အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၈ ) (D-26 & 27-SALZBURG-MUNICH-LIECHTENSTEIN-LUCERNE)

Foreign ResidentJanuary 14, 201320min12325

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၁၈ )

 

( D – 26 & 27 –

SALZBURG – MUNICH –

LIECHTENSTEIN –

LUCERNE )

 

အောက်တိုဘာ ၆ ရက်နေ့ ။

 

ဒီနေ့ မနက်မှာတော့ ၊

Vienna မြို့က ထွက်ပြီး ၊

Salzburg မြို့ငယ်လေးကို ၊

ဦးတည်ခဲ့ပါတယ် ။

 

၁ဝ နာရီလောက်မှာတော့ စားသောက် အပေါ့အပါးသွားဖို့အတွက် စားသောက်ဆိုင် တစ်ခုမှာ ရပ်ပါတယ် ။

အဲဒီ စားသောက်ဆိုင် နားက ရှုခင်းတွေကတော့ တကယ့်ကို ရင်သပ်ရှုမောစရာ လှပလွန်းပါတယ် ။

စိမ်းစိုနေတဲ့ မြက်ခင်းကျယ် ၊ ရေကန်သာ ၊ ကျောက်တောင်တန်းတွေ နှင့် အေးမြလန်းဆန်းတဲ့ လေထု ။

အမြဲတမ်း အမှတ်ရနေစေမဲ့ အသက်ရှုမှားလောက်စရာ ပတ်ဝန်းကျင် နှင့်  ရှုခင်းတွေ ပါပဲကွယ် ။

အဘ မှာ အဲဒီ စားသောက်ဆိုင် မှာ ထမင်း မစားနိုင်ပဲ ၊ ရှုခင်းတွေကိုပဲ ငေးမော ဓါတ်ပုံ ရိုက်နေမိပါတော့တယ် ။

( အပြင်က ရှုခင်းဟာ အခု အဘ ဓါတ်ပုံထက် ဆယ်ဆ သာအောင် လှပါတယ်ကွယ် )

စိမ်းစိုနေတဲ့ မြက်ခင်းကျယ် ၊ ရေကန်သာ ၊ ကျောက်တောင်တန်းတွေ နှင့် အေးမြလန်းဆန်းတဲ့ လေထု ။
စိမ်းစိုနေတဲ့ မြက်ခင်းကျယ် ၊ ရေကန်သာ ၊ ကျောက်တောင်တန်းတွေ နှင့် အေးမြလန်းဆန်းတဲ့ လေထု ။
ရိုးရာ ပုံစံ အိမ်လေးတွေ နှင့် စိ်မ်းစိုနေတဲ့ လမ်းဘေး ရှုခင်းတွေဟာ အရမ်းလှတာတွေ့ရပါတယ် ။
ရိုးရာ ပုံစံ အိမ်လေးတွေ နှင့် စိ်မ်းစိုနေတဲ့ လမ်းဘေး ရှုခင်းတွေဟာ အရမ်းလှတာတွေ့ရပါတယ် ။

 

 

အဲဒီ စားသောက်ဆိုင်က ထွက်လာပြီးတော့ ၁၁ နာရီခွဲလောက်မှာ Salzburg မြို့ ကို ရောက်ပါတယ် ။

Salzburg နယ် ဟာ ရှေးယခင်ကတော့ လွတ်လပ်တဲ့ နိုင်ငံ ငယ်လေးတစ်ခုပါ ။

ဘုရင် မ အုပ်ချုပ်ပဲ မင်းသား ကသာ အုပ်ချုပ်တယ်လို့ပြောပါတယ် ။

နောက်ပိုင်းမှာတော့ ဂျာမန် ဟန်ဂေရီ ဩစတြီးယား အမျိုးမျိုးပြောင်းလဲ အုပ်ချုပ်လာခဲ့တာ ၊

ဒုတိယ ကမာ္ဘစစ်ကြီး အပြီးမှာတော့ Salzburg နယ် ဟာ Austria နိုင်ငံထဲမှာ ပါခဲ့ပါတယ် ။

 

အခု အဘတို့အဖွဲ့ Salzburg မြို့ကိုလာရခြင်း အဓိက ၂ ချက်က ၊

၁ ။ ( ဘာ အနုပညာရှင်မှန်းတော့ အဘ လည်း သေချာမသိတဲ့ ) Mozart မွေးခဲ့တဲ့ အိမ်ကိုပြဖို့ပါ ။

၂ ။ Kehlsteinhaus ( Eagle’s Nest ) ဆိုတဲ့ အပန်းဖြေ စခန်းကို သွားဖို့ပါ ။

 

ပထမဦးဆုံး Salzburg မြို့လယ်မှာ Bus Car ကိုရပ်ပြီး ၊

ဟိုးအရင် Salzburg မင်းသား နန်းစိုက်ခဲ့တဲ့ Mirabell Palace နန်းတော် နှင့်

Mirabell Garden ဥယျာဉ် ကိုသွားရောက်ကြည့်ရှုကြပါတယ် ။

 

အဲဒါပြီးတော့ Salzburg မြို့လယ်ကို ဖြတ်စီးနေတဲ့ ချောင်းလေးကို လူကူးတံတားလေးကနေ ဖြတ်ကျော်ပြီး ၊

( အဲဒီ တံတားပေါ်မှာတော့ ချစ်သူတွေ မ ကွဲရအောင် ခတ်ထားတဲ့ သော့ခလောက်တွေ အပြည့်နှင့်ပါ )

မိုးဇတ် ကိုမွေးခဲ့တဲ့ အဝါရောင် ၅ ထပ် အိမ်ကြီးကို သွားကြည့်ကြပါတယ် ။

အဲဒီ အိမ်ကြီးရဲ့ အနောက်ဖက်မှာတော့ ပျံကျ ဈေးသယ်တွေ စည်ကားလှတဲ့ ကွင်းကြီးပါ ။

Salzburg မင်းသား နန်းစိုက်ခဲ့တဲ့ Mirabell Palace နန်းတော် နှင့် Mirabell Garden ဥယျာဉ်
Salzburg မင်းသား နန်းစိုက်ခဲ့တဲ့ Mirabell Palace နန်းတော် နှင့် Mirabell Garden ဥယျာဉ်
Salzburg မြို့လယ်ကို ဖြတ်စီးနေတဲ့ ချောင်းလေးကို လူကူးတံတားလေးကနေ ဖြတ်ကျော်ပြီး
Salzburg မြို့လယ်ကို ဖြတ်စီးနေတဲ့ ချောင်းလေးကို လူကူးတံတားလေးကနေ ဖြတ်ကျော်ပြီး
မိုးဇတ် ကိုမွေးခဲ့တဲ့ အဝါရောင် ၅ ထပ် အိမ်ကြီး ။
မိုးဇတ် ကိုမွေးခဲ့တဲ့ အဝါရောင် ၅ ထပ် အိမ်ကြီး ။
Salzburg မြို့ထဲက ပျံကျ လမ်းဘေး ဈေးသယ်တွေ ။
Salzburg မြို့ထဲက ပျံကျ လမ်းဘေး ဈေးသယ်တွေ ။

 

 

 

 

အဲဒီ ကွင်းကြီးကို ကျော်ပြီးတဲ့ အခါမှာတော့ ၊

Residenzplatz နှင့် Mozartplatz ဆိုတဲ့ ကပ်ရက် ရင်ပြင်နှစ်ခုကို ရောက်ပါတယ် ။

Residenzplatz ရင်ပြင် မှာတော့ Residenz Fountain ရေပန်း နှင့် Salzburg Cathedral ရှိပါတယ် ။

