နွမ်းလျော့ကာတမ်း (ပိုဒ်စံရတု)

တောက ကိုရင်January 13, 20131min882

နွမ်းလျော့ကာတမ်း (ပိုဒ်စုံရတု)

ရွက်ဟောင်းလွင့်ကြွေ၊ တောင်လေပွေ၍၊ စိတ်ထွေထုံထိုင်း၊
ဂိမှာန်တိုင်းဝယ်၊ ပျော်ဖွယ်ဝေးရုံ၊ ဝိုင်းသွယ်ခြုံထ­ား၊
တောင်ရံများဖြင့်၊ မှိုင်းလင့်လင့်သာ၊ ဆွေးဆင့်ဗျာပူ၊
ဝေးနေသူကို၊ စိတ်မူမလန်း၊ နေ့စဉ်လွမ်းအောင်၊
နွမ်းယောင်ဖွဲ့ကာ၊ တေးသံသာဖြင့်၊ ကူကာနွဲ့လျက်၊
ဥဩငှက်သည်၊ ရွက်မဲ့ရိုးတံ၊ ကိုက်ချီပျံကူး၊­
ဟိုသည်လူးလား၊ ငြိမ်မနားသို့၊ တစ်မြို့တစ်ရွာ၊­
တစ်ဌာနာဖြင့်၊ ဘယ်မှာသောင်ကမ်း၊ ဘယ်ကြငှန်းတွင်၊­
ဘယ်လျှင်ဘယ်ထို၊ပုရိပျိုအား၊ မုန်ယိုချစ်ကြိုး၊
ခိုင်ခိုင်တိုးမှာ၊ စိုးကြောက်ကာမျှော်၊ ရွှေရင်ရော်ရိ၊
အားငယ်ချိ၍၊ နွမ်းဘိနှလုံး ဆွေးတယ်ကို…။

ရက်ပြောင်းဆင့်ဗွေ၊ ဝဿန်ရေနှင့်၊ တောင်ရေစမ်းချောင်း၊
ငှက်အပေါင်းလည်း၊ မိုးနှောင်းရာသီ၊ တောကိုမှီ၍၊
စီစီညံမြွက်၊ ပျော်ပါးလျက်သို့၊ မှိုင်းမို့စိမ်းညို၊
ဝတိံခိုလင့်၊ မာလာပွင့်ပန်း၊ လှသွေးလွှမ်းခြုံ၊
တောဂုဏ်တောင်ဂုဏ်၊ စံပယ်ငုံသို့၊ မွှေးထုံသာမော၊
ဝနေတောသည်၊ ဖြေမဆည်နိုင်၊ မျက်ရည်ဖြိုင်စေ၊
ဌာနေဝေးလှမ်း၊ တစ်ဖက်ကမ်းတွင်၊­နှစ်လျှင်ရှည်ကြာ၊
ခွဲခွာသူကို၊ စိတ်ပူကိုယ်နွမ်း၊ နေ့စဉ်တမ်းဖို့၊­
ရွာသို့ယောင်ယောင်၊ ရွယ်ယောင်ယောင်နှင့်၊ တိမ်းယောင်ထွက်ပြေး၊
မိုးဖွေးဖွေးသည်၊ ဘယ်ဆီဘယ်ဝယ်၊ ပျော်ကြံရွယ်ဘိ၊­
မောင်မေ့ဘိ၍၊ ခမ်းဘိနှလုံး တွေးတယ်ကို…။

ခက်ညောင်းတင့်ပေ၊ မြူမှုန်စွေမှ၊ နှင်းဝေကျပြန်၊
သည်ဟေမာန်ကူး၊ သည်ဆောင်းဦးတွင်၊ နွေးရုံထင်သား၊
လွှမ်းခြုံပါးလျ၊နှင်းခါးညလယ်၊ ဝေသီမယ်သို့၊
ဝေးနယ်စိတ်မော၊ တွေ့လိုဇောနှင့်၊ မြင်သောအိပ်မက်၊­
ဆောင်းနှိပ်စက်စဉ်၊ ဉာဉ့်နက်တွင်လည်း၊ စက်နိုင်ဘဲသာ၊
သည်ဌာနေသို့၊ သည်မြို့သာတမ်း၊­သည်ရွာလမ်းတင့်၊­
သည်နှင်းပွင့်ကြွေ၊ သည်မြေသာစွ၊ စိတ်ဝယ်တမိ၊
တွေးထင်မိမည်၊ နွမ်းရိသန်းခေါင်၊ တုန်ခိုက်အောင်ချမ်း၊
သည်မှာတမ်းကို၊ မနောထိုသို့၊ ရောက်စေဖို့လျှင်၊
နှင်းမှုန်ဆင်ဆဲ၊လေပြေဝဲတုန်း၊ ရွှေရင်နုံးချိ၊
ဆုပန်မိ၍၊ လွမ်းဘိနှလုံး ဝေးတယ်ကို…။ ။

(မိန်နွေ၏ နွမ်းလျော့ကာတမ်း(အဖြည့်ခံရတု) ကို
ကာရန်အနည်းငယ်ညှိ၍ ပိုဒ်စုံရတုဖြစ်အောင် ဖြည့်ရေးပါသည်…။)

2 comments

  • မောင်ပေ

    January 14, 2013 at 1:27 pm

    နွမ်းလျော့ကာတမ်း
    ပမ်းပျော့လာသမ်း
    စမ်းဆော့ခါရမ်း
    မန်းမော့ကြာလမ်း
    ရမ်းတော့ဖာထမ်း

  • ရွက်ဟောင်းလွင့်ကြွေ ….. ဆွေးတယ်ကို…။
    ရက်ပြောင်းဆင့်ဗွေ ……. တွေးတယ်ကို…။
    ခက်ညောင်းတင့်ပေ …… ဝေးတယ်ကို…။

    ရေးထားတာ ကောင်းလှသဗျာ ….။
    ဒီလို ဟာတွေ မြင်တိုင်း ကျုပ်ကတော့
    သင်ခဲ့ရဖူးတဲ့ “မဲဇာတောင်ခြေ” ကို ပြေးပြေးပြီး မြင်မိတော့တာပဲ …
    အားပေး ဖတ်ရှု သွားပါတယ်ဗျို့ ………။

Leave a Reply