အောင်မြင်ခြင်းနှင့် ကျောက်တုံးတစ်တုံး

etoneJuly 20, 20101min701

“အောင်မြင်ခြင်း” နဲ့ “ရှုံးနိမ့်ခြင်း” လို့ခေါ်တဲ့ လူနှစ်ယောက်က ထူးဆန်းတဲ့ ကျောက်တုံးလေးတွေ စုဆောင်းဖို့ တောအုပ်တစ်နေရာကို ရောက်လာခဲ့တယ်။ နှစ်ဦးသား ကျောက်တုံးတွေ စိတ်ကြိုက်ကောက်ယူပြီး နေရပ်ပြန်ဖို့ စီစဉ်ခဲ့ကြတယ်။ အပြန်လမ်းမှာ “အောင်မြင်ခြင်း” ရဲ့အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲပါပြီး “ရှုံးနိမ့်ခြင်း” ရဲ့အိတ်ထဲမှာ သဏ္ဍာန်မတူတဲ့ ကျောက်တုံးတွေ အပြည့်ပါခဲ့တယ်။ ဒါကို “ရှုံးနိမ့်ခြင်း” က အံ့ဩပြီး “ခင်ဗျား ဘာဖြစ်လို့ ကျောက်တုံးတစ်တုံးပဲ ကောက်ခဲ့တာလဲ!” လို့ “အောင်မြင်ခြင်း” ကို မေးလိုက်တယ်။ “တစ်တုံးဆို လုံလောက်ပြီ” အောင်မြင်ခြင်းက ပြန်ဖြေပါတယ်။ နှစ်ဦးသား ရယ်ရယ်မောမော၊ ပြောပြောဆိုဆိုနဲ့ ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာဘူး လမ်းထက်ဝက်မှာ “ရှုံးနိမ့်ခြင်း” က လေးလံတဲ့ကျောပိုးအိတ်ကို မသယ်နိုင်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောက်တုံးတစ်ချို့ကို နှမြောသတနဲ့ သူလွင့်ပစ်ခဲ့ရတယ်။ ဆက်လျှောက်ရင်း လျှောက်ရင်း “အောင်မြင်ခြင်း” ကိုအမီ သူမလိုက်နိုင်ခဲ့ပြန်ဘူး။ အမီလိုက်နိုင်ဖို့ အိတ်ထဲက ကျောက်တုံးတစ်ချို့ကို သူလွင့်ပစ်ရပြန်တယ်။ ကျောက်တုံးတစ်တုံးသာ လွယ်ပိုးထားတဲ့ “အောင်မြင်ခြင်း”က မမောမပန်းဘဲ ရှေ့မှာဦးဆောင်ပြီး သွားနိုင်ခဲ့တယ်။ “ရှုံးနိမ့်ခြင်း” က ကျောက်တုံးတွေ တစ်တုံးပြီးတစ်တုံး လွင့်ပစ်ခဲ့ရလည်း ချွေးတစ်လုံးလုံးနဲ့ မောပန်းနေဆဲဖြစ်တယ်။ အိမ်ပြန်ရောက်ချိန်မှာ “ရှုံးနိမ့်ခြင်း” ရဲ့ အိတ်ထဲမှာ ကျောက်တုံးတွေ ဘယ်လောက်မှ ကျန်မနေခဲ့တော့ဘူး။ အနှစ် (၅ဝ) ကုန်လွန်ပြီးနောက် တစ်ရက်မှာ “အောင်မြင်ခြင်း” နဲ့ “ရှုံးနိမ့်ခြင်း” တို့ လူချင်းဆုံကြတယ်။ အဲဒီအချိန်မှာ အိုမင်းရင့်ရော်နေတဲ့ “ရှုံးနိမ့်ခြင်း” ကို “အောင်မြင်ခြင်း” မမှတ်မိခဲ့ဘူး။ တစ်ချိန်က သန်မာဖြတ်လတ်မှုတွေကို “ရှုံးနိမ့်ခြင်း” ဆီမှာ မတွေ့ခဲ့ရတော့ဘူး။ “အောင်မြင်ခြင်း” ကတော့ လွန်ခဲ့တဲ့ အနှစ်(၅ဝ)ကအတိုင်း သွက်လက်ပြီး သူ့မျက်နှာပေါ်မှာ မိမိကိုယ်ကိုယ် ယုံကြည်တဲ့အပြုံးတွေ ပိုတောက်ပနေခဲ့တယ်။ အချိန်အတော်ကြာ ခွဲခွါခဲ့ကြတဲ့ သူငယ်ချင်းနှစ်ဦး ရှေးဟောင်းနှောင်းဖြစ် ပြောဆိုကြရင်း “အောင်မြင်ခြင်း” အောင်မြင်လာခဲ့ရတဲ့အကြောင်းကို “ရှုံးနိမ့်ခြင်း” က မေးခဲ့တယ်။ “ငါ့အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲ ရှိခဲ့လို့” လို့ “အောင်မြင်ခြင်း” ပြန်ဖြေပါတယ်။ တကယ်တော့ အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲ ထည့်ပြီး အမြဲလွယ်ပိုးထားဖို့ရာ လွယ်ကူတဲ့အလုပ် မဟုတ်ခဲ့ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ကျောက်ခဲ ကျောက်တုံးတွေ အများကြီးရှိတဲ့ထဲကနေ ကျောက်တုံးတစ်တုံးကိုပဲ ရွေးနိုင်ဖို့ရာ သတိ္တတွေရှိရသလို ခိုင်မာတဲ့ဆုံးဖြတ်ချက်လည်း ရှိရတယ်။ လူ့ဘဝလမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့ကျောက်တုံးထက် လူတွေကို ဆွဲဆောင်နိုင်တဲ့အရာဝတ္ထုတွေ အများအပြားရှိခဲ့တယ်။ ဥပမာ- ငွေကြေး၊ ဂုဏ်ပကာသန၊ ရာထူးအာဏာ၊ နာမည်ကောင်း၊ အိမ်၊ ကား.. စတာတွေဖြစ်ပြီး တစ်ခုခုကို လက်လွတ်နိုင်ဖို့ သတိ္တ၊ ဆုံးဖြတ်ချက်တွေ ရှိရပါတယ်။ တစ်ချို့က ဘာကိုမှ လက်မလွတ်ချင်ကြဘဲ ကိုယ့်အိတ်ထဲ အကုန်သိမ်းကြုံးထည့်ပြီး နောက်ဆုံးမှာ “ရှုံးနိမ့်ခြင်း”လို မသယ်နိုင်၊ ရှေ့ဆက်မသွားနိုင် ဖြစ်ကြရတယ်။ တစ်ချို့ကတော့ “အောင်မြင်ခြင်း” လို့ အရာရာကို လက်လွတ်ပြီး ကိုယ်အလိုအပ်ဆုံးတစ်ခုကို အိတ်ထဲအမြဲ ထည့်လွယ်နိုင်ခဲ့ကြတယ်။ မူရင်းရေးသားသူ— 劉俠風 (Liu Xia Feng) 成功與一塊石頭 နိုင်းနိုင်းစနေ ဘာသာပြန်သည်။

One comment

  • True Faith

    July 20, 2010 at 9:19 am

    မှတ်သားဖွယ်ရာ ပို့စ်လေးတခုပါပဲ။ ကောင်းပါတယ်။

Leave a Reply