ခေါင်းစဉ်မဲ့ တိမ်တိုက်များ

ဒီနေ့ အရင်နေ့နှင့်မတူ ညနေစောင့်အချိန် တိမ်များထူထပ်လို့နေသည်။ အိမ်အပြန်ဝယ်စရာရှိသည်နှင့် ရုံးကိုခွင့်တောင်း ကာ နာရီအနည်းငယ်စော၍ ဆင်းလာခဲ့မိသည်။ ပြီးခဲ့သည့်တနင်္ဂနွေညမှ ပြန်ရောက်သော ကျိုက်ထီးရိုးဘုရားဖူးခရီး ကြောင့်လည်း အလွန်ပင်ပန်းသည်မို့ အိမ်တွင်စောစောပြန်နားမည်ဟု ဆုံးဖြတ်ကာ ရုံးမှစောဆင်းလာခြင်းဖြစ်၏။ ကျိုက်ထီးရိုးခရီးကို သူငယ်ချင်းများနှင့်အတူ ခြေလျင်တက်ခဲ့ရသည်ကတစ်ကြောင်း၊ ရေတံခွန်ဆိုသည့်နေရာအား မမောနိုင်မပန်းနိုင် သွားခဲ့ရသည်ကတစ်ကြောင်းမို့ အိမ်ရောက်သည်နှင့်မည်သို့မျှ မလှုပ်နိုင်အောင်ဖြစ်နေတော့သည်။ ရုံးကိုတစ်ရက်လောက် နားချင်သော်လည်း ခွင့်ယူသောရက်များနှင့် သူဌေးမျက်နှာပျက်မည်စိုးရိမ်သောကြောင့် ရုံးတက်ရ သော်လည်း လူကတော်တော်လေး ပင်ပန်းနေသည်။ ညနေစောင်းလာသည်နှင့်အေးလာသောကြောင့် ညောင်းညာမှုဒဏ် များက တဆစ်ဆစ်နှင့်ကိုက်လာတော့၏။ အိမ်စောစောပြန်နားမှဟုတွေးကာ ရုံးမှထွက်လာခဲ့တော့သည်။

 

အမှန်ဆိုလျှင် ခရီးပန်းလာသောပင်ပန်းမှုထက် လမ်းခရီးတွင်ကြုံခဲ့ရသော အဖြစ်အပျက်တစ်ခုကို မမေ့နိုင်သောကြောင့် စိတ်မကောင်းဖြစ်ရသည်က ပိုသည်ဟု ကျွန်မထင်မိသည်။ ယခုလိုညနေစောင်း တိမ်တွေခပ်အုံ့အုံ့ခပ်မှိုင်းမှိုင်းများနှင့် မျောချင်ရာမျောနေသည်ကို ကြည့်ပြီးရင်ထဲမှပို၍ပင်မကောင်းဖြစ်သွားမိသည်။ ကျွန်မနှုတ်ဖျားမှ စကားတစ်ခွန်းတိုးတိုး ညင်သာစွာထွက်ကျလာမိ၏။

 

“အို…….ကလေးရယ်………..”

 

ကျွန်မလို အလယ်အလတ်တန်းစား(အလယ်အလတ်ဟုမဆိုသာသော်လည်း အလယ်အလတ်ထက် အနည်းငယ်နိမ့်သည် ဟုပြောသော စကားလုံးမရှိသဖြင့်) လခစာဝန်ထမ်းတစ်ယော်ကအဖိုး ထိုကလေးအတွက် ရင်ထဲပူပန်သွားတာ တန်ပါ့မလားဟုပင် တွေးလိုက်မိသေးသည်။ သက်ပြင်းတစ်စုံချရင်း ရုံးထမင်းခြင်းထောင်းတစ်ဖက်ဖြင့် မျောလွင့်နေတဲ့တိမ် တိုက်များကိုသာကျွန်မငေးမောကြည့်နေမိ၏။ တဆစ်ဆစ်ကိုက်နေသော ကိုယ်လက်များနှင့်အတူ ရင်ထဲတွင်လည်း တဆစ်ဆစ်ဖြစ်နေသည်။

