မေမေကဗျာ (သို့မဟုတ်) မေမေ့ကဗျာ

သူရႆဝါJanuary 26, 20131min1697

ဒီကနေ့ဟာ “အမေများနေ့” ပါတဲ့။
အမေနေ့အတွက် .. အမေ့အတွက် ကဗျာတစ်ပုဒ် မရေးဖြစ်ပါဘူး။
ဒါပေမယ့် ဟိုအရင်က ရေးခဲ့ဖူးတဲ့ “မေမေ” ကဗျာလေးတစ်ပုဒ် ပြန်တင်လိုက်ပါတယ်။
အဲဒီကဗျာဟာ ကျွန်တော့်အမေ တစ်ယောက်တည်းအတွက် ရည်စူးပြီး ရေးထားတဲ့ကဗျာမဟုတ်ပါဘူး။
ကမ္ဘာပေါ်မှာရှိသမျှ မေမေ အားလုံးနဲ့ ကမ္ဘာပေါ်မှာရှိသမျှ မေမေ့ကိုချစ်တဲ့ သားတွေ သမီးတွေ အားလုံးအတွက် ရည်ရွယ်ပါတယ်။
ကဗျာတစ်ပုဒ်လုံးမှာရှိသမျှ စာသားတိုင်းဟာ ခင်ဗျားတို့နဲ့ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်။
အချို့စာပိုဒ်တွေဟာလည်း ခင်ဗျားတို့ကို ကြည့်ပြီးရေးထားသလိုထင်ရတဲ့အထိ ထူးထူးခြားခြား တိုက်ဆိုင်ရင်လည်း တိုက်ဆိုင်နေပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် .. ….
ဒီကဗျာကိုဖတ်ပြီး သဘောကျလို့၊ တိုက်ဆိုင်လို့ ခင်ဗျားတို့ရဲ့ မေမေတွေကို လက်ဆောင်ပေးချင်တယ်ဆိုရင် ဒီကနေ ကူးယူပြီး လက်ဆောင်ပေးနိုင်ပါတယ်။
အဲဒီအတွက် .. .. ခင်ဗျားတို့အားလုံးကို ကျွန်တော်က ကြည်ကြည်ဖြူဖြူ လက်ဆောင်ပြန်ပေးပါတယ်ဗျာ။

မေမေကဗျာ (သို့မဟုတ်) မေမေ့ကဗျာ
– သူရဿဝါ –

(၁)
မေမေရေ ….. မေမေ
ထမင်းဆီဆမ်းပြီးရင် သားကို
မေမေ့လင်ဗန်းလေးနဲ့ပဲပေးပါ။

(၂)
“အဲဒါက ……….. ဘာလဲဟင် မေမေ”
“အဲဒါက ……….. ဖြစ်မယ်ထင်တယ်နော် မေမေ”
“အဲဒါက ……….. မဟုတ်ဘူး မေမေရဲ့”
ဘာပဲဖြစ်ဖြစ် မေမေကတော့ ခေါင်းငြိမ့်နေတတ်ပါတယ်
“မေမေရယ် ……”

(၃)
လမင်းကြီးလို သားမော့ကြည့်ခဲ့ရတဲ့မေမေ
အခု … လက်ပတ်နာရီလေးလို
သား ငုံ့ကြည့်နေရတဲ့မေမေ
သားကြီးထွားလာဖို့ မေမေကသေးနုံ့သွားတာမဟုတ်ပေမယ့်
သား ဆံစတွေကို ပွတ်သပ်ပေးတဲ့မေမေ့လက်တွေကတော့
သားဦးခေါင်းပေါ်ရှိတုန်းပါပဲ။

(၄)
သားအိပ်မက်တွေမကောင်းတဲ့အခါ
ရေတစ်ခွက်မတိုက်ပါနဲ့မေမေ
အိပ်ရာဝင်ပုံပြင်လေးကိုပဲ
ငယ်ငယ်ကလို တစ်ခေါက်ပြန်ပြောပြပါ။

(၅)
ငှက်ကလေးတစ်ကောင်အတွေးနဲ့
ကျွန်တော်က သစ်သီးတစ်လုံးကိုက်ချီဖို့စဉ်းစားချိန်မှာ
မေမေကတော့ သူ့သားအတွက် အတောင်ပံဖြစ်ပေးချင်ပုံရ
လေဟာနယ်ဖြစ်ပေးချင်ပုံရ
သစ်ကိုင်းတစ်ကိုင်းဖြစ်ပေးချင်ပုံရခဲ့တယ်

(၆)
တကယ်တော့ မေမေရယ်
သားရော မေမေရော မြူမှုန်လေးတွေပါ
မေမေက သားကိုချစ်တာ
သားက မေမေ့ကိုချစ်တာ
ဒါကပဲ သားတို့အတွက်
စကြာဝဠာ အနန္တကမ္ဘာဖြစ်သွားတာပါ။

(၇)
ကျောင်းတံခါးတွေနဲ့ ဝေးရာသွားတဲ့နေ့တုန်းက
သားကို ခေါင်းလောင်းသံလို ဆူညံခဲ့တဲ့မေမေ
“သားက … နှင်းဆီပွင့်လေးပေးတော့
သူ ရီတယ်မေမေ ….” ဆိုတုန်းကလည်း
“သားရယ်….” လို့ ရွေရွတ်ခဲ့တဲ့ မေမေ

(၈)
“ဘဝဆိုတာ …
မေမေဖျော်ပေးတဲ့ကော်ဖီခွက်လိုမှ မဟုတ်တာကွယ်” ဆိုတော့လည်း မေမေ

(၉)
သားလေ…. အိမ်ကလေးကို မမြင်နိုင်တဲ့ညတွေတုန်းက
ကြယ်တွေကိုမြင်တိုင်း မေမေ့ကိုသတိရ
“မေမေ့အပြုံးလည်း အဲဒီလို တဖျတ်ဖျတ်လက်တယ်..”
သားရဲ့လမ်းကဆူးတွေကို သားထွင်တာတောင်
မေမေက သားကိုယ်စားနာကျင်နေခဲ့မှာ
မေမေရယ် ……

(၁၀)
အဲဒီတုန်းက
မေမေ့ဆီ သားစာမထည့်ဖြစ်ဘူး
မေမေ့ဆီ သားအသံတွေမပို့ဖြစ်ဘူး
ဒါပေမယ့် …. အရင်ကအတိုင်း
“မေမေရေ …. မေမေ” လို့တော့ အမြဲသတိရ
သား… ဖွဖွလေး “တ” ပါရဲ့မေမေ။

(၁၁)
မေမေရေ ……
မေမေ
သားကို အိပ်ရာဝင်ပုံပြင်လေး ပြန်ပြောပြပါ။
ပြီးရင်
ထမင်းဆီဆမ်းကို မေမေ့လင်ဗန်းလေးနဲ့ပဲပေးပါ မေမေ။

7 comments

  • Mobile

    January 26, 2013 at 2:51 pm

    ပြာသိုလပြည့်နေ့ အခါတော်သမယမှာ အမေများနေ့ အမှတ်တရ
    မေမေ့ကဗျာလေးကို ခံစားဖတ်ရှု့အားပေး ကူးယူထားလိုက်ပါတယ်
    ကိုသူရအသဲရောင်အဿဝါရေ…………………………….

  • ရွှေ ကြည်

    January 26, 2013 at 3:20 pm

    (၃)
    လမင်းကြီးလို သားမော့ကြည့်ခဲ့ရတဲ့မေမေ
    အခု … လက်ပတ်နာရီလေးလို
    သား ငုံ့ကြည့်နေရတဲ့မေမေ
    သားကြီးထွားလာဖို့ မေမေကသေးနုံ့သွားတာမဟုတ်ပေမယ့်
    သား ဆံစတွေကို ပွတ်သပ်ပေးတဲ့မေမေ့လက်တွေကတော့
    သားဦးခေါင်းပေါ်ရှိတုန်းပါပဲ။
    ……………………………………
    အကြိုက်ဆုံးအပုဒ်လေးပါ ကူးယူသွားပါတယ်နော်။

  • ဗုံဗုံ

    January 26, 2013 at 4:51 pm

    မေမေခွံ့ ကျွေးတဲ့ ထမင်းဆီဆမ်းလေးကို လွမ်းသွားမိတယ် စာပိုဒ်လေးတွေ အားလုံးကို ထပ်တူထပ်မျှ ခံစားသွားပါတယ်ရှင်

  • အာဂ

    January 26, 2013 at 5:21 pm

    လမ်းဘေးက ရေအိုးစင်မှာ ရေထားတဲ့ မိဘ မေတ္တာ ကဗျာလေးကို ဖတ်ပြီးမှ မိဘမေတ္တာအကြောင်းသိခဲ့ရတာကောင်တော့ မဟုတ်ပေမဲ့..။
    မေမေရယ် သားက အခုအရွယ်အထိ အမေ့ဆီက လိုချင်တာတွေများနေတုန်း..။

    သူရဿဝါရေ ကျေးဇူးပါ။

  • မောင်ပေ

    January 26, 2013 at 6:58 pm

    ကိုဝါဝါရေ
    စာသားတွေထဲမှာ ခံစားနစ်မြောသွားပါတယ်

  • ကိုသူရဿဝါဂျီးရေ …
    ကျုပ်ကတော့ အပိုဒ် ၃ ၄ ကို အကြိုက်ဆုံးဗျို့ …
    အားပေးသွားပါတယ်ဗျာ ….
    ဒါနဲ့ စကားမစပ် ဖွ .. အဲလေ .. ပြောရအုံးမယ် …
    ဘားကမ့် နေ့လည်းကပေါ့ဗျာ … ဟဲ .. ဟဲ …
    ခညား ဟိုဒင်းလေးနဲ့ MICT ထဲ လျောက်ဒိုးနေတာ
    မြင်ခဲ့ရဒယ်နော့ … ကျုပ်တို့ကိုတောင် နှုတ်ဆက်ဘူးဂျာ …
    အဲ့ဒါ …. အဲ့ဒါ … :mrgreen:

    • သူရဿဝါ

      January 31, 2013 at 9:58 am

      အဟား … မမြင်မိလို့ပါ ကိုအံစာတုံးရယ် … မြင်ရင်နှုတ်ဆက်မိမှာပါ .. 🙂

Leave a Reply