စဉ်းစားကြစေလိုပါတယ် ( ၄၆ )

( “ဝ” ဟာ တိုင်းရင်းသားလား ??? )

 

ဒီရက်ပိုင်း ၊ “ဝ” တွေနှင့် ၊

ပါတ်သက်ပြီး ၊ အဘ ၊

သူငယ်ချင်း တစ်ယောက် နှင့် ၊

ဆွေးနွေးဖြစ်ခဲ့တဲ့ ၊

ကိစ္စလေး တစ်ခုပါ ။

 

ဘယ်လိုပဲ ဖြစ်ဖြစ်

“ဝ” လည်း

အဲဒီနယ်မှာ နေထိုင်နေတဲ့

တိုင်းရင်းသားပဲလေ ။

 

ကုလားပြည်နှင့် နီးတဲ့နေရာတွေက လူတွေက ကုလားသွေးစပ်မှာပေါ့ ။

ကုလားပြည်နှင့် နီးတဲ့နေရာတွေက လူတွေက ကုလားစကား ပြောမှာပေါ့ ။

 

အခု ဝ တွေက ၊ တရုတ်ပြည်နှင့် နီးတဲ့အတွက် တရုတ်သွေးစပ်မှာပေါ့ ။

တရုတ်ပြည်နှင့် နီးတဲ့အတွက် တရုတ်စကား ပြောမှာပေါ့ ။

 

ဒါတွေက ပုံမှန်ပဲလေ ၊ ဘာမှမှ မထူးခြားတာ ။

လူတွေဆိုတာကတော့ ဒီလိုပဲ ဟိုဘက် ဒီဘက် ကူးလူး ဆက်ဆံနေတာပဲလေ ။

 

ဗမာစကားပြောမှ ၊ ဗမာလူမျိုးဖြစ်မှ မြန်မာနိုင်ငံထဲမှာ လက်ခံမယ်ဆိုရင် ၊

စ ကတည်းက ဗမာစကားပြောတဲ့ ဗမာလူမျိုးတွေနေတဲ့ နေရာကိုပဲ ကွက်ပြီး ၊

မြန်မာနိုင်ငံ ဆိုပြီး သတ်မှတ်ခဲ့ပေါ့ ။

 

ဘာလို့ တိုင်းရင်းသားတွေ ဘိုးစဉ်ဘောင်ဆက် နေခဲ့တဲ့နေရာတွေကိုပါ ၊

မြန်မာနိုင်ငံ ဆိုပြီး နယ်နမိတ်ထဲ ထည့်ခဲ့ရတာတုန်း ။

 

မှန်တာပြောရရင် ၊ ခေတ်အဆက်ဆက် ဝါဒဖြန့် ကျောင်းသင်္ခန်းစာတွေကြောင့် ၊

( တကယ့် ပညာ အစစ်ကိုလည်း မတတ်ဘဲ ၊ အတွေးအမြင်တွေလဲ ပိတ်နေခဲ့တဲ့ )

လူ အများစုကြီးက မှိုင်းမိနေတာပါ ။

 

မသိလို့ မေးပါရစေ ၊

တိုင်းရင်းသားတွေ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့တဲ့မြေတွေကို ၊

ဗမာတွေက ပိုင်ပါတယ်လို့ ၊ ဘာကြောင့် ထင်ရပါသလဲ ။

 

နယ်ခြားမျဉ်းတွေဆိုတာ ၊

တိုင်းရင်းသားတွေ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့တဲ့မြေတွေပေါ်မှာ ၊

ငါက အစိုးရကွ ၊ ငါက အင်အားကြီးတယ်ကွ ဆိုပြီး အတင်းသွားဆွဲခဲ့တဲ့ ၊

( တည်လဲ မတည်မြဲတဲ့ / ခေတ်အဆက်ဆက်မှာလဲ ပြောင်းနေတဲ့ )

စိတ်ကူး မျဉ်း Imaginary Line တွေပါ ။

 

အဓိက က ၊ အဲဒီမြေ ကို အဲဒီမြေမှာဘိုးစဉ်ဘောင်ဆက်နေလာခဲ့တဲ့ ၊

တိုင်းရင်းသားတွေ ကသာ ပိုင်ရှင် အမှန်ဖြစ်တယ်ဆိုတာ မမေ့ပါနှင့် ။

 

သူတို့ကို ပြည်ထောင်စုထဲမှာ အတူပူးပေါင်း နေစေချင်တယ်ဆိုရင် ၊

သူတို့ ကို အတူပူးပေါင်းချင်စိတ်ပေါ်အောင် ဆွဲဆောင် / ချော့ခေါ်ရမှာပေါ့ ။

 

တရုတ်စကားပြောတဲ့သူအချင်းချင်းမို့ ၊ နယ်ချင်းကလည်း တစ်ဆက်ထဲရှိနေလို့ ၊

” ဝ ” တွေက တရုတ်တွေ နှင့် နီးစပ်တာ ” ဝ ” တွေ အပြစ်မှ မဟုတ်ပဲလေ ။

 