 

 

**************************************************

 

 

ပြီးခဲ့တဲ့ကြာသပတေးနေ့ညက ကျွန်မတို့သူငယ်ချင်း (၉)ယောက် ကျိုက်ထီးရိုးဘုရားဖူးဖို့ ခရီးထွက်ခဲ့ကြသည်။ ထိုခရီး ဖြစ်မြောက်ရန် တစ်နှစ်လောက်အချိန်ယူကာ စီစဉ်ခဲ့ရခြင်းဖြစ်၍ အားလုံးတက်ကြွနေကြသည်။ ကျွန်မတို့အဖွဲ့ထဲမှာ သူငယ်ချင်းတစ်ယောက်က ခေါင်းဆောင်ပါသည်မို့ သူစီစဉ်သမျှသာ လိုက်နားထောင်လိုက်၏။ တကယ်ဆို ကျိုက်ထီးရိုး ဘုရားသို့ ကျွန်မတစ်ခါမျှမရောက်ဖူးချေ။ ဖူးချင်သောစိတ်ဆန္ဒနှင့်တကွ သူငယ်ချင်းများ၏ စီစဉ်မှုကြောင့် ကျွန်မ ခရီးစဉ်အား လိုက်ပါခွင့်ရခဲ့သည်။ တစ်နှစ်တစ်ခေါက်သာတွေ့ဆုံခဲသော သူငယ်ချင်းများမို့ တစ်လမ်းတစ်တွတ်တွတ်ဖြင့် စကားများပြောကာ လိုက်ပါခဲ့ရသည်။ ခရီးစဉ်အသေးစိတ်အကြမ်းဖျင်းကိုတော့ မသွားခင်ကတည်းက ကျွန်မသိခွင့်ရခဲ့ သည်။ ကျွန်မတို့ အဝေးပြေးကားဝန်းမှထွက်ခွာပြီး ၊ ကင်ပွန်းစခန်းသို့ရောက်လျှင် ခဏနားမည်။ ခြေလျင်တက်မည်ဆို သောကြောင့် ပါလာသောအထုပ်များကို အထမ်းသမားခေါ်ကာ ပေးလိုက်မည်။ အထုပ်အပ်ပြီးသည်နှင့် ခြေလျင်တက်ကြ မည်ဖြစ်သည်။

 

အဝေးပြေးကားဂိတ်မှ ကျွန်မတို့စီးလာသော ကားကြီးတဖြည်းဖြည်းတရိပ်ရိပ်နှင့် အရှိန်ဖြင့်မောင်းနှင်နေသည်။ ညဘက်မို့ ထင်သည်။ ဘေးပတ်ဝန်းကျင်ကို ဘာမှသဲသဲကွဲကဲကျွန်မသိပ်မတွေ့ရပေ။ ရန်ကုန်နှင့်ကျိုက်ထီးရိုးခရီးသည် အနည်းငယ် တိုတောင်းသည်ဟုလည်း ကျွန်မပြောသံကြားရသည်။ လေး၊ ငါးနာရီလောက်ပင်စီးလိုက်ရသည်။ ကင်ပွန်းစခန်းဟု ခေါ်သော တောင်ခြေသို့ ကျွန်မတို့ရောက်ရှိလာခဲ့၏။ တောင်ခြေရောက်ရောက်ချင်းပင် ကျွန်မသူငယ်ချင်းက အထမ်းသမားတစ်ယောက်ကို ခေါ်လာပြီး အထုပ်တွေအားလုံးကို စုလိုက်သည်။ ကျွန်မစိတ်ထဲထင့်ကနဲ ဖြစ်သွားသည်။ ကျွန်မတို့အထုပ်တွေကို လိမ်သွားလျှင်ဆိုသည့် အတွေးကခေါင်းထဲသို့ဝင်လာသည်။ ကျွန်မသူငယ်ချင်းနားကပ်၍ စကားတစ်ခွန်းပြောလိုက်သည်။

 

“ဟဲ့…….အောင်ကြီး… နင့်ဟာက ယုံရရဲ့လား….”

