လွှတ်တော် ကိုယ်ဇလည် ဦးကြောင်ကြီး ပြည်သူ့လွှတ်တော် အလကားအကြိမ် ပေါက်ကရအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည်။ လွှတ်တော်ပင်ပ အဆောက်အဦးနှင့် အဝင်တံခါးမအကြား နေရာလပ် အတော်ခြားရကား အတော်ပင် လျောက်လှမ်းရသည်။ ကြံ့ဖွတ်ကိုယ်ဇလည်များအတွက် ပါတီဘွတ်စ်ကားရှိပြီး မိုးကျရွှေကိုယ်တော် စစ်ဗိုလ်ကိုယ်ဇလှယ်များက ဟက်စကီးရဟတ်ယာဉ်များဖြင့် လွှတ်တော်ခေါင်မိုးပေါ်သို့ ဆင်းသက်သည်။ ခရိုနီဂျီး ဦးဂွင်ရွှေကတော့ စကိတ်ဘုတ် စီးသွားသည်။ အတိုက်အခံ ကိုယ်ဇလှယ်အများစုမှာ ဗိုင်ကောင်များ ဖြစ်ရကား နေပူကြဲတဲတွင် ၉၆၉၃ လမ်းလျောက်ရသည်။ မြန်မာနိုင်ငံ ပြည်ဒေါင်ဇု လွှတ်တော်၏ နေ့စဉ် မရိုးနိုင်သော နံနက်ခင်းရုံးချိန် မြင်ကွင်းပေတည်း…။

မဲဆန္ဒရှင် ပြည်သူ့ကျေးဇူး ရှေးရှုပြီး ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ၊ ဂေါင်းဇောင်ဆိုတာ ငယ်သားကိုညှာရတယ်။ ရုံးတက်ရုံးဆင်း လမ်းလျောက်တာ ဘာမှမပင်ပန်းဘူး၊ လူတိုင်း ကိုယ့်အိတ်ကိုယ် လွယ်သင့်တယ်၊ မီဒီယာထဲ အိတ်ဆွဲတော် နောက်ပါတသိန်းနဲ့ ပါလာတော့ လွန်လွန်းသွားပြီ။ ကောင်းစေချင်လို့ အမုန်းခံပြောရတာ။ ကျုပ်တို့တတွေ လွှတ်တော်ထဲ ရောက်လာတာ တိုင်းပြည်ဝန်ထမ်းဖို့ မဟုတ်လား။ နားလည်သိတတ်ကြပါဗျာ၊ နို့မို့ရင် အမြင်မတော်လို့ ပြောသူက မကောင်းဖြစ်နေတယ်။ ဤသည်မှာ မြန်မာ့နိုင်ငံရေး လောကတခုလုံး တုန်ခါသွားစေသည့် ဒီမိုကရေစီ ဂဇက်အမတ် ဦးကြောင်ကြီး၏ ရဲရဲတောက် ဝေဖန်ချက်ဖြစ်သည်။

သူကိုယ်တိုင်လည်း အပြောနှင့် အလုပ်ညီသည်။ လက်ကိုင်အိတ်၊ ဖိုင်တွဲများ မည်မျှ လေးစေကာမူ ကိုယ်တိုင် သယ်သည်။ “အခွင့်ထူးခံ လူတန်းစားဆို ငါသိပ်မုန်းတယ်၊ လူပဲကွာ မွေးကထဲက ခြေနှစ်ချောင်း လက်နှစ်ဖက် လအုတလုံး (အထီးဆိုရင်ပြောတာ) ဘယ်သူမှ ဒါ့အပြင် အပိုပါ မလာဘူး။” ယခုလည်း ပြောပြောဆိုဆိုဖြင့် ဆန်တအိတ် ဆီတပုံး ငါးခြောက်အချိန်တဆယ် လွှတ်တော်သို့ ယူသွားသည်။ “နေ့လည်စာကျွေးတာ ဝဘူးကွ လိုက်ပွဲယူရင် စာဖိုမှူးမျက်နှာ ပြိုတော့မည့် မိုးလိုပဲ။ ဒီတော့ ကိုယ့်ဖာသာကိုယ် ချက်စားတယ်ကွာ၊ သူများလို ခရိုနီ ခရိုနက်နဲ့လည်းပေါင်းပြီး မစားတတ်ဘူး။” ထိုသို့ တဦးတယောက်ကို ရည်ရွယ်သလို၊ တကိုယ်တည်း ညဉ်းညူသလိုလည်း ဆိုပြန်သည်။

ရွာသူတွေက တယ်အစိုးရိမ် ပိုသကိုး....
ရွာသူတွေက တယ်အစိုးရိမ် ပိုသကိုး….

