ဒီကိစ္စပြောချင်တာ ကြာပြီ၊ အခန့်မသင့်သေးလို့ ပြင်မလား ပြင်မလားနဲ့ ကြည့်နေတာ၊ အခုတော့ နဲနဲဖွပါမယ်။ ဒေါ်စု လွှတ်တော်တက်တဲ့ ဓာတ်ပုံ သစ်ထူးလွင်မှာ တွေ့ရတယ်။ ဘွားဒေါ်က ထုံးစံအတိုင်း တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်နဲ့ပါ။ သို့ပေသိ သူ့နောက်မှာ ပုဂ္ဂိုလ်နှစ်ဦး သူ့လက်ဆွဲခြင်း၊ လက်ဆွဲအိတ်များ ကိုင်လို့ ပါလာတယ်။ အဲဒီလို အိတ်ကိုင်၊ ထီးမိုးပေးတာ ဘွားဒေါ် အပြင်ထွက်ရင် မကြာခဏ တွေ့နေရတော့ ရင်ထဲမှာ ကျလိကျလိ ဖြစ်လာတယ်။ ဘွားဒေါ်ကတော့ အဲလို ပြုမူစေချင်မယ် မထင်ဘူး၊ တားကောင်းတားပါ လိမ့်မယ်၊ မရတော့လည်း နင့်ထိုက်နဲ့နင့်ကံ မသိကျိုးကျွံ နေလိုက်ရပုံပဲ။ မလုပ်ကြပါနဲ့ဗျို့… လူအမြင် မတင့်တယ်ပါဘူး။ “သခင်မျိုးဟေ့ ဒို့ဗမာ” ကြွေးကြော်သံနဲ့ မြန်မာတွေ လွတ်လပ်ရေး လှုပ်ရှားမှု အရှိန်အဟုန် မြှင့်တင်ခဲ့တာပါ။ ဘွားဒေါ်က အသက်အရွယ် ကြီးနေလို့ အိုနာမကျန်း ဖြစ်နေလို့ဆိုရင် တပိုင်းပါ၊ ဒါမှမဟုတ် နယ်စည်းရုံးရေး ခရီးထွက်တာ ပင်ပန်းလို့ တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ပေးတာဆိုရင်လည်း နားလည်လို့ရနိုင်တယ်။

ရိုသေထိုက်သူကို ရိုသေ ဂါဝရပြုခြင်းဆိုတာ ပြားပြားဝပ် ခတွားနေဖို့ မဟုတ်ဘူး။ အရပ်သား အုပ်ချုပ်ရေးစနစ် ထူထောင်ရာမှာ လူတိုင်းကိုယ်စီ ထိုက်သင့်တဲ့မာန လိုပါတယ်။ သိပ်ကြည်ညိုရင် အိမ်မှာဓာတ်ပုံချိတ်ပြီး ဦးချပါ၊ လူထုကို ပုံစံသွင်းမပြကြပါနဲ့။ စည်းရုံးရေအမြင်နဲ့ဆိုလည်း ပကာသန ဟိတ်ဟန်ကြီးတယ် မြင်သွားနိုင်တယ်။ နိုင်ငံတကာ တိုင်းပြည်ဂေါင်းဆောင်တွေ တမင်တကာတောင် အရပ်ထဲဆင်း ကော်ဖီဆိုင်ထိုင်၊ ဈေးဝယ်ထွက်ပြ လုပ်ကြရသေးတာပဲ။ အိတ်လေးလို့၊ အိတ်များလို့ ကူမှဖြစ်မယ်ဆိုရင် အိတ်အပေါ့ကို ဘွားဒေါ် ကိုင်ပါစေ။ ကျုပ်တို့တတွေ ရုံးသွားရင် လူရှိန်အောင် လက်ဆွဲအိတ်တော့ ကိုင်ကြသေးတာပဲ။

ဘွားဒေါ်အကျိုး ဒို့သယ်ပိုး

ဘွားဒေါ်အကျိုး ဒို့သယ်ပိုး – ဓာတ်ပုံ အန်အယ်ဒီ

နောက်တခုက ဖက်ရှင်ဒီဇိုင်း၊ ဒါကတော့ ကျုပ်ကိုယ်ပိုင် အမြင်ပါ။ တလက်စထဲမိုလို့ ပြောလိုက်တာ။ ဘွားဒေါ် ပုဝါစအရှည် ပုခုံးနှစ်ဖက်မှာ ချပြီး စတိုင်ထွင်တာ တွေ့နေရတယ်။ မြန်မာရိုးရာ ဖက်ရှင်မှာ အဲလိုမျိုး ရှိလို့လား၊ ကျနော် သတိမထားမိတာ ဖြစ်နိုင်တယ်။ အဲဒီစတိုင်မျိုးကို အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံတွေက ပန်ဂျင်နယ်သူတွေ အဝတ်များသလိုပဲ၊ ကျနော်ကတော့ အဲလို ဘွားဒေါ်ဝတ်ထားရင် သူတို့ပဲ သွားမြင်တယ်။ ပွဲလန်းသဘင်တွေမှာ ဂဒေါ်ဂျီးတွေ အလုပ်များတယ်၊ သူ့လောက်လဲ ပုဝါစ မရှည်ဘူး။ နိုင်ငံခြားသား အမြင်ရှုပ်ထွေးမှု ဖြစ်မှာစိုးလို့ပါ။ နဂိုထဲကမှ ကိုလိုနီခေတ် မြန်မာကို အိန္ဒိယလက်အောက်ခံ တိုင်းပြည်တခုအဖြစ် အမြင်မှားတတ် ကြတယ်လေ။

နောက်အလှည့် ကျသူက ၈၈မျိုးဆက်ဂေါင်းဇောင် ကျနော်တို့ ချစ်အကိုဂျီး မင်းကိုနိုင် ဖြစ်ပါတယ်၊ သူနဲ့အဖွဲ့ ဖိလစ်ပိုင်နိုင်ငံ လေ့လာရေး ခရီးထွက်ကြောင်း သစ်ထူးလွင်မှာ ဖတ်ရတယ်။ ဖိလစ်ပိုင်ဆိုတာ အာဆီယံထဲမှာ ဒီမိုကရေစီ လှုပ်ရှားမှုဖက်က ရပ်တည်ပေးခဲ့သူမို့ ပထမဆုံး ပြည်ပခရီးစဉ် နိုင်ငံအရွေးမှန်ပါတယ်။ ဝေဖန်မှာက ဓာတ်ပုံထဲမှာ ဒို့အကိုဂျီး ရိုးရာဝါးတီးကုတ်နဲ့ ပုဆိုးဝတ်ထားလို့ပါ။ အကျင့်မရှိလို့ မပြောပါနဲ့၊ ဒါ ပုဂ္ဂလိက ခရီး၊ အပန်းဖြေ ခရီးမဟုတ်ဘူး။ မင်းကိုနိုင်ဆိုတာ ၈၈၈၈ အရေးတော်ပုံ ဦးစီးခေါင်းဆောင်ပါ။ ပြည်ပခရီးစဉ်တွေမှာ ဆုနဲ့တိုင် အပြည့်အစုံ မဖြစ်တောင် ဘောင်းဘီလက်ရှည်နဲ့ ဖြစ်စေချင်တယ်။ အများအမြင်မှာ ခေတ်မှီပွင့်လင်း တိုးတက်တဲ့ ပုံရိပ်ပေါ်ဖို့ အရေးကြီးပါတယ်။ ဇာဂနာလည်း ပုဆိုးဝတ်တာပဲ စောဒကတက်ရင် သူက တဦးချင်း လှုပ်ရှားသူ၊ သူ့စိတ်ကြိုက် လုပ်ဆောင်ခွင့်ရှိတယ်၊ မကောင်းတာတော့ မကောင်းဘူးပေါ့၊ တောင်းမှာအကွပ် လူမှာအဝတ်တဲ့၊ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံချိန်မှာ တိုင်းပြည်အကျိုး ထိရောက်စွာ သယ်ပိုးပေးနိုင်သူများ ခေတ်နဲ့အညီ ဝတ်စားဆင်ယင် စေချင်ပါတယ်။ မြန်မာအမျိုးသမီးဝတ်စုံက စကပ်အရှည်နဲ့တူလို့ အမြင်မရိုင်း၊ တစိမ်းတရံ လက်ခံနိုင်တယ်။

