ခရီးသွားလုပ်ငန်း တိုးတက်အောင်မြင်နေတယ်လို့ ဒီနေ့ ပြောနေကြတယ်ဗျ။ မှားတယ်လို့တော့ မဆိုပါဘူး။ နိုင်ငံတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အတိုင်းအတာတစ်ခုအထိ တိုးတက်လာတာတော့ အမှန်ပါပဲ။ ဟိုတယ် ခရီုးု ၀န်ကြီးဌာနကလဲ နိုင်ငံတကာက ခရီးသည် တစ်သန်းအထိ ၀င်မယ်လို့ ပြောနေတယ် ကြားမိပါရဲ့ ။ မျှော်မှန်းတာလား၊ ခန့်မှန်းတာလား၊ ဒါမှမဟုတ် စီမံချက်လား၊ ရည်ရွယ်ချက်လား တော့ မသိရိုး အမှန်ပါ။ ဒါကလဲ ကျွန်တော် ညံ့လို့ပါ။

ဒါပေမဲ့ဗျာ- ခရီးသည်တစ်သန်း ၀င်ဖို့ ပြောနေပေတဲ့ ဟိုတယ်တွေ မလောက်ဆိုတဲ့ အသံတွေ ကြားနေ ရပါပကော။ မနလေး သွားတဲ့ခရီးသည် ဟိုတယ်မရလို့ ပြင်ဦးလွင် သွားအိပ်ရသတဲ့။ ဧည့်လမ်းညွှန်တွေ နေစရာ မရှိလို့ ခရီးသွားလုပ်ငန်း ရုံးတွေ၊ ဘုန်ကြီးကျောင်းတွေမှာ အိပ်ကြရသတဲ့။ ဖိုးချိုသီချင်းတဲကလို ကဲ ဘယ်လို လုပ်မလဲ လို့ မေးရတော့မှာပါ။

ခရီးသည်တွေ လာကြတာတော့ ဟုတ်ပါပြီ။ ကျွန်တော်တို့ ကအဆင်သင့်ုဖြစ်ပြီလား။ ဟိုတယ် အခန်း မလောက်တာလောက်တင်ပဲလား။ တလောက ကြားလိုက်မိပါတယ်။ မစတာပလန် (Master Plan ) ဆွဲနေတယ်လို့။ Management Plan ပေါ့ဗျာ။ တကယ်စနစ်တကျ လုပ်နိုင်ရင် သိပ်ကောင်းမှာပါ။ ကြိုဆိုပါတယ်။ ကျွန်တော်က ပညာရှင်မဟုတ်လို့ အဲဒါတွေတော့ မဆွေးနွေးလိုပါဘူး။ သွားရင်းလာရင်း မြင်မိတာလောက်ပဲ ပြောပါမယ်။

ရန်ကုန်လေဆိပ်ပေါ့ဗျာ။ နိုင်ငံတကာ လေယာဉ်တွေ ဆိုက်တဲ့ဘက်ကတော့ အတော်ကို ကောင်းပါတယ်။ အဆင်လဲ ပြောပါတယ်။ဒီဘက်က ပြည်တွင်း လေယာဉ်စီးတဲ့ ခရီးသည်တွေ ၀င်ထွက်တဲ့ ဘက်ကတော့ အတော်ကို ဆိုးတယ်ဗျာ။ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းက လက်ဆယ်ချောင်း မပြည့်သေး ပါဘူး။ ဒါပေမဲ့ မနက်ဆိုရင် လေယာဉ်ပေါ်မတက်ခင် ထိုင်စရာ နေရာတောင် မရှိသလောက်ပဲ။ အပြင်ဖက်နေရာတွေကို ထပ်ချဲ့ ပေးထားတော့ နဲနဲတော့ တော်ပါသေးတယ်။

အလွန်ဆိုးတာကတော့ ပြည်တွင်း ဆိုက်ရောက်ဖက်ပါပဲ။ လေယာဉ် အသေး သုံးစင်းလောက် ရှေ့ ဆင့်၊ နောက်ဆင့် ဆိုက်လာရင် ဘုရားပွဲလူတိုးနေရသလား အောက်မေ့ရတယ်။ ထွက်ပေါက်က ကျဉ်းကျဉ်းလေးတစ် ခုတဲ။ ပစ္စည်းစစ်တဲ့ စက်ကလဲ တစ်ခုတဲ။ အဆောက်အဦး အပြင်ရောက်လို့ ချောင်ပြီလား မအောက်မေ့နဲ့။ ကားရပ်စရာက မလုံလောက်။ အုပ်စုကြီးတွေဆိုရင် ကားဆရာက ရပ်နားကွင်းကို ပြေးယူနေတုံး ခရီးသည်တွေ က ရပ်စောင့်။ ဘယ်လို အဆင်ပြေအောင် လုပ်မလဲဆိုတာ ကျွန်တော် မသိရိုး အမှန်ပါ။

ရန်ကုန်လေဆိပ်တောင် ဒီလိုဆိုတော့ ပုဂံကော။ သူကတော့ ထပ်ချဲ့  ပေးထားတာ မကြာသေးဘူး ခင်ဗျ။ ဟိုတုန်းကတဲ့ စာရင် အတော်လေး ပိုကောင်းလာပါတယ်။ မကောင်းသေးတာက ဟဲဟိုးလေဆိပ်ပါ။ ဒီနေရာတွေက နိုင်ငံခြားသား ခရီးသည် အ၀င်အထွက် အများဆုံး နေရာတွေလေ။ ဟဲဟိုးလေဆိပ် အဆောက် အဦးကို ထပ်ချဲ့ ထားတာ မကြားသေးပါဘူး။ ဒါပေတဲ့ ထွက်ခွာခရီးသည် နားနေဆောင်က လေယာဉ်တွေ အချိန် ဆုံတဲ့ အချိန်ဆိုရင် ထိုင်စရာနေရာ မရှိပါဘူး။ ဖိုးချိုသီချင်းကို ထပ်ဆိုပါဦးမယ်။ ကဲ ဘယ်လိုလုပ်မလဲ..။

ဒီထက်ပိုဆိုးတာက မန္တလေးလေဆိပ်ပါ။ ပုဂံနဲ့ ဟဲဟိုးကတော့ ထပ်ချဲ့ မယ်ဆိုရင်တောင် အဆောက် အဦးသစ် မဆောက်ပဲ မဖြစ်နိုင်ပါဘူး။ ရန်ကုန်လဲ ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမဲ့ မန္တလေး လေဆိပ်ကြီးကတော့ အကြီးကြီးပါဗျာ။ အဆောက်အဦးကြီးက ကြီးသလောက် ထွက်ခွာခရီးသည် နားနေဆောင်လို့ သတ်မှတ်ထားတဲ့ နေရာက အတော်ကို ကျဉ်းပါတယ်။ ထိုင်စရာခုံက မလောက်။ ရှိတဲ့ ထိုင်ခုံ တွေက ကျိုးတာက ကျိုး။ ပူရအိုက်ရတဲ့အထဲ လေအေးပေးစက်က ဖွင့်မပေးသလို တံခါးတွေကိုလဲ အလုံပိတ်ထားသေး။ မေးတော့လဲ ဖွင့်ခွင့် မရှိလို့ပါတဲ့။ ကဲ ဘယ်လိုလုပ်မလဲ…

လေဆိပ်တိုင်းမှာ ခရီးသည်တွေဆီက ၁၀၀၀ ကျပ်စီ ကောက်ခံပါတယ်။ PSC – Passenger Service Charge ခရီးသည်များအတွက် ၀န်ဆောင်မှုတဲ့။ ကဲ ဘယ်လိုလုပ်မလဲ…..???

 

မှတ်ချက်။ မန္တလေး လေဆိပ်တွင် မသုံးပဲ ပိတ်ထားသော အခန်းများ အလွန်ပေါပါ၏။

About mgwalone

has written 39 post in this Website..