) တွေပါပဲ။ ပြတိုက်တွေမှာ မဟုတ်ပါဘူး။ စားသောက်ဆိုင်တန်း (ဘား) ဆိုတဲ့နေရာမှာ စင်တင်တေးဂီတမျိုးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ သာမန်လူတန်းစားတွေ သွားရောက်စားသောက်ကြတဲ့၊ ရာသီဥတုအကြောင်း ပြောဆိုဆွေးနွေးကြတဲ့၊ အလာပသလာပ စကားလက်ဆုံကျဖို့ အသင့်ဖြစ်နေကြတဲ့ နေရာတွေပါပဲ။ သတင်းစာတစ်စောင်ကိုဝယ်ပြီး လူတွေကြားမှာ စီးမျောလိုက်ပါလိုက်ပါ။ တကယ်လို့ စိတ်သိပ်မမှန်တဲ့သူတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်တယ်ဆိုရင်တောင် ဆက်ပြောနေလိုက်ပါ။ ၀င်ပေါက်ကိုကြည့်ရုံနဲ့ လမ်းတွေရဲ့အလှတရားကို မဆုံးဖြတ်နိုင်ဘူးလေ။
(၃) ပွင့်လင်းမှုရှိပါစေ။
အတော်ဆုံးဧည့်လမ်းညွှန်ဆိုတာ အဲဒီမြို့မှာနေထိုင်၊ မြို့အကြောင်းကို အကုန်သိပြီး သူ့မြို့အပေါ်မှာ ဂုဏ်ယူနေတတ်သူ၊ ဒါပေမယ့် ဘယ်ခရီးသွားလုပ်ငန်းအတွက်မှ အလုပ်မလုပ်ပေးတဲ့သူပါပဲ။ လမ်းတွေထဲကို လျှောက်သွားပါ။ ခင်ဗျားတို့ စကားပြောချင်တဲ့လူတစ်ယောက်ကို ရွေးချယ်လိုက်ပါ။ ပြီးရင် ဘုရားကျောင်းက ဘယ်မှာပါလဲ။ စာတိုက်က ဘယ်နေရာမှာပါလဲ စသဖြင့် တစ်ခုခု မေးလိုက်ပါ။ အဖြေတစ်ခုမှ ထွက်မလာဘူးဆိုရင် နောက်တစ်ယောက်ကို ထပ်ကြိုးစားကြည့်ပါ။ ကျွန်တော် အာမခံပါတယ်။ တစ်ရက်ကုန်သွားရင်တော့ အကောင်းဆုံးအဖော်တစ်ယောက်ကို ခင်ဗျားတို့ဘာသာ ရှာဖွေတွေ့ရှိသွားပါလိမ့်မယ်။
(၄) တစ်ယောက်တည်း ခရီးသွားဖို့ ကြိုးစားပါ။ လက်ထပ်ထားတယ်ဆိုရင်တော့ အိမ်ထောင်ဖက်နဲ့ ခရီးသွားပါ။
ပိုပင်ပန်းတဲ့အလုပ် ဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ကို ဂရုစိုက်ပေးမယ့်သူလည်း ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီနည်းကသာ ခင်ဗျားတို့ရဲ့ နိုင်ငံကနေ အမှန်တကယ်ထွက်ခွာလာတယ်လို့ ခံစားမိစေမှာပါ။ အဖွဲ့လိုက်ခရီးသွားခြင်းဆိုတာ လည်ပတ်နေတယ်ဆိုတာထက် ကိုယ့်မိခင်ဘာသာစကားကိုပြော၊ ခေါင်းဆောင်ပြောတဲ့အတိုင်းလုပ်ပြီး အဖွဲ့တွင်း အတင်းပြောရတာကို ပိုစိတ်ဝင်စားနေတတ်ကြတာပါ။
(၅) မနှိုင်းယှဉ်ပါနဲ့။
ဘယ်အရာကိုမှ မနှိုင်းယှဉ်ပါနဲ့။ ဈေးနှုန်း၊ သန့်ရှင်းမှု၊ လူနေမှုအဆင့်အတန်း၊ သယ်ယူပို့ဆောင်ရေးနည်းလမ်း.. ဘယ်အရာကိုမှ မနှိုင်းယှဉ်ပါနဲ့။ ခင်ဗျားတို့မှာ တစ်ခြားသူတွေထက် ပိုကောင်းတဲ့ဘ၀ကိုပိုင်ဆိုင်ထားတယ်ဆိုတာကို သက်သေပြဖို့ ခရီးထွက်လာတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်က အခြားသူတွေ ဘယ်လိုနေထိုင်ကြတယ်၊ သူတို့က ခင်ဗျားတို့ကို ဘာတွေသင်ကြားပေးနိုင်တယ်၊ အမှန်တရားနဲ့ ထူးခြားမှုတွေက သူတို့နဲ့ ဘယ်လိုပတ်သက်နေတယ်ဆိတာ သိရှိဖို့ပါပဲ။
(၆) လူတိုင်းက ခင်ဗျားတို့ကို နားလည်တယ်ဆိုတာ သဘောပေါက်ထားပါ။
နိုင်ငံခြားဘာသာစကားတစ်ခုကို မပြောတတ်ဘူးဆိုရင်တောင် မကြောက်ရွံ့ပါနဲ့။ စကားလုံးတွေနဲ့လုံးဝဆက်သွယ်လို့မရတဲ့ နေရာအတော်များများကို ကျွန်တော်ရောက်ဖူးပါတယ်။ အကူအညီတွေ၊ လမ်းညွှန်ချက်တွေ၊ အသုံးဝင်တဲ့ အကြံဥာဏ်တွေနဲ့ ရည်းစားတွေကိုတောင်မှ အမြဲတွေ့ရှိခဲ့ရပါတယ်။ တစ်ယောက်တည်းခရီးသွားရင် လမ်းပျောက်မယ်လို့ပဲ လူတွေက ထင်နေကြတယ်။ အိတ်ထဲမှာ ဟိုတယ်လိပ်စာကတ်ကို အသေအချာထည့်ထားပါ။ အဆိုးတကာ့ အဆိုးဆုံး ဖြစ်လာရင် အငှားကားကို တားပြီး ကတ်ကို ယာဉ်မောင်းကို ပြလိုက်ပါ။
(၇) အရမ်းအများကြီး မ၀ယ်ပါနဲ့။
သယ်ဖို့မလိုတဲ့အရာတွေအပေါ်မှာ ပိုက်ဆံကို သုံးပါ။ ပြဇာတ်ကောင်းကောင်းအတွက် လက်မှတ်တို့၊ စားသောက်ဆိုင်တို့၊ ၀န်ထမ်းအတွက် မုန့်ဖိုးတို့ စသဖြင့်ပေါ့။ ဒီနေ့ခေတ်မှာဆိုရင် ကမ္ဘာ့စီးပွားရေးလောကနဲ့ အင်တာနက်တွေကြောင့် အပိုခရီးဆောင်အိတ်ကြေးပေးစရာမလိုဘဲ လိုချင်တာကို ၀ယ်လို့ရနေပါပြီ။
(၈) တစ်လဆိုတဲ့အချိန်လေးနဲ့ ကမ္ဘာကြီးကို ကြည့်ဖို့ မကြိုးစားပါနဲ့။
တစ်ပတ်အတွင်းမှာ မြို့(၅)မြို့ကို လည်ပတ်တာထက် မြို့တစ်မြို့မှာ (၄) (၅) ရက်လောက်နေပြီး လည်တာက တော်တော်လေး ပိုကောင်းပါတယ်။ မြို့တစ်မြို့ဆိုတာ ခန့်မှန်းရခက်တဲ့ မိန်းမတစ်ယောက်နဲ့ တူပါတယ်။ သူ့ကို သွေးဆောင်ဖျားယောင်းဖို့၊ သူ့အကြောင်းကို အပြီးတိုင်ဖော်ထုတ်နိုင်ဖို့ အချိန်ပေးရပါတယ်။
(၉) ခရီးတစ်ခုဆိုတာ စွန့်စားမှုတစ်ခုပါပဲ။
Henry Miller (ဟင်နရီမေလာ) က ပြောလေ့ရှိပါတယ်။ ခရီးသွားနှစ်သိန်းကျော်လောက်နဲ့ အသံတွေဆူညံနေတဲ့ ရောမမြို့က Sistine Chapel ကို မဖြစ်မနေ သွားကြည့်မှာထက် ဘယ်သူမှ မကြားဖူးတဲ့ ဘုရားကျောင်းတစ်ခုကို ရှာဖွေရဖို့က ပိုအရေးကြီးပါတယ်တဲ့။ ပြောချင်တာကတော့ Sistine Chapel ကိုလည်း သွားပါ။ ဒါပေမယ့် လမ်းတွေထဲကိုလည်း စူးစမ်းပါ။ လမ်းကြားတွေထဲကို စပ်စုပါ။ ခင်ဗျားတို့ လုံးဝမသိတဲ့ တစ်စုံတစ်ခုကို လွတ်လွတ်လပ်လပ်ရှာဖွေခံစားပါ။ (ရှာဖွေတွေ့ရှိပြီးရင်လည်း ခင်ဗျားတို့ရဲ့ ဘ၀ကိုသေချာပေါက် ပြောင်းလဲပေးနိုင်မယ့် တစ်စုံတစ်ခုပေါ့။)
Paulo Coelho ရဲ့ Travelling Differently ဆိုတဲ့ စာလေးပါ။ ဖတ်ပြီး ကြိုက်နေတာ အတော်ကြာပြီ။ မနေ့က ရုံးပိတ်ရက်မှပဲ အသေအချာ ဘာသာပြန်ပြီး ရေးနိုင်တော့တယ်။
အားပေးကြပါဦးနော်..
ချစ်တဲ့
လုံမလေးမွန်မွန်
လုံမလေးရေ၊
ဝင်ရောက်ဖတ်ရှုအားပေးသွားပါတယ်နော်။
Was this answer helpful?
LikeDislikeပထမဆုံးအားပေးသွားတဲ့အတွက် ကျေးဇူးပါ အစ်မရေ…
Was this answer helpful?
