ကြယ်ကလေးတစ်လုံးဖြစ်ခွင့်ပြုပါအဖေ

moonpoemJanuary 25, 20131min16821

ကျွန်မတို ့မောင်နှမသုံးယောက်က တွေ ့တဲ့အခါတိုင်း စနောက်လေ့ရှိတာတစ်ခု ရှိပါတယ်။
အဲဒါက အစ်ကိုအကြီးဆုံးကို မွေးတော့ သားအချစ်မြေးအနှစ်ဆိုတဲ့ အတိုင်း သူ ့ကို အဘွားက အချစ်ဆုံး(အမေဘက်ကဖြစ်ပါတယ် အဖေဘက်က အဘိုးအဘွားက မရှိတော့ပါ)၊အမေက တော့အလတ်အစ်မကို သမီးဦးလေးမို ့အချစ်ဆုံး ၊အဖေကတော့ အငယ်ဆုံးကျွန်မကို အချစ်ဆုံးတဲ့လေ။

တကယ်ကတော့ အဘွားရော၊အဖေတွေအမေတွေကရော အားလုံးကို တပြေးညီချစ်တာချင်းတူပါသည်။ ဒါပေမယ့်ပြောစမှတ်တွင်ရအောင် တခါတခါကျရင် ဦးစားပေးတာ၊ သည်းတာတွေကို မြင်ရတော့အချင်းချင်းစနောက်နေတာ တကယ်များဖြစ်နေပြီလားလို ့တွေးမိပါတယ်။ ဖြစ်လည်း ပြသ၁နာမရှိပါ။
မောင်နှမများကြားဘယ်သူ ့ကိုပဲ ပိုချစ်ချစ်၊ အားလုံးကို ဂရုစိုက်တာ နွေးထွေးတာပဲမို ့ ကျွန်မတို ့မိသားစုလေးသည် ပျော်စရာကောင်းပါသည်။မိသားစု စုံညီစွာ နေခဲ့တဲ့ အချိန်ကပေါ့။

ဒီလိုနှင့် အသက်အရွယ်တွေရပြီး တစ်ယောက်တစ်နယ်စီ အလုပ်ထွက်လုပ်ကြချိန်မှာ မန်းတလေးအိမ်တွင် အမေ၊အဖေ၊အဘွား လူကြီး၃ယောက်သာ ကျန်ရစ်ခဲ့လေသည်။
ကျွန်မ ရန်ကုန်ရောက်ပြီး အလုပ်လုပ်တဲ့နေ ့ကစလို ့အမေနဲ ့အဖေက တစ်ခါတစ်ရံ တစ်ပတ်ကို တစ်ခါ၊ တစ်ခါတစ်ရံ နှစ်ပတ်ကို တစ်ခါ ဖုန်းဆက်လေ့ရှိကြပါတယ်။ ရောက်ခါစက ပီစီအိုကနေ ပြောတဲ့အချိန်တုန်းက ဆိုရင် အားလုံးသိကြတဲ့ ဆိုရိုးလေးအတိုင်း အဖေနေကောင်း၊ သမီးဆုတောင်း၊ ပို ့ပါငွေငါးသောင်း ပေါ့လေ။

တွေ ့ချင်စိတ်၊ အိမ်ပြန်ချင်စိတ်တွေ ရှိပေမယ့်လို ့ ပြန်လိုက်ရင် ခရီးစရိတ်၊အသုံးစရိတ်နဲ ပြန်ရောက်ရင် ကျန်တဲ့ လစာက ခပ်ယဲ့ယဲ့မို ့သင်္ကြန်က လွဲရင် မပြန်ဖြစ်ပါ။(မနှစ်ကတော့ သီတင်းကျွတ်တွင်ပါ ပြန်ဖြစ်ခဲ့ပါသည်) အလုပ်နဲ ့မန်းတလေးသွားတဲ့အခါ အဆင်ပြေရင်တော့ အိမ်က လာတွေ ့ကြပါတယ်။ဒါပေမယ့် အဲဒီအခါမျိုးက ပင်ပန်းနေတဲ့ ကျွန်မက အကြာကြီး စကားမပြောနိုင်၊ အဖေတို ့လည်း လာပြီးတွေ ့ရတဲ့ အချိန်ကလည်း
ညမိုးချုပ်မှဆိုတော့ ညဘက်ဆိုင်ကယ်မောင်းပြန်ရင် အဖေ့ကို စိတ်မချတာနှင့်ပင် ခဏတွေ ့ပြီးပြန်ခိုင်းရတာကသာ များပါတယ်။

