အရိပ်၏ အဓိပ္ပါယ်

          လူများပြည့်ကျပ်နေသဖြင့် ဘယ်နေရာတွင် နေရာယူရမှန်း မသိဖြစ်နေသည်။ သူ ယောင်ချာချာ ဖြစ်နေစဉ်တွင်ပင်

“ဟာ ဆရာ၊ ဟုတ်သားပဲ။ ဆရာအတွက် အခန်း ကျွန်တော်တို့စီစဉ်ပေးမယ် ခဏလေးနော်“

“ရပါတယ် ဒီနားလေးမှာပဲ နေရာယူလိုက်ပါ့မယ်“

“ဟာ မဟုတ်တာပဲ ဆရာ ။ ခဏလေး စောင့်ပါ။ ဒီနေရာမှာ မသင့်တော်ပါဘူး။ ခဏလေးပါ ဆရာ“

ပြောပြောဆိုဆိုဖြင့် ထွက်သွားသော စာရေးလေးကို သူ ကျေးဇူးတင်သွားမိသည်။ ဒီနေရာကို သူရောက်တော့ အောက်ထပ်ရော အပေါ်ထပ်မှာပါ နေရာတွေက ပြည့်သလောက်ရှိနေသည်။ သူ့မှာ ပါလာသော ပစ္စည်း ပစ္စယတွေကိုပင် နေရာချစရာ နေရာမရှိတော့။ သူ့ သားတပည့်တစ်ယောက်ဖြစ်သော ကျော်ခိုင်က နေရာတစ်နေရာရလို ရညားလိုက်ရှာနေသည်။ ကျန်သည့် တပည့်တွေက ပစ္စည်းတွေ စုပုံထားသည်နေရာမှာ မျက်နှာငယ်ကလေးတွေနှင့် ငုတ်တုတ်။ ဒီနေရာကို ရောက်လျှင်ရောက်ချင်း သူ နည်းနည်းတော့ စိတ်ပျက်သွားသည်။ သို့သော် တခြား ရွေးချယ်စရာနေရာမရှိ။ အကောင်းဆုံးနှင့် အသက်သာဆုံးဖြစ်သော နေရာသည် ဒီနေရာမှလွဲ၍မရှိ ဆိုတာကိုလည်း သူသိသည်။ ထို့ကြောင့်သာ ဖြစ်သလိုနေတတ်ရန် သည်ကနေ့မှ သူ အားမွေးလိုက်ရတော့သည်။ အခြေအနေသည် ဤကဲ့သို့သာ ပေးလာပြီ မဟုတ်ပါလော..။

(I)

ဆူဆူညံညံအသံများကြောင့် သူ အိပ်ယာက နိုးလာရသည်။ စကားတွေ ကျယ်ကျယ် ပြောနေလိုက်ကြသည်မှာ နေရာအနှံ့ကဟု သူထင်သည်။ နာရီကို ကြည့်မိစဉ် အချိန်လက်တံတို့သည် ကိုးနားရီ ဆယ်မိနစ်နေရာတွင် နေရာယူလျှက်။ သည်အချိန်နှင့် သူမထတတ်။ ခုတော့ အနေအထားသည် သူ့ကို အသင့်ပြောင်းလဲရန် ရှိနှင့်ပြီ။ သူ မျက်မှန်ကိုကောက်တပ်လိုက်သည်။ အခန်းတံခါးကိုဖွင့်လိုက်သည်တွင်

“ဟာ ဆရာ နိုးလာပြီ“

ကျော်ခိုင်က အံ့ဩစွာ အသံထွက်မိစဉ် ကျန်သော တပည့်သုံးယောက်က ပျာယာခပ်စွာ  မတ်တပ်ရပ် လက်ပိုက်လိုက်ကြသည်။ ထိုအချင်းအရာကို ကျန်သည် သူသူကိုယ်ကိုယ် လူများက သေသေချာချာကြည့်နေသဖြင့် သူကပင်

