တြိဂံပုံပြင်

ကျွန်မတို့ ခြောက်တန်းတုန်းက သင်္ချာဘာသာရပ် လေ့လာသင်ယူရချိန်တွေမှာ algebra သင်ရချိန်ဆိုရင် ပျော်ရသလောက်၊ Geometry သင်ရချိန်ဆိုရင်တော့ အတော်စိတ်ညစ်ရပါတယ်။ အကြောင်းကတော့ မျဉ်းပြိုင်တွေ၊ စတုရန်းပုံတွေ၊ ထောင့်မှန်စတုဂံပုံတွေနဲ့ တြိဂံပုံတွေ ဆွဲရလို့ပါပဲ။ ပေတံသုံးရမှာပျင်းတဲ့ ကျွန်မက မျဉ်းတွေကို လက်နဲ့ပဲ ဖြစ်ကတတ်ဆန်း ဆွဲလေ့ရှိတာကြောင့် စည်းကမ်းကြီးတဲ့ သင်္ချာဆရာမနဲ့ ခဏခဏ ထိပ်တိုက်တွေ့တတ်ပါတယ်။ တနေ့တော့ သုံးနာရီတြိဂံကို လက်နဲ့ ဆွဲချလိုက်တာ မျဉ်းတွေက တောင်ရောက်၊ မြောက်ရောက်ဖြစ်ပြီး ဘာကြီးမှန်းမသိ ဖြစ်သွားပါတယ်။ စာအုပ်ထပ်ချိန် နီးနေတာကြောင့် ပြန်ဖျက်ဆွဲချိန်လဲ မရတော့ပဲ မျဉ်းတွေလိုက်ဆက်လိုက်တာ အနားသေးသေးလေးတွေ ဆယ်နားလောက်များ ဖြစ်သွားသလားတောင် မသိလိုက်ပါဘူး။ နောက်ဆုံးတော့ ဆရာမနဲ့ ကြိမ်လုံးနဲ့ လက်ဖ၀ါး တွေ့ကြတော့တာပါပဲ။ ပြီးတော့ ဆရာမကလဲ ပြောလိုက်ပါသေးတယ်။ သုံးနားညီ တြိဂံပုံ ဆွဲရင် မျဉ်းသုံးကြောင်းကို အနားညီညီနဲ့ ဘယ်လိုတြိဂံပုံ ပေါ်လဲဆိုတာ စဉ်းစားပြီးမှ ဆွဲရမှာပေါ့။ ကိုယ်ဆွဲချင်သလို တောင်ဆွဲ၊ မြောက်ဆွဲ လျှောက်ဆွဲနေရင် ပုံပျက်သွားမှာပေါ့တဲ့။

ဒီလိုနဲ့ပဲ အဲဒီ တြိဂံပုံပြင်လေးကို မေ့မေ့ပျောက်ပျောက် ရှိနေရာက တခါမှာတော့ ကင်းဘရစ်တက္ကသိုလ်မှာ ပြုလုပ်တဲ့ ဥပဒေအနီးကပ်စာမေးပွဲ သင်တန်းတခု သွားတက်မှပဲ သတိပြန်ရသွားခဲ့ပါတယ်။ ၀ါသနာအရ နိုင်ငံရေးပညာလေ့လာမိရာက နိုင်ငံရေးနဲ့ ဥပဒေတို့အကြားက အရေးပါတဲ့ ဆက်နွယ်မှုတွေကို သတိထားမိပြီး၊ ဥပဒေပညာရပ်ကိုပဲ တွဲဖက် စိတ်ဝင်စားလာခဲ့ပါတယ်။ ပြင်ပကပဲ စာအုပ်တွေ လျှောက်ဖတ်နေရုံနဲ့ ပညာရပ်တခုကို စနစ်တကျလေ့လာ တတ်မြောက်ဖို့ ဆိုတာကလဲ မဖြစ်နိုင်တာကြောင့် ဥပဒေကို ပညာရပ်တခုအနေနဲ့ လေ့လာဖို့ ဆက်ပြီး စဉ်းစားရပါတော့တယ်။ ဒါပေမယ့်လဲ ဥပဒေဘွဲ့တခုကို အချိန်ပြည့်သွားတက်ဖို့ကလဲ မဖြစ်နိုင်တော့ တာကြောင့် လန်ဒန်တက္ကသိုလ်က အဝေးသင်နိုင်ငံတကာ ပရိုဂရမ်ကနေ တဆင့်ပဲ လေ့လာသင်ယူ ဖြစ်ပါတယ်။ ဒီပရိဂရမ်က ဖတ်ရမယ့် စာအုပ်တွေကို သင်ရိုးညွန်းတန်းအတိုင်း ဖတ်ရှုလေ့လာပြီး၊ နှစ်စဉ်မေလဆိုရင် စာမေးပွဲတွေ ၀င်ရောက်ဖြေဆိုလို့ရတဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ စာမေးပွဲနီးချိန် ရောက်ရင်တော့ Revision သင်တန်းတွေကို ကင်းဘရစ်တက္ကသိုလ်က တာဝန်ယူ သင်ကြားပို့ချပေးပါတယ်။

ဒီလိုနဲ့ ကင်းဘရစ်တက္ကသိုလ်က သင်ကြားပို့ချတဲ့ ကွန်စတီကျူးရှင်းနှင့် အုပ်ချုပ်ရေးဥပဒေ သင်တန်းကို သွားတက်မိစဉ်မှာ အာဏာပိုင်းခြားသတ်မှတ်မှု (Separation of Powers) အကြောင်းကို ပါမောက္ခတယောက်က သင်ကြားပို့ချပေးပါတယ်။ ဒီသဘောတရားရဲ့ အနှစ်ချုပ်လေးကတော့ ဒီလိုပါ။

လစ်ဘရယ်ဝါဒတွေးခေါ်ပညာရှင်တွေက အစိုးရဆိုတာကို လူ့အဖွဲ့အစည်းအတွင်းမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးရှိဖို့အတွက် အရေးအကြီးဆုံး အစုအဖွဲ့လို့ ရှုမြင်ထားပါတယ်။ ဒါပေမယ့် အစိုးရတွေဟာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ခြိမ်းချောက်တဲ့ အာဏာရှင်အစိုးရတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်းကိုလဲ တွက်ဆထားကြပါတယ်။ ဒါကြောင့် ကန့်သတ်အစိုးရ (limited government) ဆိုတဲ့ သဘောတရားကို ယုံကြည်ကြပါတယ်။ ဒီသဘောတရားအပေါ်မှာ အခြေခံပြီး အစိုးရရဲ့ အာဏာပိုင်းခြားသတ်မှတ်မှု (separation of powers)၊ ထိန်းကျောင်းမှုနှင့် ချိန်ခွင်လျှာ (Checks and Balances)၊ နိုင်ငံတော်နဲ့ ပြည်သူအကြားက ဆက်နွယ်မှုများအား ဖော်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (constitution) ရေးဆွဲအတည်ပြု ပြဌာန်းရေး စတဲ့ သဘောတရားတွေ ထပ်မံ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

နိုင်ငံတော်အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာ တို့မှာ သိသာထင်ရှားသော အာဏာပိုင်းခြားသတ်မှတ်မှု (separation of powers) ရှိခြင်းဟာ ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကွန်စတီးကျူးရှင်းဆိုင်ရာ စည်းမျဉ်းတရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အာဏာကို တဦးတယောက်၊ တစု၊ တဖွဲ့က ထိန်းချုပ်ထားခြင်း မရှိစေရေးအတွက် အာဏာအပိုင်းအခြား ဆိုတဲ့ စည်းမျဉ်း ပေါ်ထွက်လာခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံအများစုမှာ ကျင့်သုံးနေကြပါတယ်။

အုပ်ချုပ်ရေးအာဏာဟာ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ စတာတွေနဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း ရမှာ ဖြစ်ပြီး၊ အစိုးရအဖွဲ့ဟာ အစိုးရမူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရပါတယ်။ တပ်မတော် ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ရဲတပ်ဖွဲ့ကတော့ တရားဥပဒေစိုးမိုးရေးတာဝန်တွေကို ထမ်းဆောင်ပြီး အုပ်ချုပ်ရေးအာဏာကို ကာကွယ်စောင့်ရှောက်ရပါတယ်။ အစိုးရအဖွဲ့ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်များ ပါဝင်တဲ့ ပါလီမန် (လွှတ်တော်) ကို တာဝန်ခံမှု (accountability) ရှိရမှာ ဖြစ်ပါတယ်။

နိုင်ငံများရဲ့ သက်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ မူတည်ပြီး ပါလီမန် ပါဝင်မှုနှင့် ဖွဲ့စည်းမှု သဏ္ဍာန်တွေ ကွဲပြားပါတယ်။ ဥပဒေပြုအာဏာဟာ ပါလီမန်အမတ်များနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်လဲ ပါလီမန် အမတ်များကို တရားဥပဒေပြုသူများ (law-makers) တွေလို့ သတ်မှတ်ကြ ပါတယ်။ တရားစီရင်ရေးအာဏာကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးများနဲ့ သက်ဆိုင်ပါတယ်။ တရားသူကြီးများဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပါလီမန်က ချမှတ်လိုက်တဲ့ အက်ဥပဒေများအတိုင်း တရားစီရင်ရေးအာဏာကို ကျင့်သုံးရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေး အာဏာနဲ့ ရောထွေးခြင်း မရှိရပါဘူး။ တရားသူကြီးများဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဖွဲ့အစည်းရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဂတိ လိုက်စားမှုတွေက ကင်းဝေးရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရယူထားတဲ့ အစိုးရအဖွဲ့ကလဲ တရားသူကြီးများကို အသုံးပြုပြီး နိုင်ငံရေးယုံကြည်ချက်၊ အတွေးအခေါ် မတူသူများကို ပြစ်ဒဏ်ပေးဖို့ အသုံးချခွင့် မရှိပါဘူး။

အာဏာပိုင်းခြားသတ်မှတ်မှုဆိုတဲ့ သဘောတရားဟာ နိုင်ငံရေးပညာရပ်မှာလဲ အရေးကြီးတဲ့ သဘောတရား ဖြစ်တာကြောင့် ကျွန်မနဲ့ သိပ်ပြီး မစိမ်းလှပါဘူး။ ဒါပေမယ့် ပါမောက္ခရဲ့ လွယ်လွယ်ကူကူ မှတ်မိအောင်ဆိုပြီး သုံးနာရီတြိဂံပုံလေးနဲ့ သင်ကြားပို့ချပေးပုံလေးကတော့ အဆန်းတကြယ် စိတ်ဝင်စားစရာလေး ဖြစ်သွားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ကွန်စတီကျူးရှင်းစည်းမျဉ်းတရပ်ဖြစ်တဲ့ အာဏာပိုင်းခြား သတ်မှတ်မှုဟာ မည်၍မည်မျှ အရေးကြီးကြောင်း၊ အာဏာသုံးရပ် ပိုင်းခြားသတ်မှတ်မှု ကို ရောထွေးရှုပ်ထွေးအောင် လုပ်လို့မရကြောင်းနဲ့ ရှုပ်ထွေးမှု ဖြစ်စေနိုင်တဲ့ မည်သို့သော အခြေအနေများကို ရှောင်ရှားသင့်ကြောင်း စတာတွေကို စနတ်ကျ ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ တြိဂံပုံလေးကိုပြပြီး ပြောပြနေတာကြောင့် သင်ကြားမှုကို နာယူနေချိန်မှာပဲ ကျွန်မရဲ့ အတွေးလေးတွေကလဲ ခြောက်တန်းတုန်းက တြိဂံပုံပြင်လေးကို သတိသွားရနေမိခဲ့ပါတယ်။ သင်တန်းပို့ချပြီးလို့ မေးခွန်းတွေ မေးရချိန်မှာ ပါမောက္ခကို မေးခွန်းတခု မေးလိုက်မိပါတယ်။ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ ပါဝင်တဲ့ အာဏာပိုင်းခြား သတ်မှတ်မှု တြိဂံပုံသဏ္ဍာန်လေး ပျက်သွားရင် ဘာဖြစ်နိုင်သလဲလို့ပါ။ ပါမောက္ခက တခုပဲ ပြောပါတယ်။ နိုင်ငံတော်ကျရှုံးမှု (state failure) ဖြစ်သွားမှာပေါ့တဲ့။

အဲဒီနေ့က ကင်းဘရစ်ကနေ လန်ဒန်ကို ပြန်သွားတဲ့ ရထားပေါ်မှာ

သုံးနားညီ တြိဂံပုံ ဆွဲတဲ့အခါ မျဉ်းသုံးကြောင်းကို အနားညီညီနဲ့ ဘယ်လိုတြိဂံပုံ ပေါ်လဲဆိုတာ စဉ်းစားပြီးမှ ဆွဲရမှာပေါ့။ ကိုယ်ဆွဲချင်သလို တောင်ဆွဲ၊ မြောက်ဆွဲ လျှောက်ဆွဲနေရင် ပုံပျက်သွားမှာပေါ့

အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ ပါဝင်တဲ့ အာဏာပိုင်းခြား သတ်မှတ်မှု တြိဂံပုံသဏ္ဍာန်လေး ပျက်သွားရင် နိုင်ငံတော်ကျရှုံးမှု (state failure) ဖြစ်သွားမှာပေါ့

ဆိုတဲ့ စကားလုံးလေးတွေ ပြန်လည်တွေးမိရင်း၊ အတွေးနယ်ကျွံသွားခဲ့တာ ရထားပေါ် လူကုန်သွားမှပဲ လန်ဒန်ရောက်မှန်း သတိထားလိုက်မိပါတော့တယ်။ တြိဂံလေးတွေကလဲ တခါတရံမှာ လူတွေရဲ့ စိတ်ကို ဖမ်းစားတတ်တယ် ထင်ပါရဲ့။

ခင်မမမျိုး (၂၆၊ ၁၊ ၂၀၁၃)

kai

About kai

Kai has written 936 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.