LikeDislikeချာဂျီးဘဲဂွာ …
အီးကို ဘာသာပြန်ပြီး ရေးနိုင်ဒယ် ….
မွန်မွန်ကတော့ ကျုပ်နဲ့ညား .. အဲလေ .. ကျုပ်နဲ့များ ကွာဘာ့ …
ကျုပ်ဆို နကန်းတစ်လုံးမှ သိဝူးးရယ် …
ဒါတွေ ထားဘာအုံး ….
အထက်က အချက်တွေထဲမှာ အချို့အချက်တွေကို ငြင်းပါတယ် ….
အချို့ အချက်တွေကို လက်ခံပါတယ် …
ဥပမာ အားဖြင့် နံပါတ် (၁) ကို ငြင်းတယ် …
နံပါတ် (၃) ကို လက်ခံတယ် …
ကျုပ် ကြောဒတ်ဒါဂဒေါ့ ဒီလောက်ဘာဘဲ ….
Was this answer helpful?
LikeDislikeဖျား..စကားကို ပီအောင်ပြောဘာ မဟာရာဇာရယ်..လန့်သွားတာပဲ…
ငြင်းခြင်း၊ လက်ခံခြင်းများကို ကြိုဆိုပါတယ်… ပို့စ်ကို ပြောတာနော်…
အားပေးသွားတာ ကျေးကျေးဘာ…
Was this answer helpful?
LikeDislikeNo.3 အချက်ကိုသဘောကျတယ်အမွန်ရေ…အခုလိဘာသာပြန်ပို့စ်တင်နိုင်တာ ဂုဏ်ယူဝမ်းမြောက်ပါတယ်။

ဖိုက်တင်းးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeအမွန်လည်း အဲဒီ နံပါတ် (၃) က ပထမဆုံးစာကြောင်းလေးကို သဘောကျလို့ပါ… ဒါပေမယ့် အဲလိုလုပ်ဖို့ကတေ့ အခက်သားလား…
အားပေးတာ ကျေးဇူးပါနော်.. ဖိုက်တင်းးးးးးးးးးးးးး
Was this answer helpful?
LikeDislikeအိုခေ
မောင်ပေ လေ သဂျီးတို့ ဆီကို အလည်သွားမလို့ စဉ်းစားနေတာ
မွန်လေးပြောတဲ့ အချက်တွေကို သေချာဖတ်မှတ်သွားတယ်ကွဲ့ 
အဲဒါ အဲဒါ
Was this answer helpful?
LikeDislikeသဂျီးက စပွန်ဆာတယ်တဲ့လား…ကပေ့ကို..
Was this answer helpful?
LikeDislikeကောင်းပါလေ့။
လူအများနဲ့သွားပြီး ခရီးသွားဖော်ချင်း အတင်းချကြတဲ့ ပြဿနာ၊
လမ်းမှားမှာ လမ်းပျောက်မှာစိုးရတဲ့ ပြဿနာ၊
ဘာသာစကားပြဿနာတွေကို ဖြေရှင်းနည်းလေးတွေ သဘောကျတယ်။
ပြတိုက်တွေ စိတ်မ၀င်စားတာနဲ့ မြို့တစ်မြို့ထဲမှာ ၄-၅ ရက်နေပြီး မြို့ခံတွေနဲ့ တသွေးတသားတည်းနေပြီး ဒေသရှု့ခင်းတွေ၊ စလေ့စရိုက်တွေ သိရခံစားရတာမျိုးကို ကြိုက်တယ်။ :hee:
Was this answer helpful?
LikeDislikeဟုတ်ကဲ့ အန်တီ…
လူအများနဲ့သွားရင် ဧည့်လမ်းညွှန်ပြောတာကိုတောင် တစ်ခါတစ်ခါ လွတ်သွားတယ်… သမီးလည်း သိပ်မကြိုက်ဘူး…
ဘယ်သွားသွား ဖြစ်နိုင်ရင်တော့ အေးဆေးသွားပြီး လေ့လာချင်တာတော့ အမှန်ပဲ…
ကျေးဇူးပါနော် အန်တီ…
Was this answer helpful?
LikeDislikeကျနော် အကြိုက်ဆုံးက နံပါတ်ငါး အချက်ပဲဗျ။ ခရီးသွားတာ ဒေသန္တရ ရှုခင်းကို ခံစားဖို့နဲ့ ကိုယ်စိတ်ဝင်စားတာတွေကို ရှာဖွေဖို့ပေါ့။ နံပါတ်ငါး အချက်ကိုတော့ အကြိုက်ဆုံးပါပဲ။ ကျနော်လဲ အခွင့်အရေးရရင် သွားချင်တဲ့ နေရာရှိတယ်။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ရှင့်.. မွန်မွန်တို့ကကျတော့ သူများတွေကို အားကျပြီး စိတ်မောခဲ့ရတာပေါ့..

သွားချင်တဲ့နေရာက ဘယ်နေရပါလိမ့်…
Was this answer helpful?
LikeDislikeသွားတော့ သွားနိုင်ဦးမှာ မဟုတ်ပါဘူး။ စိတ်ကူး ပြောတာပါ။ သွားချင်တဲ့နေရာက ခေတ်မီ တိုးတတ်တဲ့ နေရာလည်း မဟုတ်ဘူး။ သွားချင်တာက မွန်ဂိုလီးယား ဘာလို့လဲဆိုတော့ ဂျင်ဂစ်ခန်ရဲ့ ဂူသင်းချိုင်းကို သွားရှာချင်လို့။ သမိုင်းထဲက နေရာတွေကို စိတ်ဝင်စားလို့။
Was this answer helpful?
LikeDislikeတလောကတင်.. နယူစ်ဝိခ်ထဲဖတ်လိုက်ရတာမို့.. ဂျင်ဂစ်ခန်ရဲ့ ဂူသင်းချိုင်း ဆက်စပ်သတင်းတင်ပေးလိုက်တာပါ…။
The Hunt for Genghis Khan’s Tomb
Dec 3, 2012 12:00 AM EST
For centuries historians and treasure seekers have searched for the burial site of history’s most famous conqueror. New findings offer compelling evidence that it’s been found.
http://www.thedailybeast.com/newsweek/2012/12/02/the-hidden-grave-of-history-s-greatest-warrior.html
Was this answer helpful?
LikeDislikeဒါကတော့ FIT တွေကိုများများပေါ်ထွက်လာအောင်အားပေးတဲ့စာလို့သဘောထားပါတယ်။
Package Tour တွေလည်း လျော့မသွားနိုင်ပါဘူး၊နာမည်ကြီးတဲ့နေရာတွေကို တိတိကျကျဦးတည်ချက်
ထားပြီးသွားရောက်လေ့လာလည်ပတ်ဘို့၊ သက်တောင့်သက်သာရှိဘို့၊ ခရီးသွားရင်းမိတ်ဆွေအပေါင်း
သင်းတိုးပွားဘို့၊ကိုယ်သွားရောက်လည်ပတ်တဲ့နေရာအကြောင်းကိုအချိန်ကုန်သက်သာ၊လူမပင်ပန်းဘဲ
နားလည်ဘို့ဆိုရင် Package Tour ကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်၊
ပြည်တွင်းကဘုရားဖူးလုပ်ငန်းနဲ့ဗုဒ္ဓဂါယာ တို့လိုမျိုးဆိုရင်လည်းအုပ်စုလိုက်သွားမှငွေကုန်သက်သာ၊ ထိရောက်ပြီး အဆင်ပြေမယ့်နည်းလမ်းဖြစ်ပါတယ်။
အချက်(၅)(၈)နဲ့(၉)ကိုလုံးဝသဘောတူပါတယ်။
အချက်(၄)(၆)နဲ့(၇)ကတော့အခြေအနေပေါ်မူတည်တာကြောင့်အထွေထူးပြောစရာမရှိပါ။
အချက်(၁)နဲ့(၃) ကိုရာနှုန်းပြည့်သဘောမတူပါဘူး၊
– ပြတိုက်ဟာအဲဒီဒေသရဲ့ယဉ်ကျေးမှုသမိုင်းကြောင်းကိုတော်တော်များများပြောပြနိုင်ပြီးအဲဒါတွေသိထားမှ
အဲဒီဒေသကိုသွားလည်ပတ်ရတာပိုအဓိပ္ပါယ်ပြည့်စုံမှာဖြစ်ပါတယ်၊
– လူတိုင်းက ကိုယ့်ကိုအချိန်ကုန်ခံပြီးသူ့ဒေသအကြောင်းလိုက်လံရှင်းပြနေဘို့မအားကြပါဘူး၊အဲဒီလိုလူမျိုး
ကနေရာတိုင်းမှာမရှိပါဘူး ဥပမာ- ဟောင်ကောင်လိုမျိုးနေရာလူတွေကအချိန်လုအလုပ်လုပ်နေပြီး
အရမ်းစီးပွားရေးဆန်တဲ့နေရာ..
– အချက်(၂)ကိုနဲနဲထပ်ဖြည့်ချင်တယ်၊မြန်မာပြည်လိုအရှေ့တောင်အာရှလိုနိုင်ငံမျိုးမှာဆိုရင်ဈေးမသွား
ကြည့်ဘဲနဲ့မပြည့်စုံနိုင်ပါဘူး၊ ဈေးဆိုတဲ့အတိုင်း ဈေးကြီးကြီးပေးရတဲ့စကော့ဈေးကနေပြီးတော့
ညဈေးတန်းအလယ်၊လှိုင်သာယာမီးခွက်ဈေးအဆုံးလူတွေရဲ့ဘ၀အလွှာမျိုးစုံကိုလေ့လာဘို့
အကောင်းဆုံးနေရာတွေပါဘဲ
ှဘာသာပြန်ထားတာအရမ်းကောင်းပါတယ်၊ဆရာဝင်လုပ်တာမဟုတ်ပါဘူး၊ကျွန်တော့်အမြင်ကိုဝင်ရောက်
ဆွေးနွေးကြည့်တာပါ၊ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeပထမဆုံးအနေနဲ့ အားဖြည့်ဆေးနွေးပေးတာ ကျေးဇူးတင်ပါတယ်လို့…
အမှန်အတိုင်းပြောရင် မြန်မာနိုင်ငံလိုနေရာမှာ package tour နဲ့ပဲသွားသင့်ပါသေးတယ်..