အခုတလော ဘာကြောင့်ရယ်မသိ အိမ်ကို တော်တော်လေး သတိရနေပါသည်။ အထူးသဖြင့် အဖေ။ အဖေများ ကျွန်မကို လွမ်းဆွတ်နေသည်လား။ အားလုံး ဖြစ်ဘူးကြသလားတော့ မသိ မိမိက
တစုံတယောက်ကို တမ်းတမ်းတတ လွမ်းဆွတ်နေသည့် အချိန် ထိုလွမ်းဆွတ်နေသည့် တစ်ယောက်ကို
ဖုန်းဆက်သည့်အခါ သူကလည်း ကိုယ့်ကို လွမ်းနေတယ် ဆိုတာမျိုးတွေပေါ့။

တစ်ရက်ကတော့ ကျွန်မလည်း ပြင်းပြစွာ ဖေဖေ့ကို လွမ်းနေသဖြင့် ဖုန်းဆက်လိုက်သည်။ ထင်ထားသည့်
အတိုင်း ဖေဖေလည်း ကျွန်မကို သတိရနေသည်ဟု သိရသည်။အဖေနေကောင်းရဲ ့လားဟု မေးတော့ အဖေက အသံတိမ်စွာနှင့် ကောင်းပါသည်ဟု ပြောသည်။
ကျွန်မ မသင်္ကာပါ အဖေတကယ်ရော နေကောင်းလို ့လားဟု
ထပ်မေးတော့ ခါးနာနေသည်တဲ့။ ဘာလို ့ခါးနာတာလဲ လို ့မေးတော့ လွန်ခဲ့တဲ့ ၃ရက်လောက်က ဆန်အိတ်လာပို ့တဲ့ ကောင်လေး မနိုင်မနင်းဖြစ်နေလို ့ဝင်ကူညီရင်း မ ပေးရင်က ခါးနာတာလို့ ဖြေသည်။

အခုသက်သာလားဆိုတော့ အဖေက အဲဒါပြီးကတည်းက နေမကောင်းလို ့ဆရာဝန်သွားပြတော့ အူကျသွားတယ်လို ့ ပြောတယ်။ သမီးရယ် သမီးကို ပြောချင်ပေမယ့် စိုးရိမ်စရာမရှိတာရော သမီးမိန်းကလေးမို ့အဖေရှက်တာရောကြောင့်မပြောဖြစ်တာလို ့ဖြေသည်။
ဪ….အဖေရယ် ဒါရှက်စရာလား ကျန်းမာရေးမကောင်းတာ ဘာတတ်နိုင်မှာလဲ။

ဒီလိုနှင့် စကားတွေ ပြောကြရင်း ကျွန်မ မတ်လ ၂၃ရက်လောက်တွင် တိုးဂိုက်အနေနှင့် မန်းတလေးသို ့သွားဖို ့ရှိနေတာကို သတိရလိုက်သဖြင့် အဖေကျွန်မမတ်လ ၂၃ရက်နေ ့လောက်
မန်းတလေးလာဖြစ်ဖို ့များတယ် ။အဖေလာတွေ ့နော်ဆိုတော့ ခဏလောက်ငြိမ်သက်သွားကာ
ငါ့သမီးလေး လာတာ အဖေတွေ ့ချင်ပါတယ်။ဒါပေမယ့်အဲဒီရက် မအားဘူးသမီးရယ် မတ်လ၂၄ရက်နေ ့မှာ ဝါးချက်ဇီဝိတဒါန ဆေးရုံကိုဂျပန်ဆရာဝန်ကြီး ပြန်ရောက်မယ်။အူကျတာ သူနဲ ့ခွဲစိတ်ဖို ့ ရက်
ရထားတယ်။ဆိုတော့ ကျွန်မအံ့ဩသွားသည်။ ခုနအဖေပြောတော့ စိုးရိမ်စရာမရှိ အခုတော့ ခွဲစိတ်ရမည်တဲ့။

