စောဝေ ရဲ့ ထောင်တွင်းမှာ ရေးတဲ့ ကဗျာ/စာများ

black chawJanuary 29, 20131min1239

ကဗျာဆရာ စောဝေ…။
အပြည့်အစုံ ပြောရလျှင် ဖြူးအဓိပတိ ထမင်းဆိုင်ပိုင်ရှင် ကိုစောဝေ ပေါ့ ခင်ဗျာ…။
အဆိုပါ ဖြူးအဓိပတိ ထမင်းဆိုင် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းသစ် မှာလာဖွင့်သောအခါ…
အစားအသောက် ကောင်းကောင်းကြိုက်တတ်သော ကျွန်တော် မကြာခဏ သွားစားဖြစ်ပါသည်…။
ဟိုးတုန်းကပါဗျာ…။
စားရင်းသောက်ရင်း အဓိပတိ ထမင်းဆိုင် ပိုင်ရှင် ကိုစောဝေ နှင့် စာအကြောင်း ပေအကြောင်း မဂ္ဂဇင်းတွေအကြောင်း အနုပညာလောက အကြောင်း စသည်ဖြင့် လေပေးဖြောင့်နေတတ်ပါသည်…။
အမှန်အတိုင်းပြောရလျှင် ထွက်သမျှ မဂ္ဂဇင်း ပေါင်းစုံကို လစဉ်ဖတ်နေကျဖြစ်သဖြင့် အဓိပတိ ထမင်းဆိုင်ပိုင်ရှင်ကြီး
ကိုစောဝေ သည် ကဗျာရေးသော ကိုစောဝေဖြစ်ကြောင်း ဘလက်ချော တစ်ယောက် ကောင်းကောင်းကြီး
သိနေခဲ့ပါသည်…။
သုံးလေး ကြိမ်မြောက်ခန့်တွင် ကိုစောဝေက သူရေးသားထုတ်ဝေခဲ့သော ကဗျာစာအုပ်တစ်အုပ်ကို
လက်ဆောင်ပေးခဲ့ပါသည်…။
ရွက်ပုန်းသီး မြို့ပြတိုက် အမည်ရ ကဗျာစာအုပ် ဖြစ်ပါသည်…။
ကျွန်တော့် ဘဝမှာ ပထမဆုံး အကြိမ် ကဗျာဆရာတစ်ယောက်က ကိုယ်တိုင်ရေးကဗျာစာအုပ်ကို အမှတ်တရ လက်မှတ်ထိုးပြီး လက်ဆောင်ပေးခံရခြင်း ဖြစ်ခဲ့ပါသည်…။
ကျေးဇူးပါ ခင်ဗျာ…။
သို့သော်…
အဓိပတိ ထမင်းဆိုင် နေရာပြောင်းသွားသောအခါ ကျွန်တော် လိုက်မစားဖြစ်တော့ပါ…။
ကိုစောဝေနှင့် ကျွန်တော် ဝေးခဲ့ပြန်သည်ပေါ့…။
ပြီးခဲ့တဲ့ ၂ နှစ် ကျော်ကျော် လောက်က အဆိုပါ ကိုစောဝေတစ်ယောက် ဂျာနယ်တစ်စောင်တွင်
(အချစ်ဂျာနယ် ဟုတ်ထင်ပါသည်) ကဗျာတစ်ပုဒ် ရေးခဲ့ပါသည်…။
ထိုကဗျာကြောင့်ပင် ကိုစောဝေတစ်ယောက် နိုင်ငံရေးအကျဉ်းသားဘဝ ရောက်ခဲ့ပါ၏…။
တိုက်တိုက်ဆိုင်ဆိုင် ကဗျာနာမည်က ဖေဖေါ်ဝါရီ ၁၄ တဲ့…။
မကြာခင် ရောက်တော့မှာဆိုတော့ အင်း…လွမ်းတတ်ရင်တော့ လွမ်းစရာပေါ့…။
လူတစ်ယောက် ထောင် ထဲဝင်ခဲ့ရတယ်ဆိုတဲ့ ကဗျာလေး အလွမ်းပြေပြန်ဖတ်ကြည့်ကြရအောင်ပါ…။

ဖေဖေါ်ဝါရီ ၁၄
အာရင်ဘက်က ပြောတယ်
နာနာ ခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူး ကို ဖြစ်နေမှ
ကြီးမြတ်တဲ့ အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓါတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ ရယ်ပါ…။ ။
စောဝေ
၁-၁၀-၂၀၀၈

