သစ္စာရင်

တောက ကိုရင်January 25, 20131min904

သစ္စာရင်

နေမြင့်ပြီ…ခင­­်
အရူးရင့်ပြီ ထင်ပါသလား
ရင်ကြားက စိမ့်ထွက်
လိမ့်တက်လာသည့် သည်းခြေရည်
ခါး….။

မျက်နှာထားကို ပလီ
သစ္စာတရားတွေ ဘယ်ဆီမှာ
တွယ်မှီရာ ရင်ရပ်ဝန်း
မျက်ရည်နဲ့ သွန်း…။

တောင်စွန်းမှာ နေမကွယ်ခင်
ရွှေဓါးကိုလွယ်ဖို့ပြင်မှ
ဆည်းဆာအလှကို တပ်မက်
လှည့်ထွက်ကျောခိုင်း
မုန်တိုင်းရင်ခွင်…။

မှုန်မှိုင်းနေ လွင်ပြင်ထဲ
ရင်ကွဲပက်လက်
လမ်းဆုံမှ ခွဲထွက်
တွဲလက်ကို ဖြုတ်စေ…။

ကာလတွေ ဘယ်လိုပြောင်း
ရာသီတွေ ဘယ်လိုနှောင်း
အကြောင်းကံ အကျိုးမမှန်ခဲ့ခြင်းမှာ
အရိုးခံအချစ်
အငြိုးဒဏ်သင့်လို့လေ
တွေဝေရာအရပ်
ဝေဒနာ ထပ်…။

လျှပ်ပြက်တာကို မမြင်
ကန့်လန့်ကာ ရင်တစ်ခြမ်း
မမြင်ကန်းလို့ ရင်နွမ်းလောင်မြိုက်
အမှောင်တိုက်အတွင်း လောင်တိုက်သွင်း
မှောင်မိုက်ခြင်း လမ်းမထက်မှာ…။

တွေ..ဝေ..မူး..
ရူးချင်ရူး မိုက်ချင်မိုက်
စူးစိုက်ကာထားခဲ့တဲ့ နှလုံးခုန်သံ
နှေး… ကွေး…
ရပ်.. တန့်..
သန်းခေါင်ကို တွယ်ဖက်
(မနက်ဖန် မနက်မှာ)
အရုဏ်တက်ဖို့ဆိုတာ
ဝေး………ရော။ ။

တောက ကိုရင်
၂၄.၀၁.၂၀၁၃

4 comments

  • မိုချို

    January 25, 2013 at 12:41 pm

    မျက်လုံး ကလည်း ရှမ်း …..ပါ့။ ကဗျာ ၂ ပုဒ် ကို ၁ ပုဒ်ထဲ ၂ ခါတင်ထားတယ် မှတ်နေတာ။ ဝင်ဖတ်ကြည့်တော့ မှ မတူမှန်းသိပြီး ခေါင်းစဉ်တွေ သေချာ ပြန် ကြည့် မိတယ်။ အမှန်တိုင်းပြောရရင် ကဗျာ တွေ ဆို သိပ် စိတ်မဝင်စားတတ်တော့ ကိုရင့် ကဗျာတွေ ကို ကျော် မိတာ များတယ်။ ခု ဖတ်ကြည့် လိုက် မှ တော်တော် လှတဲ့ ကဗျာလေး တွေ မှန်း သိတော့ တယ်။

    • တောက ကိုရင်

      January 26, 2013 at 1:53 pm

      ကျေးဇူးပါဗျား
      အားပေးသူ နှစ်သက်သူရှိသဟာဖြင့်
      ကိုရင်တို့လို မတောက်တခေါက်ကဗျာစရေးသူတွေ
      ပီတိကိုစား
      အားအင်တွေ တိုးပွားလာရတာပ
      ကြိုးစားနေလျက်ပါ
      ပျော်ရွှင်ပါစေ

  • ရွှေ ကြည်

    January 26, 2013 at 8:47 am

    သဘောကျတယ်ဗျို့ တော်လိုက်တာ မိရွှေကြည်အားကျပါရဲ့။

    • တောက ကိုရင်

      January 26, 2013 at 1:55 pm

      များကြီး ကျေးကျေး
      အားကျတယ်
      ထားနှမရယ်
      တရားရဖွယ်
      များလှတယ်

Leave a Reply