) .. FIT တိုးတက်ဖို့ကတော့ အများကြီးပြင်ဖို့လိုသေးတယ် ထင်တာပဲ..
အဓိကက infrastructure တွေပေါ့..
အပြောင်းအလဲ၊ မတည်ငြိမ်မှုတွေ အရမ်းများပြီး အခုပဲ ခွင့်ပြု၊ အခုပြန်ပိတ်၊ အခု confirm၊ အခု cancel၊ အခု amend တွေကြားထဲမှာ ခရီးသွားကုမ္ပဏီတွေက ကြားဝင်ဖြေရှင်းပေးနေလို့သာ နာမည်သိပ်မပျက်သေးဘူးလို့ ထင်ပါတယ်.. တစ်ဖက်ကကြည့်တော့လည်း FIT က တစ်ခါတစ်လေမှာ ပိုသက်သာတတ်ပါတယ်… travel agent – tour operator – local agent အဆင့်ဆင့် ၀ယ်ရတဲ့အခါမျိုးမှာ ဈေးတွေမြင့်သွားတတ်ပါတယ်.. ကိုယ်တိုင် တိုက်ရိုက် အွန်လိုင်းက တက်ဝယ်ပြီး FIT လာတာက ပိုအဆင်ပြေတတ်ပါသေးတယ်… ဖြစ်နိုင်ရင်တော့ အဓိက airline တွေ stable ဖြစ်စေချင်ပါတယ်… (ပြောရင်းနဲ့ လမ်းကြောင်းလွဲသွားပြီထင်တယ်..
ဟုတ်..ပြတိုက်ကိစ္စကတော့ မွန်မွန်လည်း အရမ်းကြီး လက်မခံပါဘူး… ဒါကတော့ ကိုယ်စိတ်ဝင်စားတဲ့ အလျောက်ကွာမယ်ထင်ပါတယ်… သမိုင်းတွေ၊ ယဉ်ကျေးမှုတွေ စိတ်ဝင်စားတဲ့သူက ပြတိုက်ကိုသွားပြီး လူနေမှုဘ၀ကို စိတ်ဝင်စားတဲ့သူက စားသောက်ဆိုင်တန်းတွေကို သွားမှာပေါ့နော်…
နံပါတ် (၃) အချက်ကိုပြောတာကိုလည်း လက်ခံပါတယ်..အနည်းဆုံးတော့ ကိုယ့်နိုင်ငံမှာတောင် လမ်းပေါ်သွားနေတဲ့သူတိုင်းမှာ သူပြောထားတဲ့ ဧည့်လမ်းညွှန်ကောင်းအရည်အချင်းနဲ့ ပြည့်စုံတဲ့သူဆိုတာ တော်တော်ရှားမှာပါ… အဲဒီအစား. guide service ယူတာက ပိုအဆင်ပြေမှာပါ… အနည်းဆုံးတော့ တစ်ရက်လောက်ဖြစ်ဖြစ်ပေါ့…
ဈေးကိစ္စကိုလည်း လက်ခံပါတယ်… အဓိကကတော့ လူနေမှုပုံစံကွာခြားတဲ့ အနောက်တိုင်းက ဧည့်သည်တွေအတွက်ပေါ့.. အာရှနိုင်ငံအချင်းချင်းမှာတော့ ဈေးဆိုတာ မထူးခြားတဲ့အတွက် ကိုယ်တွေလည်း ကမ္ဘောဒီးယားတို့၊ ထိုင်းတို့၊ လာအိုတို့ကိုသွားရင် တကူးတကကြည့်ဖြစ်မှာမဟုတ်ပေမယ့် စူပါမားကတ်တွေပဲရှိတဲ့ အနောက်နိုင်ငံကလူတွေအတွက်ကတော့ ဈေးထဲမှာ အကုန်ချပြီး ပုံရောင်းထားတာ.. အသားငါးတွေကို လက်နဲ့ကိုင်ပြီး ရွေးနိုင်ကြတာ… ဈေးဆစ်လို့ရတာ… စတာတွေက သူတို့အတွက် အသစ်အဆန်းတွေ ဖြစ်နေမှာပါ….
ဆိုတော့.. ကိုသူရိန်မောင်ဆွေးနွေးတာတွေကို လက်ခံပါတယ်လို့..
ခင်တဲ့
လုံမလေး
Was this answer helpful?
LikeDislikeဘရာကြော်ပါ မွန်မွန် ..အခုလို ဘာသာပြန် ပေးတာ အရမ်း ကျေးဇူးတင်ပါတယ် ..
လူ အမျိုး မျိုး စိတ် အထွေထွေ ထဲက တစ်ခုပေါ့ ..ခေါင်းစဉ်ကိုက Traveling Difference ဆိုတော့လဲ .. အချိန်အခါ အခြေအနေ တော့ ရှိသေးတာပေါ့ နော် ။ နို့မို့ ဂျပန်မလေးလို ဖြစ်သွားမှာလည်း စိုးရသေးတယ်ဆိုတော့ အရမ်းလိုက်နာလို့လဲ ဖြစ်သေးဘူးရယ် …..
နံပါတ် ၅ အချက်ကတော့ လုံးဝ လိုက်နာသင့်တဲ့ အချက်ပါဘဲ ..
Was this answer helpful?
LikeDislikeဟုတ်ကဲ့ ဦးထူးဆန်း…
သူကတော့ အနောက်နိုင်ငံကသူဆိုတော့ သူတို့အတွေးနဲ့ ရေးထားတာပေါ့နော်… ခရီးသွားလုပ်ငန်းအတွက် စိတ်ကူးအသစ်လေးတွေ ရကောင်းပါရဲ့ဆိုပြီး ကြိုက်လို့ တင်လိုက်တာပါ… ဥပမာ သူတို့က ပြတိုက်မကြိုက်တတ်ဘူးဆိုရင် ပြတိုက်ကို ပေးလည်တဲ့အထဲ မထည့်တာတို့ ဘာတို့ပေါ့နော်…
အားပေးတာ ကျေးဇူးအကြီးကြီးပါရှင့်…
မွန်မွန်ကတော့ နံပါတ် (၇) ကို အရမ်းကြိုက်တယ်…
Was this answer helpful?
LikeDislike” နို့မို့ ဂျပန်မလေးလို ဖြစ်သွားမှာလည်း စိုးရသေးတယ် ”
Was this answer helpful?
LikeDislikeလုံမလေးကခရီးသွားခြင်းဆိုလို့ကိုယ်တိုင်သွားပြီးခံစားရေးထားသလားလို့
ဘာသာပြန်ထားတာကိုး
သူတို့ဆီကအကြံပေးတာတွေကမြန်မာ့စရိုက်နဲ့ကိုက်တာလည်းရှိမကိုက်တာလည်းရှိ
ဒါကြောင့်ယူသင့်တာယူပယ်သင့်တာပယ်
အကုန်ယူလို့တော့မရဖူးထင်ပါတယ်ကွယ်
Was this answer helpful?
LikeDislikeရှူး … တိုးတိုး.. နိုဝင်ဘာက ခရီးအတွက် trip report ကို မသိချင်ယောင်ဆောင်နေတာ…
ကိုယ်တိုင်က သွားခဲသလို သွားတာကိုလည်း ပြန်မရေးနိုင်ဘူးဖြစ်နေတယ်…
ဟုတ်..အကုန်လုံးယူလို့မရပါဘူး.. လုံမလည်း အကုန်လုံးတော့ သဘောမတူပါဘူး…
ကျေးဇူးပါ အန်ကယ်ကြီးရှင့်… သားလေးရော နေကောင်းလား..
Was this answer helpful?
LikeDislikeခရီးသွားရတာ ၀ါသနာပါတယ် …
တစ်ယောက်ထဲ … တစ်ခါတစ်လေ ၂ ယောက်နဲ့ စွန့်စားပြီး သွားခဲ့ဖူးတယ် … (ပြည်တွင်းမှာ မဟုတ်ပါ)
စိတ်လှုပ်ရှားစရာလဲကောင်းပါတယ် …
နံပါတ် (၁) ဖြစ်တဲ့ ပြတိုက်တွေကို ရှောင်ပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာ မကျွမ်းကျင်တဲ့ဘာသာစကားကြောင့် ဧည့်လမ်းညွှန် ဘယ်လောက်ပဲ ရှင်းပြရှင်းပြ နားမလည်နိုင်လို့ အချိန်ကုန်တယ်လို့ ထင်မိတယ်။ ပြည်တွင်းမှာဆိုရင်တော့ ပြတိုက်တွေကို သွားကြည့်ပါတယ်။
နံပါတ် (၂) စားသောက်ဆိုင်တွေကို သိပ်ကြိုက်တယ်။ ဒေသထွက်အစားအစာနဲ့ ဒေသအတွင်း နေထိုင်သူများရဲ့ ဓလေ့စရိုက်လို့ လေ့လာဖို့ အကောင်းဆုံးနေရာမို့လို့ ဒေသတစ်ခုကိုရောက်တာနဲ့ ဆိုင်ကောင်းကောင်းကို စုံစမ်းပြီး သွားစားပါတယ်။ ဖြစ်နိုင်ရင် အစားအစာကောင်းပြီး ဈေးသက်သာတဲ့ လမ်းဘေးဆိုင်တွေကို စုံစမ်းပြီး စားလေ့ရှိပါတယ်။
နံပါတ် (၃) ပွင့်လင်းမှုရှိလွန်းပြီး ဧည့်လမ်းညွှန်နဲ့ စကားများရလွန်းလို့ နောက်ပိုင်း လမ်းညွှန်နဲ့ သွားရတာကို ရှောင်ပြီး တစ်ကိုယ်တော်ပဲ စွန့်စားပါတယ်။ ကြုံတဲ့သူနဲ့ မိတ်ဆွေဖွဲ့ပြီး လျှောက်မေးရတာပေါ့။
နံပါတ် (၄) ကတော့ တစ်ယောက်ထဲပါပဲ … တစ်ယောက်ထဲသွားရတာ သိပ်လွတ်လပ်တယ်။
နံပါတ် (၅) အလိုလို နှိုင်းယှဉ်မိတဲ့ အကျင့်ရှိတယ်။ ရောက်ဖူးတဲ့မြို့တွေများတော့ ဟိုဟာက ပိုကောင်းတယ် ဒီဟာက ပိုကောင်းတယ် စသဖြင့်ပေါ့ …
နံပါတ် (၆) body language ကောင်းကောင်းတတ်ရင် အဆင်ပြေပါတယ်။ ဟိုတယ်ကတ်ကိုတော့ မပျောက်အောင် သေချာသိမ်းထားရတာပေါ့
နံပါတ် (၇) ပစ္စည်းတွေများပြီး သယ်ရခက်မှာကို စိုးရိမ်လို့ သိပ်မ၀ယ်ဖြစ်ဘူး။ သေးသေးလေးနဲ့ အမှတ်တရဖြစ်ရုံလောက်ပဲ ၀ယ်ပါတယ်။ သူများကို အားကိုးလို့မရဘူးလို့ သေချာသိနေလို့ ….
