ဘယ်သူ့ကို ပိုချစ်သလဲ…..

ဒီစာလေးကိုရေးတာ ဒါဟာ နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ ရွာထဲမှာ တင်တာကတော့ ပထမဦးဆုံးပါ။ အကြောင်းအရာတစ်ခုတည်းပဲကို ဒုတိယအကြိမ်မြောက် ပြန်ရေးရတာတော်တော် စိတ်ပျက်ရပါတယ်။ လက်လှမ်းမီတဲ့ Technician တွေကတော့ Word ကတစ်ခါတစ်လေမှာ ကြောင်တတ်တယ်ပြောပါတယ်။ ရေးပြီးသွားတဲ့ စာလေးတစ်စောင်ကတော့ ပျက်သွားပါပြီ။ တော်တော်စိတ်မကောင်းဖြစ်မိတဲ့အပြင် ငိုတောင်ငိုမိပါတယ်။ ငါ့ကျမှ ဖြစ်ရလေခြင်း ဆိုပြီး ရေးထားတဲ့ စာလေးကို အရမ်းကိုနှမြောမိပါတယ်။ ခုထပ်ပြီးရေး မယ့် အခုနကလေးတင် ရေးခဲ့တဲ့ အကြောင်းအရာဟာ အခုနကလောက် ကောင်းပါ့မလား။ မကောင်းနိုင်တော့ဘူးလား ။ ဘယ်လိုဖြစ်မလဲ သေချာမသိပေမယ့် ရေးလိုက်ပါဦးမယ်။

ဒီအကြောင်းအရာလေးကို ရေးဖို့အတွေးလေးထဲရောက်လာတာက ဦးလေးတစ်ယောက်ရဲ့ ကျေးဇူးကြောင့် ဆရာတော် အရှင် ဆေကိန္ဒရဲ့ ကလေးတရားမှာလုပ်တဲ့ သားသမီး နဲ့ မိဘကြားမှာ ရှိတဲ့အဖုအထစ် လေးတွေ ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်အောင်စီစဉ်ထားတဲ့ ဆွေးနွေးခန်း ဗွီဒီယိုလေးကို ကြည့်မိလို့ပဲဖြစ်ပါတယ်။

မိဘနဲ့ သားသမီး ကြား အမြင်မှားနေတဲ့ကိစ္စလေးတွေကို မကွယ်မဝှက်တမ်း ရင်ဖွင့်နိုင်အောင် စီစဉ်ထားတဲ့ပွဲလေးတစ် ပွဲပါ။ ….အင်မတန်မှ ကောင်းပါတယ်။ ခံစားချက်တွေကို ရင်ဖွင့်ကြတဲ့ လူငယ်တွေက ပြောလည်းပြော၊ ငိုလည်းငို……။ ….မိဘတွေက လည်း ပြန်ရှင်းပြကြ၊ ငြင်းကြ နဲ့ တကယ်ပဲ စိတ်ဝင်စရာကောင်းပါတယ်။ ဒါ့အပြင် ကိုယ်ကိုယ်တိုင် ခံစားနေရတဲ့ သားသမီးနဲ့ မိဘကြားမှာ ရှိတဲ့ တစ်ချို့တစ်ချို့သော အဖုအထစ်လေးတွေနဲ့ တူတဲ့၊ ကိုယ်နဲ့ခံ စားချက်ချင်း တူတဲ့လူငယ်အများစု ကိုလည်း တွေ့လိုက်ရပါတယ်…………….။

အခုကတော့ အဲဒီထဲက တစ်ခုအကြောင်းကို ရေးပြချင်တာပဲဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲဗွီဒီယိုလေးထဲက အကြောင်းအရာတစ်ခုကတော့ မိဘတွေက သားသမီးတွေကို ညီတူညီမျှ မချစ်ဘူး ဆိုတာနဲ့ပတ်သက်ပြီး ဖြစ်ပါတယ်။ ခံစားချက်ကိုရင်ဖွင့်သွား တဲ့ လူငယ်မိန်းကလေးကတော့ ရှိုက်ကြီးတငင် ငိုပြီးပြောပြလိုက်တာ .. သူ့ကိုကြည့်ပြီး သူ့ခံစားချက်ကိုနားလည်လို့ မျက်ရည်ဝဲရတဲ့အထိပါပဲ.. မိဘတစ်ဦးကလည်း ဒါနဲ့ပတ်သက်ပြီး မဟုတ်ရကြောင်း လက်သီးလက်မောင်းတန်းလို့ ပြောသွားလေရဲ့.

. ရေးချင်တဲ့အကြောင်းလေးကတော့ စပါပြီ။ ဒီခံစားချက်မျိုးကို မောင်နှမတွေရှိတဲ့ လူငယ်အများစုမှာ သာ အများဆုံးဖြစ်လေ့ရှိမှာပါ။ တစ်ဦးတည်းသော သားသမီးတွေကတော့ ဒါနဲ့ပတ်သတ်ပြီး ခံစားမိမှာ မဟုတ်ပါဘူး။ ခံစားရရင်လည်း သူတို့တွေလောက်မပြင်းထန်ပါဘူး.. မိဘတွေဟာ ဘယ်သားသမီးကို မဆိုတန်းတူချစ်တယ်.. ညီတူမျှတူချစ်တယ်.. အားလုံးတူတူပဲ.. စသဖြင့် အမြဲ ပြောလေ့ရှိပါတယ်။ ဟုတ်ပါတယ်.. ချစ်လိုက်တာမှ တုန်လို့ပါပဲ။ ဒါပေမယ့် တူညီတဲ့အချစ်မျိုးတော့ မဟုတ်ပါဘူး..။အဲဒီလိုပြောလိုက်ရင်လည်း သူတို့ အလွန် စိတ်ဆိုးပြီး မဟုတ်ကြောင်းကို ရှင်းပါလိမ့်မယ်။ ဒါကို ကြုံဖူးတဲ့သူတွေ ရှိမှာပါ။ တစ်ချို့ကတော့ လိမ္မာတဲ့ အလိမ္မာတုံးလေးမို့၊ တစ်ချို့က ဆိုးတဲ့ လူတေ လေးမို့၊ တစ်ချို့ကျ အကြီးဆုံးမို့၊ တစ်ချိုကျ အငယ်ဆုံးမို့၊ တစ်ချို့ကျ စာတော်လို့၊ တစ်ချို့ကျ ညံ့လို့ ၊ တစ်ချို့ကျ ချူချာလို့ စသဖြင့် ပုံစံတစ်မျိုးစီတိုင်းကို မိဘတွေက ချစ်ကြပါတယ်။ အားလုံးကို သူ့အခြေအနေနဲ့လိုက်ပြီး ချစ်ကြပါတယ်။ ဥပမာ ကိုယ့်မိသားစု ထဲမှာ ကျန်းမာရေး မကောင်းတဲ့ သူတစ်ယောက်ပါလာခဲ့မယ်ဆိုပါစို့။ ကျန်းမာရေးမကောင်းတဲ့ သူကို ပိုလို့ဂရုစိုက်ရမှာ ဓမ္မတာ ပါပဲ။ ဒါကို ပိုချစ်တာကလည်း သဘာဝကျပါတယ်။ ဒါပေမယ့် မိဘတွေက အတူတူပဲလို့ပြောဦးမှာပါပဲ။ ဒါပေမယ့် အဲဒါကို ကိုယ်က နားလည်ပေးနိုင်ရမယ်။

.. ကိုယ်နဲ့ပတ်သက်ပြီး ကိစ္စကြီးငယ်ကြုံတဲ့အခါ မိဘများကပဲ ဝိုင်းဝန်းဖြေရှင်းရတာပဲမဟုတ်လား……………။ မောင်နှမ အချင်းချင်း ပိုချစ်ခံရတယ် လျော့ချစ်ခံရတယ်လို့ ခံစားရတဲ့အခါ မိဘကို ပြောပြပြီး မခံစားစေပါနဲ့။ သားသမီး တစ်ယောက်ရသင့်တဲ့ ပိုင်ဆိုင်သင့်တဲ့ အချစ်မျိုးကို ဘယ်သားသမီးမဆို ရထားပြီးသားပါပဲ။ ကိုယ်နဲ့ထိုက်တဲ့ ချစ်ခြင်းမေတ္တာကို မိဘတိုင်းကပေးပြီးသားပါပဲ။ တောင်းယူစရာလည်းမလိုပါဘူး။ ပိုချစ်တယ် မမကိုပိုချစ်တယ်.. ကိုကို့ကိုပိုချစ်တယ်. အငယ်လေးကိုပိုချစ်တယ်.. ဒါတွေကတော့ သူတို့လေးတွေရဲ့အတိတ်ဘဝက အကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်လောက်ဆိုးတဲ့ သားသမီး ဖြစ်ပါစေ .. မိသားစုထဲမှာ အချစ်ဆုံး အသည်းတုံး လေးတွေဖြစ်နေတာကို သတိထားမိမှာပါ။ ဒါက သူတို့ရဲ့ ရှေးဘဝက ကုသိုလ်တွေကြောင့်ပဲဖြစ်ပါတယ်။