Mozartplatz ရင်ပြင် အလယ် မှာတော့ Mozart Monument မိုးဇတ် အထိမ်းအမှတ် ရုပ်ထု ရှိပါတယ် ။

ရင်ပြင်တွေကနေ Hohensalzburg Castle ရဲတိုက်ကို လှမ်းမြင်နေရပါတယ် ။

 

အဲဒီ ရင်ပြင် နှစ်ခုမှာ ခဏနား ဖို့ ကိုယ်ပိုင် အချိန်ရတာနှင့် နေ့လည်စာအတွက် ၊

ခုနက ပျံကျ ဈေးကိုပဲပြန်သွားပြီး Hamberger ပဲ ဝယ်စားလိုက်ပါတယ် ။

Hamberger တစ်လုံးကို 5 Euro ကျပါတယ် ။ ဈေး မနည်း မများ ပါပဲ ။

Residenzplatz ရင်ပြင် ၊ Residenz Fountain ရေပန်း နှင့် နောက်ခံ Salzburg Cathedral ။
Residenzplatz ရင်ပြင် ၊ Residenz Fountain ရေပန်း နှင့် နောက်ခံ Salzburg Cathedral ။
Mozartplatz ရင်ပြင် အလယ် မှာတော့ Mozart Monument မိုးဇတ် အထိမ်းအမှတ် ရုပ်ထု ရှိပါတယ် ။
Mozartplatz ရင်ပြင် အလယ် မှာတော့ Mozart Monument မိုးဇတ် အထိမ်းအမှတ် ရုပ်ထု ရှိပါတယ် ။
ရင်ပြင်မှာ မိုးဇတ် တေးသွားတွေ တီးပြပြီး ၊ အလှူခံနေသူ ။
ရင်ပြင်မှာ မိုးဇတ် တေးသွားတွေ တီးပြပြီး ၊ အလှူခံနေသူ ။
ရင်ပြင်တွေကနေ Hohensalzburg Castle ရဲတိုက်ကို လှမ်းမြင်နေရပါတယ် ။
ရင်ပြင်တွေကနေ Hohensalzburg Castle ရဲတိုက်ကို လှမ်းမြင်နေရပါတယ် ။

 

 

 

 

နေ့လည်စာစားပြီးတဲ့ အခါမှာတော့ Salzburg မြို့ကနေ ၊

Kehlsteinhaus ( Eagle’s Nest ) အပန်းဖြေ စခန်းကို ထွက်လာခဲ့ပါတယ် ။

 

အဲဒီ အပန်းဖြေ စခန်းဟာ ဩစတြီးယား နှင့် ဂျာမဏီ နယ်စပ် Kehlstein တောင်ပေါ်မှာတည်ရှိပြီး ၊

အဘတို့ Tour Bus တွေဟာ တောင်ခြေ ကားရပ်စခန်းမှာပဲ ရပ်ရပြီး ၊

တောင်ပေါ်ကို အဲဒီ စခန်းက သီးသန့် Bus ကား နှင့် ၄ စီး စုတက်ရပါတယ် ။

အန္တရာယ်များတဲ့ အတွက် တောင်ပေါ်ကို တခြားကားတွေ တက်ခွင့် မပြုပါဘူး ။

 

နာရီဝက်လောက် Bus ကား စီးရပြီး ၊

မြူခိုးတွေ ၊ စိမ်းစို အုပ်မှောင်နေတဲ့ သစ်တောတွေ ၊

ရေတံခွန်တွေ ၊ ကျောက်တောင်တွေ နှင့် ၊

ရှုခင်းတွေကတော့ တအားလှပါတယ် ။

 

တောင်ပေါ် တစ်နေရာမှာ သီးသန့် Bus ကား ရပ်သွားပြီး ၊

တောင်ထဲကို တူးဖေါက်ထားတဲ့ လိုဏ်ခေါင်းအတိုင်း ၁ဝ မိနစ်လောက် လျှောက်ရပါတယ် ။

လိုဏ်ခေါင်း အဆုံးမှာ လူ ၆ဝ စီး ဓါတ်လှေကား အကြီးကြီး ရှိပြီး ၊

အဲဒီ ဓါတ်လှေကား နှင့် ပေ ၄၀ဝ ကျော် ထပ်တက်ပြီးမှ ၊

Eagle’s Nest အပန်းဖြေ စခန်းကို ရောက်ပါတယ် ။

 

Eagle’s Nest အပန်းဖြေ စခန်းဟာ ဟစ်တလာရဲ့ လူယုံတော် ၊ နာဇီပါတီ ခေါင်းဆောင် မာတင် ဘိုးမန်း က ၊

ဟစ်တလာ ရဲ့ နှစ် ၅ဝ မြောက် မွေးနေ့ အတွက် လက်ဆောင်ပေးတာပါ ။

အကောင်းဆုံး ၊ အသာယာဆုံး နေရာကို စိတ်ကြိုက် ရွေးဆောက်ထားတာဆိုတော့ ၊

အကောင်းဆုံး မာဘယ် ကျောက်တွေနှင့် ၊ အလှဆုံး ရှုခင်းတွေ ရှိနေတာ ပြောစရာ မလိုတော့ပါဘူး ။

Eagle's Nest အပန်းဖြေ စခန်းကို အတက်လမ်းမှာ ။
Eagle’s Nest အပန်းဖြေ စခန်းကို အတက်လမ်းမှာ ။
Alps တောင်တန်းတွေ နောက်ခံ နှင့် Eagle's Nest အပန်းဖြေ စခန်း ။
Alps တောင်တန်းတွေ နောက်ခံ နှင့် Eagle’s Nest အပန်းဖြေ စခန်း ။

 

 

အဲဒီ အပန်းဖြေ စခန်း မှာ တစ်နာရီလောက်နေခဲ့ပြီးတော့ ၊

အဘ တို့ ဂျာမဏီ နိုင်ငံ မြူးနစ်မြို့ကို ထွက်လာခဲ့ပါတယ် ။

ဂျာမဏီ နိုင်ငံ ရဲ့ Autobahn ဆိုတဲ့ အဝေးပြေး လမ်းမကြီးတွေဟာ ၊

တစ်ခေတ် တစ်ခါ ကတော့ ကမာ္ဘကျော်ပါပဲ ။

အခုအချိန်မှာတော့ တခြားနိုင်ငံတွေကလည်း အတုယူဆောက်နေကြလို့ သိပ် မထူးခြားတော့ပါဘူး ။

 

မြူးနစ်မြို့ အဝင်မှာ Traffic အရမ်း ကျပ်တာနှင့်ကြုံလို့ မြူးနစ်ကို ည ရ နာရီမှ ရောက်ပါတယ် ။

မြူးနစ်မြို့လယ် City Hall မြို့တော်ခန်းမ ရှိတဲ့ Marienplatz ရင်ပြင် ပါတ်ဝန်းကျင်ကို လှည့်ပါတ်ကြည့်ကြပါတယ် ။

ည ၈ နာရီလောက် ဆိုတော့ ရှုခင်း ဓါတ်ပုံတွေက သိပ် မကောင်းတော့ပါဘူး ။

 