 

“အော်….စိတ်ချပါဟ ငါက ခဏခဏသွားဖူးတာပဲ ဒီမှာလေ သူတို့အလုပ်သမားကဒ် သည်မှာက အထမ်းသမား မှတ်ပုံတင် သက်သက်ရှိတယ်လေ စိတ်ချမပျောက်ပါဘူး..”

 

“အေးပါဟယ်…. ငါကစိတ်ပူလို့ပါ….”

 

အောင်ကြီးကတော့ အထမ်းသမားနှင့်စကားများပြောကာ ပိုက်ဆံများရှင်းကာ ကိစ္စပြီးသွားလေသည်။ ကျွန်မတို့အနား ရောက်သောအခါ သူငယ်ချင်းတစ်ယောက်မှ

 

“ဟဲ့ ဘယ်လောက်ပေးလိုက်ရလဲ….. ”

“နှစ်သောင်းခွဲပေးရတယ်ဟ။ မဆိုးပါဘူး တစ်ယောက်မှ နှစ်ထောင့်ငါးရာကျတာလေ ငါတို့တွေဒါကိုလည်း မသယ်နိုင်ဘူးလေ။ သူတို့လည်း အပင်ပန်းခံပြီးတက်ရမှာမဟုတ်လား….”

 

အထုပ်ထမ်းက နှစ်သောင်းခွဲဆိုသည့်စကားကြောင့် ကျွန်မအနည်းငယ်နှမြောတသဖြစ်သွားမိသည်။ တကယ့်ကို ဖူးချင်လို့သာ ကျွန်မလာခဲ့ရသောခရီးစဉ်တွင် နီးစပ်ရာမှငွေအချို့ချေးငှားကာ ကျွန်မလာခဲ့ရသောကြောင့်ဖြစ်သည်။  သူငယ်ချင်းပြော စကားကြောင့် ကျွန်မမည်သို့မည်မျှတော့ ဝင်မပြောမိချေ။ အားလုံးစားသောက်ပြီးသည့်အခါ ကျွန်မတို့ ခြေလျင်လမ်းမှ စတင်ကာ တောင်တက်ကြတော့သည်။ မနက် (၅)နာရီခွဲမို့ အလင်းရောင်မမြင်ရသေးချေ။ ဓာတ်မီး နှစ်လက်လောက်နှင့်သာ ကျွန်မတို့တက်ခဲ့ကြသည်။ ကျွန်မတို့နှင့်အတူပင် လူ(၄၀-၅၀)ခန့်လောက် တက်လာကြသည် မှာ အများအပြား။ (၁၅)မိနစ်ခန့်ပင်တက်ရသေးသည် အနည်းငယ်မောဟိုက်လာတော့သည်။ နားလိုက်တက်လိုက်နှင့် နံနက်ခင်းနေရောင်ခြည်လေးက သန်းလာတော့သည်။ တောင်တက်ရင်းပင် တဖြည်းဖြည်းလင်းလိုက်လာသည်။

 

 

***************************************************

 

 

အရုဏ်ဦးအလင်းရောင်အား အထက်စီးမှမြင်ရသော မြင်ကွင်းသည် စိတ်ကိုကြည်လင်လန်းဆန်းသွားသည်။ တောင်တက်ရင်းပင် ကျွန်မသတိထားမိလိုက်၏။ ကျွန်မတို့တက်နေသော ခြေလျင်တောင်တက်လမ်းတွင် အထမ်းသမား များအား မတွေ့ရချေ။

 

 

“အောင်ကြီး….အောင်ကြီး….”