ကျွန်မသာ မန်းတလေးကို တိုးသွားဖို့ အကြောင်းမပြောရင် ဖေဖေ ဘယ်အချိန်ထိ ဖုံးကွယ်နေမှာလဲ။
အဖေ ခွဲစိတ်ဖို ့အထိဖြစ်နေတာကို ဘာကြောင့်များ လျှိ ု ့ဝှက်ထားတာလဲ။ ရှက်တာ တစ်ခုတည်းကြောင့် ဟုတ်ရဲ ့လား။ ကျွန်မမနေနိုင်တော့ အဖေ့ကို မေးခွန်းတွေ တရစပ်မေးမိတော့သည်။

အဖေရင်ဖွင့်ပြောပြလာသည်။ အဖေခွဲစိတ်မယ်ဆိုတော့ စောင့်မယ့် လူနာစောင့်ကို စဉ်းစားလို ့မရဘူး။ သမီးတို ့အမေနဲ ့အဘွားပဲ ရှိတာ။ခွဲပြီးတော့လည်း တစ်ပတ်တိတိ ဆေးရုံမှာ နေရဦးမှာ ။ လူလဲပြီး စောင့်တော့ အမေကတော့ အားနာစရာမရှိပေမယ့် သမီးတို ့အဘွားအသက်၈ဝကျော်ကို အဖေ့လာမစောင့်ခိုင်းရက်ပါဘူး။
အိမ်နီးနားချင်းတွေကိုလည်း အဖေက ဒီလို ခွဲစိတ်မှု အသေးစားလေးနဲ ့ အကူအညီမတောင်းချင်ဘူး။
အဖေ အခုလို ပြောပြလိုက်ရင် သမီးအစ်ကိုကြီးနဲ ့အစ်မကြီးက ဘယ်လိုမှ မလာနိုင်တော့ စိတ်မကောင်းဖြစ်ကြလိမ့်မယ်။

သမီးက ရန်ကုန်မှာဆိုတော့ မရောက်ရောက်အောင်လာတော့မှာ အဖေသိတယ်။မတ်လကုန်ခါနီးပြီဆိုတော့ သင်္ကြန်လည်း ကပ်နေပါပြီ။ သမီးကို အဖေ့ဆီလာရင် တစ်ပတ်ခွင့်ယူရဦးမယ်။မတ်လမှာ တစ်ခါလာ၊ ဧပြီတစ်ခါလာနဲ ့ငါ့သမီး ကုန်ကျစရိတ်က များဦးမယ်။ဆေးရုံကလည်း ဝါးချက်ဇီဝိတဒါနဆိုတော့ လှူတန်းတာတစ်ခုပဲရှိမှာ။ ဆေးရုံက ဝန်ထမ်းတွေက ဂရုစိုက်ကြတယ်။ စေတနာထားကြပါတယ်လို ့သိရတယ် သမီးရယ်။တခြားဆေးရုံတွေလို အများကြီးကုန်ကျမှာလည်း မဟုတ်ဘူး။ အဲဒါကြောင့်မပြောတော့တာတဲ့။ အခုထပ်မှာလိုက်ဦးမယ်အဲဒီရက်ကျရင် မလာနဲ ့နော်သမီး ကိုယ့်အလုပ်ကိုယ်လုပ်ပါတဲ့။

ကျွန်မရင်ထဲ ဆို ့တက်လို ့လာပါသည်။ အသံလည်း ထွက်မလာနိုင်တော့ပါ။ မိမိကိုယ်တိုင် ခွဲစိတ်ဖို ့ဖြစ်နေသည်ကို ပင် အလေးမထား၊ ကျွန်မ ခွင့်ယူဖို ့ခက်ခဲတာတွေ၊ အကုန်အကျများမှာတွေကို တွေးပြီး စိတ်ပူပေးနေသော အဖေ။ အဖေဂရုဏာတွေကို ကျွန်မ အတိုင်းသားမြင်နေရပါသည်။