“နေနေ ဘာမှမလုပ်နဲ့“

“ဆရာ မျက်နှာသစ်ရေ ကျွန်တော် ပြေးခပ်လိုက်ဦးမယ်“

ကျော်ခိုင်က ပြောပြောဆိုဆို သွားမည်အပြု

“ရတယ်။ ဆရာ့ဘာသာ သွားသစ်လိုက်မယ် ။ “

“ဟာ ဆရာကလည်း ဘယ်သင့်တော်ပါ့မလဲ။ ကျွန်တော်ပြေးခပ်လိုက်ပါ့မယ်။ ဟေ့ကောင်တွေ ဆရာ့အတွက် ကော်ဖီကို စားဖိုမှာ ပြန်သွားနွှေးလိုက်။ ပြီးရင် ထမင်းကြော်ကို ကြက်ဥ ဟပ်ဖရိုက်ကလေး အုပ်လာခဲ့။ မောင်ဦးက ရေနွေးဓါတ်ဘူးယူ၊ ကျော်သူရက စီးကရက်သွားဝယ်၊ ကွမ်းယာကို သီဟ သွားဝယ်။ သွားမြန်မြန်“

ပျာယာခပ်စွာ စီမံ ညွှန်ကြားနေသော တပည့်ကျော်ခိုင်ကိုကြည့်၍

“ဒီမှာ ကျော်ခိုင်။ “

“ဗျာ ဆရာ“

“ဒါတွေ ဒီအချိန်မှာ လိုအပ်တယ်လို မင်းထင်နေသလား“

သူ့စကားသံအဆုံးတွင် လှမ်းလက်စ ခြေလှမ်းများကိုရပ်၍ သူ့အားကြည့်လာသော တပည့်တို့၏ မျက်ဝန်းတွေမှာ အရိပ်တစ်ချို့ ဖြတ်သန်းသွားကြသည်။ သူ မျက်နှာသုတ်ပုဝါတစ်ထည်ကို ပခုံးပေါ်တင်ပြီး အောက်ထပ်သို့ ဆင်းလာစဉ်ဝယ် အပေါ်ထပ်မှနေ၍ သူ့ကျောပြင်အားကြည့်နေကြမည့် တပည့်တို့၏ နားလည်ရန်ခက်ခဲသော မေးခွန်းများစွာကို သူသည် နောက်နေ့များတွင် ဖြေကြားရပေတော့မည်။

(II)

နစ္စဓူဝ ကျောက်ဂိုဒေါင်ထဲတွင် လူတစ်ယောက် ပလက်ကုလားထိုင်တွင် ထိုင်နေပြီး ကျန်လူ သုံးလေးယောက်လောက် အလုပ်ရှုပ်နေသည်ကိုမြင်ရလျှင် ပလက်ကုလားထိုင်ပေါ်တွင် ထိုင်နေသော သူမှာ သူဖြစ်ပြီး ပျာယာခပ် အလုပ်ရှုပ်နေသော သူများမှာ သူ့တပည့်များဖြစ်သည်။ ပလက်ကုလားထိုင်ပေါ်တွင် ကော်ဖီလေး တစ်ခွက်သောက်လိုက် ဂျာနယ်တစ်စောင်ကို စိမ်ပြေနပြေဖတ်လိုက်လုပ်နေသော သူသည် ကျောက်ခြံထဲတွင် မည်သူက ဘာလုပ်နေသည်ကို စစ်ကြောနေစရာမလိုပဲ အေးအေးသက်သာ ထိုင်နေနိုင်ခြင်းသည် သူ၏ ဩဇာနှင့်အရှိန်အဝါသည် မည်မျှကြီးကြောင်းပြောပြစရာမလိုပေ။ သူက မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်နှင့် သူ ဘာကိုအလိုရှိသလဲဆိုတာကို ချက်ချင်း သိသူကိုသာ သူက သဘောကျလေ့ရှိသဖြင့် သူ့တပည့်များ သူ့မျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်နေရသည်ကို သူ သဘောကျလို့မဆုံး။