အဲဒီနေ့ အောက်တိုဘာ ၆ ရက်နေ့ စနေနေ့မှာ ဘောလုံးပွဲ ရှိပြီး ၊

မြူးနစ်မြို့ခံ Bayern Munich ဘောလုံးအသင်းက တစ်ဘက်အသင်းကို 2:0 နှင့် နိုင်တဲ့အတွက် ၊

မြူးနစ်မြို့သားတွေ အောင်ပွဲခံ အပျော်ကျူးနေကြတာ တွေ့ခဲ့ရပါတယ် ။

ဘယ်လောက်အထိတောင် မူးယစ် ပျော်မြူးနေကြသလဲဆို ၊

အဘ ဘာသာ အဘ ရှုခင်းတွေ ဓါတ်ပုံရိုက်နေတာကို နှုတ်လာဆက်ပြီး ၊

သူတို့ကိုပါ ဓါတ်ပုံရိုက်သွားဖို့ ပြောတာနှင့် သူတို့ကိုပါ ရိုက်ပေးလိုက်ရပါတယ် ။

 

မြူးနစ်မြို့နှင့် ပါတ်သက်ပြီး သတိပြုမိတာ တစ်ခုကတော့ ၊

မြူးနစ်မြို့ဟာ ဖက်ရှင် မှာလည်း ရှေ့တန်းရောက်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး ၊

အခု လက်ရှိမှာ မြူးနစ်မြို့မှာ ရှေးဟောင်း Gothic Style ( လို့ ထင်ရတဲ့ ) အဝတ်အစားတွေ ခေတ်စားနေပါတယ် ။

သူသူ ကိုယ်ကိုယ် အဲဒီစတိုင်အတိုင်း ဝတ်စားသွားလာနေတာ မြင်ရပါတယ် ။

အဘတို့ အဖွဲ့ထဲက Caucasian ဩဇီ အမေရိကန်တွေကပါ အံဩနေကြပြီး ၊

အဘ တို့ သူတို့ကို ခွင့်တောင်းပြီးကို ဓါတ်ပုံ ရိုက်လာခဲ့ပါတယ် ။

မြူးနစ်မြို့က Bayern Munich ဘောလုံးအသင်း နိုင်တဲ့အတွက် အောင်ပွဲခံ အပျော်ကျူးနေကြတာ ။
မြူးနစ်မြို့က Bayern Munich ဘောလုံးအသင်း နိုင်တဲ့အတွက် အောင်ပွဲခံ အပျော်ကျူးနေကြတာ ။
လက်ရှိမှာ မြူးနစ်မြို့မှာ ရှေးဟောင်း Gothic Style ( လို့ ထင်ရတဲ့ ) အဝတ်အစားတွေ ခေတ်စားနေပါတယ် ။
လက်ရှိမှာ မြူးနစ်မြို့မှာ ရှေးဟောင်း Gothic Style ( လို့ ထင်ရတဲ့ ) အဝတ်အစားတွေ ခေတ်စားနေပါတယ် ။
မြူးနစ်မြို့မှာ သူသူ ကိုယ်ကိုယ် အဲဒီစတိုင်အတိုင်း ဝတ်စားသွားလာနေတာ မြင်ရပါတယ် ။
မြူးနစ်မြို့မှာ သူသူ ကိုယ်ကိုယ် အဲဒီစတိုင်အတိုင်း ဝတ်စားသွားလာနေတာ မြင်ရပါတယ် ။

 

 

 

 

အဲဒါပြီးတဲ့ အခါမှာတော့ အဘ တို့ ဒီည တည်းရမယ့်

Hilton Munich Park Hotel ကို ပြန် အနားယူကြပါတော့တယ် ။

ညစာ ကိုလည်း Hilton Munich Park Hotel ထဲမှာပဲ စားလိုက်ကြတယ် ။

 

ပြောရအုံးမယ် အဲဒီ Hilton Munich Park Hotel ကြီးက အတွင်းပိုင်းမှာ တော်တော်လှတယ် သိလား ။

သူ့ဓါတ်လှေခါးတွေကလည်း အခန်းသော့ Smart Key Card ကို မထည့်ရင် အပေါ်မတက်ဘူးကွယ့် ။

ဧည့်သည် နှင့် ဝန်ထမ်း မဟုတ်တဲ့သူတွေ ဟော်တယ် အခန်းပေါ်ကို တက်လို့ မရဘူးပေါ့ ။

၁၂ ထပ်မှာ တည်းတဲ့ ဧည့်သည် ရဲ့ Smart Key Card ကလည်း ၁၂ ထပ် အထိပဲ တက်လို့ရတယ် ၊

၁၃ ထပ်ကို တက်ချင်ရင် တက်လို့ မရဘူး ။ အဲလိုပဲ ၊

မြောက်ဘက် Wing မှာတည်းတဲ့ဧည့်သည်ဟာ မြောက်ဘက် Wing ကဓါတ်လှေခါးတွေကိုပဲ သုံးလို့ရတယ် ၊

တောင်ဘက် Wing က ဓါတ်လှေခါးတွေ ကို သုံးလို့ မရဘူး ။ 

လုံခြုံရေးအတွက် တော်တော်ကောင်းတဲ့ Total Computer Control စံနစ်ကြီးပါ ။

အဘ ဩဇီက Condo တွေမှာ အဲလို စံနစ် တပ်ထားတာ မြင်ဘူးတယ် ။

ဟဲ ဟဲ ၊ မီးပျက် ၊ ကွန်ပျူတာပျက်လို့ကတော့ ၊ တကယ့် သောက်ဂွ ပဲ ။

 

အောက်တိုဘာ ရ ရက်နေ့ ။

 

ဒီ Hilton Munich Park Hotel မှာ နောက်ထပ် ထူးဆန်းတာတစ်ခုတွေ့ခဲ့ပါတယ် ။

အဲဒါကတော့ ဟော်တယ် အံဆွဲတွေထဲမှာ အရင်က ခရစ်ယာန် Bible တွေပဲ ထားပေးထားတာ တွေ့နေရာကနေ ၊

ဒီ ဟော်တယ် မှာတော့ ဗုဒ္ဓဘာသာ စာအုပ် ” The Teaching Of Buddha ” ကို ထားပေးထားတာ တွေ့ရတာပါ ။

တကယ့်ကို ရှားရှားပါးပါး တွေ့ရတာပါပဲ ၊ အံဩ ဝမ်းမြောက်မိရပါတယ် ။

 

အဲလို ဘုရားစာအုပ်တွေကို ထားပေးတာဟာ ဧည့်သည်တွေ စိတ်ကို ငြိမ်းချမ်းစေဖို့လို့ ထင်ပါတယ် ။

အဲဒီတော့ ခရစ်ယာန် ဘာသာဝင်တွေဟာ သူတို့ ခရစ်ယာန် ဘာသာပြီးရင် ၊

အဘ တို့ရဲ့ ဗုဒ္ဓဘာသာ ကို စိတ်ကို ငြိမ်းချမ်းစေတဲ့ ဘာသာအနေနှင့် အသိအမှတ် ပြုထားတယ်လို့ ခံစားမိပါတယ် ။

 

ကဲ ၊ ရွာသူားတွေရေ ၊ Conservative ဆန်ဆန် အကြံ ပေးရရင်တော့ ၊ မြန်မာ ဗုဒ္ဓဘာသာတွေက ၊

ဟန်းဖုန်း ဆိုရင် HTC ကို သုံးပြီး ၊ ဟော်တယ်ဆိုရင် Hilton မှာ တည်းသင့်နေပြီနော် ။ နောက်ထှာ ။

ဒီ ဟော်တယ် မှာတော့ ဗုဒ္ဓဘာသာ စာအုပ် The Teaching Of Buddha ကို ထားပေးထားပါတယ် ။
ဒီ ဟော်တယ် မှာတော့ ဗုဒ္ဓဘာသာ စာအုပ် The Teaching Of Buddha ကို ထားပေးထားပါတယ် ။
Munich မြို့မှာ မိုးတွေရွာနေတဲ့အတွက် ၊ Munich Olympic Stadium ကို အပြင်ကနေပဲ ကြည့်လိုက်ပါတော့တယ် ။
Munich မြို့မှာ မိုးတွေရွာနေတဲ့အတွက် ၊ Munich Olympic Stadium ကို အပြင်ကနေပဲ ကြည့်လိုက်ပါတော့တယ် ။

 

 

ဒီနေ့ မနက်မှာတော့ Munich မြို့က နေ Liechtenstein နိုင်ငံ နှင့် Switzerland နိုင်ငံ Lucerne မြို့တွေကိုသွားမှာပါ ။

Munich မြို့မှာ မိုးတွေရွာနေတဲ့အတွက် ၊ Munich Olympic Stadium ကို အပြင်ကနေပဲ ကြည့်လိုက်ပါတော့တယ် ။

 

ပထမဦးဆုံး Liechtenstein နိုင်ငံ /  မြို့ကို သွားပါတယ် ။

Liechtenstein နိုင်ငံ ဟာ ဆွစ်ဇာလန် နိုင်ငံ ရဲ့ အလယ် တည့်တည့်လောက်မှာရှိပြီး ၊

နိုင်ငံ ရဲ့ အကျယ် ၆၁ စတုရန်း မိုင်ပဲရှိပြီး ၊ လူဦးရေ ၃၆,၀၀ဝ ပဲရှိပါတယ် ။

မင်းသား က အုပ်ချုပ်ပြီး ၊ တရားဝင် ရုံးသုံး ဘာသာစကား ၄ မျိုး ရှိပါတယ် ။

 

တော်တော် တန်တန် လူ မသိ ပဲ ၊ ရောက်ခဲလှတဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ် ။

အဘ မလဲ ဒီ European Union အတွက် Schengen Visa ကြီးယူလာပြီးမှ ၊

ဥရောပ European Union ထဲက ဘယ်နိုင်ငံကမှ အဘ Passport ကို မစစ်တဲ့ အတွက် ၊

အဘ ယူခဲ့တဲ့ Schengen Visa ကြီးက အလကားဖြစ်နေပါတယ် ။

အဘ Passport ထဲမှာ အဘ ဥရောပ EU ကို ရောက်ခဲ့ကြောင်း အထောက်အထားတုံး တစ်တုံး မှ မရှိဖြစ်နေပါတယ် ။

 

အဲဒါနှင့်ပဲ ၊ ဒီအတိုင်း ဥရောပ EU ရောက်ခဲ့ကြောင်း အထောက်အထားတုံး မရှိရင်တော့ မဖြစ်ချေဘူး ဆိုပြီး ၊

Liechtenstein Tourist Office ကိုသွား ၊ Euro ၄ ကျပ်လောက်ပေးပြီး ၊ အဘ Passport မှာ တုံးထုခဲ့ရပါတယ် ။

ဟဲ ဟဲ ၊ အခုမှပဲ ကျေနပ်သွားတော့တယ် ၊ ငါ ဥရောပ ရောက်ခဲ့တယ်ပေါ့ ။

 

ပြီးတော့မှသာ Liechtenstein မြို့ထဲကို လျှောက်လှည့်ကြည့်ပါတယ် ။

လမ်းဘေး ပလက်ဖေါင်းတွေပေါ်မှာတော့ သူတို့ဆီက တံဆိပ်ခေါင်းလေးတွေကို

ကျောက်ပန်းချီ လုပ် အလှဆင်ထားတာ တွေ့ရပါတယ် ။

ပန်းခြံထဲမှာတော့ သစ်ပင်တွေရဲ့ အရွက်တွေ လိမ္မော်ရောင်သန်းနေပြီး ၊

အရွက်တွေ စပြီး ကြွေနေတဲ့ အချိန် ရောက်နေ ၊ တစ်မျိုး လှနေ တာကို တွေ့ရပါတယ် ။

 

Liechtenstein မြို့ထဲမှာ ၂ နာရီလောက် အချိန်ကုန်ပြီးတဲ့ အခါမှာတော့ ၊

Switzerland နိုင်ငံ Lucerne မြို့ကို ဆက်ထွက်လာခဲ့ပါတယ် ။

ရိုးရာ ပုံစံ အိမ်လေးတွေ နှင့် စိ်မ်းစိုနေတဲ့ လမ်းဘေး ရှုခင်းတွေဟာ အရမ်းလှတာတွေ့ရပါတယ် ။

Liechtenstein Tourist Office ကိုသွား ၊ Euro ၄ ကျပ်လောက်ပေးပြီး ၊ အဘ Passport မှာ တုံးထုခဲ့ရပါတယ် ။
Liechtenstein Tourist Office ကိုသွား ၊ Euro ၄ ကျပ်လောက်ပေးပြီး ၊ အဘ Passport မှာ တုံးထုခဲ့ရပါတယ် ။
လမ်းဘေး ပလက်ဖေါင်းပေါ်က Liechtenstein မြေပုံ နှင့်  ကျောက်ပန်းချီ တံဆိပ်ခေါင်း ။
လမ်းဘေး ပလက်ဖေါင်းပေါ်က Liechtenstein မြေပုံ နှင့် ကျောက်ပန်းချီ တံဆိပ်ခေါင်း ။
Liechtenstein မြို့လည် ရှုခင်း ။
Liechtenstein မြို့လည် ရှုခင်း ။
သစ်ရွက်တွေ လိမ္မော်ရောင်သန်းနေပါပြီ ၊ သစ်ရွက်တွေ စကြွေနေပါပြီ ။
သစ်ရွက်တွေ လိမ္မော်ရောင်သန်းနေပါပြီ ၊ သစ်ရွက်တွေ စကြွေနေပါပြီ ။

 

 

 

 

ညနေ ၃ နာရီလောက်မှာ Switzerland နိုင်ငံ Lucerne မြို့ကို ရောက်ပါတယ် ၊

ဟော်တယ်ကို မသွားသေးပဲ Lion Monument ( the Lion of Lucerne ) ကို အရင်သွားကြပါတယ် ။

Lion Monument အကြောင်းကို အဘတို့ရဲ့ Tour Director ကြီး ပီတာက သေချာရှင်းပြပါတယ် ။

 

၁၇၈၉ ခုနှစ်မှာ ဗာဆေး နန်းတော်ကို  ပြင်သစ်တော်လှန်ရေးသမားတွေက သိမ်းလိုက်ပါတယ် ။

ပြင်သစ်ဘုရင် လူဝီ ၁၆ ဟာ အာဏာ မရှိတော့ပါဘူး ၊ နာမည်ခံပဲ ကျန်တော့တာပါ ။

ပြင်သစ်ဘုရင် လူဝီ ၁၆ ဟာ တျူလာရီ နန်းတော်ကို ပြောင်းရွှေ့ပေးခဲ့ရပါတယ် ။

၁၇၉၂ ခုနှစ်မှာ ပြင်သစ်တော်လှန်ရေးသမားတွေက ပြင်သစ်ဘုရင် လူဝီ ၁၆ ကို အပြီးတိုင် ဖမ်းဆီးပါတယ် ။

