“ညည်းတို့ပိုက်ဆံတွေဘယ်ရောက်ကုန်လဲအေ့”

“ညည်းတို့ပိုက်ဆံတွေဘယ်ရောက်ကုန်လဲအေ့”

 

 

တစ်ရက်မဒမ်ပေါက်ဈေးသွားမယ်ဆိုတော့ ဈေးလိုက်ပို့ပေးရပါတယ်။

အဲတော့သူဈေးဝယ်နေတုန်း ကျနော်က ဈေးအပြင်ဘက် နားကအရိပ်ရတဲ့

ဗာဒံပင်လေးအောက်ကနေစောင့်ပါတယ်။

ဘေးဘက်မှာတော့ လက်ဖက်ရည်ဆိုင်အကြီးကြီး။

ဆိုင်ကတော့ သိပ်ကြီးကြီးမားမား မဟုတ်ပေမယ့် ဈေးနားကဆိုင်ဆိုတော့စည်ပါတယ်။

ဒီတော့ ဆိုင်ရှေ့မှာ ဆိုင်ကယ်တွေ စက်ဘီးတွေရှုပ်ယှက်ခပ်လို့နေတတ်ပါတယ်။

ကျနော်ရပ်စောင့်တဲ့ နေရာလေးနားမှာ ထီးတွေသော့တွေပြင်တဲ့ဆိုင်လေးရယ်၊ဘုရားပန်းဆိုင်လေးရယ်၊

ငှက်ပျောသီးကြော်ရောင်းတဲ့ဆိုင်လေးရယ်ရှိပါတယ်။

နောက်ပြီး တံမျက်စည်းတွေ သံပုံးတွေ မီးဖိုတွေရောင်းတဲ့ဆိုင်လေးလဲရှိပါတယ်။

အဲဒီဆိုင်လေးတွေက သူတို့ဆိုင်ရှေ့ရပ်ရင် သိပ်မကြိုက်ပါဘူး။

ကွယ်နေရင်ဈေးဝယ်မဝင်မှာစိုးလို့ပါ။

ရပ်စရာနေရာကလဲ မရှိပြန်တော့ ဟိုနားရပ် ဒီနားရွှေ့နဲ့ဈေးစောင့်ရပါတယ်။

အဲလိုကျနော်စောင့်နေတုန်း

“ဦးလေးဆိုင်ကယ် ဟိုးဘက်နားရွှေ့ပေး”ဆိုတဲ့အမိန့်ပေးတာလိုလို ပြောလာတာကြားရတော့

လေသံကို မကျေနပ်ပေမယ့် မလှမ်းမကမ်းကို ရွှေ့ပေးလိုက်ရပါတယ်။

 

ခဏနေတော့ ကလစ်ဆိုင်ကယ်လေးတစ်စီးက ကျနော်ဖယ်တဲ့နေရာမှာရွှပ်ကနဲဝင်ရပ်လိုက်ပါတယ်။

ဆိုင်ကယ်မောင်းလာတဲ့ကောင်လေးက အသက်နှစ်ဆယ်စွန်းစွန်းအရွယ်။

အရိုးခေါင်းတွေပုံပါတဲ့ အနက်ရောင်တီရှပ် လက်မှာက တက်တူးရောင်စုံ။

ကောင်လေးခါးကို အားရပါးရဖက်ပြီး ဆိုင်ကယ်နောက်မှာ ထိုင်လာတဲ့မိန်းမက သုံးဆယ်ဟိုဘက်အတော်လေးစွန်းနေပုံပါဘဲ။

မျက်နှာကတော့ မိတ်ကပ်တွေခြယ်ထားပါတယ်။

လူကတော့ ခပ်ဝ၀။

ဗိုက်ပူပူကို ရယ်ဒီမိတ်အကျီပွပွနဲ့ဖုံးထားပေမယ့် ထမီစကပ်ခပ်ကျပ်ကျပ်ဝတ်ထားပြန်တော့

ပူတာက ပူတာပါဘဲ။

လည်ပင်းမှာတော့ရွှေဆွဲကြိုးအတုတ်ကြီး။

ပုခုံးမှာလွယ်ထားတဲ့အိတ်ကြီး ကလဲ ဧရာမ။

စတိလက်ကောက်တွေကိုလဲ လက်မှာစွပ်ထားလို်က်တာ တထောင်ဆစ်အထိရောက်နေပါတယ်။

သူတို့ဆိုင်ကယ်လဲထုးိလာရော အနီးအနား ဆိုင်က လူတွေအလျိုလျိုနဲ့ရောက်လာကြပါတယ်။

အဲဒီ မမဝဝ ရဲ့ မျက်နှာပေးကတော့ ခပ်တင်းတင်းပါဘဲ။

ပန်းသည်ကောင်မလေးက သူထိုင်နေတဲ့ခုံကို အဲဒီ မမဝဝ ထိုင်ဘို့ ပေးလိုက်ပါတယ်။

မမဝဝက ခုံပေါ်ထိုင်ပြီးတာနဲ့ အိတ်ကြီးထဲ စာအုပ်အရှည်ကြီးဆွဲထုတ်လိုက်တဲ့အခါ

သူ့အနားမှာ ဝိုင်းနေတဲ့သူတွေက နှစ်ရာတန် ထောင်တန် ငါးရာတန်အနွမ်းလေးတွေကို

အဲဒီမိန်းမလက်ထဲကို တစ်ယောက်ပြီးတစ်ယောက် ထည့်ကြပါတယ်။

မမဝဝမှာ ပေးသူရဲ့ နာမယ်နဲ့  စာရင်းတွေမှတ် ပိုက်ဆံတွေရေ။

အိတ်ကြီးထဲ ထည့်။

“မစိုး နက်ဖြန်ဆိုပြည့်ပြီ ထပ်ဆွဲအုံးမှာလား”

“မိငယ် ညည်းဟိုရက်က နှစ်ရက်ပျက်ထားတာနော်၊

ကိုယ့်ဘာသာကိုယ်သေချာမှတ် နောက်မှလာမငြင်းနဲ့”

“ဒေါ်အေး လိုသေးတယ်လေ။

နေ့တွက်က နေ့တွက်၊

စုကြေးက စုကြေး။

သုံ့းက သုံး နှစ်က နှစ်ဘဲ လာမရောနဲ့”

“တရုပ်မ ညည်း အမေက ဒါဘဲပေးလိုက်တယ် ဟုတ်လား!

လုပ်ပြီ မိဆွေဌေးတို့ ကတော့ အပြည့်မသွင်းနိုင်ဘူးဆိုကလေးလွှတ်ပြီ၊

လိုချင်ပီဆိုရင် အခုလဲသေတော့မယ့်မျက်နှာလေးနဲ့လာပြီ

ညည်းအမေပြောလိုက် ဒီအချိုးမျိုးနဲ့ဆိုရင်နောက်မပေးတော့ဘူးလို့”

“မထား ညည်းငါ့ဆီကယူရင် ညည်းအတွက်ညည်းယူ။

သူများအတွက်ညည်းနာမယ်ခံပြီးယူမပေးနဲ့ ဇာတ်ရှုပ်တာ ငါမကြိုက်ဘူး၊

လူတိုင်းလဲ ငါမပေးနိုင်ဘူး”

ဆုိုပြီး ပါးစပ်ကလဲ အမျှင်မပြတ် လက်ကလဲ တရစပ်မနားတမ်းအလုပ်တွေလုပ်ပါတော့တယ်။

အဲဒီအချိန်သူနဲ့အတူပါလာတဲ့ကောင်လေးက

“မမရော့…………………”လို့ပြောရင်း လက်ဖက်ရည်ဆိုင်က ဝယ်လာတဲ့

အအေးဘူးလေးကို မမဝဝ လက်ထဲကိုထည့်ပေးလိုက်တဲ့အခါ

အစောက မာတင်းနေတဲ့မျက်နှာက ချက်ခြင်းကို ပီတိတွေတက်လာလို့

အရောင်တွေပြောင်းသွားလိုက်တာ ချိုလို့အေးလို့။

 

သူ့ဆီလာတဲ့သူတွေက ငွေပေးရုံတင်မကဘူး သူတို့လိုချင်တာမှာနေတာကိုလဲကြားရပြန်ပါတယ်။

“ပတ်”ချင်တဲ့သူ “စုံ-မ”တွဲချင်တဲ့သူ “ညီအကို” စုံချင်တဲ့သူ အမျုိုးမျိုးပါဘဲ။

တစ်ချုို့ကလဲ ၁၅ရက်တစ်ခါ အလည်လာတတ်တဲ့ သုံးလုံးတွဲလေးတွေကိုမှာကြပါတယ်။

ဂဏန်းလေးတွေ ပြောလာသူကို ဘယ်နှစ်ချောင်းဘိုး ထည့် မှာလဲဆိုပြီး မေး

စာအုပ်နဲ့မှတ် ဖြတ်ပိုင်းလေးတွေပေး သွားတာများ ဖျပ်ကနဲဖျပ်ကနဲ မြန်မှမြန်။

တစ်ချောင်းဘယ်လောက်လဲလို့ စပ်စုကြည့်တော့ တစ်ချောင်း “အစိတ်”ပါတဲ့။

အတော်လေးကြာတော့သူ့နားမှာလူရှင်းသွားပါတယ်။

ဒါပေမယ့်မပြန်သေးတဲ့ မိန်းမတစ်ယောက်ကတော့ရှိပါသေးတယ်။

မျက်နှာငယ်လေးနဲ့ရပ်လို့နေပါတယ်။

“ မဆွေ………………ဘာဖြစ်လို့လဲ စာရင်းမကိုက်ဘူးလား”

“ဟုတ်ဘူးအမ ကျမ နည်းနည်းလောက် ထပ်လိုချင်လို့”

“အိုး ညည်းရက်ပြည့်ဘို့က တစ်ပါတ်တောင်လိုသေးတယ်လေ”

“အိမ်ကလူ ဆိုက်ကားနင်းတာ လိုင်စင်မရှိဘဲနင်းလို့ဆိုပြီး ဆိုက္ကားသိမ်းထားတာပြန်ရွေးဘို့”

“ညည်းတို့ကြည့်လိုက်ရင်ပြေလည်တာကို မရှိဘူးအေ စိတ်ဆင်းရဲပါ့”

“ကဲ ဘယ်လောက်ယူမှလဲပြော သိပ်တော့ မပေးချင်ဘူးနော် ညည်းခက်နေလို့သာပေးရတာ ”

“ငါးသောင်း အမ”

“ ဒါဆိုရင် တစ်ပတ်စာကျန်တာလဲ ဖြတ်ယူလိုက်မယ်။

နောက်ကြိုယူတဲ့အတွက် ငါးထောင်အပိုပေးရမယ်”

“ငါးထောင်တော့မလုပ်ပါနဲ့ အမရယ် နှစ်ထောင်လောက်ဘဲအပိုယူပါ ကျမလဲမတတ်သာလို့ပါ”

“ပြောလိုက်ရင်ဒါမျိုးချည်းဘဲ ကဲ သုံးထောင်တော့ပေး မယူချင်လဲရတယ်”