သူ့အလုပ် သူ့နေရာတွင် လိုအပ်ချက်ဟူ၍ ဘာမှမရှိအောင် ဖြည့်တင်းပေးထားသည်ကိုကြည့်ခြင်းဖြင့် သူ့ရဲ့ ကုမ္ပဏီအပေါ် ကျိုးနွံ့ခဲ့မှု၊ အနှစ်နာခံခဲ့မှု၊ အကျိုးဆောင်ပေးခဲ့မှုတွေ ဘယ်လောက်များခဲ့သလဲဆိုတာ သိနိုင်သည်။ တနည်းအားဖြင့် ကုမ္ပဏီက သူ့အပေါ် ဝန်ထမ်းကောင်း တစ်ယောက်အတွက်  မျက်နာသာပေး ဆက်ဆံထားခြင်းဖြစ်သည်။ ထိုအပေါ်တွင် သူ သာယာခြင်းရှိနေသည်ကလည်း အမှန်။ သူ့ရဲ့ မျက်နှာကိုကြည့်ပြီး သူ့တပည့်များ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွ့နေခြင်းကို သူ သဘောကျပြန်သည်။ သူကလည်း သူ့တပည့်များကို အဖိအဖော့၊ အဖြဲအခြောက်များနှင့် ထိန်းချုပ်ရသည်။ ထိန်းကွပ်ရသည်။

သူ့တပည့်ကလေးတွေကို သူ့လိုပင်

“ဆရာ ကောင်းထက်ရဲ့ တပည့်တွေက အလုပ်ကြိုးစားတယ်။ ကိုယ့်ထက်ရာထူးကြီးသူတွေကို ရိုသေတယ်၊ လေးစားတယ်၊ “ဟု ဝန်ထမ်းများရဲ့ပါးစပ်ဖျားတွင် သတင်းမွှေးနှင့်ရေပန်းစားစေချင်ခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီတွင် အဆောင်သီးသန့်ရသော သူ့အဆောင်တွင် သူ့တပည့်များကို နေခိုင်းစေသည်။

ပြီးတော့ အလုပ်ခွင်အတွင်း ဆောင်ရန် ရှောင်ရန်များအပါအဝင် အလုပ်နှင့်ပတ်သက်သည့် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို ညအချိန်များတွင် သူ သင်ပြသည်။ သူ့အတွက် ဒါသည်ပင် နှစ်ခြိုက်စရာ ဘဝ၏ အရသာတစ်ခု ဖြစ်လေသည်။

သို့သော် သူ့လုပ်ရပ်အချို့သည် အများနှင့် ကန့်လန့်တိုက်စွာ အစွန်းတစ်ဖက် ရောက်နေသည်ကိုတော့ သူ မသိခဲ့ရိုးအမှန်။

တပည့်များ အလုပ်တာဝန်မကျေပွန်ခြင်း၊ စည်းကမ်းမလိုက်နာခြင်း၊ စကားနားမထောင်ခြင်း၊ စသည့် ပြစ်မှုများတစ်ခုခု ကျူးလွန်သည်နှင့် သူပေးခဲ့သည် ပြစ်ဒဏ်သည် ဝန်ထမ်းတစ်ယောက်အတွက် မသင့်သောသည့် ပြစ်ဒဏ်ဟု အများက သတ်မှတ်ကြသည်။

သူ့အပေါ်တွင် သားသမီးချင်းကိုယ်ချင်းမစာသူ၊ ညီအစ်ကိုချင်း ကိုယ်ချင်းမစာသူ ဟု သတ်မှတ်သံများ၊ ပြီးတော့ အစွန်းရောက်နေသော ဆိုက်ကိုသမား။ မည်သို့ဆိုစေ ထိုအသံများသည့် တစ်ဖက်နားမှ ဝင်ပြီး တစ်ဖက်နားကနေ အလွယ်တကူ သူက မောင်းထုတ်ပစ်လိုက်သည်ချည်း။

ဆရာတပည့်ဟူရာတွင် ဆုံးမအပ်သည်ဟု ယူဆသည့်အရာမှန်သမျှ မချွတ်မယွင်း ဆုံးမ သင့်သည်ဟု သူ မှတ်ယူထားခဲ့သည်။ သို့သော် ဆုံးမကွပ်ကောင်း မကွပ်ကောင်းသော တပည့်များအပေါ် သူသည် တစ်ဖက်စောင်းနင်းမှန်စွာ ဆုံးမ မိခဲ့သည်ဆိုလျှင်  သူ့အတွက် အမှားသည် စေတနာကိုအရင်းခံကာ ရင်သို့လာရောက်ထိမှန်သော မြှားတစ်စင်းသာဖြစ်လိမ့်မည်။

