လူကလေးရဲ့ ဦးဖိုးလူနှင့် မောင်ဝင်း တွေ့ဆုံခြင်း..

“ဟေ့ကောင်.. … စာကလေး …. မင့်တို့ ကာလသားဟင်းဆိုတာ ရပလားကွ..  မှန်းစမ်း..

ဟေ.. ကောင်းသကွား.. ဟေး ဟေး ငါကတော့ အချိန်ကိုက်ရောက်သာပဲဟေ့”

ဒီအသံကြားလိုက်မှ ဖြင့် ဦးဖိုးလူမှ ဟုတ်ပစ..  ဒီလူကြီး .. ဒို့ကာလသားဟင်းချက်မယ်ဆို တာ သိသွားပြန်ပြီ.. အင်း .. ထားလိုက်ပါ.. သိပ်မအံ့သြ ရပါဘူးလေ.. သူက ပါလေရာပဲ..

ကိုင်း … ဦးဖိုးလူ ..လာဗျာ.. ခင်ဗျာ့ သမီးလေး ထွေးစု နေကောင်းရဲ့လား ..

“ဆေးရုံက ဆင်းပြီးကာမှ.. ကျုပ်လည်း စိတ်အေးရသကိုး.. နို့ သူအိပ်တိုင်း ညည်းသံကြားရတာ စိတ်မကောင်း ဖြစ်လွန်းလို့ ကျုပ်နှယ် မျက်ရည်ကျမိသာ ညတိုင်းပဲဗျို.. ခုတော့ စိတ်အေးရပြီ.. မောင်ရင် ရေ.. . ဆေးစွမ်းပဲ ထက်တယ်ထင်ပ.. အိပ် လိုက်တာ တစ်ချိုးတည်းပဲ.. သေးပေါက်ချတာတောင် မသိရှာဘူး.. .. အင်း.. ”

ပိုက်ဆံတော်တော် ကုန်လိုက်သလား ..ဆရာ..

” အင်း .. ကုန်ဆို .. သူ့အသက်ထက် အရေးကြီးတာတော့ မရှိဘူး ကိုယ့်လူ.. ကျုပ်တော့ ဘာနဲ့လဲရ လဲရ.. ကြီးမှ ကံပေါ်တဲ့ ကျုပ်တို့ ရဲ့ရတနာလေး လကွယ်.. ”

ဆိုစမ်းပါဦး .. ခင်ဗျာ့  ရန်ကုန်ဘယ်လောက်ကြာခဲ့တုန်း..

” ကြာဆို.. လဝက်နီးပါးပဲ.. ကလေးသက်သာတော့ လည်း အမျိုးတွေဆီ အလည်ပို့ခဲ့ရသေးလေ.. ”

အေး .. စာကလေး.. လုပ်ကွာ.. ဦးဖိုးလူ အတွက်ရော .. တစ်ခါတည်းပြင်ခဲ့.. ဒီလူ့အတွက် အရည်များများ လုပ်ကွ.. သွားမပါတော့ဘူးဟ.. အသား .. စား.. မရလောက်ဘူး.. ထင်ပ..

“မင်းတော့ .. လုပ်သကွာ.. ကြည့်စမ်းပ..၃၆ ချောင်းလား.. တစ်ချောင်းမလျော့ဘူး ..မောင်ရင်.. ”

“ဟေ့ကောင်တွေ .. ထည့်သာထည့် ဟ. .. ဝါးမနိုင်ရင်တောင် တစ်နေကုန် မြုံ့နေမယ်ဟေ့..”

…………………………………………………………………………………………………………………………………………

“အေး.. အေး.. ကောင်းသကွာ.. ဘူးသီးကလည်း ချိုသလား..ကွ.. ဟေ.. မင့်တို့ ကပ္ပိယကြီး ဘူးခြံက မဟုတ်လား.. ”

……………………………………………………………………………………………………………………………………………

……………………………………………………………………………………………………………………………………..

ကိုင်း .. ဦးဖိုးလူ .. ရန်ကုန်အကြောင်းလေး ဆက်စမ်းပါဦး..    ….ကျုပ်တော့ ရန်ကုန်..သတိရတယ်.. ပြန်လည်းမပြန်ချင်ဘူး.. ဗျာ.. အမေနေကောင်းတယ်ဆိုမှတော့ ပြီးပါပြီ ..

အဲဒီ ပြန်ရောက်ရင် .. အရင်လို စိတ်တွေဖြစ်နေဦးမှာ ဗျ… မပြန်ချင်သေးဘူး.. လောလောဆယ်ပြောတယ်..

 

“ကောင်း သယ်.. မပြန်နဲ့ဦး ဟ.. လူကလေးရ.. ငါ့ နှယ် ရန်ကုန်မြို့ တကယ့် လူလည်တွေပေါဆိုတာ ကိုယ်တိုင်ကြုံရသယ်ဟေ့..”