နံပါတ် (၈) ခရီးသွားချင်ပေမယ့် အချိန်ကသိပ်မရှိသလို ငွေကလဲ အချိန်များသလောက် ကုန်တာမို့လို့ ရက်တိုတိုနဲ့ နေရာများများသွားနိုင်အောင်ပဲ အစီအစဉ်ဆွဲလေ့ရှိပါတယ်။
နံပါတ် (၉) စွန့်စားရတာကို ကြိုက်တယ်။ စွန့်စွန့်စားစားနဲ့ ဧ၀ရတ်တောင်ခြေအထိတောင် ရောက်ခဲ့ဖူးတယ်။
ခရီးဆိုတဲ့အသံကြားတာနဲ့ ပိုးထလာလေ့ရှိလို့ ၀င်ဆွေးနွေးကြည့်တာပါ။ ဒါပေမယ့် ပြည်တွင်းမှာ မိသားစုတွေရှိတဲ့နေရာမှာ တစ်ယောက်ထဲ စွန့်စားပြီး ခရီးသွားချင်တဲ့အခွင့်အရေး လုံးဝ (လုံးဝ) မရပါဘူး။ သွားချင်ရင် လိုက်ပို့ပေးမယ်ဆိုတဲ့ မိဘတွေ … အဖော်လိုက်ချင်ကြတဲ့ သူငယ်ချင်းတွေ …
Was this answer helpful?
LikeDislikeဆွေးနွေးပေးတာ ကျေးဇူးပါရှင့်…မွန်မွန်နဲ့လည်း အတော်များများ တူပါတယ်.. အောက်က ကွန်မန့်မှာမှ အရှည်ရေးမယ်နော်..
အားကျလိုက်တာ…
Was this answer helpful?
LikeDislikeအရမ်းကောင်းတဲ့အချက်အလက်တွေပါပဲ
ကျမကိုယ်တိုင်လည်း ခရီးသေးသေးလေးကစ
တစ်ယောက်ထဲသွားရမှာ ကြောက်နေတတ်သူပါ
ဒီတစ်ခါမကြောက်တော့ဝူးးးးးးးးးးးးးးးးးးမမလုံမလေးမွန်မွန်ရေ
Was this answer helpful?
LikeDislikeတစ်ယောက်ထဲဆို မွန်မွန့်ကို အဖော်ခေါ်လေ… နှစ်ယောက်သွားကြတာပေါ့… မွန်မွန်လည်း တစ်ယောက်တည်းရယ်..
Was this answer helpful?
LikeDislike(၁) ပြတိုက်တွေကို ရှောင်ပါ။
ပြတိုက်တွေကိုတော့ မ ရှောင်ပါရစေနှင့်ကွယ် ။
နိုင်ငံ နှင့် လူမျိုး ရဲ့ သမိုင်း ယဉ်ကျေးမှု အတွေးအခေါ် အစဉ် အလာတွေကို ၊
ပြတိုက်တွေက အမြန်ဆုံး အမှန်ဆုံး ပြောပြတာပါ ။
(၂) စားသောက်ဆိုင်တန်း (ဘား) တွေနဲ့ ထိတွေ့မှုရှိပါစေ။
သတိတော့ထားပေါ့လေ ။ မသွားသင့်တဲ့နေရာ ၊
မစားသင့်တဲ့ အစားတွေ စားမိရင် အကြီးအကျယ်ကို ဒုက္ခတွေ့နိုင်တယ် ။
Package Tour နှင့် သွားရင်တော့ အတွေ့အကြုံရင့်တဲ့ Tour Leader က ၊
ကိုယ့်ကို လုပ်သင့် မလုပ်သင့် ကာကွယ်ပေးပါလိမ့်မယ် ။
(၃) ပွင့်လင်းမှုရှိပါစေ။
အဘ ကတော့ လမ်းဘေးက လူကို Guide မခန့်နိုင်ပါဘူး ။
အဘ ပိုက်ဆံ ထိုက်တန်အောင်ပေးမယ် ၊ Professional ကိုပဲ လိုချင်တယ် ။
ဘာမှ မသေချာတာ ၊ မရေရာတာ မလိုချင်ဘူး ။
(၅) မနှိုင်းယှဉ်ပါနဲ့။
မနှိုင်းယှဉ်ပါဘူး ကွယ် ။
ဒါပေမယ့် အဘ ကတော့ Convenient & Comfortable ဖြစ်တာကို ကြိုက်တယ် ။
Trafalgar ကပြောတာကတော့ ၊ သူတို့ အတွေ့အကြုံတွေ အရ ၊
ကောင်းမွန်တဲ့ အိပ်စက် အနားယူမှုကို မရခဲ့ရင် ၊ ဘယ်လိုမှ ပျော်ရွှင်တဲ့ ခရီးစဉ် မဖြစ်ပါဘူးတဲ့ ။
ဒါကြောင့် Trafalgar က ရတဲ့ ပိုက်ဆံရဲ့ ၃ ပုံ ၂ ပုံ ကို ဟော်တယ်ခန်းအတွက် သုံးပါတယ်တဲ့ ။
(၆) လူတိုင်းက ခင်ဗျားတို့ကို နားလည်တယ်ဆိုတာ သဘောပေါက်ထားပါ။
” တစ်ယောက်တည်းခရီးသွားရင် လမ်းပျောက်မယ်လို့ပဲ လူတွေက ထင်နေကြတယ် ”
မထင်ပါဘူးကွယ် ။ ဒါပေမယ့် Professional Guide နှင့်သွားတာ ပိုလုံခြုံတာ အမှန်ပါပဲ ။
(၈) တစ်လဆိုတဲ့အချိန်လေးနဲ့ ကမ္ဘာကြီးကို ကြည့်ဖို့ မကြိုးစားပါနဲ့။
” မြို့တစ်မြို့မှာ (၄) (၅) ရက်လောက်နေပြီး ”
အဘ တို့မှာ အချိန် နှင့် ပိုက်ဆံ အဲလောက် မရှိဘူးကွယ့် ။
(၉) ခရီးတစ်ခုဆိုတာ စွန့်စားမှုတစ်ခုပါပဲ။
” လမ်းကြားတွေထဲကို စပ်စုပါ ”
ကိုယ်တွေက အသက်ကြီးပြီး ၊ ငွေ လည်း နဲနဲ ရှိလာ ၊
သက်တောင့် သက်သာ ဘဝ လေးကိုလဲ ရလာတော့ကာ ၊
မစွန့်စားရဲတော့ ပါဘူးကွယ် ။
အကြမ်းဖျင်း ပြောရရင် အဘ တို့ အခြေအနေတွေနှင့်တော့ ၊
ဒီ ဆောင်းပါးက အကြံပေးချက်တွေက သိပ် မကိုက် သလိုပဲ ။
Back-packer လို့ခေါ်တဲ့ ၊ ငွေလည်း သိပ် မသုံးနိုင် ၊ ဖြစ်သလိုလဲ နေနိုင် ၊
အန္တရာယ်တွေ့မှာကိုလည်း သိပ်မပူပဲ ၊ အချိန်တွေသာ မတရား ပေါနေတဲ့ ၊
လူငယ် တွေ အတွက် Advice များ ဖြစ်နေမလားပဲ ။
မွန်မွန့် စာလေးကတော့ FIT သွားစေချင်ပုံပဲ ။
အဓိက ကတော့ လူတစ်ယောက် နှင့် တစ်ယောက် ဦးစားပေး ကွာမှာပေါ့ ။
အဘ က လုံခြုံရေးကို ဦးစားပေးတဲ့ အတွက် Package ကို ပိုသဘောကျတယ် ။
အဘ ရဲ့ တောလား ( ၉ ) ဘာစီလိုနာမှာ ဆိုရင် အဘတို့ Tour Director နှင့်
Local Guide နှစ်ယောက် ပေါင်းပြီး အဘတို့ကို ကာကွယ်ကြပုံကို ရေးထားတယ်လေ ။
အချိန် ၊ အဘ မိန်းမ အတွက် အချိန် ဟာ အရမ်း တန်ဖိုးကြီးနေတယ် ။
အဲဒီတော့ အချိန်ကုန် သက်သာတဲ့ Package ကိုပဲရွေးဖြစ်နေတယ် ။
ပိုက်ဆံ နည်းနည်း ပိုကုန်တာက အကြောင်း မဟုတ်ဘူးလေ ။
ဟဲ ဟဲ ၊ အကောင်းဆုံးကတော့ ၊
Professional Guide တစ်ယောက်ငှား ၊
Tailored Package စီစဉ်ခိုင်းပြီး တစ်ယောက်တည်း သွားပေါ့ ။
နဲနဲ ပျင်းတတ်ရင် Professional Guide အပြင် ၊
Escort Service တစ်ယောက်ပါ ထပ်ခေါ်သွားပေါ့ ။
ဟဲ ဟဲ ၊ ပိုက်ဆံ ချမ်းသာရင် ပြောပါတယ် ။
Was this answer helpful?
LikeDislikeလူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့ အဘရယ်… လူတိုင်းကတော့ ပိုက်ဆံရှိလို့ သွားကြတာ မဟုတ်ပါဘူး.. တတ်နိုင်တဲ့သူ ရှိသလို မတတ်နိုင်တဲ့သူလည်း ရှိတာပေါ့… ဒီပို့စ်လေးကို တင်တာကလည်း ပိုက်ဆံမတတ်နိုင်လို့ package မ၀ယ်ဖြစ်တဲ့သူတွေ၊ ပိုက်ဆံတတ်နိုင်ပေမယ့်လည်း luxury classic tour ကို စိတ်မ၀င်စားပဲ adventure သွားချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီးတင်တာပါ။ Travelling differently ဆိုတဲ့အတိုင်း သူများနဲ့မတူအောင် သွားချင်တဲ့သူတွေအတွက်ပါ။
မွန်မွန့် အမြင်လေးတွေကို ပြောကြည့်ပါမယ်
(၁) အဘပြောတာကို လက်ခံပါတယ်။ ဒါပေမယ့် ပြတိုက်တော့ ကွာတာပေါ့နော်.. အနောက်တိုင်းတွေကလို presentation ကောင်းကောင်းနဲ့ ပြတိုက်တွေကိုတော့ သွားချင်ပါတယ်… museum နဲ့ chateau မှမသွားရင် ဘယ်ဖြစ်မလဲနော့.. ဒါမှမဟုတ် shopping သက်သက်တို့၊ trekking လာတဲ့သူတွေကျတော့ ပြတိုက်တွေဘယ်သွားချင်မလဲ… ပြတိုက်ကလည်း အမျိုးမျိုးရှိတာပေါ့…
(၂) စိတ်မပူပါနဲ့ အဘရေ… guide book ကောင်းကောင်းဖတ်ပြီး information ကို အသေအချာကြည့်သွားလို့ ရပါတယ်။ ကိုယ်သွားမယ့်နေရာကို ကောင်းကောင်းလေ့လာပြီးတော့မှ သွားမယ်ဆိုရင် ဒီလိုအန္တရာယ်တွေ မဖြစ်နိုင်ပါဘူးလို့ ထင်ပါတယ်….ဒါမျိုးတွေက tour leader တစ်ယောက်တည်းမှ သိနိုင်တာ မဟုတ်ဘူးလေ…
(၃) လမ်းဘေးကသူကို guide ခန့်တယ်ဆိုတာထက် ဒေသခံနဲ့ ရင်းနှီးပြီးတော့ သူတို့ဓလေ့လေးတွေကို လေ့လာရတာက စိတ်ဝင်စားဖို့ကောင်းပါတယ်..မွန်မွန့်အမြင်ပေါ့နော်… ဒါကြောင့်လည်း tourist တွေလာရင် ပုဂံဘက်ကရွာတွေကို လည်တာတို့၊ သီပေါတို့၊ ကလောတို့ဘက်မှာ trekking သွားပြီး village house တို့ ဘုန်းကြီးကျောင်းတို့မှာ ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်၊ ခြင်ထောင်တစ်လုံးဆိုတဲ့ basic material လေးတွေနဲ့ပဲ အိပ်တာတို့တွေ စီစဉ်ပေးနေရတာပေါ့… လူတိုင်းက အပန်းဖြေရုံသက်သက် ခရီးထွက်တာ မဟုတ်ဘူးလေ…နေရာတိုင်းကို guide နဲ့ သွားရတာ ပျင်းစရာကောင်းတယ်လို့ ခံစားရတဲ့သူတွေရှိပါတယ်။ လူတိုင်းတော့ မဟုတ်ဘူးနော်.. မွန်မွန်သာဆိုရင်တော့ ဒီနေရာအကြောင်း၊ အဓိက tour site တွေကို သိအောင်လို့တော့ တစ်ရက်လောက် station guide ငှားမိရင် ငှားမိပါမယ်။ နောက်ရက်တွေကျရင်တော့ တစ်ယောက်တည်း မြေပုံကိုကိုင်၊ သူတို့တွေကြားထဲ public transportation ကို လိုက်စီးပြီး မြို့အနှံလျှောက်လည်ရတာ ပိုပျော်ဖို့ကောင်းပါတယ်။ ကားနဲ့လာကြို၊ ဟိုတယ်ကထွက်၊ တစ်လမ်းလုံး guide ပြောသမျှနားထောင်၊ ကားပေါ်ပြန်တက်၊ ဟိုတယ်ကိုပြန်ရောက်… luxury မကြိုက်တဲ့ မွန်မွန်ကတော့ ပျင်းစရာကောင်းတယ် ထင်ပါတယ်….
(၄) တစ်ယောက်တည်းသွားရလောက်အောင် အတွေ့အကြုံမရင့်ကျက်သေးဘူးလို့ ကိုယ့်ကိုကိုယ်ခံစားမိတဲ့အတွက် အခုချိန်မှာတော့ အဖော်တစ်ယောက်လောက်နဲ့ သွားဖြစ်ပါမယ်…
(၅) နှိုင်းယှဉ်မိပါတယ်…. အထူးသဖြင့်တော့ သူများနိုင်ငံဆိုရင် သူတို့ရဲ့ စည်းကမ်းတွေကို အတုယူတယ်… စက်ရုပ်လို လှုပ်ရှားနေကြတဲ့ဘ၀ကိုမြင်ရင် ကိုယ့်ကိုကိုယ်ဆင်ခြင်မိတယ်… ကိုယ့်နိုင်ငံအချင်းချင်းဆို သူတို့ရဲ့ ဓလေ့နဲ့ ကိုယ့်ဓလေ့ကို နှိုင်းယှဉ်မိတယ်… စာရေးဆရာပြောထားတာကတော့ ကိုယ့်နိုင်ငံလောက်မတိုးတက်တဲ့ နေရာကို သွားလည်ရင် အဆင့်အတန်းချင်း မနှိုင်းယှဉ်ဖို့ ပြောထားတာပါ.. သူဆိုလိုချင်တာကိုတော့ သဘောပေါက်ပါတယ်…
(၆) မွန်မွန့်ခံစားချက်အရပြောရမယ်ဆိုရင်တော့ နေရာတိုင်း guide နဲ့သွားရတာ ပျင်းဖို့ကောင်းပါတယ်…
Professional guide နဲ့သွားမှ ပိုလုံခြုံတယ်ဆိုတဲ့ အဘရဲ့ အမြင်ကိုလည်း နားလည်ပါတယ်။
(၇) ဒေသထွက်ကုန်တွေဆိုရင်တော့ အလေးခံပြီး သယ်ဖြစ်မှာပါ..ကိုယ့်နိုင်ငံမှာက အဲဒီလောက်ထိ မတိုးတက်သေးဘူးလေ…
(၈) မွန်မွန်သာဆိုရင်တော့ ပုဂံ၊ မန္တလေး၊ အင်းလေး တစ်မြို့ကို တစ်ရက် သွားလည်မှာထက် တစ်နေရာကိုပဲ သုံးရက်လုံးနေရတာ ပိုကြိုက်မိပါတယ်… ရောက်တာနဲ့ ခဏ၀င်ကြည့်၊ ဓာတ်ပုံရိုက်ပြီးပြန်.. ရောက်ဖူးတယ်ဆိုတာလေးနဲ့ အချိန်နဲ့ပိုက်ဆံတွေ နှမြောဖို့ကောင်းပါတယ်… တစ်နေရာကိုပဲ အသေအချာရွေးလိုက်မိမှာပါ.. နောက်တစ်ခါမှ ပိုက်ဆံစုပြီး နောက်တစ်နေရာပေါ့…
(၉) ၀ါသနာပေါ့ အဘရယ်… တစ်ချို့တွေ အသက် (၆၀) ကျော်တွေ တောင်တက်ချင်တယ်ဆိုလို့ မျက်လုံးပြူးနေရတယ်… ငယ်ငယ်ကတည်းက ပိုက်ဆံကို အသည်းအသန်ရှာပြီး ပင်ပန်းခဲ့ရတယ်ဆိုရင်လည်း ဒီအရွယ်မှာ သက်တောင့်သက်သာနေတာ ကောင်းပါတယ်…
တစ်ခုပြောချင်တာက back packer ကပါ… ငွေမရှိတိုင်း၊ အချိန်ပေါတိုင်း၊ မကြောက်တတ်တိုင်း၊ လူငယ်ဖြစ်တိုင်း back-packer မဟုတ်ပါဘူးရှင်…. တစ်ချို့ကျတော့လည်း FIT လာချင်လို့ကို လာကြတာပါ… အတွေ့အကြုံတစ်ခုအရဆို new york မှာ အိမ်ပိုင်ယာပိုင်၊ စိုက်ခင်းပေါင်းများစွာပိုင်၊ အလုပ်မလုပ်တော့ဘဲ တစ်ချိန်လုံး ခရီးထွက်ခြင်းဖြင့် ပိုက်ဆံဖြုန်းနေတဲ့ စုံတွဲတစ်တွဲက မြန်မာနိုင်ငံကို FIT လာလည်ခဲ့ကြပါတယ်..
အဟဲ.. တစ်နေရာမှာ လေးငါးရက်နေဖို့တော့ ပိုက်ဆံအဲ့လောက်မရှိတဲ့အဘက package ၀ယ်ဖို့ ပိုက်ဆံနည်းနည်းပိုကုန်တာ အကြောင်းမဟုတ်ဘူးတဲ့လား…
အဘရဲ့အခြေအနေ ၊ အဘဖြတ်သန်းခဲ့ရတဲ့ ဘ၀အရ အခုလို ပိုက်ဆံတတ်နိုင်တဲ့အချိန်မှာ သက်တောင့်သက်သာပဲ နေတော့တာ ကောင်းပါတယ်လို့….