အဲဒါပါပဲ…။
ကဗျာဆရာတစ်ယောက်ကို ထောင် ၂ နှစ်ချခဲ့တဲ့ ကဗျာ…။
ညီငယ်အံစာတုံး တောင်ကြီးအင်းလေးဘက်ခရီးထွက်တုန်းက စာကြောင်းတွေရဲ့ ဒုတိယ စာလုံးလေးတွေနဲ့
ဝါကျတစ်ကြောင်းဖြစ်အောင် ဖန်တီးခဲ့သလို
ဆရာစောဝေကလည်း စာကြောင်းတစ်ခုစီရဲ့ ပထမဆုံး စာလုံးတွေနဲ့
အာနာရူးကြီး မှူးကြီးသန်းရွှေ ရယ်လို့ ရေးခဲ့တာပါ…။
ဘာပဲဖြစ်ဖြစ် ထောင် ၂ နှစ်တန် ကဗျာတစ်ပုဒ်ပေါ့…။
အဲဒီ ထောင် ၂ နှစ်အချခံရတဲ့ ကဗျာအတွက် ဆရာစောဝေအား အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်
လေ့လာရေး အဖွဲ့ (Human Rights Watch) က Hellman/Hammett Award
ဆုချီးမြှင့်ခဲ့တာကိုလည်း
ကြားသိခဲ့ရပါတယ်…။
မကြာသေးခင်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်သောအခါ ကိုစောဝေတစ်ယောက် အပြင်လောကသို့
ပြန်ရောက်ခဲ့ပြန်သည်…။
အပြင်ရောက်ပြီး သိတ်မကြာ…။
ကဗျာစာအုပ်တစ်အုပ် ထုတ်ဝေသည့်အထိမ်းအမှတ် စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပကြောင်း သတင်း
ဂျာနယ်တွေမှာ ဖတ်ရ၏…။
ဆရာ မောင်မိုးသူ၊ ဇာဂနာ၊ မင်းခိုက်စိုးစန်၊ မအိ၊ ဇော်သက်ထွေး အစရှိတဲ့ ပုဂ္ဂိုလ်တွေက အမှတ်တရ စကား
ပြောကြားကြကြောင်းလည်း ဖတ်ရ၏…။
အမှတ်တမဲ့သာ…။
ပြီးခဲ့တဲ့ တစ်ပတ်လောက်က SSC မှာ ညီငယ်တစ်ယောက် ဆေးရုံတက် ရောက်ကုသရပါသည်…။
SSC မှာ လူနာ သတင်းမေးလာသော ကျွန်တော်… ဆေးရုံနားမှာရှိသော အဓိပတိ ထမင်းဆိုင်မှာ ထမင်းဝင်စားဖြစ်ပါ၏…။
ဆိုင်ထဲအဝင်မှာပဲ ကဗျာဆရာကိုစောဝေကို တွေ့လို့ နှုတ်ဆက်ဖြစ်ပါသည်…။
ဝန်ခံရလျှင် ကျွန်တော်ကသာ သူ့ကို နာမည်နှင့်တကွ မှတ်မိနေခြင်းဖြစ်ပါသည်…။
သူကတော့ ကျွန်တော့်ကို မျက်မှန်းတန်းမိရုံ မှတ်မိနေခြင်းမျိုးထက်မပိုပါ…။
သို့သော် ရင်းရင်းနှီးနှီး စကားပြောရင်း ကဗျာစာအုပ်ထုတ်ဝေသည့်ဘက် စကားလမ်းကြောင်းရောက်သွားပါသည်…။
လေးစားသမှုဖြင့် ကဗျာစာအုပ် တစ်အုပ်ခန့် ရောင်းပါဟုလည်း တောင်းဆိုမိပါသည်…။
ကိုစောဝေက ကျွန်တော့်ကို ကဗျာစာအုပ် တစ်အုပ် ရောင်းပါသည်…။
ထူးခြားသည်မှာ အဆိုပါ စာအုပ်တွင် ကဗျာဆရာက လက်မှတ်ထိုးပေးလိုက်ခြင်းဖြစ်ပါသည်…။
မန္တလေးဂဇက်တွင် အများဖတ်ရန်အတွက်လည်း ကဗျာဆယ်ပုဒ်ခန့် တင်ခွင့်ပြုကြောင်းကိုလည်း
လက်မှတ်ရေးထိုးပေးလိုက်ပါသည်…။
ကဗျာစာအုပ် အမည်မှာ ၂၀၀၈-၂၀၀၉-၂၀၁ဝ ထောင်တွင်းဖွဲ့ ကဗျာ/စာများ ဖြစ်ပါသည်…။
စိတ်ကူးချိုချို စာပေက ထုတ်ဝေခဲ့ပြီး တန်ဘိုး ကျပ်တစ်ထောင် ဖြစ်ပါသည်…။
အခု ဆရာစောဝေ၏ ၂၀၀၈-၂၀၀၉-၂၀၁ဝ ထောင်တွင်းဖွဲ့ ကဗျာ/စာများ ဆိုသည့် စာအုပ် ပါ ကဗျာ တချို့နှင့် စာအုပ် အစမှာပါရှိသော ဖြောင့်ချက် အမည်ရ စာစု ကို ကျွန်တော် တင်ပြလိုရင်းဖြစ်ပါသည်…။
ထို့အတွက် ဆရာစောဝေထံမှ ခွင့်ပြုချက်တောင်းခံထားပြီးလည်း ဖြစ်ပါသည်…။
လေ့လာကြည့်ကြရအောင်ပါ…။

