ဘယ်သူမှ မသိဘူး

စဆရ ႀကီးJanuary 21, 20131min1169

ကျုပ်လား?

ဘာရယ်တော့မဟုတ်ဘူး… လူသားနှစ်ဦးက စုံမက်ပေါင်းဖက်ပြီး မွေးဖွားကြီးပြင်းလာတဲ့ သာမန်အညတရ လူသားတစ်ယောက်ပေပဲ။ ဒီထက်တော့ ဘာမှ ပိုပြီး မထူးဆန်းပေဘူး။ ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတာမဟုတ်တော့ လူထဲက လူသားတစ်ယောက်ပေပဲပေါ့။ လူလိုနေ၊ လူလိုကြီးပြင်းလာခဲ့ပြီးမှ လူရာမဝင်တာတော့ ဘယ်သူ့ဘယ်သူကြောင့်မှတော့ မဖြစ်နိုင်ပေဘူး။ လူမပီသသေးလို့နေမှာပေါ့။

ကျုပ်လား?

ဘာမှတော့မဟုတ်ဘူး.. မသေရုံထမင်းတစ်နပ်စားရဖို့အရေး ရရာအလုပ်ပေါင်းစုံလုပ်ရင်း ခုတော့ တစ်မြေရပ်ခြားမှာ ရရာ အလုပ်တစ်ခုကို ဝင်လုပ်နေရသူပေါ့။ ထမင်းစားကျွန်ခံ ဒီထက်တော့ ဘာမှ ပိုပြောလို့လဲမရဘူး။ ကိုယ်ပိုင်ဟန်းဖုန်းလေးကိုင်၊ ကိုယ်ပိုင်ကားလေးမောင်းပြီး Shopping Center တွေမှာ ဈေးပါတ်ဝယ်နေတဲ့ လူ့မလိုင်တန်းစားထဲကမဟုတ်တော့ အဆောင်ကျဉ်းကျဉ်းလေးထဲမှာနေ၊ ၅၀ဝ တန် ထမင်းတစ်နပ်ကိုစား၊ တစ်ရာဖိုးသုံးလိပ် နှင်းဆီဆေးပေါ့လိပ်ကိုခဲပြီး ၅ဝ တန်လိုင်းကားကို တိုးစီးနေရတာမို့ သူလိုကိုယ်လို လူတွေကြားက လူတစ်ယောက်ပဲပေါ့။ ကိုယ်နဲ့ တန်ရာတန်ရာကိုသာ သုံးစွဲနေထိုင်ခဲ့ပေမယ့် ကိုယ်နဲ့ပါတ်သက်ရာလူတွေက မတန်မရာ လူတစ်ယောက်အနေနဲ့ စော်ကားခံရတာတော့ သူတို့ကြောင့်လဲ မဟုတ်ပေဘူး။ ကိုယ်ကိုယ်တိုင်ကကို လူတစ်ယောက်လို့ပြောဖို့ရာ မတန်သေးလို့နေပေမယ်။

ကျုပ်လား?