လို့ ဆိုလိုက်တော့

“ရပါတယ် အမရယ်” ဆိုတဲ့လေသံနွမ်းနွမ်းလေးကိုကြားရပါတယ်။

“ညည်းတို့အေ ငါ့ဘဲအပူကပ်နေကြတယ် ငါမရှိရင်ညည်းတို့တော့အခက်ဘဲ”လို့

ဂုဏ်ယူဝံ့ကြွားသံစွက်နေတဲ့ လေသံနဲ့ပြောရင်း  မဆွေ ဆိုတဲ့ကောင်မလေးကို ပိုက်ဆံထုတ်ပေးပါတယ်။

အားလုံးပြီးသွားတဲ့အခါမှ ပန်းသည်ကောင်မလေးကို

“ညည်းလဲ ရက်မမှန်ပြန်ဘူးနော် သူများတွေရှေ့မပြောချင်လို့နေ နေတာ ညည်းတို့ပိုက်ဆံတွေဘယ်ရောက်ကုန်လဲအေ့  လင်မယားနှစ်ယောက်လုံးရှာနေတာကို ”

“အမမောင်က ပိုက်ဆံမအပ်တာကြာပြီ အမရေ သူ့မောင်းကအောင်တယ်ကိုမရှိဘူး  နေ့တိုင်းလိုကျိုးနေတာရယ်”လို့ပြောပါတယ်။

“ညည်းနှစ်လုံးထိတာလဲ ထည့်ပြောအုံးလေ” ဆိုတော့

“ဒါကတော့အမရယ် ကျမလည်းပွားရင်းပါတာတော့ဘယ်တတ်နိုင်ပါမလဲ”လို့ရယ်ကျဲကျဲနဲ့ပြောပါတယ်။

ခဏနေတော့ မမဝဝ ပြန်မယ်ပြင်တဲ့အခါ

“ အမ ဘုရားတင်ဘို့ပန်းလေးယူသွားအုံး”ဆိုပြီးနှင်းဆီ ပန်းစည်းလေးကို ကမ်းပေးနေပါတယ်။

အစောက ဈေးဝယ်တစ်ယောက်က ၅၀ဝ နဲဆစ်တာကို ၆၀ဝ မရလို့မရောင်းလိုက်တဲ့ပန်းစည်းလေးဆိုတာ

တော့ ကျနော်မှတ်မိလို့နေပါတယ်။

“ မိန်းမ အထုပ်အပိုးတွေနဲ့ မနိုင်မနင်းလာနေတာတောင်ကြိုဖော်မရဘူး၊

ဘာတွေများ ဒီလောက် ငေးနေတာလဲ” ဆိုတဲ့အသံကြားလိုက်မှ ကျနော်လဲ ငေးတာတွေရပ်ပြီး

မဒမ်ပေါက်လက်ထဲက အထုပ်တွေဆွဲလိုက်ရပါတယ်။

ဆိုင်ကယ်သာမောင်းလာတယ် ကျနော့်ခေါင်းထဲမှာ မမဝဝ ပြောလိုက်တဲ့

“ညည်းတို့ပိုက်ဆံတွေဘယ်ရောက်ကုန်လဲအေ့” ဆိုတဲ့မေးခွန်းလေးက ပျောက်မသွားနိုင်အောင်ဖြစ်နေပါတယ်။

 

***************************************************************************

တကယ်ပြောရရင်တော့အခုခေတ်မှာငွေရှာရတာလွယ်သလိုထင်ရပါတယ်။

ဟုတ်တော့လည်းဟုတ်ပါတယ် ရှေးရှေးကထက်စာရင် လုပ်ငန်းတွေလဲတိုး

လူဦးရေလဲတိုးဆိုတော့ ငွေရပေါက်ရလမ်းတွေလဲများတော့များလာပါတယ်။

ဒါပေမယ့် တစထက် တစ တိုးတက်လာတဲ့ကုန်ဈေးနူန်းကြောင့်လဲရှာမလောက်ဖြစ်ခဲ့တာလဲအမှန်ပါဘဲ။

လိုချင်စရာတွေက များများလာတော့ ကုန်စရာတွေကလဲများသထက်များလာတာပေါ့။

ပိုက်ဆံက မောင်းတီးဝင်လာပြီး ခေါင်းမြီးခြုံပြီးပြန်ထွက်သွားလိုပါဘဲ။

ဒီတော့ဝင်လာတဲ့ငွေကို လက်ထဲပူအောင်တောင်မကိုင်လိုက်ရတဲ့ အနေအထားကိုရောက်လာပြန်ပါတယ်။

 

ဟိုးရှေးရှေးကဆိုရင်မိသားစု တစ်စုမှာတစ်ယောက်ထဲရှာရင်လောက်ပါတယ်.။

နှစ်ယောက်သုံးယောက်များအလုပ်လုပ်ရင် ငွေပိုငွေလျှံလေးများတောင်စုနိုင်ဆောင်းနိုင်ခဲ့ကြပါတယ်။

ရှေးလူကြီးများကတော့ ပိုက်ဆံစုတာ ဝါသနာပါခဲ့ကြပါတယ်။

ဖိုးဝရုပ်မြေအိုးတို့ ဇီးကွက်ရုပ်တို့ဝါးကျည်တောက်တို့ မုန့်ပုံးကို အပေါက်ဖောက်ထားတဲ့သံစုဗူးတို့နဲ့

ပိုက်ဆံတွေစုခဲ့ကြတာပါ။

တစ်ချို့ကတော့ စာအုပ်တွေကြားထဲမှာပိုက်ဆံတွေညှပ်ပြီး စုဆောင်းတတ်သူလဲရှိပါတယ်။

ဒါပေမယ့်၁၉၈ဝခုနှစ်နောက်ပိုင်း အစိုးရကိုယ်တိုင်ထုတ်ဝေထားခဲ့တဲ့ ၂၅ကျပ်တန်၊၁၀ဝတန်တွေကိုတစ်ကြိမ်

၃၅ကျပ်တန်နဲ့၇၅ကျပ်တန်တွေကိုဒုတိယအကြိမ် တရားမဝင်ငွေစက္ကူအဖြစ်သတ်မှတ်လိုက်တာနဲ့ကြောင့်

“ပိုက်ဆံဆိုတာ ယာယီတန်ဘိုးသတ်မှတ်ထားတဲ့ စက္ကူ”ဆိုတဲ့အတွေးလေး

လူတွေစိတ်ထဲမှာစွဲမှတ်သွားတဲ့အချိန်က စလို့ စုတာဆောင်းတာ သိပ်မရှိတော့ပြန်ပါဘူး။

ဒီငွေစက္ကူတရားမဝင်တဲ့ကိစ္စကိုအခြေပြုလို့မြန်မာနိုင်ငံကို ကြိုးကိုင်သူပြောင်းလဲဘို့

ဖြစ်လာပြီး “မဆလ” လို့ခေါ်တဲ့ မြန့်မာဆိုရှယ်လစ်လမ်းစဉ်ကြီးလဲပြိုလဲသွားခဲ့ပါတယ်။

 

နောက်ပိုင်းမှာတော့ ပြောင်းလဲသွားတဲ့အုပ်ချုပ်ရေးစံနစ်နဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးပုံစံလဲပြောင်းလဲလို့လာပြန်ပါတယ်။

အရင်တံခါးပိတ်ဝါဒကျင့်သုံးရကတော့ အတော်အသင့်ပြန်ဖွင့်ပေးလိုက်တာရယ်

ပြည်သူပိုင်မသိမ်းဘူး ငွေစက္ကူကို တရားမဝင်မကြေညာပါဘူးလို့ အစိုးရက ကတိပေးလိုက်တဲ့

နောက်ပိုင်းမှာ ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေက လုပ်ငန်းကိုတိုးချဲ့လုပ်ကိုင်လာပြန်တဲ့အတွက်

အလုပ်အကိုင်အခွင့်အလမ်း က မရှား အလုပ်လဲမရှား ဆိုတော့ငွေလဲ ရှာလို့ဖွေလို့မခက်တော့ပြန်ပါဘူး။

ရှာလို့ဖွေလို့ မခက်ပေမယ့် အသုံးကတော့ မခံပါဘူး။

ငွေကြေးဖောင်းပွမူ့ကတစ်နှစ်ထက်တစ်နှစ် များလာတာကြောင့်ပါဘဲ။

၁၉၈၃ ခုနှစ်က လက်ဖက်ရည်တစ်ခွက်တစ်ကျပ် ဆိုတာကနေ လက်ရှိ၂၀၁၃

မှာ လက်ဖက်ရည်တစ်ခွက်ကျပ်သုံးရာဆိုတော့ နှစ်ပေါင်း၃ဝအတွင်းမှာ

ငွေကြေးဖောင်းပွမှု့က အဆ သုံးရာရှိလာပါတယ်။

ဒါကတော့ အထင်သာအမြင်သာဆုံး နေ့စဉ် အမြဲထိတွေနေကြတဲ့ ပစ္စည်းနဲ့ချိန်ထိုးကြည့်တာပါ။

အဲတော့ လူတစ်ယောက်ဝင်ငွေက လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကထက်

အဆသုံးရာတိုးပြီးရှာနိုင်သူက ဟန်မပျက်နေနိုင်ပြီး မရှာနိုင်သူက အကြွေးသံသရာမှာ

ရုန်းမထွက်နိုင်အောင်ပါဘဲ။

၂၀၀ဝခုနှစ်မတိုင်ခင်ကာလမှာ မြန်မာနိုင်ငံမှာဘဏ်စံနစ်ထွန်းကားလို့လာပါတယ်။

အရင်က မြန်မာ့စီးပွားရေးဘဏ်တစ်ခုထဲသာ ရှိရာကနေ ပုဂ္ဂလိကဘဏ်တွေလုပ်ပိုင်ခွင့်ပေးတဲ့အခါ

ဘဏ်မှာငွေစုဆောင်းတဲ့အလေ့အထလေးရှိလာပြန်ပါတယ်။

သိပ်မကြာခင်မှာဘဲ ဘဏ်တွေပြဿနာတက်ပြန်ပါတယ်။

စုဆောင်းထားတဲ့ငွေတွေ ဆုံးရှုံးမသွားတာမှန်ပေမယ့် ချက်ခြင်းထုတ်မရဘဲကြန့်ကြာသွားခဲ့ပြန်ပါတယ်။

အဲဒီမှာလူတွေက ငွေစုဆောင်းတယ်ဆိုတာကို အယုံအကြည့်မဲ့လို့သွားပြန်ပါတယ်။

အဲတော့နောင်ခါလာနောင်ခါဈေး သဘောထားလို့ ကိုယ်ရှာသမျှကို အားရပါးရသုံးတဲ့အလေ့အကျင့်ရသွားပါတော့တယ်။

*****************************************************************

 

၂၀၀ဝခုနှစ်နောက်ပိုင်းမှာ နည်းပညာတက်မှု့တွေနဲ့အတူ ပစ္စည်းအသစ်အဆန်းတွေမြန်မာပြည်ထဲကို