ဖြောင့်ချက်
ကျွန်တော် ၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် စာပေလုပ်သား မဂ္ဂဇင်းမှာ ဝတ္ထုတိုဖြင့် စတင်ပုံနှိပ်ခံရပြီး ၁၉၈၈ ခုနှစ်ရောက်တော့ ဝတ္ထုကဗျာသုံးပုဒ်လောက် ဖေါ်ပြခံရပြီးပါပြီ…။ ၁၉၈၈ ခုနှစ်၊ အရေးအခင်းအစ အာအိုင်တီ ကျောင်းက အဖြစ်အပျက်တွေကို ညီသူငယ်ချင်းလို ဖြစ်နေတဲ့ (တောင်ငူမြို့ ဆက်သွယ်ရေး AE ဦးခင်ထွန်းရဲ့သား) ရဲထွန်းက ဒဏ်ရာတွေ မျက်ရည်တွေနဲ့ ပြောလို့ ရင်ထဲစူးနစ်သိခဲ့ရတယ်…။ ၁၉၈၈၊ ဩဂုတ်လရောက်တော့ တက္ကသိုလ်ကျောင်းပြန် တောင်ငူ၊ ဖြူးက အပေါင်းအသင်းတွေနဲ့အတူ ဝန်ထမ်းဘဝနဲ့ သပိတ်ခေါင်းဆောင်လုပ် တရားဟောပါတယ်…။
စာနယ်ဇင်း သမဂ္ဂ ဒု-ဥက္ကဌ။ ဝန်ထမ်းသမဂ္ဂ အတွင်းရေးမှူး၊ ဖြူးမြို့နယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နာယက။
စစ်တပ်က အာဏာသိမ်းတော့ စစ်ကြောရေးရောက်။ ဝန်ထမ်းဘဝက အနားယူလိုက်ရ..။ ဖြူး NLD လူငယ်နာယက။ ဖြူးမြို့နယ် NLD သတင်းပြန်ကြားရေး။ မိတ်ဆွေများ စာကြည့်အသင်း စတင် တည်ထောင်သူထဲပါခဲ့။ စစ်ကြောရေးငါးကြိမ်ရောက်။ ဖြူးမြို့မှအပ မသွားရခြေချုပ် တစ်နှစ်။ နောက် ဖေဖေါ်ဝါရီ (၁၄) ဆိုတဲ့ ကဗျာရေးပြီး ထောင်ချခြင်းခံရ။ ထောင်နှစ်နှစ် အမိန့်ချပေမယ့် လေးလငါးရက် ပိုနေခဲ့ရ..။ ထောင်ကျနေစဉ် နိုင်ငံတကာမှ A World Association of Writers Pen Award 2008 ဆုနဲ့ Human Rights Watch USA 2009 ဆုအပြင် ကမ္ဘာ့လွတ်လပ်သော ဖန်တီးမှု အနုပညာဆု ဆန်ခါတင်အဖြစ် သုံးဆုရခဲ့ပါတယ်…။
စစ်ကြောရေးမှ ၂၀၀၈ခု ဇန္နဝါရီလ ၂၅ ရက်မှာ အင်းစိန်ထောင်ကိုပို့။ သုံးတိုက်မှာထား။ မကြာခင် ဘုန်းကြီးတွေ ၈၈မျိုးဆက်ကျောင်းသားတွေနဲ့အတူ တိုက်ပိတ်ခြင်းခံရ။ လေးလကျော်ကြာတော့ အူမကြီးရောင် ရောဂါရပြီး အင်းစိန်ထောင်ဆေးရုံရောက်။ အင်းစိန်ထောင်ဆေးရုံကနေ ဆေးရုံဝင်းအတွင်းမှာ ရှိတဲ့ အရူးတိုက်ခေါ် လက်ပါးတိုက် (အနာကြီး ရောဂါသည်များ ထား၍ခေါ်) အထူးတိုက်ကို ပို့ပါတယ်…။ အဲဒီကမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့အတူ ထောင်ပြောင်းခံရပြီး ရမည်းသင်းထောင်ကိုရောက်။ ရမည်းသင်းထောင်မှာ ဘာအကြောင်းပြချက်မှ မရဘဲ ၃၈ ရက် တိုက်အကျယ်ထပ်ပိတ်ခံရတယ်။ အားသာချက်လေး ထည့်ပြောရရင် နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်စားရိတ်နဲ့ကိုယ် ထောင်စာကြည့်တိုက် ထူထောင်ခွင့်ရပြီး အင်းစိန်ထောင်ဆေးရုံနဲ့ ရမည်းသင်းထောင်မှာ ရသ-သုတ-ဘာသာပြန်-ကဗျာ-ဂျာနယ် အုပ်ရေ သုံးထောင်ကျော် စီ ထားနိုင်ခဲ့တယ်။
ထောင်ထဲက အဲဒီလို အဖြစ်အပျက်တွေနဲ့ နေခဲ့ရတဲ့ ထောင်ကျရက် ၂၈ လကျော်မှာ အုပ်နီခဲကို အမှုန့်လုပ် ရေဖျော်၊ သွားကြားထိုးတံနဲ့ နံရံမှာ စာရေးရာက ဘောပင်နဲ့ စာအုပ်နဲ့ ရေးရတဲ့ အဖြစ်ထိ ရောက်ပြီး ရေးလာတဲ့ ကဗျာတွေ စာတွေ ပါပဲ။
“လူတွေမှာ မတူးဖေါ်ဘဲ ထွက်နေမယ့် သယံဇာတက အချစ်နဲ့ အမုန်းပါ
အဲဒီအချစ်နဲ့ အမုန်းက ပေါင်းဖက်ပွတ်တိုက်လို့
ကျွန်တော့် နှလုံးသားနဲ့ ဦးနှောက်ကထွက်ကျလာတဲ့
အနုပညာ ကဗျာ စာ Art ပါ
တိုင်းပြည်အတွက် အကျိုးတစုံတရာ ရှိမယ်လို့
ရဲရဲ အာမခံပါတယ်”
များစွာဖြင့်
စောဝေ

ဒီဖြောင့်ချက်ဆိုတဲ့ စာစုလေးမှာ ဆရာစောဝေ ရဲ့ သမိုင်း တစ်စိတ်တစ်ဒေသကို လေ့လာခွင့်ရပါတယ်…။
ဒီစာအုပ်မှာပါဝင်တဲ့ ကဗျာတွေထဲက ရွာအကြောင်း ဆိုတဲ့ ကဗျာ တစ်ပုဒ်နဲ့ စတင်မိတ်ဆက်ပေးချင်ပါတယ်…။

ရွာအကြောင်း
တစ်ရံရော အခါကဆို ဘောင်ဝင်ပါလိမ့်မယ်
ယခုမှ မဟုတ်တာ
ကျွန်တော့်သူငယ်ချင်းနှစ်ယောက် မဟုတ်ပါဘူး
ကျွန်တော်တို့ရွာကြီးရဲ့ မရှိလည်းမဖြစ် ရှိတော့လည်း ဖြစ်တဲ့
ရွာရဲ့ သူငယ်ချင်းလို့ ပြောရင်ရတယ်
မသူယောင်နဲ့ ဇေးသက်ထော်တဲ့…။
မသူယောင်က မမှားနဲ့ မှားလိမ့်မယ်ထင်တာနဲ့
ရယ်စရာမောစရာနဲ့ ပြောင်လှောင်ပြီးပြီ
ရွာလူထုကတော့ ကြိုက်တာပေါ့
သူကြီးနဲ့ သူကြီးအသိုင်းအဝိုင်းရဲ့ မတရားမှုတွေမဟုတ်လား
သူကြီးအဆက်ဆက်ကတော့
မသူယောင်ကို ရွာပြင်ထုတ် အကြောင်းအမျိုးမျိုးနဲ့ ချုပ်စေပေါ့…။
ဇေးသက်ထော်ကျတော့ တစ်မျိုး
ကဗျာစစ စာစစနဲ့ သိပ်ဝီရိယ ကောင်းလွန်းတယ်
ရွာမှာမီးလောင်ပြီဟေ့ဆို
အရံမီးသတ်က ယူနီဖေါင်းရှာနေတုန်း
ဇေးသက်ထော်က ဂုံနီအိတ်ရေဆွတ်ကိုယ်ပတ်ပြီး
မီးလောင်နေတဲ့ အိမ်ကိုဝင်ဖျက် မီးငြှိမ်းပြီးပြီ
ရွာမှာ ရေကြီးပြီဟေ့ဆိုရင်လည်း
ကြက်ခြေနီဆေးအိပ်ရှာနေတုန်း
ရေနစ်သူကို ဒိုင်ဗင်ထိုးဆယ်ပြီးပြီ
တာဝန်ရှိတဲ့လူတွေ လုပ်ဖို့ ပြင်နေတုန်း
သူကဝင်ဝင်ပြီး လုပ်လုပ်သွားတော့
ဇေးသက်ထော်လည်း ရွာပြင်ထုတ် ချုပ်စေပေါ့…။
ရွာကလူတွေလည်း သူတို့နှစ်ယောက်ကြောင့်
ဘယ်တော့မှ အလွမ်းနဲ့ ကင်းကြရတယ် မရှိပါဘူး…။
သူကြီးတွေကလည်း သူကြီးမဟုတ်လား
သူကြီးအလုပ်သူကြီးလုပ်ကြတာပေါ့
ဟိုးတုန်းကပြောပါတယ် ယခုမဟုတ်ပါဘူး…။
ကဗျာဆိုရင် အမှန်ဘက်ကနေရမယ်
လူထုကိုကိုယ်စားပြုရမယ် ဘာညာ ဆိုတယ်မဟုတ်လား
ရွာက သူငယ်ချင်းနှစ်ယောက်အကြောင်း ရေးမိတယ်
အယ်(လ်)ပီထဲထည့်မလား ခေးအော့ထဲထည့်မလား
ထည့်ချင်ရာထည့် ထည့်ချင်သလိုထည့်
ဒီနေ့ ကျွန်တော် ရေးဖြစ်တဲ့ ကဗျာ…။
၂၁-မတ်လ-၂၀၁၁
ကမ္ဘာ့ကဗျာနေ့

ရွာဆိုတာက မန်းဂဇက် မဟုတ်ဘူးနော် ကိုကို…။
သူကြီးဆိုတာလည်း ကျွန်တော်တို့ သူကြီး kai မဟုတ်ပါဘူး…။
ကျွန်တော်တို့ရွာ(မန်းဂဇက်) နဲ့ ကျွန်တော်တို့ သူကြီး (kai) ကြားမှာ အဲဒီလို ရွာပြင်ထုတ်ချုပ်စေဆိုတာမျိုးတွေ
မရှိခဲ့ပါဘူး…။
မသူယောင် က မောင်သူရပေါ့…။
ဇေးသက်ထော် က ဇော်သက်ထွေးပေါ့…။
မောင်သူရ ခေါ် ဇာဂနာ နဲ့ ဇော်သက်ထွေးတို့ အကြောင်းရေးထားတဲ့ ကဗျာပေါ့…။
ညီငယ် အာဂ ကို သတိရစေခဲ့တဲ့
နောက်ထပ် ကဗျာတစ်ပုဒ် ဆီ သွားကြဦးစို့ရဲ့…။

ဆံ့သလောက်ဖြည့်
“အရှက်တကာ အရှက်ထဲမှာ
သူများတွေကို ရှက်ရတာထက်
ကိုယ့်ကိုယ်ကိုယ် ရှက်ရတာ အခက်ဆုံး” တဲ့
ငြိမ်းအေးအိမ်က ပြောတယ်…။
“မနက်ဖြန် ဒီမိုကရေစီ အင်အားအတွက်
ဒီည ကိုယ်တိုင် အဖြေထုတ်ရမယ်
ကျွန်တော် ဘုရားလို ယုံကြည်တာက
အမြဲတမ်းအပြောင်းအလဲပဲ” တဲ့
အိုဘားမားက ပြောတယ်…။
“ဘယ်ဟာမဆို တိုးတက်ချင်တယ်ဆိုရင်
လွတ်လပ်ဖို့လိုတယ်
လွတ်လပ်မှ ဖန်တီးနိုင်မယ်
ဖန်တီးနိုင်မှ လူ့အသိုင်းအဝိုင်းက ဘယ်အရာမဆို
တိုးတက်မယ်လို့ ယုံကြည်တယ်” တဲ့
ဆရာမောင်မိုးသူက ပြောတယ်…။
ဖတ်မှတ်လေ့လာသမျှ ပြောဆိုကြားနာရသည်မှ
လွယ်လွယ်နဲ့လည်း ဖျက်မရ ထပ်ထည့်ဖို့လည်း ကျပ်
ကျပ်တော့ တော်တော် ကျပ်နေပြီ
ကိုယ့်ကိုယ်ပိုင် စာရင်း ကိုယ်ပြန်ကြည့်တော့
အဖတ်တင်တာလည်း ဘာမှမရှိ
ဇနီး နန်းစန်းစန်းအေးက
“နှုတ်ခမ်းလေးမဲ့ပြီး ဟင်းဟင်းဟင်းနဲ့
ခက်(စ်)တော့ ခက်(စ်) နေပြီ” လို့ အပြောခံရ…။
ဒီမိုးဒီလေ ဒီလူတွေနဲ့
သေသေချာချာ လေး ပြန်တွေးကြည့်တော့
မှတ်ဉာဏ်သေတ္တာထဲ
ဟုတ်(စ်)တော့လည်း ဟုတ်(စ်) နေကြတာပဲ…။
ဘာလိုချင်တာလဲလို့
ခပ်ဆတ်ဆတ်လေး ခနခနအမြဲမေး
“အမှန်တရား” ပါ “တကယ့်ကို အမှန်တရား” ပါ
ဘယ်ဘက်မှ မလိုက်ပဲ ဖြေရလွယ်လိုက်တာ
ဘဝကတော့ ခါးသက်လို့
အမှန်တရားက ခါးမှခါး
ကြိုက်(စ်)တော့ ကြိုက်(စ်) နေမိသား…။ ။
၂၈-၃-၂၀၀၉

ဒီကဗျာလေးဖတ်ပြီး ညီငယ် အာဂကို သတိတရဖြစ်မိတယ်ဆိုတာလေး
တခုတ်တရ ထည့်ပြောပါရစေ…။
ကျွန်တော့်ရင်ထဲကို နောက်ထပ် ရောက်ခဲ့တဲ့ ကဗျာတစ်ပုဒ်ကတော့…
ဒဏ်ရာ ဆိုတဲ့ ကဗျာပါ…။
ကဲ…ဖတ်ကြည့်ဗျာ…။

ဒဏ်ရာ
ဆူးရဲ့ ကံ့ကော်မြို့တော် သီချင်းကြားမိတိုင်း
အဆောင်ရှေ့ည စားခဲ့ရ လက်ဖက်သုပ်လေးကို သတိရတယ်
လက်ဖက်သုပ်လာပို့တဲ့ ဒရဝမ်ကြီးကို
ကဗျာတစ်ပုဒ်နဲ့ စံပယ်တစ်ကုံးပေးလိုက်တော့
“ကို့ အသံက မကောင်းဘူး
မွှေးနေတဲ့ ကဗျာလေးတော့ ကြိုက်တယ်” တဲ့
မင်က ရေချည်းပဲ ဆိုတော့ အသည်းကွဲ ကျန်ခဲ့ရတာပေါ့…။
အဝေးသင်တက္ကသိုလ်တက်စ သမီးလေးက
ဝင်ငွေနည်းတဲ့ အဖေ့ကိုကူဖို့ ကုမ္ပဏီတစ်ခုကို လိုက်ပို့ပါတဲ့
ခမ်းနားကြီးကျယ်လှတဲ့ ခေတ်ပေါ်နည်းပညာ
ကုမ္ပဏီရုံးထဲမှာ သမီးအင်တာဗျူးဝင်တုန်း ဟိုဒီငေးမိ
စီအီးအိုဆိုတဲ့ အခန်းထဲက
လက်ပ်တော့ ကိုင်ထွက်လာတဲ့
တရုတ်မင်းသမီး ဂေါင်းလီ အိုသွားသလိုမျိုး
သူမ၊ အဆောင်၊ စံပါယ်ပန်း၊ ကဗျာ၊ လွှမ်းမိုးသီချင်း၊
ကိုယ်၌သတိရခြင်းတွေထဲ ကျွံကျသွားခဲ့
အနားက ဖြတ်သွားတဲ့ သူမကတော့
ဗေလုဝ ဆိုက်ကားနင်းပြီး အိုသွားတဲ့ ရုပ်မျိုးနဲ့ ကဗျာဆရာကို
ကြည့်ပြီး မမှတ်မိဘူး
သမီးလေး အလုပ်မရပါစေနဲ့
အသည်းကွဲနဲ့ အဖေ့ကို ခွင့်လွှတ်ပါ…။
၃-၈-၂၀၀၉

ဒီကဗျာလေးထဲက
တရုတ်မင်းသမီး ဂေါင်းလီ အိုသွားသလိုမျိုး သူမ ဆိုတာကို
ဗေလုဝ ဆိုက်ကားနင်းပြီး အိုသွားတဲ့ ရုပ်မျိုးနဲ့ ကဗျာဆရာ ဆိုတာလေးနဲ့
နှိုင်းယှဉ်ပြလိုက်တာလေး
ကျွန်တော် ကြိုက်နေမိတယ် ကဗျာဆရာ ကိုစောဝေရေ…။
ဒီစာအုပ်ထဲမှာ ကဗျာ နဲ့ စာစုလေးတွေ ၅၂ ပုဒ်တိတိ ပါဝင်ပါတယ်…။
အခု ကျွန်တော် အမြည်းသဘောပေးထားတဲ့ ကဗျာလေးတွေဖတ်ပြီး စိတ်ဝင်စားတယ်ဆိုရင်
တစ်အုပ်ကို ၁၀၀ဝ ကျပ်နဲ့ စိတ်ကူးချိုချို မှာ ဝယ်ဖတ်ကြပေတော့…။
ဒါမှမဟုတ်ရင်လည်း SSC ဆေးရုံ အနီးက အဓိပတိ ထမင်းဆိုင်မှာ ဝယ်လို့လည်း ရပါတယ်…။
ဒီပို့စ်ကို ကဗျာစာအုပ် ကြော်ငြာလို့ သတ်မှတ်ရင်လည်း သတ်မှတ်လို့ရပါတယ်…။
ဟုတ်ပါတယ်…။
ဒီပို့စ်က ဘလက်ချော ကြော်ငြာပေးတဲ့
ကဗျာဆရာစောဝေရဲ့
၂၀၀၈/၂၀၀၉/၂၀၁ဝ ထောင်တွင်းဖွဲ့ ကဗျာ/စာများ ဆိုတဲ့ ကဗျာစာအုပ် ကြော်ငြာပါ…။
အားပေးကြပါဗျာ…။

ချစ်ခင်လေးစားတဲ့ စိတ်ရင်းဖြင့်
ဘလက်ချော…။

9 comments

  • အာဂ

    January 29, 2013 at 4:33 pm

    လေးဘလက်ရေး ဒါက ကိုစောဝေ ထောင်တွင်းကဗျာပြော ကျွန်တော်ကတော့ သူအကုတ်ခံရပြီးသိပ်မကြာခင်မှာပဲ.. ကျွန်တော့် ဘလော့ မှာ သူပုံစံနဲ့ ကဗျာတစ်ပုဒ် ဒီလိုရေးခဲ့မိပါသေးတယ်။ဗျ.။

    စိတ်ရဲ့ တံခါးမှာ ဆေးရောင်အဖြူသုတ်ထားပါ။
    —————————————–

    မိတ်ဆွေ ခင်ပွန်းမရှိတဲ့ သစ်ပင်
    စာ စာဝေ ပွင့်လန်းနိုင်မည်တဲ့လား
    သန်းကြွယ် သူဌေးတစ်ယောက်ရဲ့
    ရွှေရောင်အိပ်မက်….
    လူတစ်ရောက်ရဲ့ စိတ်ကြောင့်ပင် အဆုံးသတ်သွားစေနိုင်ရဲ့
    သတ်ပုံ တွေကို ကိုယ့်သမိုင်းမှာ မှားမှားရေးကြရင်..
    သမာသမတ် ရှိနိုင်ပါ့မလား။
    မားမားမတ်မတ် ရပ်တည်ခဲ့ပေမဲ့
    င ပေါ တစ်ယောက်လို့ အပြောခံရသေးတာပဲ..။
    ရဲရဲတောက်နေတဲ့ အတွင်းစိတ်မီး
    ပြည်လုံးချမ်းသာပါစေ လို့ ဆုမတောင်းခဲ့ဘူး ..ငါ မှ ငါ..
    သို့သော်လည်း… ငါတို့
    သွားတွေဟာ ဖြူဖြူစင်စင် အစာကို ဝါးစားဖို့ဘယ်တော့မှ စိတ်မကူးဘူး။

    ……………………………………………………………………..
    မနေ့တနေ့က အဖမ်းခံလိုက်ရတဲ့ ကဗျာဆရာ စောဝေရဲ့ အပြောင်
    မြောက်ဆုံးရေး ဟန်နဲ့ ရေးသားထားပါတယ်။မိတ်ဆွေများ အဓိပ္ပယ်ပေါက်
    ကြမယ်လို့လည်းထင် ပါတယ်။(မှတ်ချက် ဖေဖေါ်ဝါရီ ၁၄ ကဗျာလိုပဲ ဖတ်စေလိုပါတယ်။

  • Mobile

    January 30, 2013 at 9:38 am

    ကဗျာလေးတွေက နည်းနည်းများနေတော့
    အရသာခံဖတ်ရှု့ဖို့ ကူးယူထားလိုက်ပါ၏။

  • ရွှေတိုက်စိုး

    January 30, 2013 at 11:15 am

    ဒဏ်ရာ ကဗျာလေးကို ခံစားမိတယ်ဗျာ……..ကြိုက်တယ်..
    မျက်စိထဲထင်းထင်းပေါ်ပြီး စိတ်ထဲ ကဗျာဆရာ စိတ်ကို ဝင်ခံစားလိုက်ရသလိုပဲ……
    ဘာတဲ့…. ကဗျာတပုဒ်နဲ.စံပယ်တကုံးကို မွှေးနေတဲ့ကဗျာတဲ့ လှလိုက်တာ…………

  • kai

    January 30, 2013 at 11:51 am

    သူထောင်ထဲဝင်ရမယ်ဆိုတော့.. သူ့သတင်းမန်းဂဇက်ကို သတင်းပို့ခဲ့သူရှိတာသတိရမိတယ်..
    သူ့ဆိုင်မှာ.. အမေရိကန်တယောက်နဲ့ စကားထိုင်ပြောနေတဲ့ဓါတ်ပုံလေးတောင်ပါသေး..။
    အင်း..
    ကဗျာဆရာစောဝေအကြောင်းပါ..။

    သူထောင်ထဲဝင်ရတာမှာ.. ပယောဂပါတယ်လို့လူအများစုယူဆကြတဲ့.. ကိုမြတ်ခိုင်တယောက်ဘာများဖြစ်နေသလည်း သိချင်သား..
    အင်း..
    ခေတ်တို့များပြောင်းခဲ့ပေါ့..။

  • ဘာပဲဖြစ်ဖြစ်ဦးဦးဘလက်ချောကိုကျေးဇူးတင်ပါတယ်။
    ရွက်ပုန်းသီးမြို့ပြတိုက်ထဲက
    “ချောင်းသံတွေကြားက
    ကျောင်းမှန်မှန်သွား သားတဲ့
    တစ်သက်စာအား
    အမေထားလို့သွား”
    ဆိုတဲ့ကဗျာကို ကျွန်မအကြိုက်ဆုံးပဲ။

    ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်။

  • kyeemite

    January 30, 2013 at 2:17 pm

    ရဲဘော်ဘလက်ရေ…မအားတဲ့ကြားက ခင်ဗျားပို့စ်တင်ထားတယ်ဆိုလို့
    အလုအရက်အချန်ယူပီး ဝင်ဖတ်သွားခဲ့ပါဂျောင်းးးး
    “ရွာအကြောင်း”
    “ဆံ့သလောက်ဖြည့်”
    “ဒဏ်ရာ”
    ကဗျာသုံးပုဒ်လုံးသဘောကျပါသဗျာ…
    “ဒဏ်ရာ”ဆိုတဲ့ အပုဒ်ဖတ်တော့ တက္ကသိုလ်ကျောင်းတော်ကြီးနေဝမင်ခင်က
    လွမ်းမောစရာလေးတွေမျက်စေ့ထဲပြန်မြင်ယောင်ပြီး ပြန်ခံစားရလို့ ပိုနှစ်သက်မိပါတယ်ဗျာ…
    အခုလိုဝေမျှတာကျေးကျေးပါ..
    အရှုပ်တွေလုပ်နေတဲ့…
    ကြီးမိုက်။

  • Wow

    January 30, 2013 at 4:56 pm

    မသိသေးတာတွေသိရလို့ကျေးဇူးပါ…

  • blackchaw

    January 31, 2013 at 11:31 am

    @ E T ;
    ဘယ်အီးတီလည်းတော့ မသိဘူး…။
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါဗျာ…။

    @ အာဂ ;
    ကွန်းမန့်လေး အတွက် ကျေးဇူးပါ ညီလေးရေ…။
    ညီလေးရဲ့ ဘလော့ မှာ ရေးခဲ့တဲ့ ကဗျာလေးအတွက်
    ဒီကွန်းမန့်လေးကို ဘီစီ ရွေးခွင့်ပြုပါဗျာ…။

    @ mobile ;
    ကွန်းမန့်ဝင်ရေးပေးသွားတဲ့အတွက် ကျေးဇူးပါ ဗျာ…။

    @ ရွှေတိုက်စိုး ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ…။
    ချစ်သူအနားမှာရှိတဲ့လူတွေဟာ…
    ကဗျာလေးတွေကို ခံစားနိုင်စွမ်းပိုမြင့်တယ်တဲ့…။
    အေးလေ ညီလေးကလည်း ချစ်သူ့အနားမှာ ရှိနေတော့…

    @ kai ;
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ သူကြီးရေ…။
    ကိုစောဝေတို့ နဲ့အတူ ကိုအောင်ဝေးကြီးလည်း ပါခဲ့သေးမှတ်တယ်…။
    အခုတော့ အမေရိကားမှာ ပျော်နေပြီလား မသိ…။
    အော် ခေတ်… ခေတ်… ။

    @ နန်းတော်ရာသူ ;
    ကွန်းမန့်လေး ဝင်ရေးပေးတာအတွက်ရော…
    ရွက်ပုန်းသီး မြို့ပြတိုက်ထဲက ကဗျာလေးကို သိနေတာအတွက်ရော…
    ကျေးဇူးအထူးပါဗျာ…။

    @ kyeemite ;
    ကျွန်တော့်ကားကို နောက်က ဝင်တိုက်တဲ့ လူကို ကျေးဇူးတင်ရမှာပဲဗျာ…။
    ကားအတိုက်ခံရလို့ ဘော်ဒီရုံမှာ ၂ ရက်တိတိ ရပ်ပေးထားရတုန်း…
    စိတ်ပါလက်ပါ ရိုက်တင်ပေးလိုက်တဲ့ ပို့စ်ပါ…။
    အော် ကိုမို်က်ရေ…
    ကျွန်တော်က ဗေလုဝ ဆိုက်ကားနင်းပြီး အိုသွားတဲ့ ရုပ်မျိုးနဲ့ …
    တက်စီ ဒရိုင်ဘာပါဗျာ…။
    မည်သို့ပင် ဆိုစေကာမူ…
    ကွန်းမန့်လေး ဝင်ရေးပေးသွားတဲ့အတွက်
    ကျေးဇူးပါဗျာ…။

    @ Wow ;
    ကျေးဇူးပါ Wow ရေ…။

Leave a Reply