ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် ဦးသိန်းစိန်

politicalviewJuly 20, 20101min640

“နာမည်ကျော်” ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးကို ဖျက်သိမ်းလိုက်ပြီး အသင်းပိုင်ပစ္စည်းများ အားလုံးကို  ကြံ့ဖွံ့ပါတီသို့ လွှဲအပ်နေကြောင်း အသင်း ပြောခွင့်ရပုဂ္ဂိုလ်ဟု ဆိုသူ သူရ ဦးမြင့်ဦးက ဘီဘီစီ မြန်မာဌာနကို ပြောသည်။

ထိုအသင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

အသင်းဝင်ပေါင်း သန်း ၂ဝ ကျော် ရှိသည် ဆိုသော အသင်းကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် နှင့် ကြာသပတေးနေ့က ဆက်သွယ် မေးမြန်း ထုတ်လွှင့်ချက် အသံဖိုင်ကို မိုးမခ ပရိသတ်များ ဖတ်ရှုနိုင်ရန် ကူးယူ ရေးသား ဖော်ပြလိုက်သည်။

မေး  –  ကြံ့ခိုင်ဖွံ့ဖြိုးရေး  အသင်းကို ဖျက်မယ် ဆိုပြီး ပြောနေလို့။ အဲဒါ ဟုတ်ပါသလား။

ဖြေ – ကျနော်တို့ အသင်းက ဖျက်သိမ်းခွင့် တင်ပြီး၊ ဖျက်သိမ်းခွင့် ကျပြီး ဖြစ်ပါတယ်။

မေး  – ၈ ရက်နေ့က တင်တယ် ဆိုတာ ဟုတ်ပါသလားခင်ဗျ။

ဖြေ – ကျနော်တို့ အသင်းကို ကျနော်တို့ ၆ ရက်နေ့က ဖျက်သိမ်းလိုက်ကြပြီ ဖြစ်ပါတယ်။

မေး  –  ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနေနဲ့ ဆက်ပြီး ရပ်တည်မှာလား ဆိုတာ မရှင်းလို့ပါ။ အဲဒါ ရှင်းပြလို့ ရမလား။

ဖြေ – ဟုတ်ပါတယ်။ အသင်းဆိုတာ မရှိတော့ပါဘူး။ ကျနော်တို့ ပါတီအနေနဲ့ ဆက်လက် ရပ်တည်မှာ ဖြစ်ပါတယ်။

မေး – ပါတီကို ၁ရ ရက်နေ့ ဆိုင်းဘုတ်တင်မယ်လို့လည်း ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ – အဲဒီဟာတော့ ကျနော်တို့ အတည်မပြုသေးပါဘူးခင်ဗျာ။

မေး  – ပါတီရဲ့ ဖွဲ့စည်းပုံတွေရော ထွက်ပြီလား။ ဘယ်သူတွေက ဦးဆောင်မယ် ဘယ်သူတွေက တာဝန်ယူမယ် ဆိုတာ။

ဖြေ – အဲဒါတွေ မထွက်သေးပါဘူး။

မေး  – ပါတီနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ဘယ်အချိန်မှာ ထုတ်ပြန်နိုင်မှာလဲ ခင်ဗျာ။

ဖြေ – ဘယ်အချိန် ထုတ်ပြန်မလဲ ဆိုတာ ကျနော်တို့ ဒီမှာ ပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း အနေနဲ့  ထုတ်ပြန်တဲ့ အချိန် ကျရင်တော့ ကျနော်တို့ တရားဝင် ထုတ်ပြန်ပါမယ်။

မေး  –  ၆ ရက်နေ့က ကျပြီးပြီ ဆိုတော့ ဘယ်နေ့ တရားဝင် ဖျက်သိမ်းမှာလဲ။

ဖြေ – ကျနော်တို့ အခု ဖျက်သိမ်းဖို့ ပြင်ဆင်နေဆဲ ကာလ ဖြစ်ပါတယ်။ အခု အားလုံးလည်း ကျနော်တို့ သူ့အပိုင်းနဲ့သူ ဖျက်သိမ်းနေပြီ ဖြစ်ပါတယ်။

မေး  – ဖျက်သိမ်းတဲ့ အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက  ပိုင်တဲ့ ပစ္စည်းတွေကို  ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဆီကို ကူးပြောင်းလိုက်မှာလား။

ဖြေ – အသင်းပိုင် ပစ္စည်း အားလုံးကို ပါတီကို လွဲပြောင်းပေးဖို့ အသင်း အဆင့်ဆင့်က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။

မေး  – တရားဝင် လွဲပြောင်းတဲ့ အဆင့်ကို ရောက်ပြီလား။ ဒါမှမဟုတ် ဆုံးဖြတ်ချက် အဆင့်မှာပဲ ရှိသေးလား။

ဖြေ – ဆုံးဖြတ်ပြီး ဖြစ်တဲ့အတွက် အားလုံးက တရားဝင် လွဲပြောင်းပြီး ဖြစ်ပါတယ် ခင်ဗျ။