ဝင်လို့လာပါတယ်။

အဓိက တင်သွင်းသူကတော့တရုပ်ပြည်ဖက်ကပါဘဲ။

အရင်က ဆင်းရဲသားများ အိမ်မက် မမက်နိုင်တဲ့ တီဗွီတွေအောက်စက်တွေ

ဈေးပေါပေါနဲ့နယ်စပ်ကတစ်ဆင့်နည်းအမျိုးမျိုးနဲ့ရောက်လာခဲ့ပါတယ်။

အနောက်နိုင်ငံဖြစ်အောက်စက်တစ်လုံးလေးငါးခြောက်သောင်းကနေ

စက်တစ်လုံးကို နှစ်သောင်းလောက်နဲ့ဝယ်ရလာပါတယ်။

နောက်တော့ ရုပ်ရှင်ကြည့်ရုံမက ဘဲ “မိုက်ခဲ”လို့ပါရတဲ့ကာရာအိုကေစက်ကလေးတွေပေါ်လာပြန်ပါတယ်။

ထပ်ဆင့်ပြီး နိုင်ငံခြားရုပ်ရှင်ကား ဆယ်ကားပါတဲ့ခွေတစ်ခွေမှ ၅၀ဝကျပ်လောက်ဘဲပေးရတဲ့ ဒီဗွီဒီခွေတွေ

ကို မြန်မာနိုင်ငံထဲသွင်းလိုက်ပြန်တော့ ဒီဗွီဒီ စက်တွေကိုအပြေးအလွှားဝယ်ကြရပြန်ပါတယ်။

ဒီဗွီဒီစက်တွေနဲ့အတူ ခေတ်စားလာတာကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေပါဘဲ။

မြဝတီက လာနေတာကို မစောင့်နို်င်တော့ တရုပ်ပြည်ဘက်ကနေ မြန်မာဘာသာပြန်ပေးထားတဲ့ခွေ

တွေကို ဝယ်ကြည့်လိုက်ကြတာ ဝက်ဝက်ကွဲပါဘဲ။

အခုတော့ ဒီဗီဒီက ခေတ်မမှီတော့ဘဲ သရီးဒီ အီးဗွီဒီတွေ စားပွဲခုံပေါ်တင်ကြည့်လို့ရတဲ့ “ပေါ်တေဘယ်လ်”ခေတ်ကိုရောက်သွားပါပြီ။

ကျနော်တို့နိုင်ငံက အိမ်တိုင်းမှာ တီဗွီ အီးဗွီဒီ မရှိတဲ့အိမ်ဆိုတာ ခပ်ရှားရှားဖြစ်သွားပါပြီ။

အမျိုးအစားကောင်းတယ်ဆိုတဲ့ အခြားနို်င်ငံက လာတဲ့စက်က တစ်လုံးခြောက်သောင်းအထက်မှာရှိပေမယ့်

တရုပ်စက်ကတော့ တစ်လုံးမှ နှစ်သောင်းပါတ်ဝန်းကျင်။

အဲတော့ပျက်လဲ မပြင်တော့ဘဲ နောက်အသစ်တစ်လုံးသာ လွယ်လွယ်ဝယ်လိုက်ကြပါတယ်။

ဒါတွေရှိမှတော့ ခွေဝယ်မယ် ခွေငှားကြည့်မယ်ဆိုတော့ နေ့စဉ်ထွက်ငွေက အမြဲရှိနေပြန်ပါတယ်။

အခုခေတ်မှာတော့ကုန်မယ်ဆိုကုန်စရာတွေချည်းပါဘဲ။

နောက်ထပ်ကုန်စရာတစ်မျိုးတိုးလာကတော့ ဆိုင်ကယ်ပါဘဲ။

ဟိုးအရင် 1990 ပါတ်ဝန်းကျင်လောက်မှ ဂျပန်လုပ် ရွှေရောင်စူပါကပ်တွေ တစ်ခေတ်ထခဲ့ပါတယ်။

နောက်တော့ ယူရုတ် ဘဲခေါင်းစိမ်း ခိုပြာ ဇီးရောင် ကျောက်စိမ်း ဆိုတဲ့ ဟွန်ဒါစူပါကပ်ဆိုင်ကယ်တွေဝင်လာခဲ့ပါတယ်။

သူနောက်မှာတော့ ယိုးဒယားလုပ်”ဒရင်းမ်ဆိုင်ကယ်”ဝင်လာတော့ဈေးနည်းနည်းလျော့လာပါတယ်။

ဒါပေမယ့်လဲလူတိုင်းအနားမကပ်နိုင် မစီးနိုင်သေးပါဘူး။

နောက်ပိုင်းမှာတော့ စီးပွားရေးဈေးကွက်မြင်တဲ့ တရုပ်ပြည်က နေပြီး

အစွဲအလန်းကြီးလွန်းတဲ့မြန်မာပြည်အတွက် ဟွန်ဒါပုံစံချိုးထားတဲ့

ဆိုင်ကယ်မျိုးစုံကိုတံဆိပ်မျိုးစုံထုတ်လုပ်လိုက်ပါတယ်။

အဲဒီဆိုင်ကယ်တွေက နယ်စပ်ကနေတစ်ဆင့်မြန်မာပြည်ထဲကိုရောက်လာခဲ့ပါတယ်။

ဟိုင်းဘတ်တို့လော်ဂျားတို့ စတင်လို့ခေတ်စားလာပြန်ပါတယ်။

သိန်းဆယ်ဂဏန်းရှိမှာဆိုင်ကယ်စီးနိုင်ရာကနေ လေးငါးသိန်းလောက်နဲ့ ဆိုင်ကယ်စီးနို်င်လာပြန်ပါတယ်။

အစက တရားမဝင်စီးနေရာကနေ တိုင်းအလိုက် နာမယ်ပေးပြီးဆိုင်ကယ်တွေကို  မတလ တွေ မလမတွေ စကတွေ ပခတွေ မရတွေ လရ  တွေနာမယ်ထိုးလို့ တရားဝင်အောင်လုပ်ပေးလိုက်တဲ့အခါ လူတိုင်းဆိုင်ကယ်စီးချင်လာကြပြန်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တရုပ်ဆိုင်ကယ်တွေတောရောမြို့ပါသုံးကြပါတော့တယ်။

အခုနောက်ပိုင်းမှာတော့ နှစ်သိန်းသုံးသိန်းရှိရင် ဆိုင်ကယ်ဝယ်စီးနိုင်ပြန်တော့ တစ်အိမ်တစ်စီးဆိုတာကနေ

လူတစ်ယောက်ဆိုင်ကယ်တစ်စီးနူန်းဖြစ်သွားပါတယ်။

ဒီနှစ်ပိုင်းတွေမှာဆိုင်ကယ်တွေက ပိုမြင့်လာပါတယ်။

ဘက်ထရီဆိုင်ကယ်တဲ့။

အော်တိုဂီယာနဲ့သွားတဲ့ ကလစ် တဲ့ ဖီနိုတဲ့ ထရက်ကာတဲ့ လိုချင်စရာတွေချည်းပါဘဲ။

ဆီနဲ့မောင်းရတဲ့ ဆိုင်ကလုန်း ၊ရုပ်ဆိုး၊ငါးရိုးတဲ့ အမျိုးမျိုးပါဘဲ။

ဈေးသိပ်မမြင့်တော့ လူတိုင်းက ဆိုင်ကယ်စီးနိုင်ပါတယ်။

ဆိုင်ကယ်လေးရှိတော့ တော်ရုံလမ်းလောက်ဆိုရင်ကို လမ်းမလျောက်ချင် စက်ဘီးမစီးချင်တော့ဘဲ

ဆိုင်ကယ်လေးရှိမှ သွားတတ်သလိုလို။

ဆိုင်ကယ်စီးမှတော့ ဆီ လိုတာပေါ့။

ဆီလိုတော့ ကုန်စရာတစ်မျိုးတိုးပြန်တာပေါ့နော်၊

 

နောက်တစ်မျိုးကတော့ တယ်လီဖုန်းပါဘဲ။

1995ခုနှစ်အလွန်မှာ ဆယ်လူလာဆိုတဲ့ လက်ကိုင်ဖုန်းလေးကနေစလာလိုက်တာ

ဂျီအက်စ်အမ်ခေတ်မှာ တစ်လုံးကို သိန်းလေးငါးခြောက်ဆယ်။

လူတိုင်မကိုင်နိုင်ခဲ့ပါဘူး။

ထုတ်ဈေးကတော့ ၁၅သိန်းပါဘဲ။

ဒီဈေးနဲု့ကလူတိုင်းလဲမရပါဘူး။

နောက် စီဒီအမ်အေခေတ်မှာတာ့ ဈေးက ထက်ဝက်လောက်ကျသွားပါတယ်။

သိန်း20ပါတ်ဝန်းကျင်ကနေ 15သိန်း စွန်းစွန်းလောက်ရောက်သွားတော့

လူလတ်တန်းစားအတော်များများ ကဟန်းဖုန်းလေးခါးချိတ်လာနိုင်ပါတယ်။

နောက်တော့ ငါးသိန်း တန်ဖုန်းလဲရောက်လာရောအရင်ထက်ပိုပြီး

ဖုန်း ကိုင်နိုင်လာပါတယ်။

နောက်တစ်ကြိမ် ကျပ်နှစ်သိန်းနဲ့ဝယ်လို့လဲရရော လိုအပ်တာ မလိုအပ်တာအပထား

ဖုန်းလေးရှိမှ လူရာဝင်မယ်ထင်လာကြတော့ လူအတော်များများလက်ထဲမှာဖုန်းကိုယ်စီနဲ့ပါဘဲ။

ဖုန်းလေးလက်ထဲရှိပြီဆိုတော့ ပါးစပ်ကလေးတွေယားလာပြန်ရော။

အလုပ်ကိစ္စမရှိလဲ “နေကောင်းလား ထမင်းစားပြီးလား “အလ္လာပသလ္လာပလေးတွေပြောရင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုလုပ်ကျွေးကြပါတော့တယ်။

ပြောကောင်းကောင်းနဲ့ပြောလိုက်ကြတာ ဖုန်းရုံးကအကြွေးတောင်းမှ  တစ်လတစ်လ ဖုန်းပြောခတွေ တနင့်တပိုးဆောင်လိုက်ရပါတယ်။

(ဒါကတော့အရင်ကပေါ့ အခုတော့ တစ်ကဒ်တစ်သောင်းပါဘဲ)