မွန်မွန်ကတော့ ပိုက်ဆံချမ်းသာရင်တောင် package တွေ guide တွေ အချိန်ပြည့်ယူပြီး ခရီးမသွားပါဘူးလို့..
Was this answer helpful?
LikeDislikeမွန်မွန် ရေ ။
မွန်မွန် ပြောသွားတာလေးတွေလဲ ကောင်းပါတယ် ။
အဘ လည်း တစ်ခါတစ်လေ အဲလိုသွားချင်မိပါတယ် ။
အင်းးးး စိတ်ကူး အိပ်မက် ထဲမှာပဲ ဖြစ်နိုင်ဖို့များပါတယ်လေ ။
ဒါပေမယ့် အမှန်အတိုင်းပြောမယ်နော် ၊
ကိုယ်တွေက အသက်လဲကြီးလာ ၊
ဘဝ ကလည်း မချမ်းသာဖူးဆိုရင်တောင် ၊
တင့်တောင်း တင့်တယ်လေးတော့ ရှိနေတော့ကာ ၊
မစွန့်စား ရဲ / မစွန့်စား ချင် တော့ပါဘူး ။
နောက်တစ်ခု ကတော့ အဘ မိန်းမ ပေါ့ ၊
သူ က အချိန် အရမ်းရှားပါးတယ်လေ ။
အခု ဥရောပ ခရီးမှာ တစ်လတာမှာ ကုန်ခဲ့တဲ့ ပိုက်ဆံထက် ၊
အဲဒီ တစ်လ အတွင်းမှာ မဝင်ခဲ့တဲ့ ပိုက်ဆံက နှစ်ဆလောက်ပိုများနေတယ်လေ ။
အဲဒီတော့ကာ အဘ တို့ လင်မယားအတွက်ကတော့ Package မှဖြစ်မှာပါ ။
လူငယ်တွေအတွက်ကတော့ FIT က အဆင်ပြေပါလိမ့်မယ် ။
Was this answer helpful?
LikeDislikeအဘရဲ့ ကိုယ်ပိုင်အခြေအနေနဲ့ ကိုယ်ပိုင်အယူအဆအတွက် ဘာမှပြောစရာတော့ မလိုပါဘူး…
ိအဘမိန်းမအတွက်ရောပေါ့…
တစ်ခုပါပဲ အဘရယ်.. လူငယ်တိုင်းက FIT မသွားသလို…. ပိုက်ဆံရှိတဲ့ အဘတို့လို လူကြီးတိုင်းကလည်း package နဲပ မသွားပါဘူးလို့.. အဲဒါလေးပါပဲ…
Was this answer helpful?
LikeDislikeမှတ်ထားပါတယ်မမွန်ရေ ကျေးကျေးပါ မမမွန်လည်း အခုခရီးထွက်ရင် တစ်ယောက်တည်းလား နှစ်ယောက်လား
Was this answer helpful?
LikeDislikeတစ်ယောက်တည်း… ဟုတ်ဝူး….. နှစ်ယောက်…. လည်း ဟုတ်ဝူး….
ရုံးနဲ့ပဲ ထွက်ဖြစ်တာ များတယ်လို့ပါ…
Was this answer helpful?
LikeDislikeခရီးသွားများ ဖတ်ထားသင့်တဲ့ အကြံပေးချက်ပါပဲ။ ကျနော်လည်း ခဏလေးနေပြီး နေရာစုံသွားရတာ သဘောမကျဘူး၊ တနေရာရာမှာ အချိန်တခုကြာအောင် နေနိုင်မှ ဒေသန္တရဗဟုသုတ ရှာမှီးခြင်း ရည်ရွယ်ချက် ပြည့်စုံတယ်ထင်တယ်။ နို့မို့ရင် ခရီးသွားခြင်း ကိစ္စပဲ အောင်မြင်လိမ့်မယ်၊ အကျိုးမဲ့ အချီးနှီးလို့တော့ မဆိုလိုပါ။ ဖြစ်နိုင်ရင် ဆုံချက်တခုကျနေတဲ့ နေရာဒေသလိုမျိုးမှာ လပိုင်းလောက်နေ ဟိုသွားဒီသွားလုပ်၊ အရပ်ထဲလျောက်သွားနိုင်မှ ဗဟုသုတ တိုးပွားနိုင်တယ်။ များသောအားဖြင့်က ရောက်ဖူးယုံသက်သက်၊ ဓာတ်ပုံရိုက်ဖူးရုံသက်သက်ပါပဲ။ ဥပမာ – ကျိုက်ထီးရိုးရောက်ဖူးလို့ ချောင်းသာရောက်ဖူးလို အဲဒီဒေသ ဓလေ့ထုံးတမ်း အနေအထိုင် အကျင့်စရိုက် ဘယ်လောက်သိသလဲ မေးကြည့်ပါ။ စားသောက်ဆိုင်မှာစားဖူး၊ တည်းခိုခန်းမှာအိပ်ဖူး၊ လမ်းဘေးရှုခင်း စတာလောက်ပဲ ပြောနိုင်ကြလိမ့်မယ်။ ကိုယ့်ရဲ့ အတွေးအမြင် ဘယ်လောက် တိုးပွားလာသလဲ၊ ပြောင်းလဲလာသလဲ ကုန်ကျစားရိတ်နဲ့ အချိုးချကြည့်ပါ။ အပန်းဖြေရုံ သက်သက် ခရီးသွားရုံသက်သက် ရည်မှန်းတယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ…..
Was this answer helpful?
LikeDislikeဟုတ် ဦးကြောင်ကြီး..
သမီးတို့လည်း တစ်ခါတစ်လေ အချိန်အခက်အခဲအရ..တစ်နေရာကို သေချာမလေ့လာဖြစ်လိုက်ရတာတွေ ရှိပါတယ်.. သွားရကျိုးမနပ်ဘူးလို့တောင် ခံစားရတယ်… တစ်နေရာမှာ အေးဆေးနေဖို့ကို ကြိုးစားရပါဦးမယ်..
အားပေးတာ ကျေးဇူးပါရှင့်…
Was this answer helpful?
LikeDislikeဒီပိုစ် ကို ဖတ်ပြီး ကိုယ့် စိတ်တိုင်းကျနဲ့ အံမ၀င်ဘူးလို့ ခံစားနေရပြီး ဘယ်လို ရေးရင် ကောင်းမလဲ စဉ်းစားနေတာ.. အဘဖော တက်ရေးသွားတဲ့ နံပါတ်စဉ်တွေ နဲ့ ဆူး သဘောကျတဲ့ ခရီးသွားနည်းနဲ့ အများအားဖြင့် တူပါတယ်။
နေရာ စိမ်းတဲ့ နေရာမှာ ဒေသခံက အရေးကြီးပါတယ်။
နားမလည်တဲ့ ဘာသာ စကားတွေ ပြောပြီး အမော မခံပဲ နားလည်တဲ့ စကားနဲ့ လိုက်ရှင်းပြပေးတဲ့ တိုးခေါင်းဆောင် ပါတာ ကို သဘောကျတယ်။
နေရာ စိမ်းတခုမှာ အစားအစာ က အစ ဘယ်မှာ စားရမလဲ စဉ်းစားပြီး လိုက်မေးပြီး တနေကုန် ပင်ပန်းလာတာ.. ၀င်စားပြီးမှ စားမကောင်းရင်.. ဘယ်လို လုပ်မလဲ.. ပါတဲ့ ပိုက်ဆံ ကလည်း အကန့် အသတ်ပဲ ရှိတာမို့.. မှာစားပြီးမှ မကြိုက်ရင် ထားခဲ့ရလည်းခက်.. ကုန်အောင် စားဖို့ကလည်း မဖြစ်နိုင်.. အဲ့လိုတွေ ရှိတာမို့.. တိုး အဖွဲ့က ကိုယ်ပါးစပ်နဲ့ တည့်တာ စီမံပေးတာတောင် တခါတရံ စိတ်တိုင်းမကျ ဖြစ်ပေမဲ့ အများအားဖြင့် တော်ပါသေးတယ်။
ပြတိုက်ဆိုတာ နိုင်ငံရဲ့ မှတ်တမ်း ဖြစ်တဲ့ အတွက် တကြိမ်လောက်တော့ အနည်းဆုံး သွားကြည့်သင့်ပါတယ်။
တိုး အဖွဲ့နဲ့ သွားရင်.. စားတာ အိပ်တာ သွားတာ လာတာ က အစ.. မပူမပင်နဲ့ စိတ်အပန်းအဖြေ အစစ်ပါပဲလို့ ထင်မိပါတယ်.. မသွားခင်မှာ ကိုယ်ဖြစ်ချင်တဲ့ အတိုင်း ညှိနိုင်းလို့ ရပါတယ်.. ညှိလို့ ရတဲ့ အတွက် ဆန္ဒ ရှိတဲ့ အတိုင်း ညှိပြီးမှ သွားရတာမို့.. အဆင်ပြေတယ် ထင်ပါတယ်။ ကိုယ့်အား ကိုယ်ကိုးပြီး သွားတဲ့ အခါ အနည်းအများတော့ စိတ်ဖိစီးမှုက ရှိပါအုန်းမယ်။ လုပ်ငန်းခွင်မှာ ပင်ပန်းမှုတွေ စိတ်အပန်းဖြေ သွားတာမို့.. စိတ်မောရတဲ့ ခရီးစဉ် ကိုတော့ စိတ်မ၀င်စားတာတော့ အမှန်ပါပဲ။
Was this answer helpful?
LikeDislikeဟုတ် အစ်မ..
ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့နော်…. မွန်မွန်တို့လည်း back-packer လိုမျိုးတော့ အိတ်တစ်လုံးလွယ်ပြီး လျှောက်မသွားနိုင်ပါဘုး… အနည်းဆုံးတော့ semi-package လေးတော့ ယူဖြစ်မယ်.. ဟိုတယ်ကြိုတင်ထားတာတို့…ဘာတို့လိုမျိုးတွေပေါ့…
relax လုပ်ချင်လို့ သွားတာဆိုရင်တော့ ဒီစာထဲက အချက်တွေနဲ့ဆို မဖြစ်နိုင်ပါဘူး…
မှတ်မိသလောက်ဆိုရင် အစ်မဆူးရဲ့ကွန်မန့်က ဒါပထမဆုံးထင်တယ်..