ဒီတစ်ခါတော့ အဖေ့စကားကို ကျွန်မ နားထောင်တော့မည် မဟုတ်ပါ။ခွင့်ယူဖို ့ခက်ခဲပါစေ၊ ကုန်ကျစရိတ်များနေပါစေ ကျွန်မ အဖေရှိရာ မရောက်ရောက်အောင် သွားပါမည်။ဆေးရုံတက်နေစဉ် တစ်ပတ်လုံး အဖေ့နားမှာ ကျွန်မစောင့်ဆိုင်းနေပါမည်။ တစ်လောကလုံးထွန်းလင်းဖို ့ကျွန်မနေတစ်စင်း မဖြစ်နိုင်ပေမယ့်အဖေ့အတွက် အလင်းရောင်ရဖို ့တော့ ကျွန်မ ကြယ်ကလေးတစ်လုံးဖြစ်ခွင့်ပြုပါအဖေ။

21 comments

  • ခိုင်ဇာ

    January 25, 2013 at 11:56 am

    အလို။
    လကဗျာလေးက မန်းလေးကလား။
    အဖေ့အကြောင်းကြားရတာ စိတ်မကောင်းပါဘူး။
    ဝါးချက် ဆေးရုံဆို အမ ကူညီနိုင်တာ တစ်ခုရှိပါတယ်။
    khaingzw@gmail.com ကို မေးပို့လိုက်ပါ ညီမရေ။
    မတ်လ ဆို မှီပါတယ်။
    :hee:

    • moonpoem

      January 25, 2013 at 1:48 pm

      အီးမေလ်းပြန်စာ ပြန်ရောက်လာတာ ဖတ်ရတာ အရမ်းကို ဝမ်းသာစရာ ကောင်းပါတယ်။ အခုလို ရွာသူရွာသားအချင်းချင်း ဝိုင်းဝန်းကူညီပေးတာ ကျေးဇူးအများကြီးတင်ပါတယ်နော်။

      • ခိုင်ဇာ

        January 25, 2013 at 1:51 pm

        ရပါတယ် ညီမ။
        အစ်မ လည်း ကူနိုင်တဲ့ အချိန်မို့ပါ။ :hee:

  • ခင်ခ

    January 25, 2013 at 11:59 am

    ကောင်းမွန်သောအတွေး ဆုံးဖြတ်ချက်လေးမို့ အလွန်ထွန်းလင်းတောက်ပသော ကြယ်လေးပါလို့။
    ခင်ခ မန်း မှာနေပါတယ်၊ လိုအပ်တာရှိရင် ဆက်သွယ်ကူညီတောင်းပါဗျာ။ တတ်နိုင်တာဆို ကူညီပါ့မယ့် moonpoem ရေ ။( 0991039176 ပါ )။

  • etone

    January 25, 2013 at 12:07 pm

    အဲ့တော့ … တူညားဒွေက သမီး အလိမ္မာလေးပါလား …… ။ ကိုယ့်လို ချဉ်ဖတ်ဟုတ်ဘူးပဲ …. အားကျပါအိ သို့သော် အသံကြားလျှင် သွေးတက်ပြီး ၊ မျက်နှာမြင်လျှင် မူးလဲမယ့် အနေထားမို့ …. ဒီတသက်တော့ … မဖြစ်နိုင်တော့ဘီ ။ :byae:

  • weiwei

    January 25, 2013 at 1:44 pm

    အမ အဖေလဲ လကဗျာအဖေလိုမျိုး အဖေတစ်ယောက်ပဲ …
    မိဘမေတ္တာ ကြီးမားလွန်းတာ သိလာရတဲ့နောက်ပိုင်း မိဘတွေနဲ့ အဝေးမှာနေဖို့ မစဉ်းစားရဲတော့ဘူး … အချိန်မရွေးပြေးသွားနိုင်တဲ့ အနီးဆုံးနေရာမှာပဲ နေဖြစ်သွားတော့တယ် ..

  • panpan

    January 25, 2013 at 2:38 pm

    မလကဗျာ
    ပန်ပန်က အမေရှိတော့ပါဘူး
    အဖေပဲကျန်တော့ပါတယ်
    မလဗျာပို့စ်လေးဖတ်ပီး မျက်ရည်ဝိုင်းရတယ် :byae:
    အစ်မရေ တခြားအရာထက် မိဘကအရေးအကြီးဆုံးပါ
    အလုပ်တို့ ငွေတို့ကပြန်ရှာလို့ရပါသေးတယ်
    မိဘအသက်ရှင်နေတုန်းမှာ လိုအပ်သမျှတတ်နိုင်သလောက် ဂရုစိုက်ပေးတာ မင်္ဂလာရှိပါတယ်
    မလကဗျာ လိမ္မာတယ်၊ ကျေးဇူးသိတတ်လိုက်တာ
    အဆင်ပြေကြပါစေ :hee:

  • Thu Wai

    January 25, 2013 at 3:08 pm

    အိမ်း..အိမ်း …ရှိတုန်းမှာဂရုစိုက်ကြကွဲ့
    စားနို်င်တုန်းမှာ စားချင်တာကြွေးကြကွဲ့
    သွားနိုင်တုန်းမှာ သွားချင်တဲ့နေရာရှိရင်လိုက်ပို့ပေးကြကွဲ့
    ဒါပဲ…ဒါပဲ

  • ရွှေ ကြည်

    January 25, 2013 at 6:04 pm

    မလကဗျာရေ ဖတ်ရင်းနဲ့မျက်ရည်လည်ရပါတယ် မိဘဆိုတာအဲဒါပါပဲ မိဘမေတ္တာဆိုတာ အဲဒါပဲပေါ့ရှင်။
    မလကဗျာအဖေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့။
    ရွှေကြည်ရေခြားမြေခြားကိုမလာချင်တဲ့အချက်တွေထဲမှာ မိဘအသက်ကြီးနေတာလဲပါတယ် အမြဲစိတ်ပူနေရတယ်။
    ရွှေကြည်ခံယူထားတာကပိုက်ဆံပို့ပေးတိုင်း တာဝန်ကျေတာမဟုတ်သေးဘူးဆိုတာပဲ။ မိဘကိုစိတ်ချမ်းသာမှုတွေ၊
    ပီတီတွေ၊ ကြည်နူးမှုတွေပေးချင်သေးတာလေ။ ဖုန်းတီထွင်ပေးတဲ့သူကိုကျေးဇူးအရမ်းတင်ပါတယ်။ သူ့ကြောင့်မို့ ဝေးနေပေမယ့် အသံလေးနဲ့တော့အရောက်ပြန်နိုင်သေးလို့လေ။

  • မောင်ပေ

    January 25, 2013 at 8:00 pm

    မွန်းလေးရဲ ့အဖေ အမြန်ဆုံး သက်သာကျန်းမာပါစေကွယ်

  • MaMa

    January 25, 2013 at 9:46 pm

    အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်နိုင်တာပဲ။
    မွန်းပိုအမ်ရဲ့ ဖေဖေလည်း ရောဂါဝေဒနာများမှ အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။ :hee:

  • ပန်းစံပါယ်

    January 26, 2013 at 11:42 am

    ဒီပိုစ့်ကို စဖတ်ကတည်းက ဖတ်လိုက် အလုပ်ကပေါ်လာတော့ရပ်လိုက် လိုင်းကကျသွားလိုက် လိုင်းပြန်ကောင်းလို့ရှာရင်းနဲ့ ဒီပိုစ့်ကိုမရောက်ခင် တစ်ခြားတစ်ခုခုကို အရင်ဝင်ဖတ်မိလိုက်နဲ့ ဆိုတော့ အခုမှပဲ ဒီပိုစ့်ကိုဖတ်လို့ပြီးတော့တယ်။ ခေါင်းစဉ်နဲ့လိုက်အောင် မ moonpoem က တစ်ကယ်ပဲ ကြယ်ကလေးတစ်လုံးပါပဲ။ မ moonpoem ရဲ့အဖေ အမြန်ဆုံးကျန်းမာစေဖို့ ဆန္ဒပြုပါတယ်။