( ဖမ်းဆီးပြီးတော့ လူဝီ ၁၆ ကို ခေါင်းဖြတ်စက် ဂီလိုတိန်း နှင့် ကွပ်မြက်ခဲ့ပါတယ် )

 

အဲဒီအချိန်မှာ လူဝီ ၁၆ ငှားရမ်းထားတဲ့ ဆွစ်ဇာလန် ကြေးစား တပ်ရင်းက ၊

ပြင်သစ်တော်လှန်ရေးသမားတွေကို ထွက်မပြေးပဲ ပြင်းပြင်းထန်ထန် အသက်စွန့် ခုခံခဲ့ပါတယ် ။

အဲဒီ တိုက်ပွဲမှာ ဆွစ်ဇာလန် ကြေးစားစစ်သား စုစုပေါင်း ၇၆ဝ လောက် ကျဆုံးခဲ့ပါတယ် ။

 

မိမိ ရယူထားတဲ့ ငွေကြေးအပေါ် သစ္စာရှိစွာ ၊ Professional ပီသစွာ နှင့် အသက်စွန့် တိုက်ခိုက်ခဲ့တဲ့ ၊

ကျဆုံးခဲ့တဲ့ ၊ သစ္စာရှိလှတဲ့ ဆွစ်ဇာလန် ကြေးစား စစ်သားတွေကို ဂုဏ်ပြုတဲ့အနေနှင့် ၊

ဒီ Lion Monument ( the Lion of Lucerne ) ကို တည်ဆောက်ထားတာပါ ။

 

Lion Monument ဟာ ဒါဏ်ရာရပြီး သေလုဆဲဆဲ ခြင်္သေကြီး မိန်းမောနေပုံပါ ။

ကျောပြင်မှာတော့ စူးဝင်နေတဲ့ လှံကျိုး တစ်ချောင်းနှင့် ။

ခြင်္သေ့ကြီးရဲ့ ရှေ့လက်အောက်မှာတော့ သူ သစ္စာရှိစွာနှင့် အသက်ပေး ကာကွယ်ခဲ့ပေမယ့် ၊

နန်းကျ နန်းဆက်ပြတ်သွားပြီဖြစ်တဲ့ ပြင်သစ် ဘုရင် ရဲ့ တံဆိပ်ပါတဲ့ လဲနေတဲ့ဒိုင်း တစ်ခု နှင့် ၊

ဘေးမှာတော့ အဖ ဆွစ်နိုင်ငံ ရဲ့ တံဆိပ်ပါတဲ့ ထောင်နေသေးတဲ့ ဒိုင်း တစ်ခု ။

 

Lion Monument ဟာ ကျောက်တောင်ကြီးရဲ့ နံရံကို ထွင်းပြီးထုလုပ်ထားတာပါ ။

ဘေးနား ကပ်လျက်မှာလဲ ရေကန်စိမ်းလေးနှင့် ( တမင်တူးထားတာလို့ ထင်ပါတယ် )

သူ့ရဲ့ story လေးကို ကြိုသိထားသူတွေ အတွက် ၊

အလွန် ကြေကွဲစရာ ၊ ဂုဏ်ယူစရာ အနုပညာ လက်ရာလေး ပါပဲ ။

သစ္စာရှိလှတဲ့ ဆွစ်ဇာလန် ကြေးစား စစ်သားတွေကို ဂုဏ်ပြုထားတဲ့ Lion Monument ။
သစ္စာရှိလှတဲ့ ဆွစ်ဇာလန် ကြေးစား စစ်သားတွေကို ဂုဏ်ပြုထားတဲ့ Lion Monument ။

 

အဲဒီ Lion Monument ပြီးတဲ့ အခါမှာတော့ အဘတို့ ဒီည တည်းမယ့် Grand Europe Hotel ကိုသွားပါတယ် ။

ပစ္စည်းတွေချ ခေတ္တ အနားယူပြီးတဲ့ အခါမှာတော့ အဘ တို့ ညစာစားမယ့် Restaurent ကိုသွားပါတယ် ။

အဲဒီ ညစာစားပွဲ ဟာ Optional Excursion ဖြစ်ပြီး တစ်ယောက်ကို ၉၈ France တောင် ပေးရပါတယ် ။

 

အဘ တို့ကို အဲဒီမှာ ဆွစ်ဇာလန် ရိုးရာ အစားအသောက် တွေ ကျွေး ၊

ဆွစ်ဇာလန် ရိုးရာ တူရိယာ အမျိုးမျိုးကို တီးမှုတ်ပြပြီး ၊

ဆွစ်ဇာလန် ရိုးရာ အက ၊ သီချင်း ၊ ပြိုင်ပွဲ အမျိုးမျိုး နှင့် ဖျော်ဖြေပါတယ် ။

 

ဆွစ်ဇာလန် ရိုးရာ အစားအသောက် တစ်မျိုး Swiss cheese fondue ဆိုတာက ၊

Cheese နှင့် အရက်ရောထားတာကို အိုးလေးထဲမှာ ဆူအောင်ပြုတ်ပြီး ၊

ပေါင်မုန့် အမာစားလေးနှင့် တို့စားရတာပါ ။

 

ခက်တာက ၊ သူတို့ ရိုးရာက အဲဒီ ပေါင်မုန့်တုံးလေး ပြုတ်ကျသွားရင် ၊

ကိုယ့်ရဲ့ ဘယ်ဖက် အနီးဆုံးကသူကို Kiss ပေးရတဲ့ ထုံးစံ ရှိတယ်တဲ့ ။

အဖွဲ့ထဲ ရှာကြည့်တော့လည်း ခပ်ချောချောတွေက မရှိတာနှင့် ။

အပြန်ပြန် အလှန်လှန် စဉ်းစား သုံးသပ်ပြီးတဲ့ အခါမှာတော့ ၊

ဟဲ ဟဲ ၊ Conservative အဘဖေါ လဲ ၊ အဘ မဟေသီရဲ့ ဘယ်ဖက်ကိုပဲ ဝင်ထိုင်လိုက်ပါတော့တယ် ။

အဘ ရဲ့ ဘယ်ဖက်ကိုကြည့်လိုက်တော့ အမေရိကန် အဖိုးကြီး ဖြစ်နေတယ် ။

အဲဒါနှင့်ပဲ အဘ လဲ ပေါင်မုန့်တုံးလေးတွေ ပြုတ်မကျအောင် ဂရုစိုက်ပြီး စားနေလိုက်တာပဲ ။

 

ဆွစ်ဇာလန် ရိုးရာ သီချင်း တွေထဲက ၊

yodelling ဆိုတာက အိုးဟိုး အိုးဟိုး အိုးဟိုး ဆိုပြီး အသံဆွဲဆိုတဲ့ သီချင်းမျိုးလေ ။

 

ဆွစ်ဇာလန် ရိုးရာ အက တွေကတော့ မျိုးကိုစုံနေတာပဲ ၊

အလံ အက ၊ တံမြက်စီး အက ၊ နွားရုပ် အက စသဖြင့် ပါပဲ ။

 