 

 

“မိချောရယ် နင်ကလည်း အလန့်တကြားဘာတုန်းဟ….” အဖွဲ့တွေနှင့် စကားကောင်းနေတာနှင့် ကျွန်မခေါ်လိုက်သော အသံကြောင့် အောင်ကြီးလန့်သွားသည်။

 

 

“ငါတို့ခေါ်တဲ့ အထမ်းသမားလည်း မတွေ့ပါလားဟ….”

 

 

ကျွန်မစိုးရိမ်တကြီးမေးလိုက်သောအသံကြောင့် အောင်ကြီးအနည်းငယ်ပြုံးသွားသည်။

 

 

“နင် မရယ်နဲ့…ငါကစိတ်ပူလို့…”

 

 

“အော်…….မိချောရယ်…. အထမ်းသမားတွေက ငါတို့ခြေလျင်လမ်းက မသယ်ဘူးဟ။ တောင်တက်တဲ့ ကားလမ်းက ထမ်းကြတာများတယ်..။ အဲသည်ဘက် အတက်အဆင်း ပိုအဆင်ပြေလို့ထင်တာပဲ။ နင်မပူပါနဲ့ ငါတို့ထက် သူတို့ အရင်ရောက်နေလိမ့်မယ်…။”

 

 

“ဟင်…..သူတို့က ဘာလို့ အရင်ရောက်နေမှာလဲဟ”

 

 

သည်တစ်ခေါက်ကျွန်မမေးလိုက်သော မေးခွန်းကြောင် အောင်ကြီးမျက်နှာတစ်ချက်ပြုံးသွားပြန်သည်။ ထိုအပြုံးကတော့ စောနကအပြုံးနှင့်မတူချေ။

 

 

“ဒီလိုဟ အချို့တွေကတော့ သူ့အဆက်အသွယ်နဲ့သူ အထုပ်အချို့တစ်ဝက်ကို ကားနဲ့တင်ကြတယ် အချို့တစ်ဝက်ပဲ ထမ်းကြတယ်။ ကားနဲ့တင်တဲ့အတွက် သူတို့ထဲက ငွေတော့လျော့တာပေါ့ဟာ။ အချို့တွေကတော့ အကုန်လုံးထမ်းကြ တယ် စောစောရောက်တယ်ဆိုတာကလဲ သူတို့ခြေနဲ့ ငါတိုခြေ ဘယ်တူမလဲမိချောရယ် သူတို့က ငါတို့ထပ် အရင် ရောက်တာပေါ့…..”

 

 

အောင်ကြီးရှင်းပြပြီး မောသွားဟန်တူသည်။ ရေသန့်ဗူးထဲကရေများကို ရင်ဘတ်များရွှဲစိုသွားအောင်ပါသောက်လိုက်သည်။

 

 

***********************************************

 

 

နားလိုက်တက်လိုက်နှင့်ပင် ကျွန်မတို့လက်တစ်ဝက်နီးနီးသို့ရောက်ပြီဟုပြောသံကြားရသည်။

 

 

“တက်ကြ…တက်ကြရောက်တော့မှာ…..”

 

 

နားနေရင်းပင် ထိုအသံကိုကြားရသောအခါ ကျွန်မလှည့်ကြည့်မိလိုက်သည်။ အထုတ်များထည့်သော ကျောပိုးပလိုင်းအကြီး ကြီးထဲတွင် ခရီးဆောင်အထုပ်ပေါင်းများစွာနှင့်ဖြစ်သည်။ အောင်ကြီးပြောသလိုဆို ထိုလူကြီးသည် ခြေလျင်လမ်းကထမ်း၍ ငွေအပြည့်လိုချင်သောကြောင့်ဖြစ်မည်ထင်သည်။ နောက်ထပ်ကျွန်မမျက်လုံးများသည် ထိုလူကြီး၏ဘေးတွင်ထိုင်၍ ဖရဲသီး စားနေသော ကလေးမဆီသို့ရောက်သွားသည်။ အလွန်ဆုံးရှိလှ အသက်က (၁၂-၁၃)နှစ်လောက်ပင်ဖြစ်မည်။ ထိုကလေး မ၏ဘေးတွင် ပြောရလျှင် လက်ငါးပွေ့စာလောက် အဝတ်များကိုထုတ်ကာထားသော အဝတ်ထုတ်တစ်ခုပင်ဖြစ်သည်။ ကျွန်မကြည့်နေရင်းပင် ထိုလူကြီးနှင့်စကားများပြောနေသည်။

