လေယာဉ် changes၊ cancel တွေထဲမှာ သံတွဲလေယာဉ်က တစ်ခြား sector တွေထက် ပိုကြောက်ဖို့ကောင်းပါတယ်။ ငပလီဆိုတာ ခရီးစဉ်ရဲ့နောက်ဆုံးမှ အပန်းဖြေသွားတဲ့ နေရာပါ။ ငပလီကပြန်လာရင် တန်းပြီး departure ထွက်ရင်ထွက်၊ နေရင်လည်း ရန်ကုန်မှာ တစ်ညလောက်ပဲ ထပ်နေ၊ နောက်နေ့ဆို departure၊ အဲဒီလိုမျိုးတွေပါ။ ဆိုတော့ မနက်လေယာဉ်နဲ့ပြန်လာပြီး ညနေ departure ထွက်မယ့် ဧည့်သည်ဆိုရင် လေယာဉ်နောက်ကျလို့ မရသလို၊ နောက်တစ်နေ့မနက်ပြန်မယ့် ဧည့်သည်အတွက်ဆိုရင်လည်း လေယာဉ် cancel ဖြစ်လို့ မရပါဘူး။ departure လွတ်သွားနိုင်ပါတယ်။ တစ်ခါတစ်လေ ဧည့်သည်မှာ အချိန်မရှိလို့ ညနေဘက် တန်းပြီး departure လုပ်ပေးထားရပြီဆိုရင် ဘုရားတနေရပါတယ်။

 

တစ်ခါသား ကျွန်မတို့တစ်ရုံးလုံး ဘန်ကောက်ကို ခရီးထွက်နေတဲ့အချိန်မှာ MD ဆီကို ဖုန်းဝင်လာပါတယ်။ ကျွန်မရောင်းထားတဲ့ဧည့်သည်ရဲ့ သံတွဲ – ရန်ကုန် လေယာဉ် (Air Mandalay) cancel ဖြစ်သွားပါတယ်တဲ့။ ရုတ်တရက်တော့ တော်တော်လေး ခေါင်းကြီးသွားပါတယ်။ ပိုဆိုးတာက တစ်ရုံးလုံးက ခရီးထွက်နေကြတာပါ။ ဒါပေမယ့် တော်သွားတာက ဧည့်သည်က ရန်ကုန်မှာ နောက်တစ်ရက်ကို free day ထပ်နေထားပါတယ်။ Air Mandalay က ဘယ်လိုလုပ်ပေးလဲဆိုတော့ cancel ဖြစ်တဲ့ တစ်ညအတွက် 2* ဟိုတယ်မှာ နေရင်နေ၊ မနေရင် (၃၅) ဒေါ်လာ ပေးပါမယ်တဲ့။ လေယာဉ် cancel လုပ်တာလည်း လွယ်ပါတယ်။ (၃၅) ဒေါ်လာ ပေးရတာလည်း လွယ်ပါတယ်။ ဒါပေမယ့် ဧည့်သည်က နောက်တစ်ရက်မနက်မှာသာ departure ထွက်ရမယ်ဆိုရင် လွတ်သွားတဲ့ departure အတွက် ဘယ်လိုတာဝန်ယူပေးမှာပါလဲ။ (ရန်ကုန် – ဘန်ကောက် (Thai Airways – TG 304) လေယာဉ်က မနက် ၉း၄၀ ထွက်တာပါ။ သံတွဲ မနက်လေယာဉ်တွေက အစောဆုံးရောက်ရင် (၁၁) နာရီ ၀န်းကျင်ပါ။) နောက်ပြီး ဧည့်သည်က နောက် destination တစ်ခုမှာပါ ထပ်လည်ဖို့ စီစဉ်ထားခဲ့မယ်ဆိုရင် တစ်ရက်လျော့သွားလို့ အစီအစဉ်တွေ ပြောင်းသွားရမှာကို ဘယ်လိုတာဝန်ယူပေးမှာပါလဲ။ ဖြစ်လာမယ့် ပြဿနာတွေက အများကြီးပါ။ တကယ်တမ်း နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားပြီး ဖြေရှင်းရမှာက Travel Agent နဲ့ ဧည့်သည်ကိုယ်တိုင်ပါ။