(III)

“ဆရာ့တပည့် ကြည်မွှေးနဲ့ ထူးကျော် ကျွန်တော့်ဆီမှာ ပြန်ခွင့်တောင်းနေတယ်၊ ဘယ်လိုလဲဆရာ ပြန်ခွင့်ပြုလိုက်ရမလား၊ ဆရာ အလုပ်တွေ ပိနေတယ်ဆိုတော့ ကျွန်တော်က မေးကြည့်တာပါ“

မန်နေဂျာက မေးလာသဖြင့် သူ ကြည်မွှေးနှင့် ထူးကျော်ကို ကြည့်မိရသည်။ နှစ်ယောက်လုံး မျက်နှာကို မော့မလာပဲ မြေပြင်ကိုသာ တွေတွေကြီး စိုက်ကြည့်လျှက် လက်ကိုနောက်သို့ပစ်ကာ မတ်တပ်ကြီးရပ်နေသည်။ ကွမ်းတံထွေးကို ပစ်ခနဲ ထွေးခံထဲသို့ ထွေးရင်း

“ကျွန်တော် မေးကြည့်လိုက်ဦးမယ်ဗျာ၊ ဒီကလေးတွေ ဘာကြောင့်ပြန်ချင်ရသလဲဆိုတာ၊ နောက်ပြီး သူတို့လေးတွေ ခွင့်တင်တာ ကျွန်တော့်လက်မှတ်မပါပဲ ရုံးကိုတန်းတင်တာဆိုတော့ ကျွန်တော့်မှာ တာဝန်ရှိတယ်လေ“

“ဒီလိုလဲ မဟုတ်ပါဘူး ဆရာ။ ဆရာ့ကျောက်ဂိုဒေါင်မှာ လူက လိုနေသေးတယ်။ ဒီအထဲ ခွင့်ပြန်မယ့်သူရှိနေတော့ ခုချိန်မှာ ဝန်ထမ်း ထပ်မခေါ်ရသေးတဲ့အတွက် ဆရာ့အလုပ် ကသီလင်တ ဖြစ်မှာမို့ လာမေးတာပါ။“

“အဲဒီအတွက် ကိုနေဦးကို ကျေးဇူးတင်ပါတယ်“

မန်နေဂျာ အနားက ထွက်ခွာသွားချိန်တွင် ကြောက်ရွံ့စွာ မတ်တပ်ရပ် နေသော တပည့်နှစ်ယောက်ကို သူ စကားစမေးလိုက်သည်။

“ဘာလို့ပြန်ချင်တာလဲ ကဲ မင်းဖြေ“

ကြည်မွှေးက မရဲတရဲဖြင့် သူ့မျက်နှာကို ကြည့်လာသည်။ ပြီးတော့

“ကျွန်တော် အိမ်ပြန်ချင်လို့ပါ“

“ဟ အိမ်ပြန်ချင်တာတော့ ဆရာသိတာပေါ့။ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းပြချက်တစ်ခုတော့ မင်းဆီမှာရှိရမယ်။ ဒါပေမယ့် အိမ်ကို လွမ်းလို့ပါလို့တော့ မပြောနဲ့။ အိမ်ကိုလွမ်းတတ်ရင် အစောကြီးကတည်းက လိုက်မလာခဲ့နဲ့လို့ ဆရာ မင်းတို့ကို ပြောမထားခဲ့ဖူးလား။ ကဲ ဖြေ“

ကြည်မွှေး တုတ်တုတ်ပင်မလှုပ်။ သူ စိုက်ကြည့်နေသဖြင့် ခေါင်းကို ငုံ့ထားသည်။ သူ ထူးကျော်ဘက်သို့လှည့်လိုက်သည်။

“မင်းကရော ထူးကျော်“

“ကျွန်တော်လည်း“

“ဆရာသိပြီ။ မင်းတို့နှစ်ယောက်တိုင်ပင်ထားပြီးမှ ခွင့်တင်တာ။ မင်းတို့ ဘာကြောင့်ဆိုတာ မဖြေပေမယ့် ဆရာသိတယ်။ ဆရာကို့ကြောက်လို့၊ ဒါပဲမဟုတ်လား။ နောက်တစ်ခု မပျော်ပိုက်တော့လို့“