 

 

“သမီးလာ သွားရအောင်….” အထမ်းသမားကြီးခေါ်လိုက်သောအခါ စောနက အဝတ်ထုပ်ကြီးအား ခေါင်းပေါ်ရွက်ကာ သူမအဖေနောက်သို့လိုက်သွားလေသည်။ ကျွန်မနားနေရင်းနဲ့ပဲ ထိုသားအဖကို မျက်စိတစ်ဆုံးလိုက်ငေးကြည့်နေမိသည်။ နေရောင်ကတဖြည်းဖြည်းမြင့်လို့လာသည်။ အပူရှိန်ကြောင့် ပို၍မောပန်းလာကြသည်။

 

 

“ဗိုက်ဆာရင် တစ်ခုခုစားပြီးနားကြမယ်လေ”

 

 

အောင်ကြီးပြောသောစကားကြောင့် အားလုံးကထောက်ခံကြသည်။ နောက်နားမည့်နေရာတစ်နေရာတွင် ကျွန်မတို့ တစ်ခုခုစားကား နားနေရန်ဆုံးဖြတ်လိုက်ကြသည်။ မိနစ်(၃၀)လောက် ကျွန်မတို့တက်ပြီးသောအခါ နားနေရန် နေရာတစ်ခုသို့ရောက်လာခဲ့ကြသည်။ အားလုံးအထုပ်များပစ်ကာ စားသောက်စရာများ မှာကြရင်း ကျွန်မမြင်ကွင်းတစ်ခု ကို သတိထားမိလိုက်ပြန်သည်။ စောနက ကျွန်မမျက်စိတစ်ဆုံးကြည့်မိသော သားအဖဖြစ်သည်။ အထမ်းသမားလူကြီးက ဖရဲသီးစားနေသည်။ သို့သော် ကျွန်မဂရုပြုမိသည်မှာ အထမ်းသမားလူကြီးမဟုတ်ချေ။ သူ၏ဘေးမှ သူ၏သမီးငယ် ကလေးမလေးပင်ဖြစ်သည်။ ထိုမြင်ကွင်းမြင်လိုက်ရသည်မှာ မောနေသည့်ကြားထဲမှပင် ရင်ထဲမှအနည်းငယ်ဆို့တက်လာ သလို ခံစားလိုက်ရသည်။ ကလေးမလေးသည် သူမသယ်လာသော်အထုတ်ကြီးအား ခေါင်းမီကာ နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်ကာနေတော့သည်။ သူမ၏နားသန်မွှေးလေးများသည် တောင်ပေါ်ကလေအေးအေးနှင့်အတူ မလွင့်နိုင်တော့ချေ။ ချွေးများဖြင်သိပ်ကာကပ်နေတော့သည်။ ပါးပြင်မှာ ချွေးများဖြင့်ချေးအနည်းငယ်ထပ်ကာ အထမ်းထပ်ကြီးပေါ်တွင် အိပ်နေသည်မှာ ကျွန်မရင်ထဲမကောင်းဖြစ်သွားသည်။ ထိုအချိန်ခဏလေးအတွင်းမှာပင်

 

 

“သမီးထထ……..သွားကြရအောင်”

 

 

အဖေဖြစ်သူနှိုးလိုက်သောအခါ အိပ်ချင်မူးတူးထကာ အထုပ်ကိုကောက်ဆွဲတော့သည်။ ကလေးမလေးအထုပ်ကိုမကာ ခေါင်းပေါ်ရွက်ပြီး လမ်းလျှောက်မည့်ဆဲဆဲပင် အထုပ်ကသူမအား အနောက်သို့ပြန်ဆွဲကာ လိမ့်ကျတော့မည်ဟန်ကို ဘေးအနားက လူအများမြင်ကာအော်ဟစ်ကျတော့သည်။