 

နောက်ဆုံးတော့ ပြဿနာက ဘယ်လိုအဆုံးသတ်သွားသလဲဆိုရင် ငပလီမှာ 4* ဟိုတယ်မှာနေတဲ့ ဧည့်သည်က 2* ဟိုတယ်မှာနေဖို့ရော၊ (၃၅) ဒေါ်လာကိုရော လက်မခံတဲ့အတွက် နေနေတဲ့ ဟိုတယ်မှာပဲ တစ်ညထပ်နေဖို့ ကျွန်မတို့ဘက်က အခန်းခ စိုက်ပေးလိုက်ပါတယ်။ (ဟိုတယ်ကလည်း အခန်းရအောင် ရှာပေးပါတယ်။ အခန်းသာ အပြည့်ဆိုရင်လည်း မပြန်ဖြစ်တဲ့ညအတွက် အခန်းရှာဖို့ကိုလည်း ခေါင်းစားရပါဦးမယ်။) ရန်ကုန်ကဟိုတယ်မှာ တစ်ည cancel ကလည်း no show ဖြစ်တဲ့အတွက် 100% cancellation fees ပေးရလို့ အခန်းခ ပြန်မရပါဘူး။ ဧည့်သည် complain မတက်တာကိုပဲ တော်သေးတယ်လို့ ပြောရမှာပါပဲ။

 

တကယ်တော့ လေကြောင်းလိုင်းတွေကိုပဲလည်း အပြစ်မတင်ချင်ပါဘူး။ လေယာဉ်အပြောင်းအလဲဆိုရာမှာ မပြည့်စုံသေးတဲ့ လေဆိပ်တွေရဲ့ အခြေအနေတွေပေါ်လည်း မူတည်သလို ခန့်မှန်းလို့မရတဲ့ ရာသီဥတုအခြေအနေပေါ်မှာလည်း သက်ဆိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဖြစ်စေချင်တာက တာဝန်ယူမှုအပိုင်းပါ။ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေအပေါ်မှာ တာဝန်ယူပေးစေချင်ပါတယ်။ “ငါတို့ လေယာဉ် cancel ဖြစ်တာ ငွေပြန်အမ်းပေးမယ်” ဆိုတာထက် အစစကြိုတင်စီစဉ်ထားတဲ့ အခြေအနေတစ်ခုအတွက် အခြားလေယာဉ်မှာ ပြောင်းပေးတာပဲဖြစ်ဖြစ်၊ တစ်ခုခု တာဝန်ယူပေးစေချင်တာရယ်ပါ။

 

ကျွန်မတို့ဆီမှာသာ Tourism Law က သတ်သတ်မှတ်မှတ်မရှိသေးတာပါ။ သူတို့နိုင်ငံတွေမှာကတော့ ခရီးစဉ်တစ်ခုဝယ်မယ်ဆိုရင် Law တွေ၊ Contract တွေနဲ့ တိတိကျကျ လက်မှတ်ထိုး၊ စာချုပ်ချုပ်ကြရတာပါ။ တစ်ခုခုဆိုရင်လည်း ပြန်လျော်ရမယ့် ပမာဏက မနည်းပါဘူး။ ဒါကြောင့် ဒီလို ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အခြေအနေတွေက စိတ်ဓာတ်မကောင်းတဲ့ ဧည့်သည်တွေအတွက် အခွင့်ကောင်းလို့ ဆိုရမှာပါပဲ။ ဒီမှာတော့ ဘာမှမပြောဘဲ ဖြစ်သမျှပြဿနာကို အသာငြိမ်နေကြ၊ ဟိုဘက်လည်းကျရော အသည်းအသန် complain တက်ပြီး refund တွေပြန်တောင်းလုပ်ကြတဲ့ ဧည့်သည်တွေလည်း ရှိကြပါတယ်။ နောက်ဆုံးတော့ နာမည်ပျက်တာပဲ အဖတ်တင်ပါတယ်။ Flight Booking Status ရဲ့ အောက်မှာ စာလေးတစ်ကြောင်းကို အမြဲတမ်းထည့်ရေးပေးရပါတယ်။

 

“Domestic flight number & flight time may change and please verify it prior to departure!!!”