နှစ်ယောက်စလုံးခေါင်းမဖော်လာသလို ကျန် တပည့်များ တစ်ယောက်မှ ခေါင်းမဖော်လာတော့။  ကျောက်ဂိုဒေါင်သည် တိတ်ဆိတ်လျှက်ရှိသည်။ မကြာမီတွင် သူ့ ဘာလုပ်တော့မည်ကို ကြိုတင်မှန်းဆ သိနေကြသည့် ဓမ္မတာအတိုင်း တိတ်ဆိတ်နေခြင်းက မင်းမူလျှက်။

(IIII)

ထို့နေ့ ကျောက်ဂိုဒေါင်ထဲတွင် တဖုန်းဖုန်းဖြင့် ရိုက်နှက်သံတွေ ဆူညံနေသည်။ ပြီးတော့ သူ့ပါးစပ်က ထွက်ကျလာသော စကားသံများ စက်သေနတ်ပစ်သလို တရစပ်ထွက်ကျနေသည်။

မန်နေဂျာတစ်ယောက်ရှေ့တွင် သူ အရှက်ရစေခဲ့သည်ဟု ထင်သည်။ ထို့ကြောင့် စိတ်တိုသည်။ ဒေါသထွက်သည်။ ထို့အတွက်ကြောင့် သူရိုက်မိရလေသည်။ မှုန်ယိုနေသော ဆင်တစ်ကောင်လို မည်းမည်းမြင်ရာ သူ ရမ်းမိတော့သည်။

“ဘာလဲ မင်းတို့က၊ အိမ်လွမ်းတယ်ဆိုတာ အကြောင်းပြချက်တစ်ခု၊ မင်းတို့ကို ဟိုမသွားရ သည်မသွားရဆိုတာ ချုပ်ချယ်တာမဟုတ်ဘူး။ ဒါဘာလဲ ရတနာနယ်မြေ၊ ခြေတစ်လှမ်းမှားရင် ဘဝတစ်ခုလုံးပျက်နိုင်တယ်။ ဒီကို မင်းတို့ လာရခြင်းရည်ရွယ်ချက်ကဘာလဲ။ ငွေရှာဖို့။ မိသားစုကို ပြန်ထောက်ပံ့ဖို့မဟုတ်လား။ မင်းတို့လည်နေပတ်နေရင် ဘယ်မလဲ ပိုက်ဆံ ။ ဘယ်လို ဆုမိမလဲ။ ဒါကြောင့်ဆရာ ချုပ်ချယ်ရတာ။ ဟိုလူနဲ့မပေါင်းရ သည်လူနဲ့မပေါင်းရလို့ဆိုတာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းဆီကိုပြောတာ မဟုတ်ဘူး။ ပေါင်းသင်းအပ်တဲ့ မိတ်ဆွေနဲ့ မပေါင်းသင်းအပ်တဲ့ မိတ်ဆွေကို ခွဲခြားတတ်အောင်လို့။ အပေါင်းအသင်းမှားရင် ဘဝပျက်တတ်တယ်။ ဆရာတို့ ဘုရားရှင်ဟောခဲ့တဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်ထဲမှာ လူမိုက်ကိုရှောင်ကျင်ရာ၏။ ပညာရှိကို မှီဝဲရာ၏ ဆိုတာ ပါတယ်။

        ကဲ မင်းတို့ ဒီမှာ အပေါင်းအသင်းသူငယ်ချင်းကြောင့် လည်ချင်ပတ်ချင်လာမယ်၊ သောက်ချင်စားချင်လာမယ်၊ ပြီးတော့ မင်းတို့သူငယ်ချင်းဆေးသုံးရင် မင်းတို့ ဆေးသုံးတတ်လာမယ်၊ မင်းတို့ကို မြူဆွယ်မယ်၊ နောက်တစ်ခု မင်းတို့တတွေက ယောကျာ်းတွေ။ ဆန့်ကျင်ဘက်လိင်တွေကို မင်းတို့ လက်တည့်စမ်းချင်လာမယ်။ သူတို့ကလဲ ခေါ်မယ်။ မင်းတို့ ငြင်းမလား။ မှတ်ထား ယောကျာ်းဆိုတာ အတွေ့ထူးကိုတော့ ခံစားချင်တတ်တာ ဓမ္မတာပဲ။ “

သူ့ စကားသံရှည်ရှည်၏အောက်တွင် မည်သူမှ တုတ်တုတ်မလှုပ်။ သူ မောနေသည်။ ထို့အတူ ရင်ပါမောပါသည်။

“ဒီတော့ ဆရာမင်းတို့ကို တားခဲ့ ချုပ်ခဲ့တယ်ဆိုတာ မင်းတို့အတွက်ပါ။ ရိုက်ခဲ့ ဆူခဲ့တယ်ဆိုတာ မင်းတို့အတွက်ပါ။ မင်းတို့ကတော့ တွေးမှာပေါ့။ မိဘတောင် ဆရာ့လောက်မရိုက်ဘူးလို့။ မိဘက ချစ်လို့မရိုက်ရက်တာ။ ဆရာက ချစ်လို့ရိုက်ရက်တာ အဲဒါမင်းတို့သိလား။ မင်းတို့တတွေ ဆရာ့ရဲ့ ဝေရာဝစ္စကို လုပ်ပေးကြတယ်။ ဒါဟာ ရိုသေလေးစားခြင်းရဲ့ မင်္ဂလာတစ်ပါး။ ဆရာတစ်ယောက်ကို မင်းတို့ ပြုစုတယ်ဆိုတာ မင်္ဂလာတရားနဲ့ညီတယ်။ မင်းတို့ကို ဆရာ တစ်စုံတစ်ခုအတွက်ခိုင်းခဲ့တယ်ဆိုတာရှိမယ်။ ဒါပေမယ့် လက်အောက်တပည့်တစ်ယောက်အပေါ်ကိုတော့ နိုင်လိုမင်းထက်စိတ်နဲ့ တစ်ခါမှ မပြုမူခဲ့ဖူးဘူး။

        စည်းကမ်းမလိုက်နာလို့ ကြည်မွှေးကို အပြစ်ပေးတယ်။ ဒါပေမယ့် စေတနာက ဝေဒနာဖြစ်သွားတာတော့ ဆရာမသိလိုက်ဘူး။ မင်းတို့တတွေရဲ့အကြောင်းပြချက်မျိုး တစ်ချိန်က ဆရာ့မှာလည်းရှိခဲ့တာပဲ။

        ယောကျာ်းတစ်ယောက်ဆိုတာ တစ်ခါတစ်ရံမှာ ခံစားချက်အလိုကိုမလိုက်ရဘူး။ အဲလို        ဆိုရင် ရည်ရွယ်ချက်တွေ ပျက်တတ်တယ်။ အိမ်လွမ်းလို့ပြန်သွားရင် အိမ်မှာ ဘာလုပ်မှာလဲ။ အိမ်အလုပ်ပေါ့။ တိုးတက်လာမလား။ ထမင်းတော့ မငတ်နိုင်ဘူးပေါ့။ ဒုံရင်း ဒုံရင်းနေမှာပဲ။ တစ်မြို့တစ်ရွာမှာ စီးပွားရှာအလုပ်လုပ်တယ်ဆိုတာ စွန့်စားခန်းတစ်ခုနဲ့တူတယ်။ နယ်မြေဒေသအသစ်တစ်ခုမှာ မတွေ့ဖူးတဲ့ လူတွေနဲ့ ပြောဆိုဆက်ဆံရမယ် အဲဒီမှာ လူတွေနဲ့ ပြောဆိုဆက်ဆံရတာကို ရဲလာမယ်။ နောက် လူအမျိုးမျိုး စိတ်အဖုံဖုံနဲ့တွေ့ကြုံလာရမယ်။ ဒါဟာ ဘဝရဲ့သင်ခန်းစာ။ သင်ခန်းစာတစ်ပုဒ် တတ်မြောက်သွားရင် နောက်ထပ် သင်ခန်းစာတွေ လေ့လာရမယ်။ ဒီလိုနဲ့ မင်းတို့ လူရည်လည်လာမယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အသက်ဆက်လာရဲမယ်။ ဒါပဲလေ။ အိမ်မှာနေရင် အိမ်အမြင်ပဲရှိမယ်။ မင်းတို့အလုပ်မလုပ်လို့အိပ်နေရင် အမေက ဘာမှမပြောဘူး။ အေး သူများရပ်ရွာမှာ အလုပ်မလုပ်ပဲ အိပ်နေရင် ထမင်းငတ်မယ် ဒါပဲ။ “