ဒီဟန်းဖုန်းတွေပေါ်စက ဆိုရင် ထည ့်အသုံးပြုရတဲ့ ဟန်းဆက် ကဈေးကြီးပါတယ်။

ဈေးကွက်အလွန်မြင်တတ်တဲ့ သူတွေက ဟန်းဆက်ပုံစံအမျိုးမျိုး ကို ဈေး အသင့်အတင့်နဲ့

တစ်မျိုးသုံးလလို့မှ  မကြာသေးခင် အသစ်အဆန်းတွေထပ်ထပ်ပြီး မြန်မြန်ကြီးထုတ်ပေးပါတယ်။

အဲတော့လဲ သုံးလို့ကြာတာ မကြာတာ အပထား  ဟန်းဆက်အသစ်ထွက်ရင်အဟောင်းကိုမသုံးတော့ဘဲ

အသစ်ထပ်ဝယ်ပါတယ်။

၂သောင်းက နေ ငါးသောင်းကြားဆိုရင် အသင့်အတင့်ကောင်းပြီး သီချင်းနားထောင်လို့ရ ဓါတ်ပုံရိုက်လို့ရ ဂိန်းဆော့လို့ ရ ဗွီဒီယိုရိုက်လို့ရတယ်ဆိုတော့ လဲ သုံးပျော်တယ်ဆိုပြီး ဝယ်ကြပြန်ပါတယ်။

 

**********************************************************

အခုနောက်ပိုင်းလူတွေက ကိုယ့်အိမ်မှာသာ ကိုယ်ငွေမစုပေမယ့် တူရာလူတွေစုပြီး

“စုကြေး” စုကြတာတော့ အတော်လေးခေတ်စားပါတယ်။

ဒီလိုစုကြေးဆိုတာ ဈေးထဲက ဈေးသည်တွေက စခဲ့တာပါ။

တစ်နေ့တစ်နေ့ရောင်းကြေးထဲက ဖဲ့ပြီးစု။

တစ်ရက် ၁၀၀ဝကျပ်စီစု ။

ဆယ်ယောက်ဆို ကျပ်တစ်သောင်း။

ဆယ်ရက်တစ်ခါခွဲရင် ကျပ်တစ်သိန်း ဆိုပြီး စခဲ့ကြတာပေါ့။

တစ်ယောက်တစ်လှည့်စီယူပေါ့။

ဘယ်သူအရင်ယူမယ်ဆိုတာကတော့ မဲနိူက်ပြီး  ၁-၂-၃-၄ တန်းစီဇယား စီကြတာပေါ့။

အရင်ပေါက်သူက အရင်ယူပေါ့။

အဲဒီမှာ ငွေအရင်လိုသူနဲ့ မလိုသူ ဆိုတဲ့အပေါ်မူတည်ပြီး

အရင်ဦးဆုံးအလှည့်ကျသူက သူ့အတွက်ငွေမလိုဘူး၊

နောက်ကျပြီးမှရမယ့်သူက ငွေလိုနေတယ်ဆိုရင်

အလှည့်ကျော်ပေးလိုက်ပါတယ်။

ဒါပေမယ့်အလကားတော့မရပါဘူး ထိုက်သင့်တဲ့ ကြေးတစ်ခုပေးပြီးမှရနိုင်တာပါ။

အဲလို လုပ်ရင်းလုပ်ရင်းနဲ့ ထည့်ဝင်ငွေစုကြေးကြီးလာသလို အရင်ရသူနဲ့နောက်မှရမယ့်သူအကြား

ပေးရတဲ့ငွေပမာဏကလဲ ကြီးလာတော့ ငွေပိုသူအတွက် စီးပွားရေးလုပ်ငန်းတစ်ခုအသွင်ပြောင်းလဲလို့သွားပါတယ်။

ဒီစုကြေးအကျင့်က ဈေးသည်တွေတင်မကဘဲ ကျောင်းမှာရုံးမှာ ကုမ္ပဏီတွေမှာအရပ်ထဲမှာပါကူးစက်လို့သွားပါတယ်။

ဈေးသည်တွေ က နေ့စဉ်ရောင်းကြေးထဲက နေ ပျောက်ပျောက်ပျက်ပျက် ထည့်လို့ စုကြေးလုပ်တာ သဘာဝကျပေမယ့် တစ်လကုန်မှ လခတစ်ခါရတဲ့

လခစားတွေက ပါ အသိဉာဏ်ကင်းမဲ့စွာနဲ့ စုကြေးတွေလိုက်ကြပါတယ်။

စုကြေးတွေစုကြ ပေါက်လာရင် ဝယ်ချင်ရာဝယ် အလကားရသလိုသုံးချင်ရာသုံးကြပါတယ်။

ကိုယ်ပြန်ပြီး ထည့်ရမယ့်အလှည့်မှာ မှ အခက်အခဲတွေနဲ့တွေ့ပါတော့တယ်။

ကိုယ်စုကြေးပေါက်မယ့်အလှည့်က မရောက်သေး ပေမယ့် စုကြေးက သုံးလို့ကုန်တာကြာနေပပြီ။

ဒါပေမယ့်လဲ စုကြေးကထည့်လို့မဆုံးသေးဘူး။

လူများများ ပါလေလေ ငွေများလေလေ ထည့်ရတာများလေလေ  အလှည့်စောင့်ရလေလေပါဘဲ။

ဒီစုကြေးကလဲ ကြာလာတော့ ဆင်းရဲသားများအတွက ်ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာတာအမှန်ပါဘဲ။

ကိုယ်သုံးထားပြီးတဲ့စုကြေးကို ပေးဘို့ အတိုးနဲ့ပြန်ချေးပြီးထည့်ရတဲ့ ဘဝရောက်ကုန်ပြန်ပါတယ်။

နောက် စုကြေးကိုင်ထားတဲ့သူက ငွေတွေသုံးထားပြီး ထွက်ပြေးပြန်တော့လဲ အပူမီးခကြ ရပြန်ပါတယ်။

**********************************************************************

တိုးတက်လာတဲ့ ၂၁ရာစုမှာ ဂြိုလ်တုစလောင်းတွေ အင်တာနက်တွေပေါ်လာချိန်မှာ

မြန်မာပြည်လည်းခေတ်မှီလို့လာပါတယ်။

ဟိုးအရင်ခေတ်တွေက ယိုးဒယားက ၁၅ရက်တစ်ကြိမ်ဖွင့်တဲ့ထီဆိုတာ မြန်မာပြည်နဲ့အလှမ်းဝေးပါတယ်။

နီးစပ်သူများအကြားမှာသာ တိုးတိုးတိတ်တိတလေး ကစားခဲ့ကြရတာဖြစ်ပါတယ်။

၁၉၈၈အလွန်မှာတော့ ယိုးဒယားထီရဲ့နောက်ဆုံးဂဏန်းသုံးလုံးကိုအခြေခံထားတဲ့ “ချဲထီ”ဆိုတာပေါ်လာ

ပြန်ပါတယ်။

ချဲထုးိလိုက်ကြတာ ကျားမ မရွေး တစ်နိုင်ငံလုံးဝက်ဝက်ကွဲပါဘဲ။

အားလုံးနီးပါးလောက်  အတွက်အချက် သချင်္ာပညာရှင်တွေအဖြစ်ဘဝပြောင်းလို့ လက်ဖက်ရည်ဆိုင်မှာ

ရုံးမှာအိမ်မှာ စာအုပ်လေးတစ်အုပ်နဲ့တကုပ်ကုပ်တွက်ကြပါတော့တယ်။

ဘယ်လိုဘဲတွက်တွက် ချဲထွက်ပြီးမှာသာအဖြေမှန်ပေါ်တဲ့ “ပေါက်ဖော်”ဆရာကြီးတွေများမှများ။

အဲလောက်ကို အရှိန်အဟုန်ကြီးခဲ့ပါတယ်။

ဘယ်လောက်ဖမ်းဖမ်း( ပင်ရင်းကို မဖြိုနို်င်တာအမှန်ပါဘဲ)

ဘယ်လိုဘဲတားမြစ်တားမြစ်(တားတဲ့သူ ကိုယ်တိုင်မှမကင်းနိုင်တော့ တားလဲအလကား)

နေရာတိုင်းမှာရှိနေတဲ့ လူအတော်များများကတော့

အတိတ်နိမိတ်တွေ အကြားအမြင်တွေ ချိုင်းတွေ ပေတံတွေ တွက်နည်းပေါင်းစုံတွေနောက်လိုက်ရင်း

ပွတဲ့သူပွနည်းနည်း  ပျက်တဲ့သူပျက်များများ ဆိုတာကလဲ ကိုယ့်မျက်စေ့ရှေ့တွေတင် ဖြစ်သွားခဲ့ကြတာ မမြင်ချင်မှအဆုံးပါဘဲ။

ဒါပေမယ့်လည်းခုချိန်ထိ ရှိနေဆဲပါဘဲ။

ကျနော်တို့မြန်မာပြည်မှာနေထိုင်သူများက ဉာဏ်ထက်တဲ့နေရာမှာတော့ ပြိုင်ဘက်ကင်းပါတယ်။

တစ်လတစ်ခါ ထွက်တဲ့မြန်မာ့ထီကိုလဲ နှစ်လုံးဆိုပြီးပုံစံပြောင်းလို့ လောင်းကစားပွဲဖြစ်အောင်ဖန်တီးလိုက်ပြန်ပါတယ်။

အဲလို နှစ်လုံးရောဂါထ လာတော့ မြန်မာ့ထီကို တစ်ရက်ထဲနဲ့အပြီးပြောင်းဖွင့်လိုက်ပေမယ့်ရပ်မသွားပါဘူး။

တစ်ဖက်နိုင်ငံက တီဗွီမှာလာနေတဲ့ ကိန်းဂဏန်းတွေကို နှစ်လုံးဂဏန်းဖြစ်အောင် ဖန်တီးလိုက်ပြန်ပါတယ်။

အရင်က သုံးလုံး က ၁၅ရက်စောင့်ရတယ်။

ဒီနှစ်လုံးကတော့ နေ့တောင်မကူးဘဲ နာရီပိုင်းလေးအတွင်း ပဟေဠိကို အဖြေညှိနိုင်တယ်ဆိုတော့

ပိုပြီးလူကြိုက်များပါတယ်။

တစ်ပါတ်မှာ တနင်္ဂနွေတစ်ရက်ဘဲနားပြီး မနက်တစ်ခါ ညတစ်ခါ လှူပ်ယှားနိုင်တော့ ဘဝပျက်တာ ပိုပြီး

မြန်ပါတယ်။

ဒီနှစ်လုံးကတော့ မိန်းမတွေပိုအထိုးများပါတယ်။

တစ်ယောက်နဲ့တစ်ယောက်တွေ့ကြရင် “နေကောင်းလား “”ဘယ်သွားမလို့လဲ””ဘယ်ကပြန်လာတာလဲ”

လို့နုတ်ဆက်တတ်ကြတဲ့ မြန်မာ့ဓလေ့မှာ

“ ဒီနေ့ဘာကောင်းလဲ” “ဘာကိုင်ထားလဲ” “ဘယ်ဂဏန်းပီလဲ” ဆိုပြီးပြောင်းလဲလို့မေးတတ်ကြတဲ့အထိပါဘဲ။

အိမ်တစ်အိမ်ရဲ့ဈေးဘိုးတွေ အိမ်အသုံးစားရိတ်တွေက ဂဏန်းရေးထားတဲ့ဖြတ်ပိုင်းလေးတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