ဘာမှတော့မရှိဘူး.. ရှိတာလေးတွေ မြတ်နိုးတန်ဖိုးထားရင်း လူတစ်ကာအမြင်မှာ တစ်ကိုယ်ကောင်းဆန်တယ်လား၊ ချစ်တီးကျတယ်လား၊ ကော်တရာ ကပ်စေးနှဲဆိုလား ပြောကြပြန်သေးတယ်။ ကိုယ့်ရှိတာလေးတွေ တန်ဖိုးရှိလှတယ်မထင်ပဲ အသစ်အဆန်းထွက်သမျှကို လိုက်ဝယ်နေကြရင်း ခေတ်ကြီးရဲ့ သွေးဆောင်ဖျားယောင်းမှုနောက်မှာ စီးမျောပါနေတဲ့ ခေတ်သစ် လူ့တန်းစားသစ်ကြီးထဲမှာ လိုက်ပါမနေနိုင်သေးတဲ့ ရှေးဟောင်းလူသားကြီးဖြစ်နေပေမယ့် ပိုင်ဆိုင်မှုတစ်ခုကို သိပ်တန်ဖိုးထားတဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်က ဂျူးအဘိုးကြီးတစ်ယောက်လိုပဲ။ တစ်နေ့ထက်တစ်နေ့ ဟောင်းနွမ်းလာတဲ့ ကိုယ့်ပိုင်ဆိုင်မှုတွေကို တန်ဖိုးတက်လာလေခြင်းလို့ မြတ်မြတ်နိုးနိုး ကြည့်နေတဲ့ သူတစ်ယောက်ပဲ။ မင်းတို့အမြင်လို ဒိတ်အောက်နေတဲ့ အန်းတိတ်ကြီးပါလို့ မမြင်တတ်တဲ့အတွက် ငါဟာ မော်ဒန်အန်းတိတ် အဖိုးကြီးတစ်ယောက်ပါပဲ။ အဲဒီအတွက် လူရာသွင်းမခံရတာလည်း မင်းတို့ကြောင့်တော့ မဟုတ်ပါဘူး။ ငါဟာ အတော်လေးကို ဘေးထိုင်ဘုပြောပြီး ပြက္ကဒိန်ကို မလဲပဲ နှစ်ပေါင်းများစွာ ထားတဲ့သူတစ်ယောက်မို့ မင်းတို့လို ခေတ်သစ်လူငယ် မဖြစ်နိုင်တာလဲဖြစ်ပေမယ်။

ဒါပေမယ့်…

ငါ့မှာ မျှော်လင့်ချက်တွေရှိတယ်
ငါ့မှာ အိမ်မက်တွေရှိတယ်

ငါ့မှာ အနာဂါတ်တွေရှိတယ်

ငါ့မှာ…. ငါအမြဲစိတ်ကူးယဉ်တဲ့ မိသားစုလေးရှိတယ်
ငါ့မှာ…. ငါ့ကိုသိပ်ချစ်တဲ့ မိသားစုလေးရှိတယ်
ငါ့မှာ…. ငါနားခိုရာ မိသားစုလေးရှိတယ်

ဒါတွေအားလုံး မင်းတို့မသိပါဘူး
ငါ့ချစ်သူလဲမသိဘူး
ငါ့သားလေးလဲမသိဘူး
ငါ့သမီးလေးလဲမသိဘူး
ငါ့မိသားစုလဲမသိဘူး

ဘာလို့လဲဆိုတော့.. ငါ့မှာ ဘယ်သူမှမရှိဘူးလေ..

ငါတစ်ယောက်တည်း ရူးနေလို့။ ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

9 comments

  • nozomi

    January 21, 2013 at 9:39 am

    ဘယ်လို ဖြစ်လို့ ကိုရှုံးပြန်ဖြစ်သွားရတာလဲ
    မေလ ပြန်မလာဖြစ်တာနဲ့ များ ဆက်စပ်နေသလား မသိ
    ဘာပဲဖြစ်ဖြစ် ကိုရှုံး ပို့စ် တွေဖတ်ပါ များတော့ စိတ်ထဲ ကိုတော့ နဲနဲ မြင်လာရတယ်
    တစ်ခုခု ဆို ကျွန်တော်တို့မှာလဲ ဒီရွာကြီး ရှိနေတာ တော်သေးရဲ့

  • ဆူး

    January 21, 2013 at 3:35 pm

    တယောက်တည်း ရူး မနေနဲ့ အာရုံတွေ စုစည်းထား..

  • Shwe Ei

    January 21, 2013 at 4:31 pm

    ကိုရှုံးက ကိုရှုံးပြန်ဖစ်သွားဘီဆိုတော့ ကိုရှုံးလို့ မခေါ်တော့ဝူး။
    ကိုစိုင်းကွမ်းခေး လို့ပြန်ပြောင်းခေါ်မယ်။
    ကိုင်း…..ပညတ်သွားရာဓါတ်သက်ပါစေသတည်းးးးးးးးးး (ဘာလဲတော့ မသိဝူး) :mrgreen:

  • အရီးခင်လတ်

    January 21, 2013 at 4:36 pm

    I believe that all your dreams will come true soon. :hee:

  • kai

    January 22, 2013 at 1:57 am

    “It isn’t what you have, or who you are, or where you are, or what you are doing that makes you happy or unhappy. It is what you think about.”

    Dale Carnegie

    ဒေးလ်ကာနယ်ဂျီက. ဘာပြောဖူးသလည်းဆိုတော့..” နှိုင်းတွေးစဉ်းစား”နည်းအကြောင်းပါ..။ လက်တဖက်ပြတ်တဲ့သူက.. ခြေ၂ဖက်ပြတ်နေသူကိုကြည့်ပြီး.. ငါဟာကံကောင်းပါသေးလားဆိုတဲ့..အတွေးတွေးစေတာပေါ့..။
    ဆိုတော့..
    မြန်မာပြည်ကနေ.. မိသားစုကိုပစ်..
    တောတောင်တွေဖြတ်..
    ညညနေ့နေ့.. ဘယ်တော့အဖမ်းခံရမယ်မသိတဲ့.. ထိုင်း-မြန်မာနယ်စပ်က.. မြန်မာသန်းဂဏန်းဘဝနဲ့ယှဉ်ရင်.. ကိုစိုင်းရဲ့အခုဘဝ..အခုအလုပ်.. ဘဝဟာ..နတ်ဘုံနတ်နန်းပါလို့.. :528:

  • kyeemite

    January 22, 2013 at 1:28 pm

    “ ငါ့မှာ မျှော်လင့်ချက်တွေရှိတယ်
    ငါ့မှာ အိမ်မက်တွေရှိတယ်
    ငါ့မှာ အနာဂါတ်တွေရှိတယ်”….ဆိုတော့
    ကိုရှုံးက အဓိပ်ပါယ်ရှိသောလူပါဗျာ…

  • ရွှေ ကြည်

    January 22, 2013 at 5:20 pm

    ှကိုရင်ရှုံးဘာတွေများဖြစ်နေသတုန်းဗျာ ပြန်မလာဖြစ်တာကရောဘာဖြစ်လို့လဲစပ်စုတယ်တော့မထင်ပါနဲ့နော်။
    ဘာပဲဖြစ်ဖြစ်အခုရွာသူားတွေသိသင့်သလောက်သိပါတယ် 😆

  • Mr. MarGa

    January 23, 2013 at 8:49 pm

    ငါ့မှာ မျှော်လင့်ချက်တွေရှိတယ်
    ငါ့မှာ အိမ်မက်တွေရှိတယ်
    ငါ့မှာ အနာဂါတ်တွေရှိတယ်
    ငါ့မှာ…. ငါအမြဲစိတ်ကူးယဉ်တဲ့ မိသားစုလေးရှိတယ်
    ငါ့မှာ…. ငါ့ကိုသိပ်ချစ်တဲ့ မိသားစုလေးရှိတယ်
    ငါ့မှာ…. ငါနားခိုရာ မိသားစုလေးရှိတယ်
    ဒါတွေအားလုံး မင်းတို့မသိပါဘူး
    ငါ့ချစ်သူလဲမသိဘူး
    ငါ့သားလေးလဲမသိဘူး
    ငါ့သမီးလေးလဲမသိဘူး
    ငါ့မိသားစုလဲမသိဘူး

    ကိုစိုင်းရေ
    သိသူတွေ၊ နားလည်ပေးသူတွေ ရှိသေးတယ်ဆိုတာလေး

Leave a Reply