“မင့်လည်း ရန်ကုန်ပြန်ပြီး ဒို့တွေမေ့သွား ပြောမရဘူးနှယ်.. လူလည်ပြန်ဖြစ်သွားမယ်ထင်ပ ကွာ.. ”

ကဲပါ… ဘယ်သူတွေနဲ့ ဘာတွေ ဖြစ်လာပြန်တုန်း..

“ပြောရမှာ ရှက်သားကွ .. ဟေ.. ”

“ရွာမှာဆို ငါ့ လူလည်ပဲကွ.. ရန်ကုန်တက် ကာမှ .. တွေ့တော့တာပဲ. .. ”

“မိဇာတို့ ဝါးတစ်ရာဆိုတာ အလည်သွားတာဟေ့ .. အပြန်ဆိုပါတော့ အဲသည် အထူး ဆိုတာလေ.. လှည်းတန်းမှာ ပွိုင့်မိသတဲ့… ကြာလိုက်သဲ့ အမျိုး .. မောင်ရင် သိပြီး စ… လမ်းလည် တည့်တည့် တံတား ဆောက်နေသတဲ့.. ”

“ဝါးတစ်ရာဆိုသာ ကလည်း ဝေးသဟ.. စံပြကဒို့ဘုန်းကြီးကျောင်း ရောက်သဲ့အထိဆို အိပ်ရေးကို ဝရော..”

“ကျုပ်လည်း ငိုက်လာတာ .. လှည်းတန်းရောက်ကာမှ.. အသံစာစာ နဲ့ .. ဘာတွေပြောနေမှန်းမသိပါဘူး.. မြေမြိုတယ်ဆိုလား.. စောင့်ကန်လိုက်သယ်ဆိုလား.. ကျုပ်နှယ် အိပ်မက် မက်နေသယ်ထင်နေတာ.. ”

“မျက်လုံးဖွင့်ကြည့်တော့မှ.. အံမယ် .. စာအုပ်ရောင်းနေတာကိုယ့်လူ… ”

“ဒါနဲ့ ကျုပ်လည်း သေချာနားထောင် ကြည့်တော့ .. မိဘကိုစော်ကားလို့ မြေမြိုတဲ့သူတွေအကြောင်း.. ဒီဘဝမှာ လူတစ်ပိုင်း ဝက်တစ်ပိုင်း ဖြစ်လာတဲ့သူ အကြောင်း .. မိန်းမဘဝကနေ ယောက်ျား ဖြစ်သွားတဲ့ လူအကြောင်း… အဖေအရင်းက သမီးကို စော်ကားမိတဲ့အကြောင်း.. အို . .. တယ်ကိုစုံပဲ.. ကားပေါ်က လူတွေက လည်း နားထောင်နေကြသာပေါ့.. ဝယ်တဲ့သူ တစ်ယောက်စ နှစ်ယောက်စ တောင် မတွေ့သေး.ဘူး.. ကျုပ်ကတော့ဖြင့် .. မောင်ဝင်း အပြောကောင်း လွန်းလို့ .. ဒင်း မဆင်းခင်လေး..တစ်အုပ် တစ်အုပ် ဆိုပြီးတောင် ဝယ်လိုက်သေး.. ကျုပ်နောက်က နေ နောက်ရောင်းရသေးတယ်ထင်ပ.. ဝယ်ပြီး ကတည်း က စိတ်ဝင်စားလွန်းလို့ ငုံ့ကို ဖတ်တော့တာပဲ..  ”

ဒါနဲ့ ခင်ဗျား မောင်ဝင်း လို့ဘယ်လိုလုပ်သိတာတုန်းဗျ..

“အ. .ဟော်.. ဒါက သည်လိုရှိသဗျ.. ကျုပ်သမီးက ကုလားဆိုသိပ်ကြောက်သာဗျ.. သူက ကုလားတွေ့ရင် .. ကုလားကြီး ကြောက်တယ် ကြောက်တယ်.. အော်.အော် နေတာနဲ့.. ကျုပ်တို့လည်းသူတို့ရှေ့ရောက်ရင် မျက်နှာပူရတာဗျာ.. ဒါနဲ့တစ်ခါ ကျုပ်မိတ်ဆွေက ပစ္စည်းလူကြုံဆိုပြီး မောင်ဝင်း နဲ့ထည့်ပေးလိုက်လေရဲ့.. အဲသာ.. အဲဒီ မောင်ဝင်း ကလည်း အဝှာ ပဲလေဗျာ… ကျုပ်လည်း အဝှာ နေရာမှာ မောင်ဝင်းကို အစားထိုးထည့်လိုက် တာ ခုဆို တော်တော်အဆင် ပြေသကိုး.. ခုဆို ထွေးစု က ကုလား တွေ့ရင်အဖေကြီး ဟိုမှာ မောင်ဝင်း .. မောင်ဝင်း ..ဆိုတော့ ကျုပ်တို့ စကား ကျူပ်တို့ နားလည်ပြီး သဘောပေါက်လိုက်ကြတာပေါ့ဗျာ.. အဟားဟား.. ”

“ခုလည်း မောင်ဝင်းဆိုသာ အဲသည် ကုလားပြောပါတယ်.. စာအုပ် နှစ်အုပ်လောက် ရောင်းပြီး ပြေးဆင်းသွား လိုက်သာ.. ကျုပ်ကလည်း ကျုပ်စိတ်ဝင်စားတာနဲ့  ဒင်းတောင်သတိမထားလိုက်မိဘူး. ”

“အဲမှာ ပဲ ကိုယ့်လူ.. စာအုပ်ကခပ်ပါးပါးပဲဗျ.. ကျုပ်နှယ် စပါယ်ယာက ဘုန်းကြီးလမ်း စံပြ ဆင်းမှာ ပြင်ထားဆိုလို့သာ စာအုပ်ပိတ်ပြီး ထရသယ်.. သိပ်တော့ မကျေနပ်ရယ်ဘူး.. ကျောင်းရောက်မှစာအုပ်ဆက်ပြီး ဖတ်ဖြစ်သယ်.. မောင်ဝင်းပြောသွားတဲ့ အကြောင်းတွေ ဆင်တင်တင် ဆိုတာတောင် ရှာမတွေ့ဘူးဗျို့.. ”

“ပြောပြဦးမယ်.. ကျုပ်နှယ် ပိန်းချက် .. စာအုပ်က ပြိတ္တာ တွေ အကြောင်းရေးထားသာ.. ပြိတ္တာ ဆိုတာ ဘယ်ကဖြစ်တယ်.. ဘယ်လိုနေရတယ်.. ဘယ်နှစ်မျိုးရှီတယ်သယ်ပေါ့.. .. ..”

“ကျုပ်ကိုယ်ကျုပ် လည်လှပြီထင်သာ.. ရန်ကုန်ရောက်မှ ပဲ.. တွေ့တော့သယ်.. လူတွေ့နှယ် .. မလွယ်ဘူး ပဲကွ .. ဟေ.. လူကလေး… ”

ဟုတ်တယ်ဗျ.. ကျုပ်တို့ရန်ကုန်မှာ.. လူပေါင်းစုံ အကုန်ရှိတယ်.. မရှိလို့လုပ်စားတဲ့သူရယ်.. မသိလို့လုပ်စားတဲ့သူရယ်…. နားမလည်တဲ့သူရယ် .. လူပါးဝတဲ့လူရယ်.. အိုဗျာ.. စုံလို့ပါပဲ.. အဲဒီ လူမျိုးတွေနဲ့  ကြုံတာတော့ ကြုံမှာပဲ.. မခံလိုက်ရဖို့ပဲ. .. အရေးကြီး တယ်..ဗျ.. နောက် ဒီလူတွေက တစ်နပ်စားလုပ်တာပေါ့ဗျာ.. နောက်ထပ်တွေ့ရမယ့် သူတွေမှ မဟုတ်တာ.. လောလောဆယ် သူပြောတာကို ယုံတဲ့သူ ကို ရှာနေတာ.. ယုံအောင်လည်း ပြောတယ်လေ. ..ခင်ဗျား တောင် ခံလိုက်ရတယ်. .. မဟုတ်လား.. ဦးဖိုးလူ… အဟားဟား…

“အဟုတ်ပဲ.. ဗျို…. ”

“မင့် ကာလသားချက်က လည်း ကောင်းသကွာ.. ဟေ့ ကောင်လေးတွေ မင့်တို့ ဝရဲ့လားဟေ့.. မဝ နောက်နေ့ကျ ငါ ကြက် စိုက်ပ့ါမယ်.. ကွ.. ထပ် လုပ်စားကြသာပေါ့. .နှော့.. ”

“ကဲ … သွားဦးမယ်ဟ.. လူကလေးရ.. မင်းတို့ အမ အကြောင်း သိရဲ့သား.. ကလေးနား မနေဘဲ.. လျှောက်သွားသယ်ဆိုပြီး ကျုပ်ပြောရော့မယ်.. ”

“ရန်ကုန်က အမေ့ဆီ လည်း ဖုန်းဆက်လိုက်ပါဦး ဟ.. မောင်ရင်ရ.. မျှော်နေရောပေါ့.. ..”

ဟုတ်ကဲ့ခင်ဗျ.. ဆက်ပါ့မယ်.. ကောင်းကောင်းသွားဦးကိုယ့်လူကြီးရ .. မနက်ခင်း အားရင် အိမ်ဘက် ဝင်ခဲ့ပါဦး .. အကြမ်းသောက်ရင်း စကားပြောရအောင်လို့ရယ်..

အင်း.. ဦးဖိုးလူတော့ သွားပြီ.. .. ကျုပ်လည်း ကပ္ပိယကြီးဆီ ကာလသားချက်လေး ပို့ဦးမှပဲ..  ..  …

လူကလေး

About လူကလေး

လူကလေး has written 16 post in this Website..