 

ဧည့်လမ်းညွှန်များ-

ဂိုက်ရှာရတာ အရမ်းကျပ်ပါတယ်။ အရင်တုန်းကဆို ကိုယ်ဈေးပေးလိုက်တဲ့ ဖိုင်တစ်ဖိုင် confirm ပြီဆိုရင် ပျော်နေရပေမယ့် အခုဆို ဂိုက်ရှာရမယ့်အရေး၊ ဟိုတယ်ရှာရမယ့်အရေးကိုတွေးပြီး စိတ်ညစ်မိနေတတ်ပါတယ်။ မေးလိုက်သမျှ ဧည့်လမ်းညွှန်တွေအကုန်လုံး ရက်အပြည့်ပါတဲ့။ တစ်ချို့ဆို နောက် နှစ်လသုံးလလောက်အထိ လုံးဝမအားပါဘူးတဲ့။ ပြောရရင် English speaking guide (E-guide) နဲ့ other language guide ဆိုရင် E-guide က များတဲ့အတွက် ရှာရတာ လွယ်ပါတယ်။ ဒါပေမယ့် အခုကျတော့ ဘယ်ဂိုက်ပဲမေးမေး ပြည့်နေတာတွေချည်းပါပဲ။ ဒီတော့ ကျွန်မတို့မှာ proposal တစ်ခု ပေးတော့မယ်ဆိုရင် သူတို့လိုချင်တဲ့ဂိုက်နဲ့ ပေးလို့မရပါဘူး။ E-guide နဲ့ ဈေးအရင်တွက်ပြီး other guide ရမယ်ဆိုရင်တော့ ဘယ်လောက်ထပ်ပေးရမယ်ဆိုတဲ့ supplement နဲ့ ဈေးပေးရပါတယ်။ ဆိုတော့ ဈေးပေးရင်လည်း ပုံသေပေးလို့မရပါဘူး။ ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး ဈေးအသစ်တွေကို ခဏခဏတွက်ပေးရပါတယ်။ ဒီတော့ ဧည့်သည်အနေနဲ့ ခရီးတစ်ခုသွားဖို့ ပိုက်ဆံကိုချိန်ဆတွက်ချက်ရတာ အဆင်မပြေပါဘူး။ (ကိုယ်တွေလည်း ဒီလိုတွက်နေကျဆိုတော့ ကိုယ်ချင်းစာမိပါတယ်။)

 