******************************************************

ဟိုးရှေးရှေး က ဘောလုံးပွဲလောင်းတယ်ဆိုတာ တစ်နှစ်တစ်ကြိမ် ကန်တဲ့ တိုင်းနဲ့ပြည်နုယ်ဘော့လုံးပွဲဘဲရှိပါတယ်။

နောက်ပိုင်းမှာတော့ လေးနှစ်တစ်ကြိမ်ကန်တဲ့ ကမ္ဘာ့ဖလားပွဲမှာသာ အနိုင်အရှုံးလောင်းတတ်ကြပါတယ်။

ဘောလုံးနဲ့ပါတ်သက်ရင် လောင်းစရာက ဒါအကုန်ပါဘဲ။

အရင်ကဆိုရင် သူများနိုင်ငံမှာကန်တဲ့ ဘောပွဲအဖြေသိချင်ရင် ညကိုးနာရီကျော်မှလာတတ်တဲ့ အင်္ဂလိပ်ပိုင်းအစီအစဉ်မှာနားထောင်မှာရပါတယ်။

ကမ္ဘာဖလားဆိုပြန်ရင်လဲ ဟိုမှာကန်ပြီး တစ်ပါတ်လောက်နေမှ သူများနို်င်ငံက ခွေလေးပို့မှ ကြည့်ရတဲ့ဘဝပါ။

အခုလက်ရှိအနေအထားမှာတော့ ဟိုမှာကန်နေတာကို ဒီကတိုက်ရိုက်ကြည့်နိုင်ပါပြီ။

အရင်က မကြားဘူးတဲ့ အီတလီ အင်္ဂလန် စပိန် ဂျာမန်ဆိုတဲ့အနောက်နိုင်ငံတွေက ဆုကြေးစားဘောလုံးပွဲတွေကို တိုက်ရိုက်ကြည့်နိုင်တော့ အနိုင်အရှုံးကိုချက်ခြင်းသိနိုင်ပါတယ်.။

အဲတော့လောင်းကြတာပေါ့။

ဘော်ဒီ တဲ့ ဖိုးကပ်စ်တဲ့ ဂိုးပေါင်းတဲ့ စုံနေအောင်လောင်းကြပါတယ်။

အခုခေတ်အစားဆုံးကတော့ မောင်းရိုက်တာပါဘဲ။

အပါတ်စဉ်နေ့စဉ်ထွက်နေတဲ့

ဘောလုံးဂျာနယ်လေးကို လက်ဖက်ရည်ဆိုင်မှာထိုင်ရင်းဖတ်။

ညနေဆိုရင် ဒိုင်တွေကထွက်လာတဲ့  တွဲပွဲလက်မှတ်လေးကို အမှုားအမှန်ခြစ်။

ညမအိပ်သေးရင် ကိုယ်လောင်းထားတဲ့ပွဲလေးကြည့်။

ကျန်တဲ့ပွဲတွေတော့ ကြည့်ချင်ကြည့် မကြည့်ချင်နေရတယ်။

မနက်အိပ်ယာထရင် လက်ဖက်ရည်ဆိုင်ရှေ့မှာ ထောင်ထားတဲ့ ဘုတ်ပြားမှာ

ညက ကန်ထားတဲ့ ဘောပွဲ အနိုင်အရှုံးလေးတွေသွားဖတ် ပြီးတာနဲ့ထိုးထားတဲ့မောင်းစာရွက်နဲ့တိုက်ကြည့်။

ပြီးရင်တော့ ခေါင်းကုတ်ပြီးစာရွက်လေး လွှင့်ပစ်လိုက်ရုံပါဘဲ။

နောက်တော့ လက်ဖက်ရည်ဆိုင်ထိုင်ရင်မောင်းကျိုးတဲ့အကြောင်းလေကန်ရုံပါဘဲ။

 

အခုခေတ်ကြီးမှာငွေရှာရတာ မခက်ပါဘူး။

ရလာတဲ့ငွေကို လောက်အောင်သုံးရတာသာခက်တာပါ။

နေ့စဉ်ဖြတ်သန်းမှု့မှာ စားစရိတ် နေစရိတ် အဝတ်အစားစားရိတ်တွေကလဲမသေးလှပါဘူး။

ကုန်ဈေးနူန်းကြီးမြင့်မူ့ကြောင့် ဝင်ငွေနဲ့ထွက်ငွေ မမျှတဘူးဆိုတာကလဲ လူတိုင်းအတွက်

ကြီးမားတဲ့အခက်အခဲတစ်ခုပါဘဲ။

ပြည်ပက တလဟော ဝင်လာတဲ့ လူမှု့အသုံးအဆောင်တွေ အဝတ်အစားတွေ

အလှပြင်ပစ္စည်းတွေက လဲ ငွေမကုန် ကုန်အောင်ဆွဲဆောင်နိုင်လွန်းပါတယ်။

အရာရာတိုးတက်ခေတ်မှီနေတဲ့ခေတ်ကြီးမှ ဘာလုပ်လုပ် လျပ်စစ်နဲ့ ကင်းတာမရှိသလောက်။.

မနက်မိုးလင်းပြီဆိုတာနဲ့

ဟိုစုကြေး ဒီစုကြေး

ဈေးဖိုး၊ ကျောင်းမုန့်ဖိုး၊ လက်ဖက်ရည်ဖိုး၊ကွမ်းဖိုး၊ဆေးလိပ်ဖိုး၊

ဘတ်စကားခ၊တက္ကဆီခ၊ယာဉ်ရပ်နားခ၊ယာဉ်အပ်ခ၊ယာဉ်ဝင်ခ၊

ညနေစောင်းပြီဆိုတာနဲ့ တစ်လုံး နှစ်လုံး သုံးလုံး စာစီကုံးတဲ့အဖိုးအခ

ရုပ်ရှင်အခွေငှားခ၊ ကာတွန်းငှားခ၊စာအုပ်ငှားခ၊

ကိုရီးကား သီချင်းခွေ ဒီဗွီဒီဖိုး၊အကျီဖိုး၊ဘောင်းဘီဖိုး၊အလှပြင်ပစ္စည်းဖိုး၊

ဘီယာဖိုး၊အရက်ဖိုး၊အသားကင်ဖိုး၊ကာရာအိုကေဖိုး၊မာဆတ်ဖိုး၊

လကုန်ပြီဆိုတာနဲ့

မျက်နှာ အလှပြင်ခ၊ ပေါင်းတင်ခ၊ အဆီချခ၊လက်သဲခြေသဲဆေးဆိုးခ၊

ဆံပင်ဆေးဆိုးခ၊ဆံပင်ဖြောင့်ခ၊ကောက်ခ၊ညှပ်ခ၊လျော်ခ၊

အိမ်လခ၊ကျောင်းလခ၊ကျူရှင်လခ၊အိမ်အကူငှားခ၊ အဝတ်လျော်ခ၊

ရေခွန်၊မီးခွန်၊ဖုန်းခွန်၊အိမ်ခွန်၊မြေခွန် ၊ဟိုအခွန်ဒီအခွန်

စတဲ့ ကုန်စရာတွေက တွေးရင်တောင် မကုန်လောက်ပါဘူး။

ဒါပေမယ့်လဲ

ရုပ်ရှင်ရုံတွေမှာ စတိုးဆိုင်ကြီးတွေမှာ မတ်ကက်ကြီးတွေမှာ

အလှပြင်ဆိုင်တွေမှာ မာဆတ်မှာ ကာရာအိုကေမှာ

လက်ဖက်ရည်ဆိုင်တွေမှာ စားသောက်ဆိုင်တွေမှာ

ဘီယာဆိုင်တွေမှာ အရက်ဆိုင်တွေမှာ

လူလျော့သွားတယ်ဆိုတာမရှိ စည်ကားမြဲ သိုက်မြိုက်ဆဲပါဘဲ။

ဒါကြောင့်လဲ “ညည်းတို့ ပိုက်ဆံတွေဘယ်ရောက်ကုန်လဲအေ့”လို့များမေးများမေးခဲ့ရင်

ဝတ်မူန်ရွှေရည်လေးရဲ့ စကားလုံးလေးငှားပြီး

“အင်းးးးးးးးးးးးးးးးးးးးးးးဘယ်လိုပြောရမလဲ” လို့သာ ဆိုလိုက်ချင်ပါတယ်။

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

38 comments

  • TNA

    January 19, 2013 at 9:36 am

    ဘယ်မှမရောက်ပါဘူးလေးပေါက်ရယ်။ ဆောင်သမျှအခွန်တွေ ခရိုနီဆီရောက်ကုန်လို့ပါ။

  • Thu Wai

    January 19, 2013 at 10:03 am

    လေးပေါက် ခင်ဗျား……………… နိုင်ငံကြီးတွေက ကျွန်တော်တို့ နိုင်ငံလေးတွေကို အဲဒီအထက်ကပြောသွားတဲ့ပစ္စည်းလေးတွေတင်သွင်းရင်း စီးပွားရှာကြသလို
    အပေါ်ဆုံးမှာ ပြောသွားတဲ့ မမဝဝ ကြီးကလဲ နေ့သွင်းဆိုတဲ့ နှစ်ဆယ်တိုး နဲ့ စီးပွားရှာကြပါတယ်။
    အဓိက ပြသနာကတော့ ငွေပိုငွေလျှံလေး သုံးချင်ရင်နှစ်လုံးထီထိုးမယ် စစချင်းတော့ လူတိုင်းပေါက်ကြပါတယ် လောင်းကစားရဲ့သဘောတရားအရပေါ့။ နောက်ပိုင်းညိသွားတော့မှ အိမ်စရိတ်ကိုပြန်ကာစရာမရှိပဲနေ့သွင်းတွေယူပြီး တိုင်ပတ်ကုန်တာပေါ့ ။တစ်ချို့နေရာတွေမှာ ့ကျွန်တော်တွေ့ဖူးတာက မနက်ပိုင်း ကိုဒန်အိုးတွေပေါင်ပြီး အလုပ်သွား ညနေပြန်မှ ဝင်ရွေးပြီးချက်စားကြတာလဲတွေ့ဖူးပါတယ်။ နောက်ပြီးနတ်ကိုးကွယ်မှုကလဲ ဆင်းရဲခြင်းတစ်မျိုးပါ နတ်ပန်းနတ်ရုပ် နတ်စာ အတွက်သာမရှိရင် ကလေးကျောင်းမုန့်ဖိုးလောက်တော့အနည်းဆုံးကာမိပါတယ်။ အစ္စလမ်တွေဘာကြောင့်ဒီနိုင်ငံမှာလာချမ်းသာလဲဆိုတော့ ရသမျှအလုပ်အကုန်လုပ်တယ် အထူးသဖြင့် အိမ်သာပဲတူးရတူးရ ဂစ်မီးခြစ်ပဲထည့်ရထည့်ရ အများစုက ကိုယ်ပိုင်အလုပ်ပဲလုပ်ကြတယ် သူများအလုပ်မလုပ်ဘူး။ နောက်ပြီး သူတို့မှာ ကိုးကွယ်စရာက အလာ တစ်ခုတည်းရယ် ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေလဲ သရဏံဂုံသုံးပါးပဲကိုးကွယ် ကျန်တာပယ်ကြည့် ကုန်ကြစရိတ်တော်တော်သက်သာသွားမယ်။ နတ်မကိုးကွယ်လို့ နတ်ကိုင်ပြီး စီးပွားကျမယ်ဆိုရင် အစ္စလမ်နဲ့ ခရစ်ယာန် ဘာကြောင့် မမွဲသွားရတာလဲ ။ စကားတွေက ပြောရင် နတ်ဖက်ကိုရောက်သွားပြီး
    ပြောချင်တာက မလိုအပ်တဲ့အသုံးစရိတ်တွေ ကို လျော့ဖို့ အဓိကပြောချင်တာပါ။ နောက်ပြီးဘီယာကျွန်တော်လဲကြိုက်ပါတယ် အခုနောက်ပိုင်း ပေါလာတော့ သံဗူးလေးတွေ ကိုင်ပြီးထိုင်လို့ကောင်းတဲ့နေရာမှာတင်ဝိုင်း ဖြစ်နေကြတာတွေ့ရပါတယ်။ အဲဒါလဲ အဓိက အချက်ထဲမှာပါတယ်လို့ထင်တယ်ဗျ ။ မူးလာရင် အိမ်အတွက်ဆိုပြီး ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ငွေလေးတောင်မှ ဆက်ကာဆက်ကာ ထွက်သွားတတ်ပါတယ်။ ကျွန်တော်မှာလဲ မူးလာရင်အဲလို ပိုက်ဆံအိမ်ပြန်မပါတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်။ ညီအစ်ကိုချင်းတောင်ပြောလို့မရတာ ဘယ်သူ့ကိုမှ ဆရာမလုပ်ချင်ပါဘူး။ အတွေးအမြင်လေးနည်းနည်း ဝင်မန့်ပြီး ဆွေးနွေးကြည့်တဲ့သဘောပါပဲ။

