သဗ္ဗေသတ္တာ

တောက ကိုရင်January 29, 20131min570

သဗ္ဗေသတ္တာ
မင်းတို့တောင်းသမျှလည်း ငါမပေး
မင်းတို့ ပေးသမျှလည်း ငါ မယူ
ငါ့ဘာသာ တစ်ယောက်တည်း
ငါ့စံနဲ့ငါ လူဖြစ်လာတာ…။
မင်းတို့ရဲ့ စွပ်စွဲချက်တွေအောက်မှာ
ငါ မနေဘူး
မင်းတို့ရဲ့ မြှောက်ပင့်ခြင်းပေါ်မှာလည်း
ငါ မထိုင်ဘူး
စိတ်ဓါတ်တွေက အခြေခိုင်ပြီးသား
ယိုင်နဲ့အောင် လာမပြုစားကြနဲ့
ဆင်ခြေတွေ အကြောင်းပြချက်တွေ
ရှားပါးလွန်းပါတယ်…။
မင်းတို့ရဲ့ သတ်မှတ်ချက်တွေန­­ဲ့
ငါ့ကိုလာပြီး မပညတ်နဲ့
မင်းတို့ရဲ့ နားလည်ပေးမှုကို
ငါ မတောင်းဘူး
နားလည်မှုမရှိဘူးရယ်လို့လည်း
ငါ့ကိုလာပြီး မသမုတ်နဲ့
ငါ့ရဲ့ သင်ရိုးညွှန်းတမ်းမှာ
ငါ့မာတိကာတွေကို
ငါ့ဘာသာ ပြဌာန်းပြီးသား…။
မင်းတို့တွေလာပြီး လေ့လာတီးခေါက်ရအောင်
ကမ္ဗည်းတင်ထားတဲ့ကျောက်စာလည်း မဟုတ်
မှတ်ကျောက်လည်း တင်ကြည့်စရာမလို
သက်သေပြချက်တွေကိုလည်း
ငါ မုန်းတီးပြီးသား…။
သမိုင်းတွင် မတွင်
အရိုင်းထင် မထင်
ငါ့အာရုံတွေက ပင်ကိုအတိုင်း
ဟင်းလင်းပြင်မှာငါ့ဘာသာ
တံတိုင်းခတ်ပြီးသား…။
မုန်တိုင်းဆိုတာ
လေပြည်တွေ အားကြီးလွန်းသွားတာ
နားတွေကို ပိတ်၊ စိတ်တွေ အိပ်
အတိတ်တွေလည်း မေ့မယ်ထင်သလား
စတေးခံရတာတွေ များနေပြီ…။
ကမောက်ကမ ပေးဆပ်ခြင်းတွေထ­­ဲ
မျောက်ကပွဲကို သရုပ်ခွဲနေလို့လည်း မထူးဘူး
အရူးတွေ…
မင်းတို့တွေ ထင်ချင်သလိုထင်
မင်းတို့တွေ အမြင်ရှင်းအောင်
ငါ့ရင်တွင်းကိုလည်း လှစ်ပြစရာမလို
ရှင်းလင်းချက်တွေ ထုတ်နေရအောင်လည်း
သက်သေပြရမယ့် ပုစ္ဆာမှမဟုတ်တာ…။
ငါ့ရဲ့ ပကတိအခြေအနေ
မင်းတို့တွေစိတ်ကြိုက် ဖြစ်ချင်မှဖြစ်မယ်
ဖြစ်နေခဲ့ရင်လည်း
“ငါ” ဆိုတာ ဘယ်မှာရှိတော့မလဲ…။
မင်းတို့လာရင် ငါကြိုဆိုမယ်
မင်းတို့ပြန်ရင်ငါမတားဘူး
ငါ့ဘက်က အတင်းကြီးမဖိတ်ခေါ်သလို
ဘယ်သူ့ကိုမှလည်းအဓမ္မနှင်မလွှတ်တတ်ဘူး
ငါ့ကိုလာပြီး မစော်ကားပါနဲ့
မင်းတို့ကို စော်ကားဖို့အတွက်လည်း
ငါ့မှာ အချိန်မလောက်ဘူးလေ…။
သဗ္ဗေသတ္တာ ကမ္မ သကာ…။ ။
တောက ကိုရင်
၁၃.၀၁.၂၀၁၃