ဒီလို ဧည့်လမ်းညွှန်ရှားပါးလာတဲ့ ပြဿနာကို (တကယ်တော့ ဧည့်သည်များလာတဲ့အချိန်မှာ ဂိုက်အရေအတွက် မလုံလောက်တော့တာပါ) ဘယ်လိုရှင်းရမလဲဆိုတာ ကျွန်မကတော့ သိပ်နားမလည်ပါဘူး။ တကယ်တမ်းတော့ ဧည့်လမ်းညွှန်တစ်ယောက်ဖြစ်ဖို့ကလည်း မလွယ်တဲ့ကိစ္စပါ။ အချိန်ရော၊ ငွေရောကို ရင်းနှီးရပါတယ်။ ဘာသာစကားတတ်ရုံနဲ့၊ ဂိုက်သင်တန်းဆင်းရုံနဲ့ ဂိုက်တစ်ယောက်ဖြစ်ပြီလို့ ပြောလို့မရသေးပါဘူး။ ဗဟုသုတကလည်း ပြည့်စုံပါမှ၊ tour မလိုက်ရသေးခင်မှာလည်း ပုံမှန်လည်နေကျ toursite တွေကို study guide အနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်စရိတ်နဲ့ကိုယ်လိုက်ပြီး လေ့လာဦးပါမှ၊ ကျန်းမာရေးအခြေအနေကလည်း ကောင်းမွန်ပါမှ၊ ဧည့်သည်ကို ဂရုစိုက်ရတဲ့အပြင် ဟိုတယ်ကျပ်တဲ့ ဒီလိုရာသီတွေမှာ ကိုယ်နေဖို့အခန်းကို ကိုယ်ကိုယ်တိုင်လိုက်ရှာရတဲ့ ဒုက္ခတွေကိုလည်း ရင်ဆိုင်နိုင်ပါမှ… တကယ်တော့ အများကြီးပါပဲ။ (ကျွန်မကတော့ အပင်ပန်းမခံနိုင်တာရယ်၊ အချိန်နဲ့ငွေ မရင်းနှီးနိုင်တာရယ်ကြောင့် ဧည့်လမ်းညွှန်လုပ်ဖို့စိတ်ကူးကို စွန့်လွှတ်ထားပါတယ်။ )

 

မတည်ငြိမ်တဲ့အခြေအနေတွေကို ကြုံလာရတဲ့အခါ ဧည့်သည်တွေက ဂိုက်တွေကို အရမ်းရစ်တတ်ကြပါတယ်။ ဂိုက်တွေအနေနဲ့ကျတော့လည်း ကိုယ့်ပယောဂမဟုတ်တဲ့အရာတွေမှာ (တစ်ချို့နားမလည်တဲ့သူတွေကျတော့) အပြောင်းအလဲတွေကို အကြောင်းကြားလာတဲ့ ရုံးအပေါ်မှာပဲ စိတ်ပြန်ကွက်ကြပြန်ပါတယ်။ ဧည့်သည်က ဂိုက်ကို တဂျီဂျီ၊ ဂိုက်က ရုံးကို ဖုန်းတဂွမ်ဂွမ်နဲ့ တစ်နေ့တစ်နေ့ ရုံးရောက်ပြီဆိုရင် အလုပ်မလုပ်ရခင် အဲဒီပြဿနာတွေကို အရင်ရှင်းနေရပါတယ်။ အရင်က ဧည့်သည်ကို ကောင်းကောင်းထိန်းနိုင်ခဲ့တဲ့ ဂိုက်တွေတောင် အခုဆိုရင် နားရက်မရှိ tour တွေလိုက်ရတာကြောင့် ပင်ပန်းလို့လားတော့ မသိပါဘူး။ တော်ရုံအာရုံနောက်တာတွေကို သည်းမခံနိုင်ကြဘဲ ရုံးဘက်ကို ဦးတည်လာကြတာကို တွေ့ရပါတယ်။

 

(ကျွန်မအနေနဲ့ ဧည့်လမ်းညွှန်တွေကို အပြစ်တင်တာမဟုတ်ဘဲ ဖြစ်နေတဲ့အခြေအနေတွေကို ပြောပြရုံသက်သက်ပါ။)

 

အခြားအခြေအနေများ-

တကယ်တော့ ပြောစရာတွေက အများကြီးပါ။ အားလုံးကိုသာ ရေးရရင်တော့ ပြီးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ တစ်ပတ်ကတက်ခဲ့တဲ့ ပြဿနာကိုပဲ ဥပမာအနေနဲ့ ပြောပြချင်ပါတယ်။

 