ဆွစ်ဇာလန် ရိုးရာ တူရိယာ ထဲက Alpine horn ခရာ ဆိုတာကြီး ကတော့

တော်တော်ကြီးပြီး အသံတော်တော် အောင်တာတွေ့ရပါတယ် ။

 

ဆွစ်ဇာလန် ရိုးရာ ပြိုင်ပွဲ ။ ဟဲ ဟဲ ၊ ဒီတစ်ခါတော့ အဘ နပ်သွားပြီ ။

ပြိုင်ပွဲ ဆိုတဲ့ အသံကြားတာနှင့် ခေါင်းကို အောက်ငုံ့ပြီး ကင်မရာ ဗျူးဖိုင်ဒါထဲ ၊

ဟိုကြည့် ဒီကြည့် နှင့် အလုပ်ရှုပ်ချင်ယောင် ဆောင်နေလိုက်တယ် ၊ ဟဲ ဟဲ ။

ပြိုင်ပွဲ တွေကတော့ ဘီယာ အသောက် ပြိုင်ပွဲ ၊ Yodelling အဆို ပြိုင်ပွဲ ၊

Alpine horn ခရာ အမှုတ် ပြိုင်ပွဲ ၊ အက ပြိုင်ပွဲ ၄ / ၅ မျိုး စသဖြင့် စုံလို့ပါပဲ ။

 

အဖြူတွေများ အက ကြိုက်သလား မမေးနှင့် ၊

အဘတို့ရဲ့ Tour Director ပီတာကြီးက မနက်ဖြန် တောင်ပေါ်တက်ရမှာမို့လို့ ဆိုပြီး ၊

ပွဲကို အတင်းရပ်ဖို့ပြောရတယ် ။ ဒါတောင် ပြန်တော့ ၁ဝ နာရီ ထိုးနေပြီ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

ဆွစ်ဇာလန် နောက်နေ့ မှာတော့ ၊ အဘ ရဲ့ ခရီးစဉ် တစ်လျှောက်လုံးမှာ အလှဆုံး ရှုခင်းတွေ နှင့် ၊

ပျော်စရာအကောင်းဆုံး အခိုက်အတန့်တွေ ကြုံခဲ့ရတယ်ဆိုတာ ကြိုပြီး ကြော်ငြာဝင်ထားပါတယ် ။

 

ဆွစ်ဇာလန် ရိုးရာ တူရိယာ ထဲက Alpine horn ခရာ ဆိုတာကြီး မှုတ်ပြနေတာ ။
ဆွစ်ဇာလန် ရိုးရာ တူရိယာ ထဲက Alpine horn ခရာ ဆိုတာကြီး မှုတ်ပြနေတာ ။
အဘတို့ အဖွဲ့ထဲက အဖြူတွေပါ ဝင်က နေကြတယ်လေ ။
အဘတို့ အဖွဲ့ထဲက အဖြူတွေပါ ဝင်က နေကြတယ်လေ ။

 

25 comments

  • Tin Tin

    January 14, 2013 at 10:40 am

    အဘဖေါရဲ့ တောလားပို့စ် တွေကိုအမြဲစောင့်ပြီးအားပေးနေပါတယ်ရှင်..ကိုယ် ကိုယ်တိုင်မရောက်ဖူးပေမဲ့ အဘရဲ့စေတနာအပြည့်နဲ့ရေးထားတာတွေကို ဖတ်ပြီးကိုယ်တိုင်ရောက်ရသလိုပါဘဲ ….
    တနေရာချင်းစီရဲ့ လှပတဲ့ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ နေရာဒေသ၊ သမိုင်းအကျဉ်းလေးတွေကိုပါ ပြောပြပေးထားတာ ဗဟုသုတတွေအများကြီးရပါတယ်ရှင်… ကျေးဇူးလည်းတင်ပါတယ်ရှင်

  • ဦးကြောင်ကြီး

    January 14, 2013 at 10:47 am

    ရွာသူ မိုးစက်က ဩစထွီးယားသူဂိုး…. ဂျာမန်သွေးလည်း စပ်ချင်စပ်မှာဗျ။ ခြစ်ချင်တယ်ကွယ်၊ ဒင်းကလည်း နံပတ်ချိတ်ထား ပြီးပီဆိုတော့… နေပေါ့ကွာ လွတ်နေတဲ့ရွာသူတွေ (နံပါတ်မချိတ်ရသေးတာကိုပြောဒါ) အများဂျီးမှ အများဂျီး.. ရမှ အားလုံးကို ရှေ့နောက် တန်းစီခိုင်းပြီး သူတို့ထမ်းပိုးတဲ့ ဝေါယာဉ်ပေါ်ကနေ မိုးစက်တို့စုံတွဲကို လှောင်ပြုံးပြုံးပြမယ်….. :harr:

    • Foreign Resident

      January 15, 2013 at 8:01 am

      ဓါတ်ပုံထဲက မြူးနစ် သူလေးကို ၊
      ပြောင်းကြိုက်လိုက်ပါလား ၊ ဦးကြောင် ။

  • ဗုံဗုံ

    January 14, 2013 at 11:10 am

    အဘဖောရယ် သူတို့ဆီက လမ်းဘေး ပျံကျ ဈေးသည်တွေက မိုက်လှချည်လား (ဒါနဲ့ အဘဖောက ဘာလို့ အကျီကို ခါးမှာစည်းထားတာလဲ ဗိုက်ပူတာ လူသိမှာစိုးလို့လား :mrgreen: )

    • Foreign Resident

      January 15, 2013 at 7:22 am

      ဗုံဗုံ ရေ ။
      အဘမှာ အဲဒီ တထည်ထဲ ပါတာလေ ။
      အဲဒါပဲ အပေါ်ဝတ် အင်္ကျီ ၊
      အဲဒါပဲ အနွေးထည် ၊
      အဲဒါပဲ မိုးကာ လေ ။

      အေးရင် ၊ မိုးရွာရင် ဝတ်ထားမယ် ။
      ပူရင် ခါးစည်း လိုက်တယ် ။
      ဘောင်းဘီ အိတ်ထဲက ပိုက်ဆံအိတ် ကိုလည်း ၊
      ထပ် ကာပြီးသား ဖြစ်သွားတာပေါ့ ။

  • mamanoyar

    January 14, 2013 at 11:23 am

    အဘဖော ကျေးဇူးပါနော်
    မရောက်ဖူးတဲ့နေရာက ဓါတ်ပုံတွေကိုကြည့်လိုက်ရတာ
    ကိုယ်တကယ်ရောက်သွားသလိုခံစားရတယ်
    ရှူခင်းတွေအရမ်းလှတာပဲ
    သွားချင်လိုက်တာ

  • မောင်ပေ

    January 14, 2013 at 1:57 pm

    သ သူဌေးကြီး သင်္ဘောစီး
    ဖ ဦးဖောကြီး ဥရောပခရီး
    ဘ သူဘောမပြီး
    ပ သူပြောပြပြီး
    သ လူသဘောကျပြီး
    က ကွန်မင့်ပြီး

    • Foreign Resident

      January 15, 2013 at 7:24 am

      အဘ ရဲ့ တောလားတွေ အကုန်လုံးကို ၊
      မှန်မှန် မန့်ပေးနေတဲ့ ကိုပေ ကိုလည်း ၊
      ကျေးဇူးပါ ။