    • ကိုသုဝေရေ
      ဆင်းရဲမူ့လွတ်ကင်းအောင်ဆိုပြီး ပိုက်ဆံတွေယာယီထုတ်ပြီး ချေးပေးနေပါတယ်။
      အရင်းအနှီးမလုပ်ဘဲ ရှိတုံးလေးသုံးလိုက်မယ်ဆိုရင် …………………………
      အကြွေးတင်ခဲ့တာဘဲ အဖတ်တင်ကျန်ခဲ့တော့
      ရည်ရွယ်ချက်တွေလွဲကုန်မယ်ထင်ပါတယ်။

  • ဆူး

    January 19, 2013 at 10:11 am

    အလွန်ကောင်းတဲ့ ပညာပေး ပိုစ်လေးပါပဲ..
    ဒါနဲ့ စကားမစပ် လေးပေါက် ပိုက်ဆံ ဘယ်ရောက်သွားလဲဟင်..
    သမီး ပိုက်ဆံတော့ မုန့်ချားလိုက်ပြီ။ 😀

  • pazflor

    January 19, 2013 at 10:12 am

    လူအများစုရဲ ့ စိတ်ဓါတ်ထဲမှာ အချောင်ရလိုစိတ်ဘဲများလာပြီး ကြိုးစားလုပ်ကိုင်ချင်စိတ်မရှိတော့တာ အဆိုးဆုံးလို့ဘဲထင်ပါတယ်။ ဒီလိုသာ စိတ်ဓါတ်တွေ ပျက်စီးသွားကြရင် အတော်ပြင်ရခက်မယ်ထင်ပါတယ်။
    ဒီလိုမျိုးဖြစ်ရတာလည်း ပညာအခြေခံနဲ့ ဆင်ခြင်တွေးတောနိုင်စွမ်းအားနည်းသွားကြလို့ထင်ပါတယ်။
    နောက်ကြီးလာကြ မဲ့ လူငယ်တွေကို ဒီလိုစရိုက်တွေ မကူးသွားဖို့ ပညာရေးဘက်မှာ ကောင်းကောင်းပြင်ပေး ရမယ်လို့ ထင်ပါတယ်ခင်ဗျာ။

    • လွယ်လွယ်ရဘူး တာရယ် လွယ်လွယ်ရတာလဲ မြင်ဘူးတော့
      ကိုယ်လဲလွယ်လွယ်ရမလားဆိုပွားတော့မှ လည်ထွက်သွားရော

  • မိုချို

    January 19, 2013 at 10:21 am

    လေးပေါက်

    မီဒီယာတွေ မှာ အလုပ် အကိုင် တွေ ရှားလို့ ဆင်းရဲ ကြ တယ် လို့ ဆို ကြပေမယ့် အဲဒီ လူတွေ ကိုယ်တိုင် က ဆင်းရဲစေတဲ့ အပြု အမူ တွေ တွင်တွင် လုပ်ကြ တာတွေ ၊ အလုပ် ကျတော့ လက်ကြော မတင်း တာတွေ ကျ ထည့် မပြောဘူး။

    ကျမ တို့ ပြန်လည် တဲ့ အချိန် ၊ အချိန် လု နေရလို့ အိမ်ရှင်း ၊ အိမ် ကူ ဖို့ အတွက် အကြွေးတွေ ဝိုင်းနေ ပါတယ် ဆိုတဲ့ရပ်ကွက် ထဲက မိန်း မ တစ်ယောက် ကို တန်ရာ တန်ကြေးပေးပြီး ခေါ်ခိုင်းတယ်။ တစ်ရက်ပဲ လာတယ်၊ နောက်နေ့ တွေ မှာ ဘာဖြစ်လို့ ညာဖြစ်လို့ နဲ့ မလာတော့ ဘူး။ လုပ် တာကိုင်တာ လည်း စေတနာ မပါပဲ ပြီးပြီးရော လုပ်တတ်ကြတယ်။ သူမှ မဟုတ်ဘူး အရင်က လည်း ရပ်ကွက် ထဲက အလုပ် မရှိ ပါဘူ ဆိုတဲ့ သူတွေ ခေါ် ခိုင်းသမျှ အဲဒီ အတိုင်း ချည်း ပဲ။ သူတို့ တွေက လူ ကျ တော့ အပင်ပန်း မခံ ဘူး ။ဘယ်က အလွယ် ရ မလဲ ပဲ တွေး ကြတယ်။

    ကျမ တို့ ရပ်ကွက်ထဲက လူတွေ အများစု လေးပေါက် ရေးခဲ့ သ လိုပါပဲ။ ၂လုံး ၊၃လုံး ကမ္ဘာထဲ မှာပဲ လည် နေတယ် တယ်။ ပြီးရင် နေ့ ပြန်တိုးတွေ ၊ ဆုကြေးတွေ နဲ့ နပမ်းလုံးနေကြတယ်။ ရပ်ကွက် ဈေး ထဲ က လပေးနဲ့ ယူ လို့ ရတဲ့ ပစ္စည်း ယူပြီး သွားပေါင် ကြတယ်။ လက်ထဲ လောလော ဆယ် ငွေ ရရင်ပြီးရော၊ ဆပ်နိုင်တာ ၊ မဆပ်နိုင်တာ.. နောက်။ အကြွေး တောင်းတဲ့ အချိန် ကျရင်တော့ ရန်တွေ ဖြစ် ကြ၊ နပမ်းတွေ လုံးကြ ၊ ထွက်ပြေးကြ၊ အေးသွားတော့ ပြန်လာ နဲ့ သံသရာ လည် နေတာ ပါပဲ။

    လူချင်း တွေ့ရင် ဘာ တစ်လုံး ကောင်း လဲ မေးတတ်တာ က ကျမ တို့ ရပ်ကွက် ရဲ့ ထုံး စံ ဖြစ်နေပြီ။
    ညနေဘက်တွေ ကျမ လမ်း ထိပ်ဘက် ထွက် လို့ စားစရာ တခုခု ဝယ်ပြီး ပြန်လာရင် လမ်း ထဲရောက်တာနဲ့ …..ညီမရေ ..ဘာထွက်သွားလဲ …တဲ့ …။ အဲလို အမေး ခံ ရရင် အရမ်း စိတ် တိုတယ်။ ကျမလည်း ရွဲ့ ပြီး …..ဘာ ထွက်လဲ သိချင်ရင် အိမ်သာထဲ လိုက်ကြည့် …..လို့ ပြော ဖူး လို့ ကျမ ဆို ရင် ရက်ကွက် ထဲက လူေတွေ လန့် ကြတယ်။

    ကျမ တို့ ပြည်သူတွေ ဆင်းရဲနေကြတာ အစိုးရ ချည်း ပဲ လက်ညှိုး ထိုးနေလို့ မပြီးသေးဘူး။ ကိုယ်တိုင် ပြုပြင် ယူ ရ မှာတွေ အများ ကြီး ပါ။ လုပ်နေ ကိုင်နေရင်း နဲ့ နစ်နေတဲ့ သူတွေ ကို ဂရုဏာသက် မိပေမယ့် ကျမ တို့ ရပ်ကွက် ထဲ တွေ့ နေရတဲ့ အများစု ကို တာ့ သနား ဖို့ တော်တော် စဉ်း စား ရ အုံးမယ်။

    • မိုချိုရေ
      အလုပ်အကိုင်လဲမရှား ရသောငွေလည်းမနည်း
      ဒါပေမယ့် အစစ ဈေးမြင့်နေတာရယ်
      ကုန်စရာတွေများနေတာရယ်ကြောင့် ပါ

  • ခင်ခ

    January 19, 2013 at 10:26 am

    လူတိုင်းလူတိုင်း ပြည့်စုံချင်ကြတယ် ချမ်းသာချင်ကြတယ်။ အဲ ပြည့်စုံချမ်းသာပြီးလူရော မပြည့်မစုံ မချမ်းသာသေးတဲ့သူရော၊ အတော်အသင့်ပြည့်စုံချမ်းသာနေသူရော အကုန်လုံပါဘဲ လက်ရှိထက် ပိုပြည့်စုံချမ်းသာချင်ကြတယ်လေ။ ဒါကြောင့် ဘယ်လိုလေးများ ငွေပိုရလိမ့်မလဲ တွေးတောက ကိုယ့်အတွေးနဲ့ကိုယ်လုပ်နေကြတာပါဘဲ မှားနေလား မှန်နေလား ပြောလို့မရနိုင်ဘဲ နေထိုင်နေရတဲ့ ဘဝကဘဲ အဖြေပေးသွားတာပါဘဲလေ။
    အဲဒီတော့ပိုက်ဆံတွေက ဘယ်မှမရောက်ပါဘူး ကိုယ်ဆီမှာနဲ့ အခြားသူဆီမှာ အဲဒီနှစ်ခုထဲက တစ်ယောက်ယောက်ဆီမှာတော့ရှိနေပါတယ်ဗျ။