အခုလို ပွင့်လင်းရာသီရောက်လာတဲ့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီမှာ ကျိုက်ထီးရိုးဘုရားကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ပါတယ်။ အဲဒီလိုရက်ဆိုရင် ငြမ်းအပြည့်ဆင်ပြီးကာထားလို့ ဘုရားကိုမမြင်ရပါဘူး။ ဒါကြောင့် ဒီဇင်ဘာလထဲမှာ ဂေါပကရုံးကို ဖုန်းဆက်ပြီး မေးခဲ့ပါတယ်။ ဘယ်အချိန်လောက်မှာ ရွှေသင်္ကန်းကပ်ပါမလဲဆိုတော့ ရက်အတိအကျမထွက်သေးပါဘူးတဲ့။ ဇန်နာဝါရီ (၂၁) ရက်နေ့မှာတော့ Union of Myanmar Travel Association က စာပို့လာပါတယ်။ ဇန်န၀ါရီ (၂၁) ရက်နေ့ကနေ ဖေဖော်ဝါရီ (၂၀) ရက်နေ့အထိ ကျိုက်ထီးရိုးဘုရားရွှေသင်္ကန်းကပ်ခြင်းနဲ့ အခြားပြုပြင်မှုများလုပ်မှာဖြစ်တဲ့အတွက် အဲဒီရက်အတွင်းမှာ ဘုရားလုံးတော်ကို မြင်ရမှာ မဟုတ်ပါဘူးတဲ့။ (၂၁) ရက်နေ့စတင်မယ့် ကိစ္စကို (၂၁) ရက်နေ့မှ အကြောင်းကြားလာတဲ့အတွက် ကျိုက်ထီးရိုးသွားလည်မယ့် ဧည့်သည်တွေအတွက် ဘာမှလုပ်ပေးလို့ မရတော့ပါဘူး။ ဆိုးသွားတာက (၁၉) ရက်နေ့က ရောက်လာတဲ့ ကျွန်မတို့ ဧည့်သည် (၁၆) ယောက်က (၂၉) ရက်နေ့ကို ကျိုက်ထီးရိုးကို သွားမှာပါ။ အဲဒီမှာတင် ဂိုက်က ဖုန်းဆက်လာပါတော့တယ်။ ဧည့်သည်တွေ စိတ်ဆိုးနေပါတယ်၊ ဘာလို့ ကြိုမပြောရတာလဲတဲ့။ မောမောနဲ့တက်သွားပြီးမှ ဘုရားကို မမြင်ရရင် ဘယ်လိုလုပ်ရမလဲတဲ့။ ဧည့်သည်ကို ရှင်းပြရတာ စဉ်းစားကြည့်ရင် ရှက်ဖို့ကောင်းပါတယ်။ “ငါတို့လည်း အဲဒီနေ့ကမှ စသိတာပါ။ အဲဒီသတင်းကို ရရချင်း မင်းတို့ Agent ကို အကြောင်းကြားလိုက်ပါတယ်။ ဂိုက်ကိုလည်း ပြောလိုက်ပါတယ်။ ဒါပေမယ့် မင်းတို့ ရန်ကုန်ကို ရောက်ပြီးမှ ဒါကိုသိတဲ့အတွက်၊ အားလုံးကလည်း အတည်တကျဖြစ်နေပြီဖြစ်တဲ့အတွက် ဘာမှလုပ်မပေးနိုင်တာ တောင်းပန်ပါတယ်။ ဘုရားကို မမြင်ရတာပဲ ရှိပြီး တစ်ခြားပတ်ဝန်းကျင်ရှုခင်းတွေကို နင်တို့ ခံစားလို့ရပါတယ်။ ကျိုက်ထီးရိုးရဲ့ အရမ်းလှတဲ့နေ၀င်ချိန်မှာ နင်တို့ ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်”..ဘာညာနဲ့ ရှင်းပြရတာ မောလည်းမောပါတယ်။ ရှက်လည်း ရှက်ပါတယ်။ (ဒီကြားထဲ ဂိုက်က ဟောက်တာကိုလည်း ခံရပါသေးတယ်။)

 

 

 