ပြောချင်တာက ဒီဘဝမှာ ဒီမိဘ ဒီမောင်နှမတွေနဲ့ဆုံရတဲ့အခါမှာ မိဘတွေဆီက ရတဲ့မေတ္တာဟာ တူတူပါပဲ။ မောင်နှမတစ်ယောက်နဲ့တစ် ယောက် ရပုံချင်းတော့ ကွာခြားသွားပါလိမ့်မယ်။ အချစ်ခံရပုံချင်းဟာလည်း ကွာခြားသွားပါလိမ့်မယ်။ ရှေးအတိတ်က ရှိခဲ့ဖူးတဲ့ အကြောင်းတွေကြောင့် ဖြစ်လာတဲ့ ခုဘဝမှာ ခံစားရတာ ၊ စံစားရတာချင်း တော့ ဘယ်မောင်နှမ မှ ယှဉ်လို့မရပါဘူး။

ဒါကြောင့် မိဘတွေမှာ ပိုချစ်တဲ့ သားသမီးတွေ ရှိပါတယ်။ ဒါက ပိုချစ်ခံရတဲ့သားသမီးတွေရဲ့ အတိတ်ကုသိုလ် ကံကောင်းခဲ့လို့ပါဘဲ။ ဒါပေမယ့် အားလုံးကတော့ အချစ်ခံကြရတာပါပဲ။ မေမေက ဘယ်သူ့ကိုပိုချစ်တယ်. ဖေဖေက ဘယ်သူ့ကို ပိုချစ်တယ်.. သားသမီးချင်း ဘက်လိုက်တယ်. .. ဆိုတာတွေကို မိဘတွေကို ပြောရင် ဘယ်တော့မှ လက်ခံမှာမဟုတ်ပါဘူး. . ရှိပါလိမ့်မယ် ပိုချစ်တဲ့သူဆိုတာ..ဒါပေမယ့် လက်ခံမှာ မဟုတ်ပါဘူး.. ဒါတွေကို ဖေဖေမေမေတို့နဲ့ ငြင်းနေမယ့်အစား ဖေဖေမေမေတွေကို ပဲ နားလည်ပေးလိုက်ပါ။

ငါ့နဲ့ထိုက်တဲ့ မေမေတို့ဆီက မေတ္တာကို မွေးကတည်း ကငါ ရထားတာပဲ.. ငါ ထိုက်သလောက် ရတာလို့တွေးနိုင်အောင် တွေးပြီး နေတဲ့အခါ မိဘတွေနဲ့လည်း အငြင်းမပွားရတော့ပါဘူး.. ကိုယ်တိုင်လည်း အဲဒီလိုတွေးလိုက်မိလို့ နေရထိုင်ရ အင်မတန်မှ သက်သာပါလိမ့်မယ် ………။ .. စိတ်လည်းမညစ်တော့မှာ မဟုတ်ပါဘူး.. ခံစားချက်တွေကိုလည်း နားလည်မှုနဲ့ အနိုင်ယူလိုက်နိုင်ပါတယ်.ဆိုတာ ကိုယ်တွေ့လို့သာပြောပါမယ်.. … . ဖေဖေနဲ့ မေမေ့ကိုလည်း အရမ်းချစ်ပါတယ်လို့.. ဘယ်သူ့ကိုပိုချစ်လဲတော့ မပြောတော့ဘူးနော်..

 

 

ဒီအကြောင်းလေးပါပဲ.. နှစ်ခါထပ်ရေးရတယ်ဆိုတာ..                   ဒီရွာလေးထဲကို ပထမဦးဆုံး ခြေချမိခြင်းဖြစ်ပါတယ်။

လူကလေး

About လူကလေး

လူကလေး has written 16 post in this Website..