မှတ်တမ်းဆိုတာ ဇာတ်လမ်းတစ်ပုဒ်လိုတော့
လိုတိုး ပိုလျှော့ ဆော့လို့မရသလို
မရပ်တန်း သွားနေတဲ့ ကားတစ်စီးလို့သာ ဆိုလိုက်ပါရစေ ၊
တာယာက ပန်းမရှိ နွမ်းအိအိအင်ဂျင်နဲ့ မောင်းလာခဲ့တဲ့
ဟောဒီကားကြီးကို မျိုးသန့်လို့ပဲ ခေါ်ကြပါစို့ ၊
၄၀ ဆိုတာ သူ့သက်တမ်းဖြစ်သလို
ချိုတစ်ခါ ခါးတစ်လှည့် မောင်းခဲ့ရတဲ့လမ်းဟာ ခပ်ကြမ်းကြမ်းပေါ့ ၊
အမေတစ်ခုသားတစ်ခုနဲ့ ဘဝကိုအစပြုခဲ့တဲ့ ကျနော့်ဇာတ်လမ်းဟာ
တီးလုံးဆန်းတွေ မပါသလို လောကဆိုတာ ခပ်ခါးခါးလို့သာ ယုံစားခဲ့ရှာတယ်လေ
ပညာဆိုတာ ကြိုးစားစရာလို့ တတွတ်တွတ်ဆိုခဲ့တဲ့ အမေကျောင်းဆရာမကြီးအတွက်
သားဖြစ်တဲ့ကျနော်ဟာ ပါဝါခပ်ထူထူတပ် အထပ်ထပ်သော စာအုပ်ပုံကြား နစ်လျက်သားပေါ့ ၊
ရာသီတွေရွေ့ ခဲ့သလို မေ့နေတဲ့နှလုံးသားကိုလည်း ပစ်ထားခဲ့တာ ကြာပါပြီအမေ
ဒါပေမယ့် သားရယ် အမေ့ဘဝမှာ လိုနေတာ ချွေးမလေးပါတဲ့
အခုမှဆိုခဲ့တဲ့ အမေ့စကား ကြားလိုက်ရချိန်မှာ နှလုံးသားဟာ မှောင်မည်းအေးစက် အနိုးရခက်ခဲ့ပြီပေါ့
အမေ့စကား နားကမချတဲ့သား ဘယ်တစ်ခါမှ မမှားခဲ့ပေမယ့်
မရှိခဲ့တဲ့ အချစ်ဆိုတာ ဂျိုနဲ့လားအမေ
သင်ကြားခဲ့တဲ့ပညာတွေနဲ့ အမေ့သားဟာ အွန်လိုင်းနယ်ပယ်မှာ အယ်ဒီတာဆိုတာတော့ ဖြစ်ခဲ့ပါရဲ့
ဒါပေမယ့်ချို့တဲ့ခဲ့တဲ့ ပရိယာယ်တွေကြောင့် အသိမကြွယ်တဲ့ အချစ်နယ်မှာ ယောင်လည်စမ်းတဝါး
လမ်းများလည်း မှားခဲ့ပါရဲ့ အမေ
အမေ့အလိုကျ နေပြခဲ့တဲ့သားဟာ ဇွဲကိုအဖော်ပြု စုထားတဲ့ဖြူစင်မှုတွေကိုသုံး ရုန်းခဲ့ပေမယ့်
ကျနော် ဆိုတဲ့ အမေ့သားကို ဒီမြားနတ်မောင်ဟာ ယောင်လို့တောင် လှည့်မကြည့်ခဲ့ပါလား အမေ
အချစ်ရေ အချစ်ရေလို့ ကလေးတစ်ယောက်လို အော်ငိုလို့လည်းမရ ၄၀ ဆိုတဲ့ဘဝမှာ
ယောင်ချာချာလည်ရင်း သက်ပြင်းကိုချ ရပ်လိုက်ရတဲ့ ဟောဒီမှတ်တိုင်ကို အလွမ်း လို့သာ ဆိုလိုက်ပါရစေအမေ ။

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..