      ဘယ်လိုလဲ ၊ ခုရက်ပိုင်းကော ၊
      အောင်ရဲ့လား ။

  • MaMa

    January 14, 2013 at 2:51 pm

    မပြောမရှိနဲ့။
    FR ရဲ့ ဓာတ်ပုံလက်ရာတွေလည်း တိုးတက်လာတယ် နော……… :hee:

    • Foreign Resident

      January 15, 2013 at 7:29 am

      ကင်မရာ အသစ်ဖြစ်လို့ ဖြစ်ပါလိမ့်မယ် ၊ မမ ရယ် ။
      ကိုပေါက် ရဲ့ စိတ်ရှည် ၊ မြင်တတ်တဲ့ ရိုက်ကွက် တွေကမှ ချီးကျူးဖို့ ကောင်းတာ ။
      သူ့ခမျာ Compact Camera လေးနှင့် ရိုက်နေတာတောင် ၊ ပုံလေးတွေက လှလို့ ။
      ကျနော့်ပုံတွေက နဂိုလှပြီးသား ရှုခင်းကို DSLR နှင့် ရိုက်လို့သာ ပုံလှနေတာ ၊
      လူ ရဲ့ အရည်အချင်းက ဘာမှ မရှိဘူး ရယ် ။

  • PEACEMAKER

    January 14, 2013 at 7:11 pm

    “ဆွစ်ဇာလန် ရိုးရာ အစားအသောက် တစ်မျိုး Swiss cheese fondue ဆိုတာက ၊Cheese နှင့် အရက်ရောထားတာကို အိုးလေးထဲမှာ ဆူအောင်ပြုတ်ပြီး ၊ပေါင်မုန့် အမာစားလေးနှင့် တို့စားရတာပါ”

    အရက်ဆိုတာထက် ဝိုင်ဖြူဆိုရင်ပိုမှန်ပါတယ်အဘ။ Cheese Fondueလုပ်ဖို့ ချိစ်၂မျိုးလိုပါတယ်။ ၁မျိုးကတော့ မပါမဖြစ်Gruyere Cheeseရယ်…နောက်တစ်မျိုးချိစ်ရယ်..ဝိုင်ဖြူရယ် အဓိကလိုပါတယ်။ ကြိုက်တတ်ရင်တော့ ချယ်ရီသီးကရတဲ့အရက် Kirschတစ်ဇွန်းလောက်ထည့်ပေါ့။ ပြုတ်တယ်ဆိုတာထက် ကျိုတယ်ဆိုပိုမှန်ပါတယ်။ ချိစ်တွေကိုအတုံးလိုက်မဟုတ်ပဲ Cheese graterနဲ့ခြစ်ပြီးမှကျိုရပါတယ်။ လုပ်ပုံလုပ်နည်းအတိအကျကတော့ အိမ်ထောင်ဦးစီးတာဝန်သာမက စာဖိုမှူးတာဝန်ပါယူထားတဲ့ယောက်ျားကိုမေးမှပဲရပါမယ် 😀

    Cheese Fondueနဲ့စားတဲ့ပေါင်မုန့်က ကျမတို့မြန်မာတွေစားနေကျပေါင်မုန့်ဖြူပျော့ပျော့လေးတွေမဟုတ်ပါဘူး။ အညိုရောင်ပေါင်မုန့်ကြမ်းတွေဖြစ်ပါတယ်။ ပေါင်မုန့်ဖြူပျော့တွေထက် အရသာအများကြီးပိုကောင်းပြီး အာဟာရပိုပြည့်လို့ ကျမပိုကြိုက်ပါတယ်။ ငရုတ်ကောင်းလေး ပေါင်မုန့်ပေါ်ဖြူး ချိစ်အိုးထဲ (ချီးအိုးမဟုတ်)နှစ်ပြီးစားရတဲ့အရသာ အရင်ကမကြိုက်ခဲ့ပါဘူး။ အာဟာရအလွန်ပြည့်ပြီး အရသာထူးတာကြောင့် ခုတော့ စွဲနေပါပြီ။ Cheese Fondueက heavy foodမို့ သူချည်းပဲစားရင် ရင်ပြည့်တတ်လို့ ဝိုင်ဖြူ(ဝိုင်နီမဟုတ်)နဲ့တွဲပြီး စားကြပါတယ်။ ဝိုင်ဖြူက အစာခြေနိုင်စွမ်းကိုပေးတယ်လို့ ယုံကြည်ကြလို့လေ။ ဝိုင်မကြိုက်တတ်ရင်တော့ လက်ဖက်ခြောက်ရည်ပူပူလေး သို့ ကိုကာကိုလာသောက်ပေးနိုင်ပါတယ်။

    • Foreign Resident

      January 15, 2013 at 7:35 am

      ” အရက်ဆိုတာထက် ဝိုင်ဖြူဆိုရင် ပိုမှန်ပါတယ်အဘ ”

      ကျေးဇူးပါပဲ PEACEMAKER ရယ် ။
      ကျနော့်မှာ စားခဲ့တဲ့ အရသာ ကြောင့်သာ ထင်နေရတာ ၊
      အရက်ပါ မပါ ၊ သေချာ မသိဘူးရယ် ။

      ” ပြုတ်တယ် ဆိုတာထက် ကျိုတယ် ဆိုပိုမှန်ပါတယ် ”

      ဟုတ်တယ် ၊ အဘ အသုံးအနှုန်း မှားသွားတယ် ။

      ” အရသာထူးတာကြောင့် ခုတော့ စွဲနေပါပြီ ”

      အဲသဟာဆို အဘ လည်း အားမှ လုပ်စားကြည့်ဦးမယ် ။
      လုပ်ရတာတော့ လွယ်မှာပါ ။

  • အရီးခင်လတ်

    January 14, 2013 at 9:11 pm

    မြူးနစ် သူလေး က ချစ်ဖို့ကောင်းလိုက်တာ။

    Run … Forest .. Run … မဟုတ်ဘူး။
    ရေး … အဘဖော.. ရေး။
    မြန်မြန် လေး။
    ခရီး မထွက် ခင် ပြီးဖို့။

    Have a nice and safe Journey ပါ ကိုအဘဖော ရေ့။ :hee:

    • Foreign Resident

      January 15, 2013 at 7:39 am

      ” မြူးနစ် သူလေး က ချစ်ဖို့ကောင်းလိုက်တာ ”

      ဟဲ ဟဲ ၊ ဒီနေရာမှာတော့ အဘ လည်း သဘောတူတယ် ။
      အားရ ပါးရ ကို သဘောတူတယ် ။

  • ဦးဦးပါလေရာ

    January 14, 2013 at 11:22 pm

    နောက်ပိုစ့်မှာပါတာတော့မသိဘူး..
    ဒီထဲက ရှု့ခင်းတွေကို တော်တော်လှပလွန်းနေပါပြီ…။
    အဲသလိုနေရာမျိုး လူသွားဖြစ်ရတဲ့သူတွေနဲ့စာလိုက်တော့
    စမ်းချောင်းသားတွေရဲ့ဘဝဟာ အပုံကြီး ကွာပါလားနော်….။

    • Foreign Resident

      January 15, 2013 at 7:43 am

      ” စမ်းချောင်းသားတွေရဲ့ဘဝဟာ အပုံကြီး ကွာပါလားနော် ”

      စမ်းချောင်း က သာတာတွေလဲ ရှိပါတယ် ။
      ပဒုမ္မာကွင်း ပါတ်လည်မှာဆို စားသောက်ဆိုင်တွေ ဆိုတာ အောတိုက် ။