မှန်တာပြောရရင် ကိုယ်တွေသာ ကချင် လူမျိုး ၊ ဝ လူမျိုး ဖြစ်ရင်လည်း ၊

တရုတ်ပြည်နှင့် ပေါင်းဖို့ကိုလည်း စိတ်ဝင်စားမိမှာပါ ။

တရုတ် နိုင်ငံထဲက ကချင် လူမျိုး ၊ ဝ လူမျိုး တွေ ၊

ဘယ်လို ကောင်းကောင်း မွန်မွန် နေနေရတယ်ဆိုတာ ၊ ကိုယ်တွေလဲ သိနေရတာပဲလေ ။

ထားလိုက်ပါတော့ ၊ အဲဒါက အဘ Personal ခံစားချက်ပါ ။

 

ထားပါတော့ ၊ ” ဝ ” တွေကို မကြိုက်ရင်လည်း ရပါတယ်လေ ။

” ဝ ” တွေကို မြန်မာနိုင်ငံသားလို့ လက်မခံချင်ရင်လည်း ရပါတယ်လေ ။

 

” ဝ ” တွေကို ပြောလိုက်ပေါ့ ။

နင်တို့ ” ဝ ” တွေ နှင့် နင်တို့နေတဲ့ ဒေသ တွေကို ၊

ငါတို့ မြန်မာနိုင်ငံထဲမှာ လက်မခံနိုင်တော့ဘူး လို့ ။

 

နင်တို့ ” ဝ ” တွေ လွတ်လပ်ရေးပဲ ကြေငြာချင် ကြေငြာ ။

ဒါမှမဟုတ် တရုတ်ပြည်ထဲပဲ ပေါင်းပေါင်း ၊

ကြိုက်သလိုသာ လုပ်ကြတော့လို့ ။

 

အဘ အထင် ၊ ” ဝ ” အပါအဝင် တိုင်းရင်းသား အားလုံး ၊

မြန်မာပြည်မကြီးကနေ ဝမ်းသာအားရ ( ဝမ်းသာအားရ ) ထွက်သွားကြမှာပါ ။

 

မမေ့အောင် ၊ ထောက်ပြချင်တာ တစ်ချို့ရှိပါတယ် ။

 

ပထမ အချက်က ။

မြန်မာပြည်မှာ ရှိရှိသမျှ တိုင်းရင်းသား လူမျိုး အားလုံး က ၊

( လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ နာဂ လူမျိုးက အစ )

ဗမာ အစိုးရကို အင်အားချင်း ဘယ်လိုမှ မယှဉ်သာမှန်း သိပေမယ့် ၊

အသက်စွန့်ပြီး ၊ နှစ်ပေါင်း ၆၀ ကျော် ၊ စဉ်ဆက်မပြတ် ၊

လက်နက်ကိုင် တော်လှန် ပုန်ကန်နေကြတာဟာ ၊

ဘယ်ဖက်က မှားနေလို့ ဖြစ်မယ်ဆိုတာကို ၊

သေသေချာချာလေး စဉ်းစားကြည့်ကြပေါ့ကွယ် ။

 

နောက် ဒုတိယ အချက်က ၊

အခု အချိန် အထိ မြန်မာပြည်မှာ ၊

ပညာတတ် ၊ အမျှော်အမြင်ကြီး ၊ ရိုးသားပြီး ၊

ဗမာ လူမျိုး စစ်စစ် ၊ တိုင်းပြည်ချစ်စိတ်မှာ သံသယဖြစ်စရာမလိုတဲ့ ၊

ပြည်သူလူထုကလည်း တစ်ခဲနက် လှိုက်လှိုက်လဲလဲ ထောက်ခံတဲ့ ၊

အမျိုးသား အဆင့် ခေါင်းဆောင် ဆိုလို့ နှစ်ယောက်ပဲ ပေါ်ထွန်းခဲ့ပါသေးတယ် ။

ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ် အောင်ဆန်း စုကြည် ပါ ။

 

သူတို့ ၂ ယောက်စလုံးက Federal စံနစ်ကို ဘာကြောင့် ထောက်ခံခဲ့ရတာတုံး ။

Federal စံနစ် နှင့် တည်ဆောက် မှသာလျှင် တရားမျှတပြီး ၊

ရေရှည် တည်တံ့ခိုင်မြဲမယ့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ရနိုင်မယ်လို့ ၊

ဒီ အမျိုးသား ခေါင်းဆောင် နှစ်ယောက်လုံးက သိခဲ့ကြတာပါ ။

အဲတော့ ၊ သေသေချာချာလေးကို စဉ်းစားကြစေလိုပါတယ်ကွယ် ။

 

အဘ သဘောထား ကတော့ Federal စံနစ် စစ်စစ်ကြီးနှင့် ၊

တိုင်းရင်းသား အားလုံးကို ဆွဲဆောင် ( ချော့ခေါ် ) နိုင်ပြီး ၊

ရေရှည် တည်တံ့ခိုင်မြဲမယ့် ပြည်ထောင်စုကြီးကို တည်ဆောက်ကြစေလိုတာပဲ ။

 

အမှန်တရား နှင့် တရားမျှတမှု အစစ်အမှန်ကို မြင်နိုင်ကြပါစေကွယ် ။

အမှန်တရား နှင့် တရားမျှတမှု အစစ်အမှန်ကို မြင်နိုင်တဲ့ ၊

ဥာဏ်ပညာ နှင့် သတ္တိ လည်း ရနိုင် / ရှိနိုင်ကြပါစေကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

Foreign Resident

About Foreign Resident

Foreign Resident has written 202 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။