ကျေးဇူးပါနော်….
Was this answer helpful?
LikeDislikeပထမ ဆုံး ဆို.. ရွာထဲက ပိုစ်တွေ အရင်လို သိပ်မဖတ်ဖြစ်တော့လို့ပါ.. အရင်ကတော့ ဘယ်ပိုစ်မှ မလွတ်ဘူး.. အကုန် လိုက် မန်းတာပဲ.. ပိုစ်ရေးတဲ့လူ အားရှိအောင် အဓိက ရည်ရွယ်ပြီး ပိုစ်တွေ ကို မန်းပေးတယ်.. အခုတော့.. ကိုယ်တိုင်လည်း သိပ်မအားလပ်တာတွေ ရှိနေတဲ့ အတွက် ကွန်မန်း အပေးနည်းသွားတာပါ.. ယခင်ကတော့ ရွာမှာ မန်း အများဆုံးပဲ.. ယခုတော့ နောက်လူ ကျော်သွားပြီ.. :D
Was this answer helpful?
LikeDislikeယောက်မလေးရေ နေမကောင်းလို့ စာတွေအများကြီးမဖတ်နိုင်ခဲ့ဘူး …. အကြိုက်ဆုံးကတော့ အက်ဗက်တာ ပုံပါပဲ ….. မိုက်တယ် ….
Was this answer helpful?
LikeDislikeယောက်မရေ… အဲ့ဒါ ယောက်ခမ လက်ရာပေါတော့…

တော်တာတွေများနေပီထင်ဒယ်… ယောက်မရော.. ယောက်ခမရော.. အဟိ
Was this answer helpful?
LikeDislikeလုံမလေးရေ..ကြိုက်တာတွေပါသလို
မကြိုက်တာတွေပါတာကတော့သဘာဝပါ..
ဘာပြောပြော..အပင်ပန်းခံဘာသာပြန်တင်ပေးတော့
လူတွေအများကြီးဝိုင်းဖတ်၊ ဆွေးနွေးကြတော့
ပိုစုံသွားတာပေါ့… :hee:
Was this answer helpful?
LikeDislikeဟုတ်… သမီးလည်း မတူတဲ့အမြင်လေးတွေကို သိချင်လို့ပါ…
Was this answer helpful?
LikeDislikeလုံမရေ
ပထမဆုံး ပြောချင်တာက အီးလို ရေးထားတာကို ဘာသာပြန်နိုင်တဲ့ အရည်အချင်း ရယ်၊ ဘာသာပြန်တာကိုမှ ချောမွေ့ပြေပြစ် အောင် ရေးထားတဲ့ အရေး အသား ရယ် ကို ချီးကျူး အားကျ မိတယ် ဆိုတာ ပါပဲ။
ပိုစ့် ပါ အချက် တွေ က နံပါတ် ၇ က လွဲ ရင် ( ဒေသထွက်ကုန် တွေ ၀ယ်ရတာ ၀ါ သနာ ပါလို့ ) ကျန်တာအားလုံး ကိုယ့် ခံယူချက်နဲ့ တစ်ထပ်တည်း ပဲ။ နိုင်ငံရပ်ခြား ကို မရောက် ဖူးပေမယ့် သွားခဲ့ ဖူးတဲ့ ပြည်တွင်း အပန်းဖြေ ခရီးတွေ မှာ အဲအတိုင်း ကျင့် သုံး တယ်။
အိမ်ကလူကြီး အလုပ် ကိစ္စနဲ့သွားတဲ့ စင်ကာပူ တဖက်ကမ်း ဘာတန် ကျွန်း လေး ကို လိုက်လည် တုန်း က သူ အလုပ်သွားတော့ သား အမိ တွေ ကို ဟို တယ် မှာပဲ နေဖို့နဲ့ ပျင်းရင် ဟိုတယ် ရှေ့ က ကားကိုပဲ ခေါ်ပြီးေ၇ှာ့ ပင်းမောသွားဖို့ မှာ တယ်။ ဒါပေမယ့်ကိုယ်က ဟိုတယ် လိပ်စာကဒ်ကို သေချာထည့် ၊ ကလေးလက်ဆွဲ ပြီး အနီး အနား က လမ်းကြို ၊ လမ်း ကြားတွေ လျှောက်သွား ၊ လမ်းဘေးဆိုင်တွေ လျှောက်စားနဲ့ အင်ဒိုတွေက အီး စကားလည်း နား မလည်၊ မပြောတတ်၊ လက်ဟန်ခြေဟန် နဲ့ အလုပ်ကို ဖြစ်လို့ ။ ပိုက်ဆံ ပေးခါနီးရင် စလုံး ၁၀ လောက်နဲ့ ညီမျှတဲ့ သူတို့ ငွေတွေ ကို ထုတ်ပြလိုက် ၊ သူတို့ ဘာ သူတို့ကျသလောက် ရေယူသွားရော။
ချုပ်လိုက်တော့ ခဏခဏ သွားနေရတဲ့ အိမ်က လူကြီး က အလုပ် နေရာနဲ့ နာမည်ကြီး မောတွေ ကလွဲ ရင် မရောက် ဖူးဘူး ၊ ကိုယ်တို့ ၂ ခါ လိုက်သွားတာ နှံ့ သွားရော။
Was this answer helpful?
LikeDislikeဟုတ်တယ်နော်.. အစ်မ…
သူတို့စကားကို မတတ်တတတ်နဲ့ ခြေဟန်လက်ဟန်နဲ့ပြောရတာ ပျော်စရာကောင်းတယ်… ပြိးရင် တတ်သလောက်လေးနဲ့ နှုတ်ဆက်ရတာလည်း မောနေတာပဲ… ဘယ်လောက်ကျတယ်ဆိုတာ မပြောတတ်ရင် ဂဏန်းပေါင်းစက်မှာ နှိပ်ပြတာ…
လမ်းတွေကို လိုက်မှတ်.. ပြီးရင် ကားတောင်မစီးဖြစ်ပဲ လမ်းဘေးမှာ ငေးကောင်းကောင်းနဲ့ လျှောက်နိုင်တဲ့အထိ လျှောက်သွားတာ… စိတ်ဝင်စားစရာကောင်းတယ်…
Was this answer helpful?
LikeDislikeလက်တွေ့ စမ်းသပ်ကြည့်မယ်
ကြုံရင်
အဟဲ
Was this answer helpful?
LikeDislikeခရီးသွားရင်လည်းပြောဦးနော်…
Was this answer helpful?
LikeDislikeကျုပ်ကတော့ ဒေသထွက်ကုန်တွေ စားမယ်၊ ဒေသခံ တွေနဲ့ စကားပြောမယ်၊ ရိုးရာ အယူအဆ တွေမေးမြန်း မှတ်သားမယ်၊ ဓာတ်ပုံ ရိုက်မယ် …. ခရီးသွားရတာ ကြိုက်တယ်။ ပိုက်ဆံကတော့ မပူပါ ….။ ဘုန်းကြီးကျောင်း ရှိရင် Mလုလင် တို့ဖြစ်ပြီ …… အဲ .. နောက်တစ်ချက် က ကျုပ်က ဟင်းပေါင်း သိပ်ကြိုက်တယ်ဗျို့  …။ ဒါတွေက ကျုပ်သွားဖူးတဲ့ ပြည်တွင်း ခရီးသွားအတွေ့အကြုံ လေးတွေပါ ….။ ပြည်ပ တော့ ရောက်ဖူးဘူး… ကျုပ်က အိမ်တိုင် ဖက် ထားတာ ရယ် ….
Was this answer helpful?
LikeDislikeယောက်ျားလေးဖြစ်ရတာ အဲ့လိုနေရာတွေမှာ ကောင်းတယ်ရှင့်…
အမွန်လည်း ယောက်ျားလေးဆို အဲ့လိုသွားရတာကြိုက်မိမှာ…အခုတော့ မိန်းကလေးဖြစ်နေတော့.. တစ်ချို့အရာတွေမှာ ကြိုတင်စီစဉ်ရတာတို့ ဘာတို့တွေနဲ့.. တစ်ခါတစ်လေတော့ စိတ်ညစ်တယ်…
အိမ်တိုင်ပါချွတ်သွားပေါ့အေ.. ဒါလေးများ…
Was this answer helpful?
LikeDislikeလုံမလေးရေ
ဘာသာပြန်လေးချောမွေ့နေတာပဲ။
အန်တီကတော့ ခရီးသွားရတာထက် စာဖတ်နေရတာကျေနပ်တတ်တော့ အကြောင်းတိုက်ဆိုင်လွန်းမှ ခရီးသွားဖြစ်တယ်။
ဇာတိကလွဲရင် ရန်ကုန်က ညအိပ်ခရီး မခွာဖြစ်တာ ၅နှစ်လောက်ရှိပြီ။
သွားဖြစ်တဲ့အခါတွေတုံးကတော့
ပြည်တွင်းဘုရားဖူးခရီးစဉ်တစ်ခုကို package tour သွားဖြစ်တော့လည်း guide ရဲ့ လမ်းညွှန်မှုနဲ့ အချိန်တိုမှာ ပိုခရီးရောက်တာ သဘောကျမိတာပဲ။
ကိုယ့်ဖါသာကိုယ်သွားရတဲ့ ခရီးတွေမှာလည်း မြေပုံလေးကြည့်ပြီး ကိုယ်သိချင်တာကို သူတစ်ပါး နားမလည်လည်အောင် ကြိုးစားမေးပြီး သွားရတာလည်း ကြိုက်တာပါပဲ။
ရောက်လေရာမှာတော့ ကိုယ့်ဖာသာ လမ်းလျှောက်ပြီး လမ်းတွေမှတ်သွားရတာ ပိုသဘောကျတယ်။
တစ်ခါတလေ အိမ်ကျမှ မြေပုံချကြည့်ပြီး နေ့လည်က ငါသွားခဲ့တာ ဒီနေရာ ဒီလမ်းလေးကို ဒီလိုကွေ့လိုက်တော့ ဒီ အဆောက်အဦးကြီးတွေ့ပါလားလို့ ပြန်ကြည့်ပြီး ပီတိဖြစ်ရတယ်။
ပိုပြီးလည်း မှတ်မိတယ်။ နှစ်ပေါင်းများစွာကြာတဲ့ထိ ပြန်ပြောပြနိုင်တယ်။
(ဆိုးတာက တစ်နေရာကို တစ်ခေါက်ရောက်ပြီးရင် နောက် တစ်ခေါက် ထပ်သွားခွင့် တစ်ခါမှ မရတာပါပဲ)
ဒေသထွက်ပစ္စည်းတွေ ၀ယ်ရတာလည်း ၀ါသနာပါတယ်။
ခရီးတစ်ခါထွက်ရင် အမျိုးတွေ သူငယ်ချင်းတွေ တပည့်တွေတွက်ပါဝယ်ရလွန်းလို့ ကားမှာ နောက်တွဲတပ်ရမတတ်ပဲ။
……….
ရန်ကုန်မှာတော့ ဒီနှစ် Business Trip တွေ ပိုများမယ်ထင်တယ်။
package tour တွေ ပိုတွေ့နေသလိုပဲ။
FIT တွေရှားသွားသလားထင်မိတယ်။အရင်ကဆို စက်ဘီးလေးတွေနဲ့ တစ်ယောက်ချင်းနှစ်ယောက်ချင်း သွားကြတဲ့
Tourist တွေ တွေ့ရတတ်ပေမယ့် ဒီနှစ်မမြင်မိတော့ ဂျပန်မလေး ဂယက်လားလို့ မှန်းဆမိပါတယ်။
Was this answer helpful?
LikeDislikeအဘဖော နဲ့ အစ်မမွန်မွန် နောင်ဂျိန်ချတာ ဆက်ကြည့်ချင်ပါတယ် ဗျို့…
ခရီးသွားပုံသွားနည်းက ကိုယ့်ရည်မှန်းချက်ပေါ်မှာပဲ မူတည်ပါတယ်။ ပါရီက ကမ္ဘာကျော် အိုင်ဖယ် တာဝါလေးကြည့်ချင်တဲ့လူနဲ့ မိုင်ယန် လူမျိုးတွေနဲ့ သွားနေကြည့်ချင်တဲ့ လူနဲ့ တူတူသွားလို့ ဘယ်ရမလဲ။ အစ်မမွန်မွန်ဘာသာပြန်တဲ့ Paulo ကနာမည်ကျော် The Alchemist လို ခရီးသွား ၀တ္ထုတွေရေးတဲ့ စာရေးဆရာဆိုမှတော့ လူအများစုသွားနေကျလမ်းတွေ သွားရင် စိတ်ဝင်စားစရာ ကုန်ကြမ်းဘယ်ရမလဲနော။
ကျမ ခရီးသွားရတဲ့ အဓိက ရည်ရွယ်ချက်တခုက (နေရာဒေသ လူမျိုးဓလေ့တွေ မြင်ချင်တာ အပြင်) ဓာတ်ပုံရိုက်ချင်လို့။ Tour group တွေနဲ့သွားရင် ကိုယ်လိုချင်တဲ့ နေရာတွေ မရသလို၊ ကျမလိုသလောက် အချိန်လည်းမရပါ။ ဒီတော့ နှစ်ကိုယ်တည်းလိမ့်ကြတာပေါ့။ အဘဖောပြောသလို သက်တောင့်သက်သာ လုံခြုံမှုတော့ ဘယ်ရှိမလဲ။ တခုခုဆို ကိုယ့်ကိုကြောထောက်မဲ့သူလည်းမရှိဘူး။ ဥရောပက ဖွင့်ဖြိုးပြီးသားနိုင်ငံတွေမှာ ဘာမှပြသာနာမရှိပေမဲ့ အိန္ဒိယလိုရှားပါးတဲ့ နေရာတွေ ရောက်တော့ ဘယ်ကလိမ်လိုက်၊ ညာက လိမ်လိုက်နဲ့ လှိမ့်နေအောင်ခံရတယ်။ လိုချင်တဲ့ ဓာတ်ပုံကလေးတစ်ပုံတည်း ရဖို့ အတွက်နဲ့ တိုးရစ်တွေသိပ်သွားလေ့မရှိတဲ့ မြို့သေးသေးလေးကိုသွားတာ ၂ဒေါ်လာတန် မြစ်ကူးခကို ကူးတို့သမားအဖွဲ့လိုက်က ဒေါ်လာ ၃၀ ဆိုပြီး ကိုယ့်ကားသမားနဲ့ပေါင်းပြီး ရိုက်စားတာသိသိကြီးနဲ့ ခံလိုက်ရတယ်။ ( ဒေါ်လာ၃၀ ညာခံလိုက်ရတာနဲ့ တန်လောက်တဲ့ပုံရခဲ့လားလို့တော့ မမေးနဲ့နော်။) တသက်ပြောမဆုံးတဲ့ ညာနည်းတွေကိုတော့ အတွင်းကျကျသိလာခဲ့တယ်။ နာမည်ကြီး ယူနက်စကိုဆိုက်ကို နေမထွက်ခင်၊ လူမရှုပ်ခင် ဓာတ်ပုံရိုက်ချင်လို့ ဘယ်သူမှပေးမ၀င်ခင်ဝင်လို့ ရအောင် လာဘ်ထိုးပြီးလည်းဝင်ခဲ့ဖူးတယ် (ဒါကတော့မွေးရာပါအတတ်ပညာ၊ အာဟိ)။ သူငယ်ချင်းတယောက်က ကွန်ဂိုမှာ တောင်သွားတက်တာ ရိုင်ဖယ်ကိုင် အစောင့် ရှေ့တစ်ယောက် နောက်တစ်ယောက် ငှားထားရတယ်တဲ့။
ယောက်ျားလေးတွေဆိုရင်တော့ တစ်ယောက်တည်းသွားပါဆိုတာ သဘောတူပါတယ်။ မိန်းကလေးတွေကရှုပ်တယ်။ အလှပြင်တာစောင့်ရတာရော၊ ကြွကြွရွရွလေးသွားချင်တာရော၊ လုံခြုံရေးအတွက် ပိုစိုးရိမ်ရတာရော။ ကျမကိုယ်တိုင် ဘယ်လောက်ကရိကထများသလဲ အသိဆုံးမို့ ကိုယ်ချင်းစာတယ်။ ကျမလိုရှာရှာဖွေဖွေဓာတ်ပုံရိုက်ချင်တဲ့ မိန်းကလေးတွေနဲ့ ခရီးသွားရတဲ့ ယောက်ျားလေးတွေ အတွက်တော့ ကံဆိုးတာပဲ။
Tour company တွေနဲ့ သွားရင် ပိုဈေးကြီးတယ်ဆိုတာတော့ အမြဲမမှန်ပါဘူး။ ကျမက tour group နဲ့ မသွားချင်သလို backpacker တွေလို ရောက်ရာနေရာ၊ သင့်တော်ရာမှာလည်း ၀င်မအိပ်နိုင်ဘူး။ ရေချိုးခန်း အိမ်သာကောင်းကောင်းမရှိရင် မနေနိုင်တာမို့ tour group တွေက အုပ်စုလိုက်ဘွတ်လုပ်လို့ရတဲ့ ဟိုတယ် နှုန်းလို ဈေးကောင်းကောင်းမရဘူး။ တစ်ညတည်းဖို့ ဟိုတယ်တစ်ခုချင်းကို ပတ်ဝန်းကျင်သန့်မသန့်ကလည်း review တွေအကုန်လိုက်ဖတ်ရတယ်။ လူအများကြီးတင်သွားလို့ရတဲ့တိုးဘတ်စ်တွေလို efficiency မကောင်းတာကြောင့် ကားစရိတ်၊ ရထားစရိတ် မသက်သာဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် စာအုပ်ဖတ်ပြီး လမ်းရှာရတာမို့ tour group တွေနဲ့သွားသလောက် ခရီးမတွင်ဘူး။ ကျမက တနှစ်မှ ၁၅ ရက်ပဲခွင့်ရတာမို့ အဘဖောပြာသလို အချိန် အများကြီးရှိတဲ့သူတွေထဲမှာ မပါပါဘူး။ အကုန်စာရင်းချုပ်လိုက်တော့ tour group နဲ့သွားတာထက် ပိုပိုက်ပိုက်ကုန်၊ ပိုပင်ပန်းပြီး ပိုဒုက္ခများပါတယ်။ ဒါပေမဲ့ ဒီအတိုင်းပဲ စိတ်တိုင်းကျလို့ ဒီလိုပဲသွားဦးမှာပါပဲ။
Was this answer helpful?
LikeDislikeသကြားလုံးကြော်ရဲ့ ပုံတွေနဲ့ သိလာတဲ့ လိမ်နည်း ညာနည်းတွေလည်း ဖတ်ချင်ကြည့်ချင်မိပါရဲံ့ …
Was this answer helpful?
LikeDislikeလုံမရေ
ခရီးသွားနည်း နောက်တစ်နည်း ရှိသေးတယ်။
ခရီးသွား Documentary တွေကြည့်၊ သူများ ခရီးသွား ဆောင်းပါး ဓာတ်ပုံ တွေ ကြည့်ပြီး သွားတဲ့ ခရီးပေါ့။
အရီး လို ခရီးမသွားချင်သူ တွေ ရဲ့ နည်းပေါ့။
လောကမှာ မတူတဲ့ စိတ်/အကျင့် ရှိသူတွေ စုနေကြတာမို့ အပြန်အလှန် ထိန်းရင်း လုံးနေတဲ့ အပေါ်မှာ Balance ယူပြီး နေနိုင်ကြတာလေ။
ဘာသာပြန်လေးကလဲကောင်း၊ အရေးကလဲကောင်း တာမို့ ဗဟုသုတရစေတဲ့ အဖိုးတန်စာလေးပါ။
ကျေးဇူးနော်။
Was this answer helpful?
LikeDislike