သူ ရေတစ်ခွက်သောက်သည်။ ပြီးတော့ အဆောင်သို့ ပြန်လာခဲ့သည်။ နောက်ကျောဆီတွင် မြေပြင်ကိုကြည့်နေသော မျက်လုံးများ ကျန်ရစ်ခဲ့လေသည်။

(IIIII)

ဩဂုတ်လ ကုန်ခါနီးတွင် ရတနာမြေသည် လှုပ်ခတ်လာပြီး နေရပ်သို့ပြန်ရန် လူအချို့ အထုပ်အပိုးပြင်ကြပြီ။ သူနေသော ကုမ္ပဏီတည်ရှိရာရွာ၏ ဘေးပတ်ဝန်းကျင် အနီးအနားကရွာတွေ စစ်ပြေးကြပြီ။ သေနတ်သံတွေ၊ အမြှောက်ပစ်သံတွေ တစ်နေ့တစ်နေ့ ပိုမိုကျယ်လောင်လာသည်။ သူ့ ဇနီးက ဖုန်းတဂွမ်ဂွမ်ဆက်ရင်း ပြန်လာခဲ့ဖို့ခေါ်နေပြီ။ တပည့်များကို သည်အတိုင်းသူမထားခဲ့ချင်။

သူနှင့်အတူ တပါးတည်း နေရပ်သို့ ပြန်ခေါ်လိုခြင်းကြောင့် ညစဉ် နေ့စဉ်ကြားနေရသော သေနတ်သံများကို ဥပေက္ခာပြုရင်း နေသည်။ မြန်မာပြည်မြှောက်ပိုင်း၏ ပဋိပက္ခသည် သူတို့လို ပြည်သူတွေအပေါ် သက်ရောက်လာလိမ့်မည်ဟု သူမထင်ခဲ့မိ။

နေ့ရှိသ၍ ဖားကန့်မြို့ ပတ်ဝန်းကျင်ရှိ ရွာများ စစ်ရှောင်ရန် မြို့ပေါ်သို့ ပြေးနေကြသည့် သတင်းတွေကြားရသည်၊။ ဒုက္ခသယ်စခန်းများတွင် လူတွေရာမှ ထောင်၊ ထောင်မှ သောင်းနီးလာပြီဟု လည်း သိရသည်။ ထိုအထိ သူ ဘယ်လိုမှ မခံစားရသေး။

တစ်နေ့တွင် အထုပ်အပိုးကိုယ်စီနှင့် သူတို့ကုမ္ပဏီရှေ့မှ ဖြတ်သန်းသွားသော ဒုက္ခသယ် ဝန်ထမ်းများကို တွေ့လိုက်ရစဉ်တွင်မူ အကြောက်တရားနှင့်အတူ စိုးရိမ်သောကသည် ရင်ဝသို့ ဒိုင်းခနဲ လာရောက်စောင့်လေသည်။

အထုပ်အပိုးတွေနှင့် သူတပည့်များသည် ရုံးချုပ်တွင် သောင်တင်နေပြီ။ တခန်းတနားနေခဲ့သော သူတို့၏ ဆရာ သူ့အတွက် တပည့်တွေ ဘာတွေဖြည့်ဆည်းပေးလျှင်ကောင်းမလဲ တွေးနေကြဟန်သူသည်။

မနက်လင်းလာလျှင် မျက်နှာသစ်ရေ၊ ပုဝါ၊ ကွမ်း၊ဆေး၊ ကော်ဖီ အရံသင့် ပြင်ဆင်ထားမြဲ၊.။ ခြေဆုပ်လက်နှယ် ပြုရင် သူ့ထက်ငါ လုယက်နေကြဆဲ။