    • သိပ်မှန်တာပေါ့ ကိုခရေ
      ကိုယ်ဆီမှာနဲ့ အခြားသူဆီမှာ တစ်ယောက်ယောက်ဆီမှာ
      ဒါပေမယ့် အများစုလက်ထဲမှာ မရှိတာများနေတော့ ခက်သပေါ့

  • kai

    January 19, 2013 at 11:03 am

    ဒါကြောင့်လဲ “ညည်းတို့ ပိုက်ဆံတွေဘယ်ရောက်ကုန်လဲအေ့”လို့များမေးများမေးခဲ့ရင်

    ဝတ်မူန်ရွှေရည်လေးရဲ့ စကားလုံးလေးငှားပြီး

    “အင်းးးးးးးးးးးးးးးးးးးးးးးဘယ်လိုပြောရမလဲ” လို့သာ ဆိုလိုက်ချင်ပါတယ်။

    ဘာမှမပြောချင်ပါဘူး…
    – အပ်ကနေစပြီး ..လေယဉ်ပျံအထိ.. သူများနိုင်ငံကပစ္စည်းတွေဝယ်သုံးနေသူမြန်မာများအကြောင်း.. ဘာမှမပြောချင်ပါဘူး..
    – ဘိုးဘွားအမွေအနှစ်သယံဇာတ..ပယံဂတကုန်ကြမ်းတွေရောင်းပြီး..
    အလုပ်လုပ်နိုင်သူ ယောက်ျားအများစုက.. (ကုန်ထုတ်လုပ်မှုစွမ်းအားမရှိတဲ့.. ) စစ်သားလုပ်..ဘုန်းကြီးဝတ်ပြီး.
    လူငယ်လူရွယ်တွေက.. နိုင်ငံခြားထွက်ကျွန်ခံကြတဲ့.. မြန်မာနဲ့သူ၏တိုင်းရင်းသားများအကြောင်း.. ဘာမှမပြောချင်ပါဘူး..
    – ကုန်ထုတ်စွမ်းအားထုတ်နိုင်သေးတဲ့.. ကျန်နေသေးတဲ့.. အမျိုးသမီးထုနဲ့..ကုန်ထုတ်နိုင်တဲ့..ယောကျာ်းလူငယ်တွေကို… စစ်သား၊ဘုရားသားလူတန်းစားရဲ့.. လိုအင်ဆန္ဒတွေဖြည့်ဆည်းဖို့.. အရံအဖြစ်ခိုင်းထားထားတဲ့.. မြန်မာများအကြောင်း.. ဘာမှမပြောချင်ပါဘူး..

    ဆိုတော့..
    – ကုန်ထုတ်စွမ်းအားဖြစ်ဖြစ်မြောက်မြောက်မရှိပဲ..တိုင်းပြည်..ကိုယ်တိုင်.. ချမ်းသာချင်..တိုးတက်ချင်.. တဲ့.. ဒီဘဝမရရင်..နောင်ဘဝပေါ့ ဆိုပြီး.. မှန်းလုပ်နေတဲ့.. မြန်မာများအကြောင်း.. ဘာမှမပြောချင်ပါဘူး..
    – ဘယ်မှာနေမှန်းမသိ.. ဘယ်ကလာမှန်းမသိ.. ဘာဘာဘာမှမသိ.. မထိမ်းချုပ်နိုင်တဲ့.. “ကံကောင်းရင်”ဆိုတာကြီးကို..ပုံချ..ဘဝလောင်းကြေးထပ်နေတတ်တဲ့.. မြန်မာများအကြောင်း..
    မြန်မာတွေအကြောင်း.. မြန်မာတို့အကြောင်း..

    ဘာမှကို..မပြောချင်တော့ပါဘူး..ရယ်..။ :kwi:

    • ကိုခိုင်ရေ
      မြန်မာပြည်မှာ အလုပ်မလုပ်ဘဲ နေတဲ့ဦးရေ များပါသေးတယ်။
      ဒါပေမယ်အရင်ထက်ထူးခြားတာက မိန်းကလေးများကလည်း အပြင်ထွက်အလုပ်လုပ်နေကြတာပါ။
      နိုင်ငံခြားထွက်အလုပ်လုပ်တယ်ဆိုတာကလဲ ရလာတဲ့ငွေရဲ့ တန်ဘိုးခြင်းကွာနေသေးလို့အပြင်ထွက်
      ကြတယ်လို့ယူဆပါတယ်။
      နိုင်ငံခြားထွက်အလုပ်လုပ်သူတိုင်းကို ကျွန်ခံတယ်ဆိုတာတော့ မဟုတ်ဘူးလို့ယုံကြည်ပါတယ်။
      နိုင်ငံခြားထွက်သူတိုင်း အိုက်တိုးပဂေးစံ မဟုတ်တော့လို့ပါဘဲ။
      (နိုင်ငံခြားမှာရှိတဲ့ အနေအထားကတော့ ကျနော်အတိအကျမသိ အဲဒီမှာနေသူများ က ပိုသိနိုင်ပါတယ်)

      လူမတန် ကံချဆိုသလိုအလုပ်မလုပ်ဘဲ နောင်ဘဝမျော်နေသူများအတွက်ကတော့ ဘာမှ ပြောစရာမရှိဘူးလို့ ဆိုချင်ပါတယ်။

  • ဦးဦးပါလေရာ

    January 19, 2013 at 11:21 am

    ကိုပေါက်ရေ
    အင်မတန်ကောင်းတဲ့ ခေတ်ကာလအခြေအနေနဲ့လဲ ကိုက်ညီတဲ့ ပိုစ့်ကောင်းလေးလို့ ချီးကျူးပါရစေ။

    ဘာကြောင့်ဆင်းရဲသွားသလဲ ဆိုတာကတော့ အကြောင်းတွေကအများကြီးပါ..။
    မီးလောင်လို့၊ ဓမြတိုက်ခံရလို့၊ အိမ်မြေငွေကြေးတွေအသိမ်းခံရလို့၊ ကုန်ရှုံးလို့၊ စီးပွားပျက်လို့၊ ကျန်းမာရေးကြောင့်၊ ဘာကြောင့်ညာကြောင့်၊ အမျိုးစုံပေါ့နော..

    ဒါပေမယ့် ဘာကြောင့် ဆက်ဆင်းရဲနေတာလဲ ၊ ဘာကြောင့် ဆင်းရဲတွင်းက မထွက်နိုင်တာလဲ၊ ဘာကြောင့် ပိုပြီး သက်သာရာမရလာတာလဲ …. လို့ လေ့လာကြည့်လိုက်ရင်တော့ အဖြေက သိပ်မများပါဘူး…။
    မစီမံ တတ်လို့ပါ။

    ကိုယ့်ဘဝကို မစီမံတတ်တာရယ်-
    ကိုယ့်အချိန်ကို မစီမံတတ်တာရယ်-
    ကိုယ့် အခွင့်အလမ်းတွေကို မစီမံတတ်တာရယ်-
    ကိုယ်ပိုင်ပစ္စည်း၊ ငွေကြေးနဲ့ ဝင်ငွေတွေကို မစီမံတတ်တာရယ်-
    …..ကြောင့်ပါလို့ပဲ ပြောချင်ပါတော့တယ်…။

    အဲဒီလေးခုကို ကိုယ်စားပြုနိုင်တဲ့စကားလုံးတခုရှိပါတယ်။
    ညံ့ …. လို့ပါ..။

    ဒီစကားက အပြစ်တင်တဲ့ ရှုတ်ချတဲ့ အထင်သေးတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူး..။
    (ကိုယ့်နိုင်ငံသားချင်း ကိုယ့်လူမျိုးချင်းဆိုတာ ကိုယ့်ဘဝရဲ့ အဓိက အစိတ်အပိုင်းတွေပါ
    အပြစ်တင်စရာ အထင်သေးစရာ မဟုတ်ပါဘူး..။)
    ကိုယ့်လူမျိုးချင်းတိုးတက်စေချင်စိတ်နဲ့ ကိုယ့်အားနည်းချက်အစစ်အမှန်ကို ရှာကြည့်တဲ့သဘောပါ။

    အဲဒါကြောင့် ကျွန်တော်ကတော့ ကျွန်တော်တို့လူမျိုးတွေကို
    မညံ့ စေချင်ဘူး
    တော် စေချင်တယ်..

    လူလက်တဆုပ်လောက် တော်ရုံမျှနဲ့တော့ အဲဒီလူတော်တွေကွက်ကွက်လေးသာ ပြောင်းလဲတိုးတက်ချမ်းသာသွားမှာဖြစ်ပေမယ့်….
    ပြည်သူအများစု တော် လာတဲ့တနေ့မှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြောင်းလဲနိုင်လာပါမယ်။
    တနည်းအားဖြင့်- ကျွန်တော်တို့နိုင်ငံ ပြောင်းလဲ တိုးတက်လာမှာဖြစ်ပါတယ်။

    • မှန်ပါတယ် ကိုပါ
      ရုတ်တရက်နိမ့်ကျသွားတဲ့အနေအထားမှာ ရုန်းမထဘဲ မျှောလိုက်နေရင်း မျောသွားကြတာပါ

  • မောင်ထက်ကြီး(မုံရွာ)

    January 19, 2013 at 1:47 pm

    အင်း`ဘယ်လိုပြောရမလဲး´ ဆိုတော. ဘာမှမပြောချင်တောပါဘူးဗျာ။။။။။။

  • Mr. MarGa

    January 19, 2013 at 4:45 pm

    အနှစ်နှစ် အလလက
    မြန်မာတွေရဲ့ အတွေးထဲကို ဝင်နေတဲ့
    ကိုးကွယ်မှုတွေ
    လောင်းကစားမှုတွေကို
    အခုအချိန်က စပြီး တိုက်ဖျက်ရင်တောင်
    အရှိန် သေဦးမှာမဟုတ်ပါဘူး
    အဲဒီ အစွဲတွေကိုလေ
    တဖြည်းဖြည်းချင်း ဘယ်လို ချွတ်ရပါ့

  • cobra

    January 19, 2013 at 7:14 pm

    ချီးကျူးပြီးရင်း ချီးကျူးရင်းပါပဲ ဦးပေါက်ရေ။
    ဦးပေါက်ရဲ ့အတွေးတွေရော
    အောက်က လူကြီးသူမတွေ ရဲ ့ကွန်မန့်တွေရော
    အကုန်ဖတ်လိုက်တာ တော်တော် ဗဟုသုတ
    ရသွားပါတယ်။

  • မောင်ပေ

    January 19, 2013 at 8:27 pm

    သည်ပို ့စ် ကို သည်ကနေ ့ထွက်တဲ့ မြနန္ဒာ ဂျာနယ်ထဲမှာ ဖတ်ရတယ်
    တစ်ပိုဒ်ပျောက်နေတယ်နော

  • ဟုတ်တယ် ကိုပေ မေးကြည့်တော့ သိပ်ရှည်နေလို့ အီသွားမှာစုးိလို့ဖြတ်လိုက်တယ်ပြောပါ၏

  • padonmar

    January 19, 2013 at 11:07 pm

    ကျိုးရှိသလားမရှိလား
    စဉ်းစားတာက သတ္ထာက၊
    သင့်တော်သလားမတော်လား၊
    စဉ်းစားတာက သပ္ပါယ၊
    သတ္ထာက သမ္ပဇဉ်၊
    သပ္ပါယသမ္ပဇဉ်
    ဤနှစ်အင်
    ် ပြည့်လျှင် ကြွယ်ဝချမ်းသာမည်။(မဟာစည်ဆရာတော်ကြီး)

    အလုပ်တစ်ခုကို ကိုယ့်တွက် အကျိုးရှိမရှိ၊ကိုယ်နဲ့ သင့်မသင့် မချင့်ချိန်တတ်ရင်
    ် ညည်းတို့ ပိုက်ဆံတွေ သူများလက်ထဲရောက်ကုန်မှာပါပဲလို့ ပြောချင်ပါတယ်။

  • weiwei

    January 20, 2013 at 3:14 pm

    ကျွန်မပတ်ဝန်းကျင်မှာ ဝန်ထမ်းတွေများတယ်။ လပေးဝယ်တာတွေ၊ ဆုကြေးတွေ၊ အကြွေးဆပ်တာတွေနဲ့ လစာကုန်တဲ့သူတွေက ၇၀% လောက်ရှိတယ်။ အဲဒီတော့ သူတို့တွေ ဘယ်နေရာမှာ ချွေတာလဲလို့ ကြည့်လိုက်ရင် အစားအသောက်မှာသွားတွေ့တယ်။ လူတစ်ယောက် ကျန်းမာရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ အစားအစာအတွက် မသုံးပဲ မလိုအပ်တဲ့ ကြွားစရာတွေ၊ လောဘတွေကြောင့် ….

    • အခုလတ်တလောမှာ စုကြေးတွေက အင်မတန်ခေါင်းကိုက်စရာကောင်းတဲ့ ကိစ္စထဲမှာပါတယ်။.
      စုကြေးတွေ မပြီးထွက်ပြေးသွားလို့ ဘဝပျက်ကျန်သူတွေအများကြီးရှိပါတယ်

  • kai

    January 20, 2013 at 3:15 pm

    Jan 9, 2013 3:30am
    ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ဒီဇင်ဘာ ၆ ရက်နေ့ညက ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူ မြန်မာအမျိုးသမီး ၁ဝဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီထဲက ၅ ဦးဟာ အသက်မပြည့်တဲ့သူတွေ ဖြစ်နေပါတယ်။။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊
    ရိုက်ကူး ဂျိုး

  • ကိုရင်စည်သူ

    January 20, 2013 at 3:40 pm

    ကိုရင်တစ်ခါ မြဝတီ မဲဆောက်ကို ဂန်ဒါရီထွက်တုန်းက အဲ့ဘက်အခေါ်
    ကားဟောင်းဂိတ်ဝင်းထဲမှာ ဖွင့်ထားတဲ့ ပြည်တန်ဆာအိမ်တွေကို
    လေ့လာဖူးပါတယ်….။ (လေ့လာရုံဘာဘဲဗျာ) Y2k ကလပ်လောက်မှာသာ ထိုင်းမ တွေ တွေ့ရပြီး
    ကြက်အိမ်မှာတော့ ထိုင်းမတွေထက် မြန်မာမလေးတွေ ပိုများတာတွေ့ရတယ်
    တိုင်းရင်သူတွေပါအပါဘာ.. လောကငရဲဆိုတာ မိန်းကလေးတွေအတွက်
    အဲ့လိုနေရာမျိုးဆိုတာပါ… အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့ ငွေမက်တဲ့ မြန်မာအမျိုးသမီလေးတွေ
    သိစေချင်တရ်… ကိုရင်နဲ့ ဘီယာလာသောက်တဲ့ ရွှေမလေးကို အင်တာဗျူးကြည့်တော့
    ကလေးလည်းရှိတယ်.. ဟိုဘက်ကမ်းမှာ အဒေါ်တွေနဲ့ ထားပြီး ဒီဘက်မှာ
    အလုပ်လုပ်နေတာပါတဲ့… သဂျီးတင်ပြထားသလို ဘာဘဲဗျာ..
    ကယ်နိုင်တာ ၁ဝယောက်ထဲပါ.. မကယ်နိုင်တဲ့အဖြစ်က.. အယောက်တစ်သောင်းမက.. မက..
    ကျိန်စာတွေညန်ညန်လွှတ်ပါစေ..

    ပင်လယ်ပျော့်.. အူးစည်..

  • အရီး လေး

    January 20, 2013 at 9:05 pm

    အင်းးး ကိုပေါက်ရေ ပြောရရင် ဘယ်သူ့ အပြစ်တင်
    ရမလဲ မသိ- ရွာကနေ အလုပ်လာ လုပ်ကြ တဲ့ကောင်မလေးတွေ
    ရွာမှာရှိတဲ့ အဖေ အမေ ဆီကို ရတဲ့လခ လေးကို
    ပို့ကြပါတယ် ပြောတော့ စပါးမျိုးတွေ ဝယ်တယ်
    စပါးလှောင်ဖို့ တင်ပုတ် တွေဝယ်တယ် ပေါ့
    ကောင်မလေးခမျာ ဝမ်သာအားရနဲ့ ရွာပြန်တော့
    ဘာမှဝယ်မထားတဲ့ အပြင် အကြွေးတောင် တင်နေသတဲ့
    မိဘတွေက ပိုက်ဆံကို ပိုပွားလာအောင် ချဲထိုးကြတာ
    ရွာက ရှိရင်းစွဲ လယ်ကလေး တွေပြောင်ပါရောလား
    ချဲရောင်း တဲ့သူရှိလို့ ထိုးတာလား- ထိုးတဲ့သူရှိလို့ရာင်းတာလား
    စီးပွားရေး မကောင်းလို့ချဲကြီးဘဲ ထိုးတာလား
    ထိုးတဲ့သူများလို့ဘဲ စီးပွာရေး ဘာမှမလုပ်ချင်ဘဲချဲရောင်းကြတာလား
    မသိတော့ဘူး

    • အရီးလေးရေ
      နိုင်ငံခြားထွက်ဘို့ဆိုတာ လယ်လေး နွားလေးရောင်းထွက်
      ဟိုမှာ က ဒုက္ခနဲ့ နပန်းသတ်။
      ဒီကလူက လွယ်လွယ်သုံ့း လယ်တွေဆုံးသွားတာဘဲ အဖတ်တင်ပါတယ်။

  • Novy

    January 23, 2013 at 2:25 pm

    ညည်းတို့ပိုက်ဆံတွေဘယ်ရောက်ကုန်လဲလို့မေးရင်
    အဖြေကတော့
    ဘယ်ရောက်ကုန်လဲလို့ ပြန်မေးရပါလိမ့်မယ်
    မနိုကတော့ရှာသမျှကို ၁ပုံကို စု / ၁ပုံကို လှူ / ၁ပုံကိုတော့သုံးပါတယ်
    ဒါမှဘဝ နောင်အေးရမှာပါ

    • ဂျုနိုတို့အမေရေ
      အဆင်ပြေလို့ စုနိုင်သူရှားပါ၏။
      မရခင်ကြိုသုံးထားတာတွေများပါတယ်။
      ဒီတော့ အင်းးးးးးးးးးးးးးးးးးးးးးးဘယ်လိုပြောရမလဲဆိုရင်

  • နွေဦး

    January 23, 2013 at 5:27 pm

    ကောင်းလိုက်တဲ့ post လေး..မဟုတ်ဘူး post ကြီးပါဗျာ.
    ကြိုက်လို့ ၂ပြန် ၃ပြန် ဖတ်လိုက်တော့ လုပ်လက်စတွေ မပြီးတော့ဘူးဖြစ်သွားတယ်…
    ပိုက်ဆံတွေ ဘယ်ရောက်ကုန်လဲဆို …ခလေးတွေပြောနေတာ သတိရတယ် ..
    လုပ် တစ်လ.
    ထုတ် တစ်ရက်..
    သုံး တစ်ပါတ်…ပါတဲ့ဗျာ..
    လစာနည်းဝန်ထမ်းတွေက အကြွေးသံသရာထဲမှာပါ…
    ဒါတွေဘယ်သူ့ကြောင့် ဖြစ်ဖြစ် အမြန် ပြေလည်စေချင်ပါပြီဗျာ…

  • အကိုရေ
    အကိုပြောတဲ့အတိုင်းအတိအကျပါဘဲ။
    များများရတာထက် ကုန်စရာပိုများနေလေတော့
    ……………………………………………..

    • MaMa

      January 23, 2013 at 10:50 pm

      ကိုပေါက်ရေ-
      ဒီပိုစ့်သတင်းကြားလို့ လာဝင်ဖတ်တာ။
      အရင်ဆုံး ပြောချင်တာ…. ကိုယ်တိုင်ရိုက် စတော်ဘယ်ရီသီးလေးက ပိုလှတယ်။
      နောက်မှထပ်လာဖတ်အုံးမယ်။ :hee:

  • ဟုတ်ပ မမရေ
    ကျနော်ဆိုက်တွေမှာအရင်က သူများရိုက်ထားတဲ့ စတော်ဘယ်ရီသီးပုံလေးယူသုံးခဲ့တာ။
    တစ်ခါကတော့ရွာတော်ရှင်က စတော်ဘယ်ရီသီးပုံတွေပို့ပေးဘူးတယ်။
    ဟိုရက်ကတော့ မဒမ်ပေါက်က ပေါ်ဦးပေါ်ဖျား စတော်ဘယ်ရီသီးတွေဝယ်လာတော့
    အိမ်မှာတင်ရို်က်လိုက်တာ။.
    သိပ်အသေသပ်ကြီးတော့ မဟုတ်ပေမယ့် အမှတ်တရလေးပေါ့။

  • ရွှေ ကြည်

    January 25, 2013 at 10:13 pm

    လေးပေါက်ရေ ကောင်းလိုက်တာ ထပ်ပြောမယ်နော် အရမ်းသဘောကျတယ်ဗျို့ ။ စာပေဆုအတွက်အဆိုတင်သွင်းပါတယ်။ လေးပေါက်ပါးပါးပဲတွေးလို့သာပဲနော်။

  • မရွွှှေကြည်ရေ
    ကျနာ်ပိုစ်များက မန်းလေးဂေဇက်အကြိုက်ဆုံးဆု အတွက် ရွေးလို့မရပါဘူးခင်ဗျာ။
    (1) အခြားဆို်က်များမှာ တင်ထားတာဖြစ်နေတာရယ်
    (2) ဂျာနယ်မှာပုံနှိပ်ထားတဲ့စာမူများဖြစ်နေတာကြောင့်
    ဖတ်ရွှေးစည်းကမ်းနဲ့ ညိနေလို့ပါခင်ဗျ။

    • ရွှေ ကြည်

      January 25, 2013 at 10:38 pm

      ဩဂလိုလားသိဘူးပေးချင်တာပဲသိတယ်။ :mrgreen:

Leave a Reply