  • Foreign Resident

    January 26, 2013 at 12:16 pm

    ဘာကို ချီးကျူးရမလဲ မသိဘူး ။
    ၁ ။ လိမ္မာ တာ ကိုလား ။
    ၂ ။ အရေးအသား ကောင်းတာကိုလား ။

  • padonmar

    February 2, 2013 at 9:07 pm

    ၂မျိုးလုံးကို ချီးကျူးပါတယ် လကဗျာရယ်။

  • အာဂ

    February 3, 2013 at 6:00 pm

    အင်း မမေ့သင့်တဲ့အရာကို ကျွန်တော်တို့တွေကျတော့ တစ်ခါတရံမေ့လျော့နေတက်ကြပါတယ်။ ကျွန်တော့် ကိုယ်ကျွန်တော်ပြောပါတယ်။ မိဘနဲ့ရန်ကုန်တစ်မြို့တည်းနေတာချင်းအတူတူတောင် သိပ် မရောက်ဖြစ်ဘူး။ ဒီပိုစ့်လေးဖတ်လိုက်တော့ ကျွန်တော်က လူမိုက်တစ်ယောက်လား လို့တောင် တွေးမိသွား တယ်။

    လကဗျာရဲ့ အဖေသက်သာပါစေ။ မိသားစု ပျော်ရွှင်ပါစေ….။

  • Mr. MarGa

    February 3, 2013 at 7:22 pm

    စဉ်းစားရဦးမယ်
    မွေးသမိခင် ကျေးဇူးရှင်ကိုရော ပီတာဖခင် ကျေးဇူးရှင်ကိုရော ဘာမှ လုပ်မပေးနိုင်သေးဘူး
    ကြိုးစားဦးမှ

  • Traditional Medicine

    February 4, 2013 at 11:31 am

    ကိုယ်ချင်းစာပါတယ် ချီးကျုးပါတယ် အဆင်ပြေပါစေနော် လောလောဆယ်တော့ ပို့ပါငွေ ငါးသောင်း
    ဘဝမှာ ရုန်းကန်ဆဲပါ

  • Shwe Ei

    February 4, 2013 at 4:56 pm

    သားသမီးတွေအပေါ်အကြင်နာပိုတဲ့ မိဘမျိုးဆီမှာ လူဖြစ်ခွင့်ရတာလဲ
    သားသမီးအနေနဲ့ ကံကောင်းတယ်။
    မိဘမေတ္တာကို နားလည်တဲ့ သားသမီးမျိုးရတာလဲ မိဘအနေနဲ့ကံကောင်းတယ်။
    မိဘကျေးဇူးဆပ်ခွင့်ရနေသေးတဲ့ လကဗျာလဲ
    အကောင်းဆုံးကျေးဇူးဆပ်နိုင်ပါစေကြောင်း ဆုတောင်းပါတယ်။

  • moonpoem

    February 5, 2013 at 11:31 am

    မိဘကျေးဇူးဆပ်နိုင်ပါစေလိ ု့ဆုတောင်းပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တင်ထားတာ တစ်ပတ်ကျော်နေပေမယ့် အခုချိန်ထိဝင်ရောက်ဖတ်ရှူအားပေးကြတာကိုလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။

  • weiwei

    February 10, 2013 at 9:31 pm

    ှမှတ်မှတ် ရရ ၊
    အမေနေ့ မတိုင်ခင်လေးမှာ ၊
    တွေ့လိုက်ရတဲ့ ၊
    မိဘ မေတ္တာ Post လေးပါပဲ ။
    မိဘ မေတ္တာကို ၊
    ရင်ထဲမှာ ခံစားမိအောင် ၊
    ငြိမ့်ငြိမ့် ညောင်းညောင်း လေး ၊
    ဆွဲခေါ်သွားနိုင်ခဲ့ပါတယ် ။

    မိဘမေတ္တာရော သားသမီးမေတ္တာပါ ပေါ်လွင်စေတဲ့ အရေးအသားလေးပါ။

Leave a Reply