ဘေးဘီဝန်းကျင်ရှိ လူများစွာထဲမှာ ခေါင်းတစ်လုံး မသာချင်တော့သည့် သူ့အဖို့ ဒုက္ခဆိုသည်မှာ အသွေးအရောင်ခွဲခြားခြင်းမရှိဆိုတာကို သူသိလိုက်သည်နှင့် အလင်းတစ်စသည် ရင်ဝသို့ ဆူးစိုက်နေခဲ့ပြီ….။

သော်ဇင်(လွိုင်ကော်)

Date-12th-Jan-2013

Time-06:46PM

6 comments

  • မောင်ပေ

    January 14, 2013 at 8:44 pm

    ကောင်းပဗျာ ၊ ဆရာတစ်ယောက်ရဲ ့တပည့်တွေပေါ်ထားတဲ့ စေတနာတွေကို ခံစားသွားပါတယ်ဗျို ့

  • kai

    January 15, 2013 at 4:53 am

    လူသားတယောက်က.. လူသားတယောက်ကို.. ရိုက်နှက်ဆုံးမခွင့်.. Right မရှိပါ..။

    UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.
    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    • မောင်ပေ

      January 15, 2013 at 8:56 pm

      တစ်ခြားနိုင်ငံများတွင်တော့ မသိ
      ကျုပ်တို ့နွားခြေရာခွက် လို ့ဆိုရင် နဲနဲကြီးနေမလား
      မြန်မာနိုင်ငံ သို ့မဟုတ် ဗမာနိုင်ငံ သို ့မဟုတ် ဘိရုမာနိုင်ငံတွင်ရ၏
      ရိုက်ရုံတင်မက သတ်လို ့လဲ ရ၏
      လူတစ်ယောက်သေအောင် ကားနဲ ့တိုက်သတ် ၊ လူဖိုး သိန်း၆၀
      အမှုလွတ်ဖို ့ဟိုပေးဒီပေး သိန်း၂၅ဝ ခန် ့
      ဆိုတော့ သိန်းပေါင်း သုံးရာ့တစ်ဆယ်ကျပ် 31,000,000 ခန် ့ အကုန်ခံနိုင်လျှင် လူတစ်ယောက်ကို ကားဖြင့် တိုက်သတ်ရွေ ့ရပါသည်
      အဲဒါ အဲဒါ

  • Mon Kit

    January 15, 2013 at 10:51 am

    အားပေးဖတ်ရှုသွားပါတယ်…
    ဘို မန့်ရမှန်းတောင် တိတော့ဘူး…
    ချစ်လို့ ရိုက်ရက်တာပါတဲ့…
    ဂရုဏာ၊ ဒေါသော နဲ့ပေါ့.. ကောင်းစေချင်တဲ့ စေတနာတွေ ပေါင်းစပ်ပြီးတော့ ဆုံးမတာ…
    ဒါပေမဲ့ စဉ်းစားကြည့်ရင် အဲဒီအချိန်လေးမှာ ရိုုက်သူရော.. ရိုက်ခံရသူပါ နာကျင် ခံစားနေရမှာပါ…
    :byae:

  • မင်းနန္ဓာ

    January 15, 2013 at 2:04 pm

    မင်းတုန်းမင်းကြီး ကြိမ်နဲ့ဆော်ခံရတဲ့ ပုံကို သတိရသွားပါတယ်..
    အင်း ကွဲလွဲခွင့်တွေ ရှိပါတယ်လို့….
    မွန်းကစ်လေးပြောသလို.. ရိုုက်သူရော.. ရိုက်ခံရသူပါ နာကျင် ခံစားနေရမှာပါ… ဟုသာ

  • Mr. MarGa

    January 16, 2013 at 9:09 pm

    ဆရာတစ်ယောက်ရဲ့ စေတနာကို နားလည်မိသွားတယ်
    ကိုယ့်တပည့်တွေကိုတော့ အမြင့်ရောက်စေချင်ကြတာပဲလေ
    (နည်းနည်း သဘောပေါက်လွဲသွားရင်တော့ ခွင့်လွှတ်)

Leave a Reply