“အမလေးးးးးးးး အမလေး…ဟဲ့ဟဲ့…….”အသံများဝေစီကာ ဆူညံသွားသည်။ သူမ၏အဖေမှာ အချိန်အထုပ်အား သူမဆီမှ ယူကာ ခုံပေါ်သို့ပြန်တင်ကာ သူမကိုရေအနည်းငယ်တိုက်လိုက်သည်။ အိပ်ချင်မူးတူးထလာလိုက်ရသောကြောင့်ဖြစ်သည်။ ထို့နောက် ပုံမှန်ပင်အထုပ်ကိုပြန်ထမ်းကာ ကျွန်မရှေ့မှ ဖြတ်လျှောက်သွားတော့သည်။ ကျွန်မ ကလေးမလေးနောက် ကျောကိုကြည့်ရင်း တွေ့မိလိုက်သောအရာတစ်ခုသည် ကျွန်မရင်ထဲကို လှိုင်းတစ်ခုဖြန်းကနဲ ရိုက်လိုက်သလိုပင်။ ကလေးမလေးဝတ်ထားသော ရှပ်အကျီ င်္အပြာရောင်နောက်တွင် အလုပ်သမားအဖွဲ့ဆိုသည့် အထမ်းသမားများဝတ်သော အကျီ င်္ဖြစ်သည်။ ရန်ကုန်မှာကျန်ခဲ့သော သူမနှင့်ရွယ်တူ ကျွန်မတူမလေးကို သွားမြင်မိလိုက်သည်။ ရင်ထဲတစ်ချက်ဆို့ကာ နှုတ်ဖျားမှ စကားလုံးတစ်လုံးပင် ကျွန်မရေရွတ်မိ၏။

 

 

“အော်…………ကလေးရယ်….”

 

 

*****************************************************

 

 

“ဝှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ကားတိုက်ပြီးသေချင်နေပြီလား”

 

 

ကားပေါ်မှလူအော်သွားမှ ကျွန်မအတွေးထဲမှ သတိပြန်ဝင်လာသည်။ ခရီးလမ်းမှ ကလေးမလေးအကြောင်းစဉ်းစားရင်း အနည်းငယ်တွေဝေမိသွား၏။ ထိုအချိန်တွင် ကျွန်မလက်ကို တစ်စုံတစ်ရာလာရောက်ထိခတ်လေသည်။ ကျွန်မကြည့်လိုက် မိသောအခါ ပါးပြင်မှာသနပ်ခါးအဖွေးသားနှင့် ဘယ်ဘက်လက်တွင် စံပယ်ပန်း ၊ ရွှေပန်း ၊ ငွေပန်းများကို ကိုင်ထားသော ကလေးငယ်တစ်ယောက်ဖြစ်သည်။

 

 

“မမ………စံပယ်ပန်းယူပါဦး……” ပြုံးရယ်ကာပြောသော ဖြူစင်တဲ့ကလေးတစ်ယောက်ရဲ့မျက်လုံးဖြစ်သည်။

 

 

“ဘယ်လောက်လဲ……..ကလေး”

 

 

“တစ်ရာဖိုး ငါးကုံးမမ……….မမယူရင် ခြောက်ကုံးယူနော်”

 

 

“မမကို နှစ်ရာဖိုးပေးပါကွယ်…..” ကလေးငယ်ဖြတ်ပေးသော စံပယ်ပန်းကုံးကို ကျွန်မဆွဲခြင်းတောင်းပေါ်တင်ကာ ကလေးငယ်အား ကျွန်မလိုက်ကြည့်မိသည်။ ထိုကလေးငယ်လေး၏ ကိုယ်ပေါ်တွင် ကျွန်မမြင်တွေ့ခဲ့ရသော ကလေးမလေး၏ အပြာရောင်ဝတ်စုံကြီးက ပေါ်လာသလိုလိုပင်။ လမ်းမကူးသေးဘဲ ပလက်ဖောင်းပေါ်တွင်သာ ကျွန်မ ရပ်နေမိသည်။ ကောင်းကင်ထက်တွင် တိမ်းများဦးတည်ချက်မဲ့ ရွေ့လျားနေ၏။ ဖြူစင်တောက်ပသော တိမ်စိုင်တိမ်လိပ်များ ကျွန်မတွေ့ခဲ့သော အလုပ်သမားကလေးများ။ ကျွန်မတွေးနေရင်းပင် ဆုပ်ကိုင်ထားသော ရုံးဆွဲခြင်းတောင်းကို ပို၍ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ ခေါင်းစဉ်မဲ့နေတဲ့ သူတို့လေးတွေရဲ့ဘဝတွေ ကျွန်မရဲ့အထက်ကောင်းကင်က အဖြူရောင်တိမ်စိုင်လိပ်တွေလိုပဲ ဦးတည်ချက်မဲ့ ရွေ့လျားနေရလားဆိုတာကို ကျွန်မတွေးရင်ပင် လမ်းဖြတ်ကူးဆဲဆဲမှာပဲ။  ကျွန်မတို့တွေလည်း ခေါင်းစဉ်မဲ့နေလားဆိုတာကို ကျွန်မပြန်တွေးမိသည်။ ခေါင်းစဉ်မဲ့နေတဲ့ ကျွန်မတို့ရဲ့ တိမ်တိုက်လေးတွေဟာ………………………တစ်နေ့တော့………………။

 

 

“ကလေးရယ်………….မမတို့အားလုံး ဆုတောင်းနေပါတယ်………”

 

 

****************************************

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

ဇန်နဝါရီလ (၁၉)ရက် ၂၀၁၃ခုနှစ်

စနေနေ့ နေ့လည် ၁၂နာရီ ၅၆မိနစ်

4 comments

  • cherry kyawlin

    January 19, 2013 at 6:09 pm

    အားပေးဖတ်ရှုသွားတယ်နော်

  • Mr. MarGa

    January 19, 2013 at 6:18 pm

    ရင်နှင့်ရင်း၍ ရေးလို့လားမသိ
    ရင်ထဲကို တိုက်ရိုက် ထိပါတယ်။
    အနာဂတ်ကို မတွေးနိုင်တဲ့ ကလေးတွေရဲ့ ဘဝတွေကို
    ကူညီဖို့တော ့လိုနေပြီဗျာ
    ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုတော့
    သူတို့တွေကို ဒီလောက်နဲ့တင် ဘဝကို ဆုံးမသွားစေချင်ဘူး

  • မောင်ပေ

    January 19, 2013 at 7:49 pm

    ပညာရေးးး
    တစ်နိုင်ငံလုံး ပညာတတ်လာချိန်ကြ
    ကလေးသူငယ်အလုပ်သမားဆိုတာ ပျောက်ကွယ်သွားပါလိမ့်မယ်
    ဒေါ်စု က လဲ ပြောတယ်
    ဦးသိန်းစိန် လဲ ဟတ် နဲ ့ဆော့ဖ် ကြားကနေ ရုန်းနေပါတယ်
    ကျုပ်တို ့သားသမီးတွေလက်ထက်ကြရင်တော့
    ကျုပ်တို ့နိုင်ငံမှာ မြင်ရလောက်ပါပြီ
    အို…ပညာရေးတဲ့

  • Mg Yay Chan

    January 20, 2013 at 12:04 pm

    အောင်မိုးသူဆိုတာ ဝတ္ထုတိုတစ်ပုဒ်ကို ဘယ်လို ဇာတ်သိမ်းရမလဲဆိုတာ ပါးနပ်တဲ့ဝတ္ထုရေးသူတစ်ယောက်

Leave a Reply