ငှက်ကထဂျီး ငါမရဦးရွှေမန်း ကြိမ်းထားသဖြင့် လွှတ်တော်ဖွင့်ပွဲ ယနေ့အစည်းအဝေးသို့ ကိုယ်ဇလည်အားလုံး လာကြရာ ပျားပြန်းခပ်မျှ စည်ကားနေသည်။ ထိုခဏ၌ ရတနာခုနှစ်ပါး စီခြယ်၍ ဂဇက်ရွာသူ လှပျိုဖြူလေးများ ထမ်းလာသော ရွှေဝေါယာဉ်ကြီး ဘွားကနဲ ပေါ်လာသည်။ ငှက္ကဌပါဝါဖြင့် ဇာတ်ထဲမှ ရွှေစလှယ်သိုင်း ငှားပတ်ပြီး ဟန်ရေးပြနေသော ဦးရွှေမန်းခမျာ နေရင်းထိုင်ရင်း သိမ်ငယ်သလိုပင် ဖြစ်သွားသည်။ အင်း… အဘချုပ်ကျီးများ မျက်စိလည် လမ်းမှားလာသလော ထိတ်ထိတ်ပျာပြာ ဖြစ်သွားသည်အထိပင်။ အထမ်းသည် ကညာလေးများမှာ အကယ်ဒီမီဗန်း ကိုင်ရသည့်နှယ် သူ့ထက်ငါ အလုအယက် အားကြိုးမာန်တက် ရှိလှသည်။ သာပေါင်းအမတ် ကြံ့ဖွတ် ကြေးမုံဂျီးလည်း နေရာလွတ် တွေ့လိုတွေ့ငြား မယောင်မလည် အနားသွားကပ်ရာ “မဟုတ်တရုတ် ဒို့မလုပ်” ခေါင်းစီးစာတမ်း မြင်ရသည်တွင် သူ့အားပြောသည်မှတ်၍ လွန်စွာတုန်လှုပ် သွားရ၏။

ကညာပျိုလေးများမှ “ရွှေကြောင် လေဖောင် ပျိုတို့မောင်  အာဏာမမက် ပြည်သူ့တွက်” ကြွေးကြော်သံများ ဟစ်ကြွေးရင်း သယ်ပိုးလာကြသည်။ ဤသည်ကို မစားရသည့်အမဲ သဲနှင့်ပက် သူထမ်းခွင့်မရတိုင်း မနာလိုရှုစိမ့် ဂျေဝင်နေသူ ကြေးမုံဂျီးမှ မဲ့ကာရွဲ့ကာဖြင့် “ကြည့်စမ်းပါအုံးတော်…. သူများကိုပြောတော့ ကိုယ့်အိတ်ကိုယ် ထမ်းရမတဲ့၊ ကိုယ်တိုင်တော့ ဇိမ်ခံတယ်၊ ဒါလားဟဲ့ ဒီမိုကရေစီ..။” လူကြီး လူကြီးမှန်းမသိ အာချောင်သော ကြေးမုံဂျီးအား ဝေါယာဉ်တော် အပျိုဆင်တပ်မှ ဝိုင်းဘေ၍ အရိုးတခြား အသားတခြား ဖြစ်တော့မည့်ဆဲဆဲတွင် “ဟေ့ရပ်စမ်း၊ သူမိုက်မှားတွေဝေလို့ ပြောတာဖြစ်မယ်” ဒီမယ် သာပေါင်းညာစား ကြေးမုံဂျီး သေချာနားထောင်၊ ကြောင်ကြီးဆိုတဲ့ကောင် မမှန်တာ မလုပ်ဘူး၊ ဟောဒီမှာကြည့်…… အသံနှင့်အတူ ဝေါယာဉ်တံခါး ပွင့်လာရာ မဟော်ဂနီရောင် ရေမြှုပ်ဆိုဖာထက်တွင် လက်ဆွဲအိတ်၊ စာရွက်စာတမ်း၊ ဆန်အိတ်၊ ဆီပုံးတို့အား လက်ဖြင့် ကိုင်ထားသော ဦးကြောင်ကြီးအား အခန့်သား တွေ့ရတော့သည်။ :cool:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး