တစ်ခါက အင်တာဗျူးရသည့်နေ့တွင်ဖြစ်ပါသည် ၊

ခန့်ထားရမည့်နေရာမှာ အော်ပရေတာ နှင့် ဘာသာပြန် ရာထူးများဖြစ်ပြီး ညပိုင်းအတွက်သာ ခေါ်ယူခြင်းဖြစ်သည် ၊

သို့သော် ဗျူးရမည့်စာရင်းထဲတွင် မိန်းကလေး ၁ ယောက်နာမည်ကို မြင်လိုက်ရ၍

အက်ဒမင်ကို ခေါ်မေးသောအခါ မှားခေါ်မိတာ ရောက်လည်းရောက်နေပြီ

ပြန်လွှတ်ရန်လည်း မသင့်တော်သည့်အတွက် ကြည့်လုပ်ပေးပါဟု ဆိုပါသည် ၊

ခက်ပြီ မခန့်ရန်သေချာနေသောသူကို အားနာစွာဖြင့်ပင် ဗျူးရပေဦးတော့မည် ၊

ကျွန်တော်မေးသမျှကို မျှော်လင့်ခြင်းအပြည့်ရှိနေသော လေသံလေးနှင့်

ထိုမိန်းကလေးခမျာ ကြိုးစား၍ ဖြေရှာပါသည် ၊

စာတစ်မျက်နှာရိုက်ခိုင်းရာတွင်လည်း အတတ်နိုင်ဆုံးရိုက်ရှာပါသည် ၊

ထိုသို့ မျှော်လင့်ခြင်းကြီးစွာထား ကြိုးစားနေရှာသော သူ့မျက်နှာကလေးကို

ကျွန်တော် မကြည့်ရက်လိုတော့ပါ ၊

ပိုဆိုးသည်မှာ စာရိုက်ပြီးသွား၍ မည်သည့်နေ့ရက်ခန့် အကြောင်းပြန်မည်ကို ပြောရသောအခါ

ထိုမိန်းကလေးက ယခုကဲ့သို့သော အိုင်တီ ကုမ္ပဏီမျိုးတွင် အလုပ်ရပါက

များစွာ ဝမ်းသာမည့်အကြောင်း ၊ အလုပ်ခန့်ပြီးပါက ခိုင်းသမျှအလုပ်ကို

ကြိုးကြိုးစားစား လုပ်မည့်အကြောင်း ၊ မိသားစု အနေအထားအရလည်း

အလုပ်ရရန် အရေးကြီးနေသည့်အကြောင်းများကိုပါ

ဇာတ်နာအောင် မဟုတ်ပဲ အရိုးခံ မျက်နှာလေးနှင့် ပြောသွားခဲ့ပါသည် ၊

ကျွန်တော် များစွာ အားနာ သကဲ့သို့ စိတ်ထဲတွင်လည်း ခံစားရလှပါသည် ၊

သူက လိုချင်လှ၍ ကြိုးစားပြသူ

ကျွန်တော်က မခန့်မည့်သူကို ဟန်နှင့်ပန်နှင့် ဟန်ဆောင်ဗျူးပေးရသူ

စဉ်းစားကြည့်ကြစမ်းပါ

ထို မိန်းကလေး နေရာတွင်သာ ကိုယ်ကိုယ်တိုင် ဆိုပါက မည်သို့ခံစားရမည်နည်း ?

ငါတို့တွေဟာ ကိုယ့်အတွက် မဟုတ်ပါဘူးဆိုတဲ့ နေရာတွေအတွက်များ

ကြိုးစားမိနေတာ ဘယ်နှခါ ရှိနေပြီလဲကွာ

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..