      • ဦးဦးပါလေရာ

        January 15, 2013 at 10:38 am

        တင်ဦးမယ်…
        အဲသည်စားသောက်ဆိုင်တွေအကြောင်း တစ်နေ့တင်ပေးဦးမယ်…

        :harr:

  • kai

    January 15, 2013 at 4:40 am

    စာအုပ်အဖုံးလေးမြင်တော့…
    အဲဒီ ” The Teaching Of Buddha ” စာအုပ်ကို မြန်မာပြန်ပြီး… မြန်မာနိုင်ငံမှာထုတ်ဝေဖို့.. ကြိုးစားခဲ့ဖူးတဲ့.. ပုံနှိပ်တိုက်တခုရဲ့.. အဖြစ်ကလေး… သတိရမိတယ်..
    ကျုပ်စာပေလောကထဲရှိနေချိန်… မဆလခေတ်ကုန်နှစ်တွေကပေါ့…
    ကမ္ဘာ့ဘာသာခွဲခြားအဖိနှိပ်ဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့..မြန်မာနိုင်ငံရဲ့.. စာပေးစိစစ်ရေး(အဲဒီတုံးက) ကခွင့်မပြုပါဘူး..

    အခုလည်း…
    ထင်တော့.. သိပ်မထင်… :buu:

    ငြိမ်းချမ်းခြင်းတရားစစ်တွေ.. မဖတ်..မလေ့လာနိုင်အောင်.. ပိတ်စို့ထားချင်ကြသလားတော့မသိ…. :kwi:

    • Foreign Resident

      January 15, 2013 at 7:59 am

      ကျနော်တို့ မသိနိုင်တဲ့ Information တွေ သိရလို့ ၊
      ကျေးကျေးပါ သူကြီး ။

      ကြုံလို့ ၊ အဆဲခံရစရာလေး တစ်ခုတော့ ၊ ထပ်ပွားလိုက်ဦးမယ် ၊
      အခု ခေတ် မှ ၊ အဘိဓမ္မာ တက် ၊ ဝိသုဒ္ဓိမဂ် တက် ၊ ပြီးတာနှင့် ၊
      အဘိဓမ္မာ စာတွေ့ ကနေ လက်တွေ့ ကို ကူးတဲ့အနေနှင့် ၊
      အဘိဓမ္မာ ထဲကအတိုင်း တထပ်တည်း ကျင့်ကြံတဲ့ ၊
      ဖားအောက်တရား ကို ဆက်ထိုင် ဆိုပြီး လုပ်ခွင့်ရနေတာ ။

      လွန်ခဲ့တဲ့ ၊ ၂ဝ နှစ်လောက်ကဆို ၊
      ဖားအောက် ကျင့်စဉ်ကို တရားဝင် ခွင့် မပြုခဲ့ပါဘူး ။
      ဖားအောက် တရားစာအုပ်တွေကို ရန်ကုန်မှာ ရိုက်ခွင့် မပြုလို့ ၊
      တိုင်ဝမ် မှာ ရိုက်ပြီး မြန်မာပြည်ထဲ ခိုးသွင်းခဲ့ရတာပါ ။

      ဖားအောက် ကျင့်စဉ်ကို ဘာလို့ ခွင့်မပြုရတာလဲ ဆိုပြီးမေးတော့ ၊
      ( ပိဋကတ် သုံးပုံ ထဲက ၊ အဘိဓမ္မာ ပိဋကတ် အတိုင်း တထပ်တည်း ကျင့်တာနော် ) ၊
      အဘိဓမ္မာ ထဲကအတိုင်း ကျင့်ပြီး နိဗ္ဗာန် ရောက်တာဟာ ၊
      ဘုရား နှင့် တကွသော အဂ္ဂမဟာ / မဟာ သာဝက တွေရဲ့ အရာတဲ့ ၊
      သာမာန် ရဟန်း ရှင်လူ တွေက ပါရမီ မမှီနိုင် ၊ မအောင်မြင်နိုင် လို့ ၊
      မကျင့်နိုင် ၊ မကျင့်သင့် ၊ လမ်းလွှဲရောက်သွားနိုင်လို့ ၊ တားတာတဲ့ ဗျာ ။

      • ဦးဦးပါလေရာ

        January 15, 2013 at 10:46 am

        သာသနာရေးဦးစီး အကြောင်းတော့ ပြောမနေပါနဲ့တော့…..
        ဘုရားတောင် သူတို့မွေးထားတာလို့ မှတ်နေပုံရတယ်…
        ကြာနီကန်ဆရာတော်ပြောသလိုပဲ….
        ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးတွေ လေ။

  • အရီး လေး

    January 15, 2013 at 10:27 am

    အဘဖောရဲ့တောလား တွေကို အမြဲဖတ်ပါတယ်
    ရှုခင်းပုံတွေလည်း အရမ်းကြိုက်လို့ ကူးထားပါတယ်
    ခွင့်ပြုပါနော်

  • Ma Ei

    January 15, 2013 at 2:18 pm

    ဓါတ်ပုံတွေ အကုန်လှနေတာကိုတောင်မှ
    နောက်ပုံတွေ ပိုလှတယ်ဆိုထားတော့
    ဆက်လက်စောင့်မျှော် နေရပါဦးမည်…
    ဓါတ်ပုံ တော်တော်များများကို ကြည့်ရင်းပြောမိတယ်
    …တစ်ကယ်သွားကြည့်ချင်လိုက်တာ…လို့ပါ။

  • Alpine horn ခရာ ဆိုတာကြီး တွေက ဆေးတံကြီးတွေကျနေတာပဲ။
    ကနေတာတွေမြင်တော့ Titanic ကိုသတိရပါ့။အဲ့လိုကတာက အဲဒီမှာ အောက်ခြေလူတန်းစားတွေအကလို့ သတ်မှတ်ထားသလားအဘရေ။
    တိုင်တန်းနစ်မှာ လီယိုနာဒိုတို့အဖွဲ့ကအဲ့လိုတွေကတယ်လေ။
    နောက်ပြီး The Note Book မှာလဲ သစ်စက်အလုပ်သမားတွေက အဲလိုကတာတွေ့တယ်။

    • Foreign Resident

      January 16, 2013 at 5:59 am

      ” အဲ့လိုကတာက အဲဒီမှာ အောက်ခြေလူတန်းစားတွေအကလို့
      သတ်မှတ်ထားသလားအဘရေ ”

      အင်း ၊ မှန်တာပြောရရင် အဘ သေချာ မသိဘူးကွယ့် ။
      အောက်ခြေလူတန်းစား ဆိုတာထက် ၊
      ရိုးရာအက လို့ပြောတာပိုမှန်မယ် ထင်တယ် ။

  • ဘဘကြီး ….
    အောက်ဆုံး ပုံရဲ့ အဆက် ကျန်ဒေးဒယ် မီဟုတ်လားဂျ …
    ကျုပ် အထင် ဘဘကြီးပါ ကခဲ့မှာပေါ့ … ဟုတ်တယ်ဟုတ် … :mrgreen:

    သူညားနိုင်ငံဒွေဂဒေါ့ ..
    ပြောင်လက်ပြီး လမ်းတွေက ချယ်ဘဲနော် …
    သူရို့ဆီမှာ ကြွေပြားတွေတောင် ခင်းထားဒယ် …
    ဒီမှာတော့ ကွန်ကရစ်တောင် အနိုင်နိုင်ရယ် ….

Leave a Reply