ဒီတော့ ဖြစ်နိုင်ရင် နာမည်ကောင်းရကာစ ကျွန်မတို့နိုင်ငံ၊ The Lady ကြောင့် ကျော်ကြားလာတဲ့ ကျွန်မတို့နိုင်ငံ၊ မပျက်စီးသေးတဲ့ သဘာဝအလှတွေကြောင့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကျွန်မတို့နိုင်ငံကို လာလည်ကြတဲ့ ဧည့်သည်တွေကြားမှာ နာမည်ပျက်သွားမှာ အရမ်းကြောက်ပါတယ်။ Smokeless Industry လို့ခေါ်တဲ့၊ နိုင်ငံကိုပဲ အရင်းပြုပြီး အရင်းအနှီးနည်းနည်းနဲ့ ငွေတွေသဲ့ကနဲဝင်လာနိုင်တဲ့ ဒီခရီးသွားလုပ်ငန်းကို အရှိန်အဟုန်နဲ့တိုးတက်အောင်၊ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ “ဟင်” ဆိုပြီး ဖြစ်မသွားအောင် အဘက်ဘက်က စည်းစည်းလုံးလုံးနဲ့ လုပ်စေချင်ပါတယ်။ တစ်ချိန်တုန်းက ရှိခဲ့တာတွေကို လက်စားချေနေမယ်ဆိုရင် ကိုယ့်နိုင်ငံပဲ နာမည်ပျက်မှာပါ။ ဈေးကြီးလို့၊ လုပ်ရကိုင်ရတာ အရမ်းခက်လို့၊ ဟိုတယ် booking တွေ မရလို့..စတဲ့ အကြောင်းပြချက်တွေနဲ့ ဧည့်သည်တွေက တစ်ခြားနိုင်ငံတစ်ခုကို ရွေးသွားတယ်ဆိုတာမျိုး ကြားလိုက်ရရင် အရမ်းနှမြောမိပါတယ်။

 

အမှန်အတိုင်းပြောရင် ဒီခရီးသွားလုပ်ငန်းကို လုပ်ရတာ ကျွန်မ တကယ်ကို ၀ါသနာပါပါတယ်။ ပျော်ချင်လို့ အားလပ်ရက်မှာ ခရီးထွက်လာတဲ့ ဧည့်သည်တွေကို သူတို့ခရီးအတွင်းမှာ စိတ်ချမ်းသာအောင်လုပ်ပေးရတာ၊ အလုပ်တွေနဲ့ဝေးရာကို ခဏလာတဲ့အချိန်မှာ ပျော်စရာအခိုက်အတန့်လေး ရသွားအောင် လုပ်ပေးရတာ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေအများကြီး ရနိုင်တဲ့ ဒီခရီးသွားလုပ်ငန်းတိုးတက်ဖို့ အဓိကကျတဲ့ အခြေခံအဆောက်အအုံတွေ အလျင်အမြန်ပြည့်စုံပါစေ၊ Tourism Law လည်း အမြန်ဆုံး ရေးဆွဲနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

 

(ဘာကွန်မန့်မှ မပြန်ဖြစ်ဘဲ ရေးချင်တာတွေ ရေးလိုက်ရတာ မောသွားပြီ။ ကွန်မန့်တွေ ပြန်ဖို့ ကြိုးစားနေပါတယ်လို့… နောက်ပြီး မွန်မွန်က ဒီ Tourism Field ထဲကိုရောက်တာ (၃) နှစ်ကျော်လောက်ပဲ ရှိသေးပါတယ်..အခုရေးထားတာတွေကလည်း အရမ်းသိလွန်းလို့မဟုတ်ပါဘူး..မြင်နေ၊ ကြုံတွေ့နေရတာကို လုပ်ငန်းခွင်ထဲက အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး ရေးထားတာပါ… ဒါကြောင့် မွန်မွန့်ထက် ပိုနားလည်တဲ့သူတွေ.. တစ်ခြား related industry က သူတွေရဲ့ ကွန်မန့်တွေကို ဖတ်ချင်ပါတယ်လို့..)

ခင်တဲ့

လုံမလေးမွန်မွန်

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 160 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010