ဒို့ကိုဂျီး ပုဆိုးတိုစည်း..

ဒို့ကိုဂျီး ပုဆိုးတိုစည်း.. ဓာတ်ပုံ မိုးမခ

နောက်ဆုံးပိတ် အိတ်နဲ့လွယ်သူက နိုင်ငံဒေါ်သမဒဂျီး ဦးသိန်းစိန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ အိန္ဒိယခရီးအတွင်း သီပေါမင်း နေခဲ့ရာ ရတနာဂီရိ စံအိမ်သွားတဲ့ သတင်းဓာတ်ပုံမှာ သမဒဂျီး အပေါ်ကုတ်အင်္ကျီ မပါ ပေါ့ပေါ့ပါးပါး ပုံစံသစ်နဲ့ တွေ့ရတယ်။ အလွတ်သဘော ခရီးစဉ်လည်းဖြစ်လို့ အလွန်သင့်မြတ်လှတဲ့အပြင် မြင်ရသူစိတ်ထဲ ရင်းနှီးဖော်ရွေမှု ရိုးသားမှု စတာတွေ ဖြစ်ပေါ်စေပါတယ်။ ပြည်တွင်းမှာလည်း အဲသလို ပေါ့ပေါ့ပါးပါး စတိုင်မျိုးနဲ့ လမ်းပြပေးပါ။ တိုက်ပုံ၊ လည်ကတုံးတွေထက်  ဖြစ်နိုင်ရင် စွပ်ကျယ်နဲ့ ဘောင်းဘီတိုဝတ် ( နောက်တာနော် တကယ်မလုပ်နဲ့) သပ်သပ်ရပ်ရပ် သာမန်ဝတ်ရိုး ဝတ်ဆင် ကောင်းတယ်။ သမဒဂျီး ပုံဖော်နေတဲ့ ပြုပြင်ရေး ဂုဏ်ပုဒ်နဲ့လည်း ကိုက်ညီတယ်။ အောက်ခြေလူကြားထဲဆင်း အာဝါဒမရိုက်ခင် ကိုယ့်အတွင်းစည်းထဲမှာကို ဟိတ်ကြီးဟန်ကြီး လုပ်မပြတဲ့အခါ သမဒရုံး ပေးခြင်တဲ့ သတင်းတဝက် အောင်မြင်ပြီးသား ဖြစ်သွားမယ်။ စကားအခွန်း ရာထောင်သောင်းထက် လုပ်ရပ်တခုက အဆပေါင်းများစွာ အင်အားပိုရှိပါတယ်။

သမဒဂျီး မာန်ချငြီး...
သမဒဂျီး မာန်ချငြီး… ဓာတ်ပုံ သမဒရုံး  

တကယ်တော့ဗျာ လူ့ဘဝဆိုတာ တိုတိုလေးပါ၊ အဲဒီအချိန်တိုမှာ ပကာသနကို မကြာခဏဆိုရင် အဟာရမချို ဗျာပါဒပိုဖို့သာ ရှိပါတယ်….။ (ဟိုက်.. ရှားဗား.. တယ်ဆိုတဲ့ စာပါလား.. :harr: )

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး