ရန်ကုန်မြို့လယ်၊ ရုပ်ရှင်ရုံများတစ်ဝိုက်တွင် ရှေ့အစဉ်အလာမပျက် နေရာယူကြီးစိုးနေသော အဖွဲ့တစ်ဖွဲ့ အကြောင်းကို အများပြည်သူ သိစေချင်သော စေတနာအပြင် အများပြည်သူ အေးချမ်းစွာ သွားလာနိုင်စေရန် အတွက် တင်ပြရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ရုပ်ရှင်များ စတင်တည်ထောင် ဖွင့်လှစ် ပြသစဉ်ထဲက ရုပ်ရှင်လက်မှတ် မှောင်ခိုသမား အတော်သောင်းကျန်းနေခဲ့သည်လို့ သိရှိခဲ့ရပါသည်။ အရင့်အရင်ကလည်း လက်မှတ်မှောင်ခိုသမားများကို တစ်နည်းနည်းဖြင့် ရှင်းလင်းခဲ့ကြမယ်လို့ ထင်ပါသည်။
ယခုအချိန်ထိ ပပျောက်မှု မရှိသေးဆိုတာကိုလည်း မျက်မြင်ကိုယ်တွေ့ တွေ့ရှိနေရပါသည်။ ယခုတစ်လော အဖြစ်များတာကတော့ ရုပ်ရှင်ဇာတ်လမ်းကောင်းများတင်သော ရုံများတွင် ဥပမာ သွင်ရုံတို့၊ သမ္မတရုံတို့တွင် တွေ့ရှိနေမိခြင်း ပါပဲ။ ရုပ်ရှင်ကြည့်မယ့်သူများကို လိုက်လံရောင်းချခြင်းအပြင် ဖြတ်သွား ဖြတ်လာများကိုလည်း အတင်း လိုက်လံ အနှောင့်အယှက်ပေးနေသည်မှာ မြို့တော်အင်္ဂါရပ်ကို အလွန်ပင် အရုပ်ဆိုးစေပါသည်။ တချို့နိုင်ငံခြားသားတွေ ဖြတ်အသွားတောင် မရှောင် လိုက်လံအတင်းကာရော လက်မှတ်တွေ ထိုးရောင်းနေတာလည်း မြင်တွေ့နေ ရပါသည်။ ပွင့်လင်းလာသည့်အလျောက် နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည်တချို့သည် ဒီမြင်ကွင်းများကို ဓာတ်ပုံရိုက်ယူနေကြတာကို ရုပ်ရှင်မှောင်ခို လက်မှတ် ရောင်းသူများသည် အပြုံးမပျက်ဓာတ်ပုံ အရိုက်ခံ နေကြ ခြင်းဖြင့် အံ့သြဖွယ်မြင်တွေ့နေရပါသည်။ ရုပ်ရှင် ကြည့်ချိန် မရောက်သေးဘဲ ရုပ်ရှင်ရုံအမှုထမ်းများမှာ လက်မှတ် ကုန်သွားပြီဆိုတဲ့ အပြောအဆိုကြောင့် မှောင်ခို သမားတွေရဲ့ လက်ထဲက လက်မှတ်တွေ ၀ယ်ကြည့် နေကြတဲ့သူတွေကိုလည်း အံ့သြမိပါသည်။ ရုပ်ရှင် လက်မှတ် မှောင်ခိုတွေအတွက် ဥပဒေရှိမရှိတော့ မသိပါ။ ရုပ်ရှင်လက်မှတ် မှောင်ခိုနှိမ်နင်းရေးအတွက် လုံလောက်တဲ့ ဥပဒေတစ်ခု အရေးတကြီးလိုအပ်နေပြီလို့ မြင်မိပါသည်။ တစ်ဖက်ထဲကိုပဲ ပပျောက်အောင် ကြံဆောင်လို့ မရပါဘူး။ အများပြည်သူများကလည်း တစ်ဖက်တစ်လမ်းက ကူညီသောအားဖြင့် မှောင်ခို လက်မှတ်များကို ၀ယ်မကြည့်ကြဘဲ တိုက်ဖျက်ကြမှသာ မှောင်ခိုများ ပျက်သုဉ်းသွားမည် ဖြစ်ပါသည်။ ကြည့်တဲ့သူက ကြည့်တော့ ရောင်းတဲ့သူကလည်း ရဲရဲဝင့်ဝင့် ရောင်းနေကြခြင်း ဖြစ်ပေမည်။
နိုင်ငံတော်ကြီး မြို့တော်အင်္ဂါရပ်နဲ့ညီစေဖို့အတွက် ရဲနှင့် ပြည်သူအပြင် ရုပ်ရှင်ရုံအမှုထမ်းများလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင်ဖြင့် နိုင်ငံခြားသားများအလယ်တွင် ဂုဏ်တင့်တယ်စေဖို့ ၀ိုင်းဝန်း နှိမ်နင်းပေးကြပါရန် မှောင်ခိုအဖွဲ့များအား ပပျောက်အောင် တိုက်တွန်းရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
မနောဖြူလေး

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။